← Chapters

ငါတော့ ပွတာပဲဟေ့

Vol. 67 Ch. 931

ငါတော့ ပွတာပဲဟေ့

Vol. 67 Ch. 931

" အဲ... " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရ၏။ သူသည် လေ့လာရဲသည်ဟု ပြန်ဖြေချင်ပါသော်လည်း မတူညီသော စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေသများကြောင့် ထို ကျင့်ကြံခြင်း ပညာရပ်များအား လေ့ကျင့်နိုင်မည့် နည်းလမ်းမှာလည်း သာမန်နည်းလမ်းများနှင့် မတူဘဲ ကွဲပြားနေမည်ဖြစ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူသည် ထို ကျင့်ကြံခြင်း ပညာရပ်များမှာ အမှန်တကယ် စစ်မှန်မှုရှိမရှိ အလွယ်တကူ သိရှိနိုင်မည်မဟုတ်ပေ။

သို့ဖြစ်ရာ ထိုအဘိုးကြီးမှာ လိမ်ညာပြောဆိုနေခြင်း ဖြစ်နိုင်ပေသည်။ အကယ်၍ သူသည် လိမ်ညာပြောဆိုနေခဲ့ခြင်း မဟုတ်လျှင်တောင် ဝမ်ပေါင်လဲ့ဘက်မှ အနည်းငယ်ခန့် ပေါ့ဆမိသွားရုံနှင့် သူ၏ ခန္ဓာကိုယ်မှာ စက္ကူရွက်တစ်ရွက်အဖြစ် ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလော။

သို့ဖြစ်ရာ သူကိုယ်တိုင် ထိုစာလုံးများအား မြင်နိုင်မှသာ သူသည် ထိုပညာရပ်မှာ အစစ်အမှန်ဖြစ်ကြောင်း လက်ခံနိုင်မည်ဖြစ်သည်။ ထိုအခါမှသာ သူသည် ၎င်းအား လေ့ကျင့်ရဲမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောလိုက်ပြီးနောက် ရှုံ့မဲ့မဲ့ ပြုံးကာ ခေါင်းယမ်းလိုက်၏။

" မင်း သတ္တိမရှိဘူးပေါ့။ ငါ့ဆိုင်ထဲက အဆင့်မြင့် ကျင့်ကြံခြင်း ပညာရပ်တစ်ခုအကြောင်း ပြောပြမယ်။ အဲဒီ ပညာရပ်ကို အတွေးကိုးပါး စက္ကူပြောင်းလဲခြင်းပညာရပ်လို့ ခေါ်တယ်။ အဲဒီ ပညာရပ်ကိုအသုံးပြုလိုက်တာနဲ့ စက္ကူဥပဒေသစွမ်းအားတွေကို ကိုယ့်ရဲ့ နတ်ဘုရားစွမ်းရည်တွေနဲ့ မန္တန်တွေထဲ ထည့်သုံးခွင့်ရှိသွားမှာ။ အဲဒီ အချိန်ကျရင် မင်း တိုက်ခိုက်လိုက်တဲ့ ရန်သူတွေမျှန်သမျှ မီးလောင်တိုက်သွင်းခံလိုက်မှာ.... ကြယ်သုဿာန်အင်ပါယာထဲက အစွမ်းထက် ကျင့်ကြံသူကြီးတွေ ပြင်ပနယ်မြေတွေနဲ့ တိုက်ခိုက်ခဲ့တုန်းက ဒီပညာရပ်ကိုအသုံးပြုပြီးတော့ ရန်သူတွေအများကြီးကို စက္ကူဖြစ်သွားအောင် ပြောင်းပြီး ပြာချပစ်ခဲ့ကြတာလေ " အဘိုးကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ လေထဲ၌ လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအခါ စင်ပေါ်ရှိ အမြင်ဆုံးအဆင့်တွင် တင်ထားသည့် ရွှေရောင်စာရွက်တစ်ရွက်မှာ မျောလွင့်လာပြီး သူ၏လက်ထဲသို့ ရောက်ရှိလာသည်။

