← Chapters

ခရီးစဉ် စတင်ခြင်း

Vol. 67 Ch. 932

ခရီးစဉ် စတင်ခြင်း

Vol. 67 Ch. 932

နတ်ဆိုးမျက်လုံးပညာရပ်မှာ အခြားလူများကို ထုံထိုင်းသွားအောင် ပြုလုပ်နိုင်စွမ်းရှိပြီး သူတို့၏ အသိစိတ်များအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည်ဖြစ်ရာ တိုက်ပွဲထဲတွင် အလွန်အင်မတန်မှ အသုံးဝင်ပေသည်။ ဝမ်ပေါင်လဲ့မှာ မကြာသေးမီတုန်းက ထိုပညာရပ်အား တိတ်တဆိတ် အသုံးပြုခဲ့ခြင်းဖြစ်၏။

သူသည် လီလင်းကျစ် သူ့အား တိုက်ခိုက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လီလင်းကျစ်သာ တိုက်ခိုက်လိုက်မည်ဆိုပါက စည်းမျဉ်းစည်းကမ်းများအရ သူသည် သူ၏ ဝင်ခွင့်နေရာအား လက်လွှတ်ဆုံးရှုံးလိုက်ရမည် မဟုတ်ပါလော။

သို့ဖြစ်ရာ လီလင်းကျစ် ထိုကဲ့သို့ သူ၏ ဝင်ခွင့်နေရာအား ဆုံးရှုံးသွားသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ့အား သတ်ဖြတ်လိုက်လျှင်တောင် သူ၏ ဝင်ခွင့်နေရာကို အဆုံးရှုံးခံစရာလိုတော့မည် မဟုတ်ပေ။ သူသည် လီလင်းကျစ်အား မျက်စိစပါးမွေးစူးနေသည်မှာ ကြာပြီဖြစ်သည်။ ကြိမ်ဖန်များစွာ ရန်စခံခဲ့ရသည့်တိုင်အောင် သည်းခံနေရသည်မှာ သူ့လို စိတ်ဆတ်လွယ်သည့် အကျင့်စရိုက်ရှိသူ တစ်ယောက်အတွက် မလွယ်ကူပေ။

" လှေပေါ်မှာကတည်းက အဲကောင်ကို နှင်ချခဲ့ရမှာ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်၏။ လီလင်းကျစ်မှာ အထူအပါး နားမလည်သည့် လူတစ်ယောက်ဖြစ်ရာ သူသည် လူအလစ်ကိုချောင်း၍ သူ့အား သတ်ဖြတ်လိုက်ရုံပင်။

" ပြီးတော့ ဟို ခေါင်းလောင်းနဲ့ ကောင်မလေးကရော ဘာလို့ သူများကိစ္စထဲ ဝင်ပါနေရတာလဲ " ဝမ်ပေါင်လဲ့မှာ နောက်ပြန်လှည့်၍ သူတို့အား ကြည့်နေခြင်းမရှိဘဲ စံအိမ်အတွင်းပိုင်းထဲသို့ ဦးတည်သွားလိုက်ပြီးနောက် သူ၏ အခန်းထဲသို့ ဝင်သွားလိုက်တော့သည်။

အရည်အချင်းစမ်းသပ်ပွဲ စတင်ရန် အချိန်တစ်ရက်သာ လိုတော့သည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အရာအားလုံးကို အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားရန် လိုအပ်ပေသည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး ညအချိန်သို့ ရောက်ရှိလာတော့သည်။ ကောင်းကင်ယံထဲရှိ စက္ကူလမင်းကြီးမှာ ကြယ်သုဿာန်မြို့တော်ကြီး တစ်ခုလုံးအား အလင်းပေးထား၏။ တစ်ချိန်ထဲမှာပင် အခြား ကျင့်ကြံသူများမှာလည်း ဝမ်ပေါင်လဲ့ကဲ့သို့ပင် ပြန်လည်ရောက်ရှိလာကြပြီး အရည်အချင်း စမ်းသပ်ပွဲအတွက် အဆင်သင့်ပြင်နေကြပြီ ဖြစ်သည်။

