← Chapters

မြောက်နတ်မင်း၏ နတ်လက်နက်

Vol. 31 Ch. 430

မြောက်နတ်မင်း၏ နတ်လက်နက်

Vol. 31 Ch. 430

နတ်ဘုရားတစ်ပါးကို အဆိပ်ခပ်နိုင်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။ သာမန်အဆိပ်တစ်မျိုး၊ နှစ်မျိုးဖြင့် မရနိုင်၊ အဆိပ်မျိုးစုံကို ပေါင်းစည်း၍ အကြိမ်များစွာ စစ်ထုတ်ပေးရန် လိုအပ်သည်။ ချင်မူ အခြေခံအဆိပ်ဆေးလုံးတစ်ရာကို ဦးစွာဖော်စပ်ပြီးနောက် အဆိပ်တီကောင်၊ အဆိပ်ဖားပြုပ်၊ အဆိပ်ပိုးကောင်အစရှိသည့် အဆိပ်သတ္တဝါများကို ကျွေးလိုက်သည်။ ထို့နောက် အသင့်ပြင်ထားသော အဆိပ်သတ္တဝါများကို အဆိပ်မှိုများ၊ အဆိပ်မြက်များအတွက် မြေဩဇာ လုပ်လိုက်၏။

ထိုကဲ့သို့ ထပ်ခါတလဲလဲ ပြုလုပ်ပြီးသောအခါ အဆိပ်ဥတချို့ ဖန်တီးနိုင်လိုက်ကာ ခြေနှစ်ချောင်း၏ ရိုးတွင်းခြင်ဆီထဲသို့ ထည့်လိုက်သည်။ အဆိပ်ဥများသည် အလိုအလျောက် အရည်မပျော်နိုင်သော်လည်း ရိုးတွင်းခြင်ဆီမှ သွေးပြန်လည်စီးဆင်းလာလျှင် ဥခွံများ ကွဲသွားပြီး အတွင်းရှိ အဆိပ်က သွေးကြောမှတစ်ဆင့် ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ စီးဆင်းပျံ့နှံ့သွားလိမ့်မည်။ ထိုအခါ အဆိပ်သင့်သူ၏ ကောင်းကင်နတ်သိုင်းရတနာများ ပျက်စီးပြီး မူလဝိညာဉ်ပြိုကွဲကာ ဝိညာဉ်သေဆုံးရလိမ့်မည်။

ချင်မူ ထူးဆန်းသောအဆိပ်ကို ဖော်စပ်ပြီး၍ အဆိပ်ဥတချို့ကို အရန်အဖြစ် သိမ်းဆည်းနေစဉ် စစ်ယွင်ရှန်းက သတင်းသယ်လာသည်။ “ဂိုဏ်းသခင် မိစ္ဆာငါးပါးကူးပြောင်းမှော်အစီအရင်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ရောက်လာပါပြီ”

ချင်မူမှာ စိတ်သက်သာရာရသွားပြီး အလေးအနက် ပြောလိုက်သည်။ “အထဲ ခေါ်လိုက်ပါ”

စစ်ယွင်ရှန်း ကောင်းကင်နတ်ဆိုးဂိုဏ်းသားများကို အထဲသို့ ဖိတ်ခေါ်လိုက်သည့်အခါ ချင်မူ သူတို့ကို အကဲခတ်လိုက်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသားများမှာ စစ်တပ်ထဲတွင် အမှန်တကယ်ပင် စစ်သူကြီးများအဖြစ် နေရာရထားပေသည်။ ချပ်ဝတ်တန်ဆာကိုပင် မချွတ်အားဘဲ သူ့ဆီသို့ အပြေးရောက်လာသည်ကို ကြည့်ခြင်းအားဖြင့် သိသာ၏။

မိစ္ဆာငါးပါးကူးပြောင်းမှော်အစီအရင်မှာ အလွန်တရာ အစွမ်းထက်သော မှော်အစီအရင်မဟုတ်၍ ရေပန်းမစားပေ။ အဆင့်အနိမ့်ဆုံး မှော်အစီအရင်လည်း ဖြစ်၏။ သို့သော် အားအနည်းဆုံး မှော်အစီအရင်များတွင်လည်း စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်သည့် စွမ်းအားများ ကိန်းဝပ်နေတတ်သည် မဟုတ်ပါ၏လော။