" မင်း ဒီ စာရွက်ပေါ်က ကျင့်ကြံခြင်းပညာရပ်ကို မမြင်နိုင်ပေမဲ့ ဝယ်ပြီးတော့ သိမ်းထားလို့ရတယ် " အဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား ကြည့်ကာ တိုက်တွန်းလိုက်၏။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ထို ကျင့်ကြံခြင်းပညာရပ်အား မမြင်နိုင်ဘဲ ဖြစ်နေရသဖြင့် စိတ်ဓာတ်ကျနေသည့်ပုံကို မြင်လိုက်ရသောအခါ သူကိုယ်သူ ကျေနပ်အားရသွားသည့်ပုံပင်။

" ဦးလေး... " ဝမ်ပေါင်လဲ့မှာ စကားပြောရန် ပြင်လိုက်ပါသော်လည်း ထိုအဘိုးကြီးမှာ ချောင်းဟန့်ကာ သူ၏ ညာဘက်လက်အား ထပ်၍ ဝှေ့ယမ်းလိုက်ပြန်သည်။

" ဘာလဲ။ မင်းက အဲဒီပညာရပ်ကို မလိုချင်ဘူးလား။ အဲတာဆို ဒီ ပညာရပ်ဆိုရင်ရော။ အဲဒီပညာရပ်ကို မီးလူဝံမန္တန်လို့ ခေါ်တယ်။ အဲဒီ ပညာရပ်ကို ထုတ်သုံးလိုက်တာနဲ့ ဧရာမမီးလူဝံကြီးတစ်ကောင် ထွက်လာမှာ။ အဲဒီ မီးလူဝံကြီးက အစွမ်းထက်လွန်းလို့ ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေတောင်မှ ခေါင်းခဲသွား‌လောက်တယ် "

" နောက်ထပ် ပညာရပ်တစ်ခုလည်း ရှိသေးတယ်။ အဲဒီ ပညာရပ်က တော်တော်လေးကို အံ့ဩဖို့ကောင်းတယ်ကွ။ ကြယ်တာရာအတွေးပညာရပ်လို့ ခေါ်တယ်။ အဲဒီပညာရပ်နဲ့ဆိုရင် ကြယ်တစ်လုံးကို စက္ကူပြောင်းပြီးတော့ လက်ထဲမှာ ခေါက်ပစ်လို့ရတယ် " အဘိုးကြီးမှာ ကျင့်ကြံခြင်းပညာရပ်များအား တစ်ခုပြီးတစ်ခု ထုတ်ပြနေ၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုအဘိုကြီး အသေးစိတ်ရှင်းပြနေသည့် စကားများကိုနားထောင်ရင်း နောက်ဆုံးတွင် သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။ ထို့နောက် သူသည် ညာဘက်လက်ကိုမြှောက်ကာ သူ၏ သိုလှောင်အိတ်အား ပုတ်လိုက်၏။ ထိုအခါ သူ၏လက်ထဲတွင် ကျောက်စိမ်းပေလွှာတစ်ခု ပေါ်ပေါက်လာသည်။

" ဦးလေး။ ဦးလေးရော ကျွန်တော့်လက်ထဲက ကျောက်စိမ်းပေလွှာပေါ်မှာ ရေးထားတဲ့စာတွေကို ဖတ်လို့ရလား။ ဒီ ကျင့်ကြံခြင်း ပညာရပ်ကို မိုးကောင်းကင်အကြွင်းမဲ့ပညာရပ်လို့ ခေါ်တယ်ဗျ။ အဲဒီပညာရပ်ကို တပ်ထားရင် ကိုယ့်ရှိနေတဲ့ ကမ္ဘာကြီးထဲမှာ တခြား ဘယ်သူကမှ နတ်ဘုရားစိတ်ဆန္ဒတွေကို ပိုင်ဆိုင်နိုင်စွမ်း ရှိတော့မှာမဟုတ်ဘူး။ အဲတာမလို့ အရာရာတိုင်းကို ထိန်းချုပ်နိုင်စွမ်းရှိသွားမှာ " ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲ၌ ကြယ်မြေပုံတစ်ခုအား ရေးဆွဲထားသည့် ကျောက်စိမ်းပေလွှာတစ်ခုကို ကိုင်ကာ ထိုသို့ဆိုလိုက်၏။