ညဉ့်နက်သန်းခေါင်ယံ ကျော်နေပြီဖြစ်ရာ အပြင်ဘက်တွင် အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ မိုးသောက်ချိန်သို့ ရောက်ရန် ခြောက်နာရီပင် မလိုတော့ပေ။ ဝမ်ပေါင်လဲ့မှာ တရားထိုင်နေပြီး သူ၏ ထွက်သက်ဝင်သက်တိုင်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများနှင့် စည်းချက်ညီနေ၏။ ထို့ကြောင့် သူသည် ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်း ပေါင်းစည်း‌နေသကဲ့သို့ ဖြစ်နေသည်။ ထိုအချိန်တွင် သူ၏ မျက်ခုံးများမှာ ရုတ်ရက်ဆိုသလို လှုပ်သွား၏။

ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် မျက်လုံးများပွင့်လာပြီးနောက် အထိတ်တလန့် ဖြစ်သွားရ၏။ သူ သူ၏ သိုလှောင်အိတ်အား လှမ်းကြည့်လိုက်ချိန်တွင် ၎င်းမှာ အလိုလို ပွင့်လာတော့သည်။ ထို့နောက် ထို သိုလှောင်အိတ်ထဲရှိ သိုလှောင်လက်စွပ်မှာလည်း အလိုလို ပွင့်သွားပြီး အထဲရှိ လူပုံစံစက္ကူရုပ်မှာ အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ခေါင်းပြူထွက်လာ၏။ ခဏအကြာတွင် ၎င်းမှာ ခန္ဓာကိုယ်အား ဆတ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ ပျံထွက်လာတော့သည်။ ၎င်းမှာ ပြန်လည်ပေါ်ပေါက်လာချိန်တွင် ဝမ်ပေါင်လဲ့၏ ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အသက်ရှူသံများ မြန်ဆန်လာရ၏။ သူ၏ အသိစိတ်ထဲတွင် ထူးဆန်းသည့် ရယ်မောသံကြီးများ ပဲ့တင်ထပ်နေပြီဖြစ်သလို သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း မတည်မငြိမ်ဖြစ်နေရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် နဖူးပေါ်တွင် ဇောချွေးများပင် ပြန်လာရ၏။ သူသည် မတ်တတ်ထနိုင်ရန် ကြိုးစားလိုက်ပါသော်လည်း သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်၍မရတော့ကြောင်း သိလိုက်ရသဖြင့် တုန်လှုပ်ချောက်ချားသွားရတော့သည်။

သူ မည်မျှပင် ကြိုးစားနေစေကမူ သူ၏ ခန္ဓာကိုယ်အား လှုပ်ရှားနိုင်စွမ်း လုံးဝ မရှိတော့ပေ။ ထို့ကြောင့် သူသည် မျက်လုံးများလည်း မမှိတ်နိုင်တော့ဘဲ မလှုပ်မယှက်နှင့် ထိုင်နေရတော့သည်။ ထိုအချိန်တွင် သူသည် သူ၏ ရှေ့တွင်ရှိနေသည့် လူပုံစံစက္ကူရုပ်လေး လက်ဖဝါးတစ်ခုသာသာ အရွယ်အစားမှ ချက်ချင်းဆိုသလို ကြီးမားလာပြီးနောက် သာမန်လူတစ်ယောက် အရွယ်အစားသို့ ရောက်သွားသည်ကို မြင်လိုက်ရသည်။

ထို လူပုံစံစက္ကူရုပ်မှာ ၎င်း၏ ပုံပန်းသွင်ပြင်အသစ်ကို ကျင့်သားမရသေးသည့်ပုံဖြင့် ဝမ်ပေါင်လဲ့၏ အခန်းထဲ၌ လှုပ်လှုပ်ရှားရှား လုပ်နေလိုက်၏။ ထိုသို့ဖြင့် တစ်ခဏမျှ ကြာမြင့်သွားပြီး ၎င်း ကျင့်သားရသွားသော အခါမှသာ ၎င်းမှာ ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ နာကျင်ကိုက်ခဲလာရ၏။ သို့သော် သူသည် သူ၏ မျက်လုံးများအား မှိတ်နိုင်စွမ်း မရှိသေးပေ။ ကံကောင်းသည်မှာ ထို လူပုံစံစက္ကူရုပ်မှာ သူ့အား တစ်ခဏမျှသာ စိုက်ကြည့်လိုက်ပြီးနောက် ၎င်း၏ အကြည့်အား ပြန်လည်ရုပ်သိမ်းသွား၏။ ထို့နောက် ၎င်းမှာ ပြတင်းပေါက်ဘေးတွင် ရပ်ကာ ကောင်းကင်ယံထဲရှိ စက္ကူလမင်းကြီးအား မော့ကြည့်နေတော့သည်။ ထိုသို့ဖြင့် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် မျက်ရည်များ ဝဲလာသည့်အချိန်တွင် ထို လူပုံစံစက္ကူရုပ်၏ မျက်ဝန်းများမှာ ထူးဆန်းစွာတောက်ပသွား၏။ ထို့နောက် ၎င်းမှာ အခန်းထဲမှ ထွက်ခွာသွားပြီး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။

