ရွေးချယ်ခံ စစ်ဆေးပွဲ
Vol. 45 Ch. 630
လင်းမင်နှင့် လင်းရှန်းရှဲ့တို့ နှစ်ယောက်မှာ အဖြူရောင် ကောင်းကင် သင်္ဘောတစ်စင်းကို စီးနင်းကာ ပျံသန်း နေကြ၏။ သင်္ဘောမှာ အတော်လေး ကြီးမားလှကာ ကိုယ်ထည် တစ်ဖက် တစ်ချက်၌ အတောင်ပံ နှစ်ခု ပါဝင်နေ၏။ ၎င်းတို့က သတ္တု မဟုတ်ပဲ စွမ်းအင် အခြေပြု တောင်ပံများ ဖြစ်ကာ ငှက်များ ကဲ့သို့ သဘာဝက ကျကျ ခပ်၍ သင်္ဘောကို လောကအနှံ့ တွန်းပို့နေ၏။
သူတို့ နှစ်ယောက်မှာ ရွေးချယ်ခံ စစ်ဆေးပွဲကျင်းပမည့် နေရာသို့ ပျံသန်းနေကြခြင်း ဖြစ်ကာ တည်ငြိမ်သော အမူအရာများဖြင့် အဝေးသို့ လှမ်းကြည့်နေကြသည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ နတ်မိမယ်နှင့် ရှေးဟောင်း ရွေးချယ်ခံ... သူတို့ နှစ်ဦးကို အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အနာဂတ် အဖြစ် အဓိပ္ပာယ် ဖွင့်ကောင်း ဖွင့်နိုင်လိမ့်မည် ဖြစ်သည်။
ထို့ကြောင့်ပင်... ဂိုဏ်းအတွင်းရှိ အဖွဲ့သုံးဖွဲ့မှာ ကျိန်းသေပင် သူတို့ မည်ကဲ့သို့ လုပ်မည်ကို ကျိန်းသေပင် လာရောက် ကြည့်ရှုမှာ သေချာသည်။ သူတို့ နှစ်ယောက်မှာ မကြာခင်မှာပင် လူဆယ်သန်းခန့် ဆန့်မည့် အမိုးပွင့် အဆောက်အဦကြီးနား ရောက်ရှိလာခဲ့ကာ ဆူပူအုံကြွမှုများနှင့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာရန် မျှော်လင့် နေကြ၏။ သို့သော်လည်း... အဝေးမှ လှမ်း၍ သူတို့ မြင်တွေ့လိုက်ရသော အရာကား လုံးဝ ဗလာဟင်းလင်းပြင်ကြီးပင် ဖြစ်သည်။
“...”
လင်းမင်နှင့် လင်းရှန်းရှဲ့တို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်မိ၏။ သူတို့ အချိန်မှား၍ ရောက်လာသလော။
သို့သော်လည်း... အမိုးပွင့် အဆောက်အဦကြီး အထက်သို့ ရောက်လာသော အခိုက်၌ စင်မြင့်ထက်တွင် အသက်လတ် လူတစ်ဦး ရပ်နေသည်ကို သူတို့ လှမ်းမြင်လိုက်ရသည်။ ထိုလူကြီးက အချိန်သခင် တစ်ယောက် ဖြစ်ကာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ကိုယ်ပိုင် အင်အားစု တစ်ခု တည်ဆောက်နိုင်သည့် တည်ရှိမှု တစ်ခု ဖြစ်သည်။ သို့သော်လည်း အစစ်အမှန် ထိပ်သီး အင်အားစုများ အကြားတွင်တော့ သူ့ ခွန်အားက အတော်လေး နည်းသည်ဟု ဆိုနိုင်ပေသည်။
လင်းရှန်ရှဲ့တို့၏ သင်္ဘောပေါ်လာသည်ကို တွေ့သည်နှင့် သူက ကောင်းကင်သို့ ခပ်မြန်မြန် ပျံတက်လာ၏။ ထို့နောက် လောနေသည့် လေသံဖြင့် ပြောလိုက်လေသည်။