ထိုအခါ အဘိုးကြီးမှာ ဆွံ့အမှင်တက်သွားရတော့သည်။ သို့သော် သူ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ မျက်ခုံးတစ်ဖက်ပင့်ကာ ဆက်ပြောလိုက်ပြန်သည်။

" အဲလောက်နဲ့ အားမရသေးဘူးဆိုရင် ဂဠုန်ငှက်တာအိုဝါးမျိုခြင်းပညာရပ်လည်း ရှိသေးတယ်။ အဲဒီ ပညာရပ်ကို တတ်မြောက်ထားမယ်ဆိုရင် ဧရာမ ဂဠုန်ငှက်ကြီးတစ်ကောင်ပုံစံ ပြောင်းပြီးတော့ အရာအားလုံးကို ဝါးမျိုးပစ်လို့ရတယ်။ ပြိုင်ဘက်ကင်း ပညာရပ်တစ်ခုပဲဗျ "

" အဲဒီ ပညာရပ်နဲ့မှ မကျေနပ်သေးဘူးဆိုရင် ကိစ္စမရှိပါဘူး။ အဆုံးမဲ့တာအိုနယ်မြေထဲမှာ ကျွန်‌တော့်ရဲ့ မိသားစုဖြစ်တဲ့ ရှဲ့မိသားစုက အဆင့်မြင့် မိသားစုတွေမှာ ပါတယ်လေ။ အဲတာမလို့ ကျွန်‌တော့်ဆီမှာ ကျင့်ကြံခြင်းပညာရပ်မျိုးစုံ ရှိပြီးသား။ ဥပမာ ပြရမယ်ဆိုရင် တုနိုင်မဲ့သုံးချက်တိုက်ကွက်ဆိုတဲ့ ပညာရပ်တစ်ခုရှိတယ်။ အဲဒီ ပညာရပ်နာမည်က ထူးဆန်းနေတာ မှန်ပေမဲ့ သူ့ရဲ့စွမ်းအားကိုတော့ လျှော့တွက်လို့မရဘူးနော်။ အဲဒီ ပညာရပ်ကို တတ်မြောက်ထားမယ်ဆိုရင် ပထမဆုံးတိုက်ကွက်က သမုဒ္ဒရာတွေကိုတောင် ခန်းခြောက်သွားအောင် လုပ်နိုင်စွမ်းရှိတယ်။ ဒုတိယတိုက်ကွက်ဆိုရင် ကမ္ဘာမြေကြီးကို တစ်စစီ ကြေမွပျက်စီးသွားအောင် လုပ်နိုင်စွမ်းရှိတယ်။ တတိယတိုက်ကွက်ကိုပါ ထုတ်သုံးလိုက်မယ်ဆိုရင် ကြယ်တွေပါ ကြွေကျလာရတဲ့ အထိပဲ " ဝမ်ပေါင်လဲ့မှာ ကျောက်စိမ်းပေလွှာ သုံးလေးခုအား တစ်ပြိုင်နက်တည်း ထုတ်ပြလိုက်၏။ ထို ကျောက်စိမ်းပေလွှာများထဲမှ အချို့မှာ မြေပုံများသာဖြစ်ကြပြီး အချို့မှာမူ စာလုံးတစ်လုံးမှ ရေးမထားသည့် ကျောက်စိမ်းပေလွှာ အလွတ်များသာ ဖြစ်ကြ၏။ သူသည် ၎င်းတို့အား ဆွံ့အမှင်တက်နေသည့် မျက်နှာအမူအရာဖြင့် ရပ်နေသော အဘိုးကြီး၏ရှေ့တွင် ချထားလိုက်သည်။