အထက်လမ်းမှော်အစီအရင်၊ အောက်လမ်းမှော်အစီအရင်ဟူ၍ မရှိပေ။ မည်သို့အသုံးပြုလဲ အပေါ်တွင်သာ မူတည်သည်။

ချင်မူ နံ့သာရေတွင်းခြံဝင်းအား အင်အားအလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်လျှင် သူ့လူများက အစွမ်းထက်ဆုံးကောင်းကင်နတ်သိုင်းများ တတ်မြောက်ထားသည့် ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်များ ဖြစ်လျှင်တောင်မှ နတ်ဘုရားပိုင်ရှီ မိုးကြိုးငါးသွယ်အိုးအား အသက်မသွင်းအောင် တားနိုင်လောက်မည်မဟုတ်ပေ။

သို့သော် အဆင်အနိမ့်ဆုံး မိစ္ဆာငါးပါးကူးပြောင်းမှော်အစီအရင်က မည်သူမှ အသေခံစရာမလိုဘဲ မိုးကြိုးငါးသွယ်အိုးကို ရွှေ့ပြောင်းပေးနိုင်သည်။

“အကြီးအကဲတို့” ချင်မူ ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။ “ကျွန်တော်တို့မှာ အခွင့်အရေး တစ်ကြိမ်ပဲ ရတယ်။ အမှားလုံးဝ ပါလို့မဖြစ်ဘူး။ မိုးကြိုးကပ်ဘေး လွတ်သွားတာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ပြည်သူတွေ အသေဆိုးနဲ့ သေကြရလိမ့်မယ်။ ကျွန်တော်တို့ အောင်မြင်နိုင်မလား၊ မအောင်မြင်နိုင်ဘူးလား ဆိုတာကတော့ အားလုံးနဲ့အစွမ်းအစအပေါ် မူတည်ပါတယ်”

ဂိုဏ်းသားများက သူ့ကို ကပျာကယာ ပြန်နှုတ်ဆက်ကြသည်။ “ဒါက ကျွန်တော်တို့တာဝန်ပါ။ ဂိုဏ်းသခင်နှုတ်ဆက်တာကို မခံယူဝံ့ပါဘူး”

ချင်မူ ခါးပြန်မတ်၍ အလေးအနက် ပြောလိုက်သည်။ “မိုးကြိုးငါးသွယ်အိုးထဲက မိုးကြိုးတိမ်တိုက်ငါးခုက အရှေ့၊ အနောက်၊ တောင်၊ မြောက် နဲ့ အလယ်လို့ ခေါ်တယ်။ မိုးကြိုးတိမ်တိုက်တွေထဲမှာ မီး‌ခေါင်းလောင်းလက်နက်တွေလည်း ရှိတယ်။ ဒီမိုးကြိုးငါးသွယ်အိုးကို ကျွန်တော်တို့ ပေါ့ပေါ့ဆဆ ရွှေ့လို့မရဘူး။ အထဲမှာရှိတဲ့ စွမ်းအား လွတ်မသွားအောင် အင်မတန် ဂရုစိုက်ဖို့ လိုတယ်။ မိုးကြိုးတိမ်တိုက်ငါးခုအကြောင်း နားလည်တဲ့လူများ ရှိသလား”

အားလုံး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်‌ချောက်ချားစွာ ကြည့်လိုက်ကြသည်။ အကြီးအကဲတစ်ယောက်က ရှေ့သို့ထွက်လာကာ လျှောက်တင်လိုက်၏။ “ဂိုဏ်းသခင်၊ မဟာမိုးကြိုးတိမ်တိုက်ငါးခုနဲ့ မီးခေါင်းလောင်းကောင်းကင်လက်နက်တွေအကြောင်း ကျွန်တော် နည်းနည်းပါးပါး နားလည်ပါတယ်။ ကျွန်တော် အရွယ်ကောင်းချိန်တုန်းက ခရီးလှည့်လည်သွားလာနေရင်း မဟာမြို့ပျက်ရဲ့ လိပ်နက်ကျောင်းဆောင်ထဲမှာ ထူးဆန်းတဲ့ စာအုပ်တစ်ခု ကောက်ရခဲ့ပါတယ်။ အဲဒီစာအုပ်မှာ မြောက်အရပ်ကို အစိုးရတဲ့ မြောက်နတ်မင်းအကြောင်း ရေးသားထားတယ်”