"မြန်မြန်လာကြ… စစ်ဆေးပွဲ မြန်မြန် ပြီးအောင် လုပ်ရအောင်"
လင်းရှန်းရှဲ့က နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ် သွားခဲ့သည်။
"ဘာလို့ လောနေတာလဲ… အချိန်သခင်တုဟန်… နောက်ပြီး အခြားလူတွေရော ဘယ်မှာလဲ… စစ်ဆေးပွဲဘာလို့ မလာကြတာလဲ"
အချိန်သခင်တုဟန်က လင်းရှန်းရှဲ့ကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများက အနည်းငယ် ဒေါသ အရိပ်အမြွက်များဖြင့် ဖြတ်ပြေးသွားသည်။ သို့သော်လည်း… သူက အဖြေပေးလိုက်သည်။
"ဒီနေ့ ဘယ်သူမှ လာမှာ မဟုတ်ဘူး… စောင့်ရှောက်သူဟန်ရဲ့ တိုက်ရိုက် တာဝန်ပေးမှုနဲ့ ဒီစစ်ဆေးပွဲကို ကျုပ် တာဝန်ယူထားရတာ… တကယ်လို့ ခင်ဗျားတို့မှာ မေးစရာ ရှိရင် နောက်မှ စောင့်ရှောက်သူဟန်ကိုမေး…"
ထို့နောက်… သူက "စောင့်ရှောက်သူ" ဟု ရေးထားသည့် အဖြူရောင် တိုကင် တစ်ခုကို ထုတ်ယူကာ ပြသလိုက်သည်။
လင်းရှန်းရှဲ့နှင့် လင်းမင်တို့ နှစ်ယောက်စလုံးမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ဂိုဏ်းထဲ၌ မည်သည့် အရာများ ဖြစ်နေသနည်း။
“သူတို့ ဘယ်သွားကြတာလဲ... ဘာလို့ ဒီကို မလာကြတာလဲ... ဒါက သူ့ရဲ့ တရားဝင် ရွေးချယ်ခံ အဆင့်အတန်းကို အဆုံးအဖြတ်ပေးမယ့် ရွေးချယ်ခံ စစ်ဆေးပွဲလေ... ဧကရာဇ် ရွေးချယ်ပွဲကို ဝင်ရောက်ဖို့ အခွင့်အရေး ရှိတဲ့ စစ်ဆေးပွဲ တစ်ခုလေ... ဒါကို သူတို့က ပေါ့ပေါ့ဆဆ သဘောထားကြတာလား”
လင်းရှန်းရှဲ့က မေးခွန်းထုတ်လိုက်၏။ သူမ၏ လေသံက ထိုလုပ်ရပ် အပေါ် မကျေမနပ် ဖြစ်နေသည်မှာ ထင်ထင်ရှားရှားပင်။
သို့သော်လည်း... အချိန်သခင် တုဟန်မှာ မတုန်မလှုပ်ရှိနေသေးဆဲ ဖြစ်သည်။ သူက ပခုံးတစ်ချက်ကို တွန့်ပြလိုက်၏။
“ကျန်တဲ့လူတွေ မဆိုထားနဲ့... ခင်ဗျားတို့ရဲ့ ဂိုဏ်းခေါင်းဆောင်တောင် ဒီနေရာကို ရောက်မလာဘူးလေ... သူတို့ ဒီကို ဘာလို့ မလာရတာလဲ ဆိုတာတော့ ရိုးရှင်းပါတယ်... ရွှေရောင် အသက်နန်းတော်က ထုတ်ကုန် အသစ်တစ်ခုကိုသရုပ်ဖော်ပြသပြီး ပထမဆုံး အကြိမ် လေလံပစ်မယ် ဆိုတဲ့ သတင်းကြောင့်ပဲ... သူတို့ အကုန်လုံး အဲဒီကို သွားကြတာ”
“...”
လင်းမင်တို့ နှစ်ယောက်စလုံး ငြိမ်သက်သွားကြ၏။
ရွှေရောင် အသက်နန်းတော်၏ ထုတ်ကုန် သရုပ်ဖော်ပြပွဲ... ပထမဆုံး အကြိမ် လေလံ...
အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ ဆင်းရဲသည် ဆိုသည့်တိုင် ဂိုဏ်း၏ ထိပ်တန်း ခေါင်းဆောင်များ သွားရောက် ပါဝင်သည်ကို နားလည်ပေးနိုင်ပေသည်။ သို့ပေမဲ့... အဘယ်ကြောင့် လူတိုင်း သွားကြသနည်း။
ထိုထုတ်ကုန် အသစ်က ရွေးချယ်ခံ သုံးဖွဲ့ စစ်ဆေးပွဲထက် ပို၍ အရေးကြီးနေခြင်း ဖြစ်နိုင်ကြောင်း လင်းရှ်းရှဲ့ ခပ်မြန်မြန်ပင် သဘောပေါက်လိုက်၏။ သူမက စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း မေးလိုက်သည်။
“အဲဒီ ထုတ်ကုန်က ဘာမလို့လဲ”
အချိန်သခင် တုဟန်က ခေါင်းကို ခါလိုက်၏။
“အဲဒီထုတ်ကုန်ရဲ့ နာမည်နဲ့ အမျိုးအစားကို ဘယ်သူမှ မသိကြဘူး... ဒါပေမဲ့ ရွှေရောင် အသက်နန်းတော် တတိယ အုပ်ချုပ်ရေးမှူး မာ့ကျန်း ကိုယ်တိုင်က အဲဒီ ထုတ်ကုန်ဟာ ကျင့်ကြံခြင်း စံနှုန်းတွေကို ချိုးဖျက်နိုင်မယ့် ထုတ်ကုန်လို့ ကြေညာခဲ့တယ်... နောက်ပြီး သေမျိုး အဂ္ဂိရတ် အာဏာရှင် မာ့လဲ့ဟန် ကိုယ်တိုင်က အဲဒါကို အာမခံခဲ့တယ်”
“ဒါဆို ဘာလို့ အားလုံး သွားကြတာလဲ... နောက်လည်း သိရမှာပဲကို”
လင်းမင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ အချိန်သခင် တုဟန်က လင်းမင်၏ မောက်မာမှုကို ကျေမနပ်ဖြင့် တစ်ချက် စောင်းကြည့်လိုက်သည်။
“စမ်းသပ်ပွဲ ခံယူမှာက မင်းမလား... ငါ့မှာ အချိန် မရှိဘူး”
သူ၏ လေသံက ဤနေရာ၌ ရှိနေရသည်ကို စိတ်မရှည်ဟန် ဖြစ်နေပုံည ပေါ်သည်။ လင်းမင်မှာ ဒေါသများ ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုအချိန်သခင်က သူ့ကို အရှုပ်ထုပ် တစ်ခုလို ဆက်ဆံနေခြင်း ဖြစ်သည်။ မည်မျှ အရှက်ရဖွယ် ကောင်းလိုက်သနည်း။
“ငါတို့ အဆင်သင့်ပဲ...”
လင်းရှန်းရှဲ့က ကြားမှ ဝင်ရောက် ပြောလိုက်၏။ အချိန်သခင် တုဟန်က ခေါင်းညိတ်ကာ စမ်းသပ်ပွဲကို စတင်ရန် ပြင်ဆင်လိုက်တော့၏။
ဗလာဟင်းလင်း ဖြစ်နေသည့် ပွဲကြည့်စင်ကြီးကို ကြည့်ရင်း လင်းမင်မှာ ကသိကအောက် ဖြစ်သလို ခံစားနေရ၏။ ဤနေရာ၌ သူ့ကို အထင်သေးစကားများ ပြောမည့်လူ မရှိသလို မှားယွင်းကြောင်း သက်သေပြကာ သူ ဖြတ်ရိုက်စရာ မျက်နှာများလည်း မရှိချေ။
သူက တစ်ဦးတည်းသော စမ်းသပ်ပွဲဝင် ဖြစ်ကာ ပရိသတ်မှာလည်း နှစ်ယောက်သာ ရှိပေသည်။ အချိန်သခင် တုဟန်နှင့် လင်းရှန်းရှဲ့တို့ပင်။
ရွေးချယ်ခံ စမ်းသပ်ပွဲတွင် စမ်းသပ်မှု သုံးခု ပါဝင်ကာ လူသား စမ်းသပ်မှု၊ ဝိညာဥ် စမ်းသပ်မှုနှင့် စစ်ပွဲ စမ်းသပ်မှုတို့ပင် ဖြစ်သည်။