" ဘယ်လိုလဲ။ ဦးလေးရော လေ့ကျင့်ရဲလား " ဝမ်ပေါင်လဲ့မှာ ‌ချောင်းဟန့်ကာ မေးလိုက်၏။ သူသည် အဘိုးကြီးမှာ သူ့အား စနောက်ကျီစယ်နေခြင်းသာဖြစ်ကြောင်း သိထားပြီး ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ပြန်လည် တုံ့ပြန်နိုင်ရန် ထို အဘိုးကြီး၏ နည်းလမ်းအား ပြန်၍ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

" မင်းက ဒီနေရာကို ဂြိုဟ်တွေနဲ့ ပေါင်းစည်းဖို့ ရောက်လာတာလား ဈေးရောင်းဖို့ ရောက်လာတာလားကွ " အဘိုးကြီးမှာ အထူးတဆန်းဖြစ်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်၏။ တစ်အောင့်ခန့်ကြာပြီးမှ သူသည် နှာမှုတ်ကာ ဆိုလိုက်သည်။

" ရှဲ့မိသားစု ဟုတ်လား။ ငါ သူတို့အကြောင်း ကြားဖူးပါတယ်။ မင်း အဲဒီ မိသားစုဝင်တစ်ယောက် ဖြစ်နေတာ မထူးဆန်းပါဘူး... ကောင်းပြီလေ။ ငါတို့ရဲ့ ကျင့်ကြံခြင်းပညာရပ်တွေကို လဲကြတာပေါ့ " အဘိုးကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏လက်ထဲမှ စာရွက်လေးရွက်အား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပေးလိုက်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်သွားရသည်။ ထို့နောက် သူသည် မျက်စိပေကလပ်ပေကလပ်နှင့် သူ၏လက်ထဲမှ ကျောက်စိမ်းပေလွှာများအား ထို အဘိုးကြီးဆီသို့ လွှဲပေးလိုက်၏။ သူသည် ထိုကဲ့သို့ အပေးအယူ ပြုလုပ်လိုက်ပြီးနောက် ဈေးဆိုင်ထဲမှ ရင်တဒိန်းဒိန်းနှင့် ထွက်ခွာလာတော့သည်။

အဘိုးကြီးမှာ သူ့အား တားဆီးနေရန်ကြိုးစားခဲ့ခြင်းမရှိပေ။ ထို့အပြင် သူသည် ရင်တထိတ်ထိတ် ဖြစ်နေသည့်ပုံပင် ပေါက်နေသေးသည်။ သူသည် ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီဖြစ်ကြောင်း သေချာသွားသောအခါမှသာ ဝမ်းသာအားရပြုံးကာ သူ၏လက်ထဲမှ ကျောက်စိမ်းပေလွှာများကို ငုံ့ကြည့်လိုက်တော့သည်။ သူသည် သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်နေ၏။

" ဟားဟား။ ဘာမှတန်ဖိုးမရှိတဲ့ စာရွက်တွေကို ပြင်ပနယ်မြေထဲက ကျောက်စိမ်းပေလွှာတွေနဲ့ လဲလှယ်နိုင်ခဲ့တာပဲကွ။ အဲဒီ ကျောက်စိမ်းပေလွှာတွေထဲမှာ ကျင့်ကြံခြင်းပညာရပ်တွေ မပါရင်တောင် ကိစ္စမရှိဘူး။ သူတို့ကို ဖန်တီးပြုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့တင် တန်နေပြီ။ ဘယ်ဆိုးလို့လဲကွ။ ဒါ ရှားပါးပစ္စည်းတစ်ခုပဲ။ ပြင်ပနယ်မြေထဲကလူတွေ ထွက်သွားတာနဲ့ ငါ ဒီပစ္စည်း‌တွေကိုသုံးပြီး စီးပွားရှာလို့ရပြီ "