ချင်မူ့အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

မဟာမြို့ပျက်နှင့် ပတ်သက်နေပြန်ပြီလား။

“မဟာမိုးကြိုးတိမ်တိုက်ငါးခုနဲ့ မီးခေါင်းလောင်းကောင်းကင်လက်နက်တွေကို မြောက်နတ်မင်းက သွန်းလုပ်ခဲ့တာပါ” ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲစစ်ကုန်းဆိုသူက ဆက်ပြောသည်။ “မြောက်နတ်မင်းက လိပ်နက်နတ်မင်းကြီးလို့လည်း ထင်ရှားပါတယ်။ သူက မိုးကြိုးအစီအရင်ကောင်းကင်နတ်သိုင်းတွေမှာ ကျွမ်းကျင်တယ်။ မဟာမိုးကြိုးတိမ်တိုက်ငါးခုနဲ့ မီးခေါင်းလောင်းကောင်းကင်လက်နက်တွေက သူ့ရဲ့ ရတနာတွေဖြစ်လို့ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်

“အဲဒီထူးဆန်းတဲ့ စာအုပ်ကို မဟာမြို့ပျက်ရဲ့ လိပ်နက်ကျောင်းဆောင်ထဲက လိပ်နက်တစ်ကောင်ရဲ့ ကျောပေါ်မှာ ထွင်းထားတာပါ။ စာအုပ်တစ်အုပ်လုံးကို သံထည်နဲ့ သွန်းလုပ်ထားတာမလို့ စာရွက်တစ်ရွက်တစ်ရွက် လှန်ရတာ အင်မတန် ခက်ပါတယ်။ ကျွန်တော် နှစ်ရွက် လှန်နိုင်ခဲ့ပြီး မှတ်တမ်းတချို့ ဖတ်ခွင့်ရခဲ့တယ်။ တစ်ခါတုန်းက ခိုင်ဧကရာဇ်က စားပွဲသောက်ပွဲကြီး ကျင်းပပြီး မြောက်နတ်မင်းကို ဖိတ်ခေါ်ခဲ့ပါတယ်တဲ့။ မြောက်နတ်မင်းက မိုးကြိုးတိမ်တိုက်တွေနဲ့ တစ်ကမ္ဘာလုံးကို လွှမ်းခြုံစေလိုက်လို့ ခိုင်ဧကရာဇ်မှာ အံ့ဩစုပ်သပ်မဆုံး ဖြစ်ခဲ့ရပါတယ်လို့ ရေးသားထားပါတယ်။ ဘာကိုဆိုလိုလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး”

ချင်မူ အံ့အားသင့်သွားသည်။ မြောက်နတ်မင်းနှင့် ခိုင်ဧကရာဇ်တဲ့လော။ သူတို့နှစ်ယောက်ကြားတွင် ပတ်သက်မှုတစ်ခု ရှိနေသည်လား။ ခိုင်ဧကရာဇ်က မြောက်နတ်မင်းကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့ဖူးသည်တဲ့လော။

“စာအုပ်ထဲမှာ ‌မြောက်နတ်မင်းရဲ့ မဟာမိုးကြိုးတိမ်တိုက်အကြောင်း အနည်းငယ် ရေးသားထားပါသေးတယ်။ အဲဒီအချက်အလက်တွေကနေတစ်ဆင့် ကျွန်တော် မိုးကြိုးအစီအရင်တချို့ လေ့လာနိုင်ခဲ့ပါတယ်”

အကြီးအကဲစစ်ကုန်းက အသက်တစ်ချက်ရှူသွင်းလိုက်ကာ ဆက်ပြောသည်။ “မဟာမိုးကြိုးတိမ်တိုက်အစီအရင်က ပျောက်ဆုံးသွားခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲမှာ မိုးကြိုးတိမ်တိုက်ငယ်အစီအရင် ရှိတယ်။ ကျွန်တော် အဲ့ဒါကို ကျင့်ကြံခဲ့တာပါ။ အဲဒီထူးဆန်းတဲ့စာအုပ်ကနေ စာရွက်နှစ်ရွက်ပဲ ဖတ်ခဲ့ရပေမယ့် ကျွန်တော့်ရဲ့ မိုးကြိုးတိမ်တိုက်ငယ်အစီအရင်က အ‌တော်လေး တိုးတက်သွားခဲ့လို့ ကျွန်တော်လည်း အကျိုးအမြတ်တွေ ရလိုက်ပါတယ်။ ဂိုဏ်းသခင် ကျွန်တော့်ကို ယုံကြည်ပေးနိုင်ရင် ဒီမိစ္ဆာငါးပါးကူးပြောင်းအစီအရင်မှာ ကျွန်တော် တာဝန်ယူပေးနိုင်ပါတယ်”