လူသား စမ်းသပ်မှုက ရိုးရှင်းလှကာ ရွေးချယ်ခံကို အ ခြားလူများနှင့် နှိုင်းယှဥ်ခြင်း ဖြစ်သည်။ အကယ်၍ ပရိသတ်အတွင်း စမ်းသပ်ပွဲဝင်နှင့် အသက်တူ၊ အရည်အချင်းတူသူ တစ်ယောက်ပါပါက ဝင်ရောက် စိန်ခေါ်နိုင်ပေသည်။ ရွေးချယ်ခံမှာ သက်တူရွယ်တူများထဲတွင် အတောက်ပဆုံး ပုဂ္ဂိုလ် ဖြစ်ရမည် ဖြစ်ကာ စိန်ခေါ်လာသူတိုင်းကို လွယ်ကူစွာ ချိုးနှိမ်နိုင်ရမည် ဖြစ်သည်။
နောက်ထပ် စမ်းသပ်မှုက ဝိညာဥ် စမ်းသပ်မှု ဖြစ်သည်။ ၎င်းက ဝိညာဥ်အင်အားကို တိုင်းတာခြင်း ဖြစ်ကာ လွယ်ကူ၍ လျှင်မြန်ပေသည်။ အကယ်၍ သတ်မှတ်ထားသော အခြေခံ အဆင့် ပြည့်မှီလျှင် စမ်းသပ်မှု အောင်မြင်သည်။
နောက်ဆုံး စမ်းသပ်မှုက စစ်ပွဲ စမ်းသပ်မှုပင် ဖြစ်ကာ ရွေးချယ်ခံ၏ တိုက်ခိုက်ရေး ခွန်အားကို စစ်ဆေးခြင်း ဖြစ်သည်။ အကယ်၍ ရွေးချယ်ခံမှာ ကြယ်တာရာ အမြုတေ အဆင့်တစ်၊ နှစ်၊ သုံး တို့တွင် ရှိပါက သူတို့ထက် အဆင့်သုံးဆင့် မြင့်သည့် ကျင့်ကြံသူ တစ်ယောက်နှင့် တိုက်ခိုက်ရမည် ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်လေး၊ ငါးနှင့် ခြောက်တို့ကတော့ လောကသခင် တစ်ပါးနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရမည် ဖြစ်သည်။
ဤနေရာတွင် တိုက်ခိုက်ခြင်းနှင့် အနိုင်ယူခြင်းက ကွဲပြားကြောင်း သတိပြုရလိမ့်မည် ဖြစ်သည်။ အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်မှာ လောကသခင် တစ်ယောက်ကို သတ်မှတ်ထားသည့် အချိန်အတိုင်းအတာ ပမာဏ တစ်ခု အထိ ခုခံ တိုက်ခိုက်ရမည် ဖြစ်ကာ အဆင့်ပိုမို မြင့်မားသည်နှင့် သတ်မှတ်ထားသည့် အချိန် ပမာဏကလည်း တိုးလာလိမ့်မည် ဖြစ်ည်။
ပုံမှန်အားဖြင့် ရွေးချယ်ခံ စမ်းသပ်ပွဲများမှာ လူထုကို အုံကြွစေကာ ကွင်းပြည့်ကွင်းလျှံ အားပေးမှုမျိုးနှင့် ကြုံတွေ့ရသည့်တိုင် ယနေ့ လင်းမင်၏ ရွေးချယ်ခံ စမ်းသပ်ပွဲကတော့ ပရိတ်သတ် နှစ်ဦးတည်းဖြင့် စတင်ခဲ့ပြီ ဖြစ်လေတော့သည်။
ပထမဆုံး လူသား စမ်းသပ်မှုက လင်းမင် လက်တစ်ဖက်မှ မလှုပ်ရှားရသေးခင်မှာပင် ပြီးဆုံးသွားခဲ့သည်။ ပရိသတ်များထဲတွင် သက်တူရွယ်တူ တစ်ယောက်မှ မရှိလေရာစိန်ခေါ်ရန် သင့်တော်သူ မရှိချေ။
ဒုတိယ စမ်းသပ်မှုကလည်း လင်းမင် အတွက် မခက်ခဲပါချေ။ သူက ဟင်းလင်းပြင် ပဲ့တင်သံ အဆင့်ဖြင့်ပင် နယ်မြေမျိုးစေ့ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင်.. သူ၏ ကျင့်ကြံခြင်း အခြေခံကလည်း သာမန် စံချိန်စံနှုန်းများထက် အများကြီး ပို၍ သန့်စင်လေရာ ဝိညာဥ်အင်အားကို အကန့်အသတ်ထိ ရောက်အောင် မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။ စမ်းသပ်မှု ရလဒ် ထွက်ပေါ်လာချိန်၌ သူက ဝိညာဥ်အမှန် ၁၃၇၀၀ အထိ ရရှိခဲ့သည်။