တစ်ချိန်ထဲမှာပင် ထို ဈေးဆိုင်ထဲမှ ထွက်ခွာလာခဲ့သည့် ဝမ်ပေါင်လဲ့မှာလည်း အသက်ရှူသံများ မြန်ဆန်နေပြီ ဖြစ်သည်။ သူသည် အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ၏လက်ထဲမှ စာရွက်များကို ကြည့်ကာ ထို အဘိုးကြီးနည်းတူ စိတ်လှုပ်ရှားနေ၏။

" သုံးစားမရတဲ့ ကျောက်စိမ်းပေလွှာတွေကို ဒီလို ကျင့်ကြံခြင်းပညာရပ်တွေနဲ့ လဲလှယ်နိုင်ခဲ့တာပဲ။ ဒီစာရွက်တွေထဲက ကျင့်ကြံခြင်းပညာရပ်တွေ အဆင့်နိမ့်နေမယ် ဆိုရင်တောင် ငါ အပြင်ဘက်ကို ပြန်ရောက်တာနဲ့ တခြားလူတွေကို လှည့်စားနိုင်မှာ သေချာတယ်။ ဘယ်ဈေးနဲ့ပဲ ရောင်းထွက်ရောင်းထွက် ဟို ကျောက်စိမ်းပေလွှာတွေထက် ပိုပြီးတော့ စျေးကောင်းရမှာ အသေအချာပဲ။ ငါတော့ ပွတာပဲဟေ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးရင်း အကြံတစ်ခုရသွား၏။ သူသည် ကျင့်ကြံခြင်းပညာရပ်များနှင့် ဓမ္မရတနာများ ရောင်းချသည့် အခြားစျေးဆိုင်များဆီသို့ ထပ်သွားတော့မည် ဖြစ်သည်။

ထိုသို့ဖြင့် နှစ်ရက်တိတိ ကုန်ဆုံးသွား၏။ ထို နှစ်ရက်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ ဈေးဆိုင်အမြောက်အမြားသို့ သွားရောက်ခဲ့ပြီး သူ့အတွက် အသုံးမဝင်တော့သည့် ကျောက်စိမ်းပေလွှာများအား စာရွက်များဖြင့် လဲလှယ်ခဲ့သည်။ သို့သော် ထိုနည်းလမ်းမှာ ဓမ္မအဆောင်ပစ္စည်းများ ရောင်းချသည့် ဈေးဆိုင်များထဲ၌ အလုပ်မဖြစ်သဖြင့် သူသည် စိတ်မကောင်းဖြစ်သွားရ၏။

" ကြယ်သုဿာန်အင်ပါယာထဲမှာရှိတဲ့ ဓမ္မအဆောင်ပစ္စည်းတွေ အကုန်လုံးက ပန်းချီဆွဲထားတဲ့ ရုပ်ပုံတွေ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ.... " ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ သူ၏ လက်ထဲ၌ စာရွက်တစ်ရွက် ပေါ်ပေါက်လာသည်။ ထိုစာရွက်ပေါ်တွင် ဓားတစ်လက်အား ပန်းချီရေးဆွဲထား၏။

သူသည် အပေါစား ဓမ္မရတနာဆယ်ခုကျော် ထုတ်ပေးခဲ့ပြီးမှ ဈေးဆိုင်ပိုင်ရှင်မှာ သူ၏ ဓမ္မရတနာအား ပေးရန် ချီတုံချတုံနှင့် သဘောတူခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထို ဓမ္မလက်နက်ပုံ ရေးဆွဲထားသည့် စာရွက်အား လက်ထဲတွင်ကိုင်ရင်း အရူးတစ်ယောက်လို ခံစားနေရ၏။