ချင်မူ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မိုးကြိုးတိမ်တိုက်ငယ်အစီအရင်ရဲ့ စွမ်းအားက ပေါ့သေးသေး မဟုတ်ပါဘူး။ အကြီးအကဲစစ်ကုန်းက ဒီအစီအရင်ကို တတ်မြောက်ထားတယ်ဆိုတော့ ကျွန်တော်နဲ့ ပညာအနည်းငယ် ဖလှယ်ကြရင် မကောင်းဘူးလား။ မိုးကြိုးတိမ်တိုက်ငယ်အစီအရင်အပေါ် အကြီးအကဲ ဘယ်လိုနားလည်ထားလဲ ကျွန်တော့်ကို ပြောပြပေးပါ”

အကြီးအကဲစစ်ကုန်းက သူ အသိအမြင်များကို လူတိုင်း၏ရှေ့မှောက်တွင် ချင်မူ့အား ပြောပြသည်။ ချင်မူက အာရုံစိုက်နားထောင်ပြီး မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာအပေါ် နားလည်ထားသည့် အသိအမြင်နှင့် ဆက်စပ်တွေးခေါ်ကြည့်လိုက်သည်။ အကြီးအကဲစစ်ကုန်း ပြောပြီးသည့်အခါ သူ တွေးခေါ်မိလိုက်သည့် သဘောတရားများကို ရှင်းပြလိုက်သည်။

ချင်မူသည် ငယ်စဉ်ကတည်းက ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားများဆီမှ သင်ကြားထောက်ပြမှုများအား ရရှိခဲ့သည်။ သူ၏အသိအမြင်က သာမန်လူများ မရောက်နိုင်သော အမြင့်အထိ ရောက်ရှိနေပြီဖြစ်သည်။

ထို့အပြင် သစ်ခုတ်သမားဆီမှ သင်ကြားပို့ချမှု၊ ရွှင်ပျော်ပျော်ကျေးရွာ၏ သင်္ဘောပေါ်တွင် ချင်ဟန်ကျန်း၏ ထိန်းကျောင်းပဲ့ပြင်မှုကိုလည်း ရရှိခဲ့သည့်အပြင် မဟာမိုးခြိမ်းသံကျောင်းတော်၏ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်နှင့် ကျောက်ပြားပေါ်ရှိ တာအိုဓားကိုလည်း လေ့လာခွင့်ရခဲ့သည်။ ကျောက်စိမ်းမြို့တော်ငယ်၏ စစ်ဆေးမှုများကိုလည်း ကျော်ဖြတ်ခဲ့ရသလို ချင်းမန်တံခါးတွင် ဧကရာဇ်အတိုင်ပင်ခံ၏ ဓားလမ်းကိုလည်း ချောင်းကြည့်နိုင်ခဲ့သည်။ သူ၏အသိအမြင်မှာ တစ်လောကလုံးတွင် နံပါတ်တစ်ဟု ဆိုရလောက်အောင် မကျယ်ဝန်းသေးသော်လည်း သူ့ထက်သာသည့်လူ များများစားစား မရှိပေ။

မိုးကြိုးတိမ်တိုက်ငယ်အစီအရင်က မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ မှော်အစီအရင်တစ်ခု ဖြစ်သည့်အတွက် သစ်ခုတ်သမား၏ ကျောက်တုံးအပေါ်တွင် ဤမှော်အစီအရင်ကို အကျယ်တဝင့် ရှင်းပြပေးထား၏။ နားကန်း၏ သင်ပြမှု ၊ သစ်ခုတ်သမား၏ ပို့ချမှုနှင့် အရပ်ခြောက်မျက်နှာ မူလဝိညာဉ်ကျင့်စဉ်ကို ဖန်တီးခဲ့သော သူ၏ကိုယ်ပိုင်အသိအမြင်တို့ကို ပေါင်းစည်းလိုက်သည့်အခါ မိုးကြိုးအစီအရင်များနှင့် ပတ်သက်၍ အကြီးအကဲစစ်ကုန်းကို ထောက်ပြပေးရန်မှာ သူ့အတွက် ပြဿနာမရှိပေ။