၎င်း ပျောက်ကွယ်သွားသည်နှင့် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်နိုင်စွမ်းရှိသွား၏။ ထိုအခါ သူသည် ချက်ချင်း မျက်လုံးပြန်မှိတ်လိုက်ပြီး ‌ပရမ်းပတာဖြစ်နေသည့် သူ၏ အသက်ရှူနှုန်းများကို ပြန်လည်တည်ငြိမ်သွားအောင် ထိန်းသိမ်းလိုက်သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် မျက်လုံးများ ပြန်ပွင့်လာပြီး လူပုံစံစက္ကူရုပ် ပျောက်ကွယ်သွားခဲ့သည့် နေရာအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် သူ၏ သိုလှောင်လက်စွပ်အား စစ်ဆေးကြည့်လိုက်သဖြင့် ၎င်းမှာ အမှန်တကယ်ပင် ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို လူပုံစံစက္ကူရုပ် ပြန်လည် ရောက်ရှိလာတော့မည်မဟုတ်ကြောင်း သေချာသွားသောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရပြီး ကျောချမ်းသွားရတော့သည်။

" သူက ငါ့ကို လှေပေါ်တက်နိုင်အောင် တစ်ကြိမ်ပြီးတစ်ကြိမ် ကူညီပေးခဲ့တာဆိုတော့ ငါ့ကို အသုံးချပြီးတော့ လှေပေါ်လိုက်လာနိုင်အောင် ကြိုးစားခဲ့တာပဲဖြစ်မှာ "

" သူ လှေပေါ်လိုက်လာနိုင်ဖို့ ကြိုးစားခဲ့တဲ့ပုံက... ဘယ်လိုပဲကြည့်ကြည့် လှေခိုးစီးတဲ့ပုံစံ ပေါက်နေတာပဲ... " ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အပြစ်ရှိသလို ခံစားလိုက်ရ၏။ သူသည် ကြယ်သုဿာန်သို့ သွားသည့် ဤ ခရီးစဉ်ထဲ၌ ပေါ်ပေါက်လာခဲ့သည့် အံ့ဩတုန်လှုပ်ဖွယ်ရာ ပြောင်းလဲမှုများမှာ သူ ခေါ်လာခဲ့သည့် လူပုံစံစက္ကူရုပ်လေးကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်မည်ဟု မှတ်ယူလိုက်သည်။

" ထားလိုက်ပါတော့။ ဒီကိစ္စမှာ ငါလည်း နစ်နာသူတစ်ယောက်ပဲလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချလိုက်၏။ သူသည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲတွင် နောက်ထပ် သက်ရှိလူသားတစ်ယောက် ရှိနေသေးကြောင်း ပြန်၍ မှတ်မိသွားသည်။ ထို့ကြောင့် သူသည် အလျင်အမြန် စစ်ဆေးကြည့်ရှုလိုက်၏။ ထိုအခါမှသာ သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ တာအိုဂိုဏ်းသားမှာ အသက်ရှိနေသေးကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။

သူသည် ထို တာအိုဂိုဏ်းသားအား အသေခံ၍ မဖြစ်ပေ။ အနည်းဆုံး သူ နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ ပြန်မရောက်ခင် အချိန်အထိ ထို ကျင့်ကြံသူ အသက်ရှိနေရန် လိုအပ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထို ကျင့်ကြံသူ အကောင်းအတိုင်း ရှိနေသေးသည်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူ၏ နတ်ဘုရားစိတ်ဆန္ဒအား ပြန်လည်ရုပ်သိမ်းရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူသည် လူပုံစံစက္ကူရုပ် ကြယ်သုဿာန်ထဲသို့ ခိုးဝင်လာခဲ့သည့် ဖြစ်ရပ်အား ပြန်၍ သတိရသွားသဖြင့် ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာတော့သည်။