" ထားလိုက်ပါတော့။ အရည်အချင်း စမ်းသပ်ပွဲက မနက်ဖြန် စတော့မှာဆိုတော့ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ငါ့ရဲ့ ကျင့်ချင်ခြင်းစွမ်းအားတွေကို အကောင်းဆုံးအနေအထားမှာ ရှိနေအောင် ထိန်းသိမ်းထားဖို့လိုတယ် " ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ထိုသို့တွေးလိုက်ပြီးနောက် သူ၏လက်ထဲမှ စာရွက်အား သိုလှောင်အိတ်ထဲသို့ ထည့်ကာ သူတို့အတွက် စီစဉ်ပေးထားသည့် စံအိမ်‌ဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။

သူသည် ချက်ချင်းဆိုသလိုပင် ပြန်လည်ရောက်ရှိလာ၏။ သူ အထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် လူအချို့မှာ ရယ်မောကာ စကားစမြည်များ ပြောဆိုနေကြရင်း စံအိမ်ထဲမှ ထွက်လာကြ၏။ သို့သော် သူတို့ အပြင်သို့ ရောက်မလာနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ခေါင်းလောင်းသံတစ်သံကို အရင်ဆုံးကြားလိုက်ရသည်။ ထို့နောက် သူသည် ထိုအဖွဲ့နှင့် အပေါက်ဝတွင် မျက်နှာချင်းဆိုင် ပက်ပင်းတိုးသွားတော့သည်။

ထိုအဖွဲ့၏ ခေါင်းဆောင်မှာ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနည်းတူ အစွမ်းထက်သည့် လူများထဲမှ တစ်ယောက်ဖြစ်သည်။ သူမသည် ဟန်အမူအရာ ကြော့ရှင်းကာ အလွန်အင်မတန်မှ ချောမောလှပပြီး စကားတစ်ခွန်းမှ ပြောနေခြင်းမရှိဘဲ ပြုံးနေ၏။ ထို့အပြင် သူမသည် သက်တံ့ရောင် ဂါဝန်ရှည်တစ်မျိုးကို ဝတ်ဆင်ထားသောကြောင့် သူမ၏ ခန္ဓာကိုယ်အလှမှာ သိသာထင်ရှားနေခြင်း မရှိပေ။ သူမ၏ ခါးသွယ်သွယ်လေးပေါ်တွင်လည်း ခေါင်းလုံးတစ်လုံး ချိတ်ဆွဲထားသေးသည်။ ထို့ကြောင့် သူမ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ထိုခေါင်းလောင်းသံမှာ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာခြင်းဖြစ်၏။

သူမ၏ ဘေးတွင် ပါလာသည့် လူ ခုနစ်ယောက်၊ ရှစ်ယောက်ထဲတွင် လီလင်းကျစ်၊ ဖက်တီးလေးနှင့် အခြားလူငယ်လေးတစ်ယောက် ရှိနေသည်ကို ဝမ်ပေါင်လဲ့က သတိထားမိလိုက်၏။ ထိုလူငယ်လေးမှာ အရပ်မြင့်မားပြီး မောက်မာဝင့်ကြွားမှု အပြည့်ရှိသော အမူအရာတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အာရုံဖမ်းစားမှု အရှိဆုံးအရာမှာ သူ၏ ဆံပင်ပုံစံ ဖြစ်ပေသည်။ သူသည် သူ၏ ဆံပင်များအား ရှုပ်ယှက်ခတ်နေအောင် စည်းထားပြီး မိုးထိုးလုမတတ် ဖြစ်နေအောင် ထောင်ထား၏။

ထို့အပြင် သူ၏ဆံပင်များမှာ အလင်းရောင်များကို ထုတ်လွှတ်နေသည့် ထူးခြားမန္တန်တစ်မျိုးအား ပိုင်ဆိုင်ထားသကဲ့သို့ပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား မြင်လိုက်ရသည်နှင့် တစ်ခဏမျှ ဆွံ့အမှင်တက်သွားရ၏။ သူသည် ခြေထောက်ပေါက်နေသည့် မီးသီးတစ်လုံးအား မြင်လိုက်ရသကဲ့သို့ပင်။