ချင်မူ သင်ခန်းစာပို့ချနေစဉ် အားလုံးမှာ မိန်းမောနေသကဲ့သို့ စျာန်ဝင်သွားကြသည်။ သူတို့လည်း ကိုယ်ပိုင်အတွေးအခေါ်များ ကွန့်မြူးလာကြသည်။

အကြီးအကဲစစ်ကုန်းက နားထောင်ပြီးသောအခါ ချင်မူ့အား မလေးစားဘဲ မနေနိုင်အောင် ဖြစ်သွားမိသည်။ သူ ချီးကျူးလိုက်မိ၏။ “ဂိုဏ်းသခင်က ညဏ်ကြီးရှင်ပဲ။ တကယ်ကို နတ်ဂိုဏ်းသခင် ဖြစ်ထိုက်တယ်”

ချင်မူက ယခုမှ အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသည့်အပြင် သိုင်းအဆင့်ကလည်း အရပ်ခြောက်မျက်နှာအဆင့်သာ ဖြစ်သော်လည်း သူ၏အသိအမြင်ဗဟုသုတနှင့် နားလည်မှုအတိုင်းအတာက သူ့လို ကောင်းကင်တံတားသိုင်းပညာရှင်တစ်ယောက်ထက်ပင် သာနေချေပြီ။

“အသေးစိတ် တွေးကြည့်ကြပါ။ ကျွန်တော်တို့ ရက်ပိုင်းအတွင်း မိုးကြိုးငါးသွယ်အိုးကို ရွှေ့ရလိမ့်မယ်” ချင်မူ စစ်ယွင်ရှန်းဘက် လှည့်ကာ မေးလိုက်သည်။ “ဧကရာဇ် အခု ဘယ်ရောက်နေပြီတဲ့လဲ”

“ဧကရာဇ် အခုလေးတင် အန့်ရှောင်းပြည်နယ်ကို ရောက်ပါတယ်။ ကျစ်ကျင်းနဲ့ ဆယ်ရက်ခရီး ကွာသေးတယ်” စစ်ယွင်ရှန်းက ပြောလိုက်သည်။ “အရှင်မင်းကြီးက နတ်ဘုရားပိုင်ရှီကို အချိန်ဆယ်ရက်ဆွဲထားပေးဖို့ မိန့်တော်မူထားပါတယ်။ ဆယ်ရက်နဲ့မရရင် အနည်းဆုံးတော့ ရှစ်ရက် အချိန်ဆွဲထားပေးပါတဲ့။ အဲ့ဒါမှ မိုင်ငါးထောင်အကွာကနေ ပိုင်ရှီကို အမြှောက်နဲ့ ပစ်ခွင်းနိုင်မယ်ပြောတယ်”

ချင်မူ ခေါင်းယမ်းလိုက်သည်။ “ပိုင်ရှီက ငါတို့ကို အချိန်ရှစ်ရက် ပေးမှာမဟုတ်ဘူး။ သုံးရက်ကနေ ငါးရက်အတွင်း ဆုံးဖြတ်ချက်ချလိမ့်မယ်။ နတ်သက်ကြွေတောင်ကြောပေါ်က တိုက်ပွဲရော အခြေအနေဘယ်လိုရှိလဲ”