" ဒီလို ခိုးဝင်တဲ့နည်းလမ်းကို တခြားလူတွေရော အသုံးပြုလို့ရလား မသိဘူး " ဝမ်ပေါင်လဲ့မှာ ထိုအတွေးအား ချက်ချင်း မေ့ပျောက်ထားလိုက်ရသည်။ အကယ်၍ ထိုမျှလောက် လွယ်ကူနေမည်ဆိုပါက ထိုကဲ့သို့ ခိုးဝင်လာသည့် လူများကြောင့် ကြယ်သုဿာန်အင်ပါယာမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာလောက်ကတည်းက ဒုက္ခရောက်နေလောက်ပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်မလာအောင် ကြိုတင်တားဆီးနိုင်ရန် အလို့ငှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ တာအိုဂိုဏ်းသားအား သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်ရန် ကြိုးစားကြည့်လိုက်၏။ သို့သော် သူသည် အခြား မည်သည့်ပစ္စည်းကိုမဆို ထုတ်ယူနိုင်စွမ်း ရှိနေပါသော်လည်း သက်ရှိများကိုမူ ထုတ်ယူနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်ကို သိလိုက်ရသည်။ သို့ဖြစ်ရာ ဤနေရာရှိ စည်းမျဉ်းစည်းကမ်းများမှာ လူများအား ခိုးဝင်ခွင့် မပြုသည့်ပုံပင်။

" လူပုံစံစက္ကူရုပ် အပြင်ထွက်လာနိုင်တာက သူက ဒီကမ္ဘာကြီးရဲ့ သက်ရှိတစ်ယောက် ဖြစ်နေလို့ပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ ထို့နောက် သူသည် မိုးသောက်ချိန်သို့ ရောက်တော့မည်ဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် ထိုအတွေးများကို မေ့ပျောက်ထားလိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင်ထားလိုက်တော့သည်။ သူ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည် ထိန်းညှိပြီးသွားချိန်တွင် တဖြည်းဖြည်းနှင့် မိုးပြန်လင်းလာ၏။

ထိုကဲ့သို့ မိုးပြန်လင်းသွားသည်နှင့် ဩဇာအာဏာ အပြည့်ရှိသည့် စကားသံကြီးတစ်သံမှာ ဝမ်ပေါင်လဲ့နှင့် အခြား ပါရမီရှင်များအားလုံး၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။

" အရည်အချင်းစမ်းသပ်ပွဲ စပြီ "

ထို စကားသံကြီး ထွက်ပေါ်လာသည်နှင့် မည်သူမှ ခုခံတားဆီးနိုင်စွမ်းမရှိသော စွမ်းအားတစ်မျိုးမှာ စံအိမ်ကြီးထဲ၌ ပြည့်နှက်သွားသည်။ ထို စွမ်းအားများမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပါသော်လည်း ခန်းမကြီး၏ အပြင်ဘက်‌၌ လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည့် အသံများကို ကြားနိုင်ပေသည်။ သို့သော် ထိုအသံများမှာ အနည်းငယ်ခန့် ထူးဆန်းနေ၏။ အစတွင် ၎င်းတို့မှာ ရေလှိုင်းသံများနှင့် တူပါသော်လည်း သေသေချာချာ နားထောင်ကြည့်လိုက်မည်ဆိုပါက စက္ကူများ ရွေ့လျားနေသည့် အသံများ ဖြစ်နေသည်ကို သိလိုက်ရမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအသံကို ကြားဖူးနေသောကြောင့် ချက်ချင်းဆိုသလိုပင် မျက်လုံးများပြူးသွားကာ မတ်တတ်ထလာပြီး ပြတင်းပေါက်ဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် သူသည် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်နှင့် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ သူသည် ကြယ်သုဿာန်မြို့တော်၏ လမ်းမများကို မမြင်ရတော့ဘဲ အဆုံးအစမရှိလောက်အောင် ကျယ်ပြောနေသော အနက်ရောင်စက္ကူပင်လယ်ကြီးကိုသာ မြင်နေရသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားအသိစိတ်များကို ချက်ချင်း ဖြန့်ကြက်လိုက်သောအခါ သူသည် ဧရာမ သင်္ဘောကြီးတစ်စင်းထဲ၌ ရောက်နေသည်ဖြစ်ကြောင်း သိလိုက်ရ၏။