သူ၏ သက်တမ်းတစ်လျှောက် မြင်ဖူးခဲ့သမျှထဲ တွင် ထိုလူငယ်လေး၏ ဆံပင်ပုံစံနှင့် ယှဉ်ပြိုင်နိုင်မည့် ဆံပင်ပုံစံဟူ၍ တစ်ခုတည်းသာ ရှိပေသည်။ ၎င်းမှာ ရှဲ့ဟေးရန်၏ ဆီရွှဲနေအောင် လူထားသော ဆံပင်များ ဖြစ်ပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ရှဲ့ဟေးရန်ပင်လျှင် ထိုလူငယ်လေးအား ယှဉ်နိုင်မည်မဟုတ်ကြောင်း သိလိုက်ရ၏။

" အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်လားဟ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ရေရွတ်မိလိုက်၏။ သူသည် သူတို့ဘေးမှ ဖြတ်ကာ စံအိမ်ထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် လီလင်းကျစ်မှာ သူ့အား မြင်လိုက်ရသဖြင့် မျက်ဝန်းများထဲ၌ အထင်မြင်သေးသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် ပြုံးကာ သူ၏ဘေးတွင်ရှိနေသည့် အစွမ်းထက်ကျင့်ကြံသူအား လှမ်းပြောလိုက်သည်။

" အစ်ကိုကောင်း။ ဘယ်လို အရှက်မရှိတဲ့ ကောင်မျိုးက လှေလက်မှတ်တစ်စောင်ကို သလင်းကျောက်နီ အတုံးတစ်သိန်းနဲ့ ရောင်းခဲ့တာလဲလို့ စောစောတုန်းကပဲ အစ်ကို ကျွန်တော့်ကို မေးခဲ့တာမလား။ အဲတာ ဒီကောင်ပဲ။ သူက လှေလက်မှတ်တွေတင် ရောင်းခဲ့တာ မဟုတ်ဘူး။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းရဲ့ ပါရမီရှင်ကို သတ်ဖြတ်ခဲ့ပြီးတော့ သူ့ဆီက ဝင်ခွင့်နေရာကိုပါ လုယူခဲ့သေးတာ "

လီလင်းကျစ် ထိုသို့ဆိုလိုက်သည်နှင့် ထို အစွမ်းထက်ကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့အား ချက်ချင်း လှမ်းကြည့်လိုက်၏။ ခါးပေါ်၌ ခေါင်းလောင်းတစ်လုံး ချိတ်ဆွဲထားသည့် မိန်းမပျိုလေး၏ အကြည့်မှာလည်း ဝမ်ပေါင်လဲ့ပေါ်သို့ ကျရောက်လာသည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ခုံးတစ်ဖက် ပင့်မိသွား၏။ သူသည် သူ၏ ဒေါသများကို မျိုသိပ်ထားတတ်သည့် လူတစ်ယောက်မဟုတ်ရာ လီလင်းကျစ်၏ စကားများကို ကြားလိုက်ရသည်နှင့် အေးတိအေးစက် အမူအရာဖြင့် သူ့ဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။

" လီလင်းကျစ်။ မင်း ငါ့အကြောင်း အခုလို နောက်တစ်ခါ ထပ်ပြောရဲပြောကြည့်။ ငါ မင်းကို သတ်ပစ်မယ် " ဝမ်ပေါင်လဲ့၏ လေသံမှာ တည်ကြည်မှုအပြည့် ရှိနေပါသော်လည်း သူ၏ အေးစက်စက် မျက်နှာအမူအရာကြီးနှင့် သူ၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များကြောင့် စကားပြောရန် ပြင်နေသည့် လီလင်းကျစ်မှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားရပြီး ကျောချမ်းသွားရ၏။