စစ်ယွင်ရှန်း မျက်မှောင်ကြုတ်သွား၏။ “အဲဒီနေရာက ပျက်စီးသွားပါပြီ။ ကောင်းကင်နတ်သိုင်း အကြွင်းအကျန်တွေလည်း နေရာအနှံ့ မြင်ရတယ်။ ကောင်းကင်နတ်အသွင်အဆင့်ပညာရှင်တွေအနေနဲ့ အထဲ ဝင်လို့မရသေးဘူး။ ဧကရာဇ်က တိုက်ပွဲစက်ကွင်းထဲ ရောက်သွားမှာ စိုးရိမ်လို့ ထာဝရနယ်စပ်နဲ့ လျှို့ဝှက်ရေတံခါးက စစ်သည်တွေကို ဆုတ်ခွာခိုင်းထားတယ်။ တိုက်ပွဲရလဒ်ကတော့...” သူမ ခေါင်းယမ်းလိုက်သည်။ “ဧကရာဇ်က တံခါးနှစ်ခုက စစ်သူကြီးတွေကို သွား‌ရောက်စစ်ဆေးခိုင်းထားပေမယ့် ဘာသတင်းမှ မရသေးပါဘူး။ အခုအချိန်အထိ တစ်ယောက်မှ... အပြင်ထွက်မလာသေးဘူး”

ချင်မူ ရင်ထဲတွင် တင်းကြပ်သွားပြီး ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ သူ့အကြည့်က စူးရဲလာ၏။ “အဲ့ဒါဆိုရင် နတ်ဘုရားပိုင်ရှီရဲ့ ပြဿနာကို ဖြေရှင်းပြီးတာနဲ့ ငါကိုယ်တိုင် သွားကြည့်မယ်။ သူတို့ အသက်ရှင်နေလား ငါ ကြည့်ချင်တယ်။ သေပြီဆိုလည်း သူတို့အလောင်းကို မြင်ရမှ ငါ ယုံမယ်။ အကြီးအကဲစစ်ကုန်း၊ ကျွန်တော် အကြီးအကဲတို့ကို အချိန်နှစ်ရက်ပေးမယ်။ တတ်နိုင်သလောက် မြန်မြန်ပြင်ဆင်ပေးပါ။ ကျွန်တော်တို့ ဧကရာဇ်ကို မစောင့်တော့ဘူး”

အကြီးအကဲစစ်ကုန်းနှင့် ကျန်ရှိသူများ အံ့အားသင့်သွားကြသည်။ သူတို့က လူတစ်ရာကျော်ဖြင့် မှော်အစီအရင်ထုတ်လွှတ်နည်းအား မြန်မြန်ဆန်ဆန် လေ့ကျင့်လိုက်ကြ၏။ အယောက်တစ်ရာလုံး အမှားမပါဘဲ တူညီသောအစီအရင်ကို ထုတ်လွှတ်ရန်မှာ အလွန်ခက်ခဲသည်။ သို့သော် အချိန်မရှိသောကြောင့် သူတို့အနေဖြင့် ထပ်တလဲလဲ လေ့ကျင့်ရုံသာ ရှိသည်။

ရုတ်တရက် နံ့သာရေတွင်းခြံဝင်းကို စောင့်ကြပ်နေသော ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် သတင်းလာပို့သည်။ “ဂိုဏ်းသခင်ချင်၊ နတ်ဘုရားက ဂိုဏ်းသခင်ကို ခေါ်ခိုင်းလိုက်ပါတယ်”

ချင်မူ အတန်ငယ် စိတ်လှုပ်ရှားသွားပြီး နံ့သာရေတွင်းဆီသို့ ခပ်သုတ်သုတ် သွားလိုက်သည်။ နတ်ဘုရားပိုင်ရှီ၏ အသားအရောင်က လန်းလန်းဆန်းဆန်း ဖြစ်နေသည်။ ဆေးလုံးများဖြင့် သူ့ကိုယ်သူ ကုသထားကြောင်း ထင်ရှား၏။ သူ၏ကျင့်စဉ်စွမ်းအင်လည်း များစွာပြည့်ဖြိုးလာသည်။

ခြေတစ်ဖက် ဖြတ်ထားသောကြောင့် သူ ထွက်မပြေးနိုင်သော်လည်း စိတ်ဓာတ်ကျသွားပြီး မိုးကြိုးငါးသွယ်အား အသက်သွင်းလိုက်မည်ကို ချင်မူ စိုးရိမ်မိသည်။

“မိတ်ဆွေလေး၊ အခုတလော ဧည့်သည်တွေ အများကြီး လာတယ်နော်” နတ်ဘုရားပိုင်ရှီ၏ ခေါင်းပေါ်ရှိ ချိုက တောက်ပလာပြီး ထိပ်ဖျားမှအစပြု၍ အလင်းကွင်းများ ဖွဲ့တည်လာကာ သူ၏ခန္ဓာကိုယ်တစ်လျှောက် ဖြာဆင်းနေသည်။။