ထို သင်္ဘောကြီးပေါ်တွင် လူပုံစံစက္ကူရုပ်များ မရှိပါသော်လည်း ၎င်းမှာ လေထဲ၌ ရွက်လွှင့်ကာ အလိုလို ‌ရွေ့လျားနေ၏။ ထို့အပြင် ၎င်းမှာ မြန်ဆန်လွန်းနေသောကြောင့် စက္ကူပင်လယ်ကြီးအာ အလယ်မှနေ၍ ထိုးခွင်းသွားသလို ဖြစ်နေတော့သည်။ ၎င်း၏ နောက်တွင်လည်း အနက်ရောင်စက္ကူရွက်များမှာ ဖရိုဖရဲနှင့် ကျန်ရစ်ခဲ့ကြရသည်သာဖြစ်သည်။

" ဘယ်လို တည်နေရာပြောင်းရွှေ့ခြင်း ပညာရပ်ကြီးလဲဟ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရ၏။

သင်္ဘောကြီး၏ ဝမ်းပိုင်းထဲတွင် အခန်းရာပေါင်းများစွာ ရှိနေပြီး သူသည် ထိုအခန်းများထဲမှ အခန်းတစ်ခန်းထဲ၌ ရှိနေ၏။

အခြား အခန်းထဲမှ ကျင့်ကြံသူများမှာလည်း ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့၏ ဘေးဘီဝဲယာများကို အကဲခတ်နေကြပြီဖြစ်သည်။ ခေါင်းလောင်းနှင့် မိန်းမမျိုလေးပင်လျှင် မျက်ဝန်းများထဲ၌ အထူးတဆန်းဖြစ်နေသည့် အရိပ်အယောင်များ တောက်ပနေ၏။

သို့သော် အင်အားကြီး အဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်စုများမှ ပါရမီရှင်များမှာ တမူထူးခြားကြသူများဖြစ်ရာ ချက်ချင်းဆိုသလိုပင် ပြန်၍ တည်ငြိမ်သွားကြ၏။ ထိုအချိန်တွင် လူပုံစံစက္ကူရုပ်ကြီး၏ ဩဇာအာဏာအပြည့်ရှိသော စကားသံကြီးမှာ ထပ်၍ ထွက်ပေါ်လာပြီး လူတိုင်း၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားပြန်သည်။

" ပြင်ပနယ်မြေထဲက ကျင့်ကြံသူများ။ ကြယ်သုဿာန်ထဲက နောက်ဆုံး အခွင့်အရေးကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် အရင်ဆုံး အရည်အချင်းစမ်းသပ်ပွဲသုံးခုကို ကျော်ဖြတ်ရမယ်။ မင်းတို့တွေ ပထမဆုံး အရည်အချင်း စမ်းသပ်ပွဲကို ကျော်ဖြတ်ပြီးသွားပြီဆိုတော့ ဒုတိယမြောက် အရည်အချင်း စမ်းသပ်ပွဲကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အချိန်ရောက်ပြီ "

" ဒီ အရည်အချင်း စမ်းသပ်ပွဲကလည်း ရှုံးထွက်စနစ်ပဲ။ ဒီခရီးစဉ်ရဲ့ ပန်းတိုင်မှာ ပုံရိပ်ယောင်ဂြိုဟ်လို့ခေါ်တဲ့ အထူးဂြိုဟ်တစ်လုံးရှိတယ်။ မင်းတို့ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရသမျှ သက်ရှိတွေအကုန်လုံးက အဲဒီဂြိုဟ်ပေါ်မှာ တစ္ဆေဝိညာဉ်တွေအဖြစ်နဲ့ မင်းတို့ကို တားဆီးဖို့ စောင့်ဆိုင်းနေကြမှာ "