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် လီလင်းကျစ်အား လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် အစွမ်းထက်ကျင့်ကြံသူနှင့် ခါးပေါ်တွင် ခေါင်းလောင်းချိတ်ဆွဲထားသည့် မိန်းမပျိုလေးအား ခေါင်းညိတ်ပြလိုက်ပြီးနောက် နောက်သို့လှည့်ကာ စံအိမ်ထဲသို့ ဝင်သွားလိုက်တော့သည်။ သူ၏ နောက်မှနေ၍ လှမ်းကြည့်လိုက်မည်ဆိုပါက သူ၏ပုံစံမှာ မည်သည့်အရာကိုမှ စိုးရိမ်ပူပန်နေခြင်းမရှိဘဲ စိတ်အေးလက်အေး ဖြစ်နေသည့်ပုံ ပေါက်နေသည်။ သို့သော် လီလင်းကျစ်မှာမူ မျက်စိမျက်နှာ ပျက်နေရပြီ ဖြစ်ပြီး သတ်ဖြတ်စိတ် အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့၏ နောက်ကျောအား စိုက်ကြည့်နေ၏။ သူသည် သူ၏ တိုက်ခိုက်လိုစိတ်များကို ချုပ်တည်းနိုင်စွမ်း မရှိတော့သည့်ပုံ ပေါက်နေသည်။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေသည့် ခေါင်းလောင်းနှင့်မိန်းမပျိုလေးမှာ ရုတ်တရက်ဆိုသလို သတိပေးလိုက်၏။

" တာအိုရောင်းရင်း လီလင်းကျစ်။ သူ့ကို ရန်မစဖို့ ကျွန်မ အကြံပေးပါရစေ။ သူက ရှင် အခုလို ဒေါသထွက်အောင် တမင်တကာ လုပ်သွားခဲ့တာ "

" ဒီနေရာမှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှင် မေ့သွားပြီလား။ ကိုယ့်ဘက်ကစပြီး တိုက်ခိုက်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ဝင်ခွင့်နေရာကို ဆုံးရှုံးလိုက်ရမှာလေ။ တကယ်လို့ ရှင်သာ ဝင်ခွင့်နေရာကို ဆုံးရှုံးလိုက်ရပြီဆိုရင် သူ ရှင့်ကို သတ်လိုက်ရင်တောင် သူ့အတွက် စည်းကမ်းဖောက်ရာ ကျမှာ မဟုတ်လောက်တော့ဘူး။ အရည်အချင်းစမ်းသပ်ပွဲ မစခင် ဝင်ခွင့်နေရာ ပိုင်ဆိုင်ထားတဲ့လူတွေပဲ အချင်းချင်း မတိုက်ခိုက်ရဘူးလို့ စည်းကမ်းတွေထဲမှာ ဖော်ပြထားတာလေ " ထိုအမျိုးသမီးမှာ တည်ကြည်စွာဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိတ်ဝင်တစားနှင့် လှမ်းကြည့်လိုက်ပြန်သည်။ သို့သော် သူမသည် အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်အား စိတ်ဝင်စားသည့် အကြည့်မျိုးဖြင့် ကြည့်နေခြင်းမဟုတ်ဘဲ ဝမ်ပေါင်လဲ့၏ ဉာဏ်ရည်ဉာဏ်သွေးများနှင့် လုပ်ပုံကိုင်ပုံများ‌ကြောင့် သူသည် သူမ၏ အစေခံ ဖြစ်ထိုက်သည်ဟု ခံစားနေရသည့် အကြည့်မျိုးဖြင့် ကြည့်နေခြင်းသာ ဖြစ်သည်။

" ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့လေ " သူတို့အဖွဲ့အား ကျောပေး၍ စံအိမ်ထဲသို့ ဝင်သွားနေသည့် ဝမ်ပေါင်လဲ့မှာမူ သူမ၏ စကားများကို ကြားလိုက်ရသောအခါ စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲလိုက်၏။ ထို့နောက် သူသည် မည်သူမှ မသိအောင် တိတ်တိတ်ကလေး ထုတ်သုံးထားခဲ့သည့် နတ်ဆိုးမျက်လုံးပညာရပ်အား ရပ်တန့်လိုက်ရတော့သည်။

All Chapters