အချိန်သခင် တုဟန် ပင်လျှင် လင်းမင်၏ ရလဒ်ကို တွေ့မြင်ပြီးနောက် အလွန် အံ့အားသင့် သွားခဲ့၏။ ထိုကလေးက သာမန်မဟုတ်တာတော့ သေချာသည်။ သို့သော်လည်း... ဝိညာဥ် ခွန်အားမှာ ခွန်အားကို ဆုံးဖြတ် ပေးနိုင်သည့် တစ်ခုတည်းသော အရာ မဟုတ်ပါချေ။
အခြားတစ်ဖက်၌ လင်းရှန်းရှဲ့မှာ သက်ပြင်းတစ်ချက် ချလိုက်၏။ စမ်းသပ်ပွဲ သုံးခုအနက် သူ အကြောက်ဆုံးက လူသား စမ်းသပ်ပွဲ ဖြစ်သည်။ ယနေ့ ပရိသတ် တစ်ယောက်မှ မရှိခြင်းက တစ်နည်း ဆိုရသော် ကံကောင်းခြင်း တစ်မျိုးပင် ဖြစ်သည်။
“နောက်ဆုံးတစ်ခုက စစ်ပွဲ စမ်းသပ်မှုပဲ... မင်း အဆင်သင့် ဖြစ်ရင် စကြမယ်”
အချိန်သခင် တုဟန်က ကြေညာလိုက်၏။ လင်းမင်က မူလလှံတံကို ထုတ်ယူရင်း အသင့်ပြင် လိုက်သည်။ ထိုအရာက သူ့အတွက် အခက်ခဲဆုံး စမ်းသပ်မှု ဖြစ်လာလိမ့်မည် ဖြစ်သည်။
မိစ္ဆာစစ်ပွဲ လောကနယ်မြေနှင့် ခြားနားစွာပင် ဤနေရာရှိ လောကသခင်များမှာ ဆုတ်ယုတ်မှု ရာသီ၏ ဖိနှိပ်မှု ခံထားရသည့် တတိယ အဆင့် ကျင့်ကြံသူများ မဟုတ်ချေ။ သူတို့က အလွန် ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်ရေး သမားများ ဖြစ်မှာ ကျိန်းသေသည်။ လင်းမင် စိုးရိမ်စွာဖြင့် လင်းရှန်းရှဲ့ကို လှမ်းကြည့် လိုက်မိ၏။
မိန်းကလေးမှာ လင်းမင်၏ အပြုအမူကို သတိထားမိလိုက်ရာ လှစွာ ပြုံးရင်း ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ သူမ သူ့ကို ယုံကြည်ပေသည်။
လင်းမင်မှာ နှလုံးသား တစ်ခုလုံး နွေးထွေးသွားကာ ယုံကြည်ချက်များ ပြန်လည် ရရှိလာခဲ့၏။ လှံကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သူ၏ မျက်လုံးများက အကြောက်အလန့် ကင်းမဲ့မှုတို့နှင့် ပြည့်နှက်လာသည်။ သူက လှံနှင့် အတူ လက်ကို နောက်ပစ်လိုက်ရင်း...
“ကျုပ်အတွက် ပြိုင်ဘက်က ဘယ်သူလဲ...”
အချိန်သခင် တုဟန်က ပြုံးလိုက်ရင်း သူ့ အပေါ်ဝတ်ရုံကို ဆွဲချွတ်လိုက်၏။ ထိုအခါ သူ့ခန္ဓာကိုယ်ထက်၌ တင်းကြပ်စွာ ချည်နှောင်ထားသည့် အဖြူရောင် သတ္တုဝတ်ရုံ တစ်ခု ပေါ်လာခဲ့သည်။ ၎င်းက လျှင်မြန်စွာပင် ပိုမို ပြန့်ကားလာကာ သူ့ ခေါင်းကိုပါ ဖုံးလွှမ်းသွား၏။ ထိုဝတ်ရုံ၏ မျက်နှာပြင်ထက်တွင်တော့ သင်္ကေတ အချို့စီးဆင်းနေကာ အဆင့်မြင် ကြယ်တာရာ ဝတ်စုံတစ်ခု ဖြစ်ကြောင်း ဖော်ပြနေသည်။
ထို့နောက်... တုဟန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သိုလှောင်လက်စွပ်ထဲမှ ဓားပုဆိန်လှံတံ တစ်ခုကိုပါ ထုတ်ယူလိုက်၏။
“မင်းရဲ့ ပြိုင်ဘက်က ငါပဲ...”
***