" ပုံရိပ်ယောင်ဂြိုဟ်ပေါ်မှာ အဲဒီ အတားအဆီးတွေအပြင် ပုံရိပ်ယောင် သလင်းကျောက် အတုံးသုံးဆယ် ရှိတယ်။ မင်းတို့တွေ ပုံရိပ်ယောင်ဂြိုဟ်ပေါ်ကို ရောက်ပြီးလို့ ခုနစ်ရက်ကြာတဲ့အချိန် လက်ထဲမှာ အဲဒီ ပုံရိပ်ယောင် သလင်းကျောက်တွေကို ပိုင်ဆိုင်ထားတဲ့လူတွေက ဒုတိယမြောက် အရည်အချင်း စမ်းသပ်ပွဲကို ကျော်ဖြတ်နိုင်မှာဖြစ်တယ်။ အဲဒီလို ကျော်ဖြတ်နိုင်တဲ့ လူတွေက ဆန်ခါတင်စာရင်းထဲ ဝင်သွားမှာ "

" ဒီခရီးစဉ်က တစ်ရက်ပဲ ကြာမှာ။ မင်းတို့တွေအကုန်လုံး အဲဒီ အချိန်တစ်ရက်ကို ကောင်းကောင်းအသုံးချကြပေါ့ " ထို စကားသံကြီး ပျောက်ကွယ်သွားသည်နှင့် သင်္ဘောကြီးတစ်စင်းလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ဝမ်ပေါင်လဲ့ အပါအဝင် အခြားသူများအားလုံးမှာ နှုတ်ဆိတ်နေကြသည်။ သူသည် ဤ ကြယ်သုဿာန်ဆိုသည့် နေရာကြီးမှာ အလွန်အင်မတန်မှ ထူးဆန်းနေကြောင်း ခံစားနေရ၏။

သူ တစ်ယောက်တည်းသာ ထိုသို့ခံစားနေရသည်တော့ မဟုတ်ပေ။ သတင်းအချက်အလက် အချို့အား သိရှိထားပြီးဖြစ်သည့် ပါရမီရှင် အနည်းငယ်ခန့်မှလွဲ၍ အခြားသူများအားလုံးမှာလည်း မေးခွန်းကိုယ်စီနှင့် ဖြစ်နေကြသည်။ အမှန်တွင် ယခုအကြိမ် ပွင့်သွားခဲ့သည့် ကြယ်သုဿာန်ကြီးမှာ သူတို့၏ မိသားစုမျိုးနွယ်စုများထဲရှိ ရှေးဟောင်းမှတ်တမ်းများထဲ၌ ဖော်ပြထားသော အချက်အလက်များနှင့် ကိုက်ညီမှုမရှိဘဲ အနည်းငယ်ခန့် ကွဲလွဲနေ၏။ အရည်အချင်းစမ်းသပ်ပွဲ အရေတွက်မှာ သိသိသာသာ ပိုများလာခဲ့သည် မဟုတ်ပါလော။

" ကြယ်သုဿာန်ထဲကို စရောက်လာတုန်းကလည်း အရည်အချင်း စမ်းသပ်ပွဲတစ်ခု ကျော်ဖြတ်ခဲ့ရသေးတယ်။ အခုလည်း နောက်ထပ်အရည်အချင်း စမ်းသပ်ပွဲတစ်ခု ထပ်ပေါ်လာပြန်ပြီ။ အဲတာပြီးရင် ဆန်ခါတင်စာရင်းတစ်ခု ရှိသေးတယ်ဆိုပဲ။ ကြယ်သုဿာန်က ဘာလို့ အခုလို ဖြစ်နေရတာလဲဟ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ သူသည် ထို ကိစ္စနှင့်ပတ်သက်၍ လိုက်လံစုံစမ်းရန် သင့်မသင့် စဉ်းစားတွေးတောနေစဉ်မှာပင် သူ ကြားဖူးနေသည့် စူးရှကျယ်လောင်သော စကားသံကြီးတစ်သံမှာ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။ ၎င်းမှာ အရင်ဆုံး ရယ်မောလိုက်ပြီးနောက် စကားပြောလိုက်ခြင်းဖြစ်၏။

" ဘာလို့လဲဆိုတော့.... ဒါ ကြယ်သုဿာန်ပွင့်တဲ့ နောက်ဆုံးအခေါက် ဖြစ်ရင်ဖြစ်သွားနိုင်လို့ပဲကွ "

All Chapters