ချင်မူ အလင်းရောင်ကို အကဲခတ်ပြီး ရင်ထဲ တုန်လှုပ်သွားမိ၏။ အလင်းကွင်းများက နတ်ဘုရား၏ ရုပ်ခန္ဓာအတွင်းရှိ သွေးပုပ်သွေးညစ်များအား ခါထုတ်ပေးနေသည်။ ခန္ဓာကိုယ်ကို မြန်မြန်ဆန်ဆန် သက်သာလာစေမည့် ရုပ်ခန္ဓာကျင့်စဉ်တစ်ခုဖြစ်လိမ့်မည်။

ယခင်က နတ်ဘုရားပိုင်ရှီမှာ သေလုမျောပါး အရိုက်ခံထားရသည့်အတွက် ထွက်ပြေးရန် အခွင့်အရေးပင် မရခဲ့ပေ။ သို့သော် ယခုတွင် သူ၏ကျင့်စဉ်စွမ်းအင်တချို့ ပြန်လည်ပြည့်တင်းလာ၍ ရုပ်ခန္ဓာလည်း အင်အားရှိနေပြီဖြစ်သည်။

“လာတဲ့သူတွေအကုန်လုံးက သေးသေးမွှားမွှားလေးတွေပါ။ ‌နောင်ကြီးလို နတ်ဘုရားတစ်ပါးကို ဘယ်ခြိမ်းခြောက်နိုင်ပါ့မလဲဗျာ မဟုတ်ဘူးလား” ချင်မူ ပြုံးရယ်လျက် ပြောလိုက်သည်။ “‌နောင်ကြီး သက်သာလာတာ အ‌တော်မြန်တာပဲ။ ကတိမတည်တော့မှာတောင် ကျွန်တော် ကြောက်မိတယ်။ အချိန်လည်း ခုနစ်ရက်လောက် စောင့်ပြီးပြီဆိုတော့ ထပ်စောင့်စရာမလိုတော့ဘူးထင်တယ်။ ကျွန်တော်တို့ မြေဘောက်ဘုံအရှင်သခင် ပဋိညာဉ်ရေးထိုးလိုက်တာ အကောင်းဆုံးပဲ။ ဒီနေ့ထက် ပိုကောင်းတဲ့အချိန် မရှိတော့ဘူး။ ခုပဲ ရေးထိုးလိုက်ကြမလား”

“ဘာကတိပေးထားလို့ ငါက ကတိမတည်ရမှာလဲ။ မင်းကို ငါ ကတိပေးဖူးလို့လား ဟားဟားဟား” နတ်ဘုရားပိုင်ရှီက တစ်မြို့လုံး ဟိန်းထွက်သွားသော အသံကြီးဖြင့် တဟားဟား ရယ်လိုက်သည်။ “နောက်နေတာပါကွာ။ မင့်မျက်နှာမင်း ပြန်ကြည့်ဦး။ စက္ကူရွက်လို ဖြူဆုပ်သွားတာပဲ။ ခုနစ်ရက်တောင် စောင့်ပြီးပြီပဲ မဟုတ်လား၊ ထပ်စောင့်လိုက်လည်း မထူးပါဘူး။ မင်း ငါ့ခြေထောက်ကို အစားထိုးပေးမယ် ပြောထားတယ်နော်။ အခုထိ မဆက်ရသေးဘူးဆို‌တော့ ဆက်ပြီးသွားရင် မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ရေးထိုးမယ်”

ချင်မူ့မျက်နှာ အတန်ငယ် ပြောင်းလဲသွားပြီး သူက အေးစက်စက် ပြောလိုက်သည်။ “နောင်ကြီးက အခုတင် အတော်ကြီး သက်သာနေပြီ။ ကျွန်တော် ခြေထောက်ပြန်ဆက်ပေးလိုက်လို့ နောင်ကြီး မိုးကြိုးငါးသွယ်အိုးကို အသက်သွင်းပြီး ထွက်ပြေးသွားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြည်သူတွေ သေဆုံးမှုအတွက် ကျွန်တော့်မှာ အပြစ်မရှိသွားဘူးလား။ ခြေထောက်က နောက်မှဆက်လည်း ရတယ်။ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကို အရင်ရေးထိုးပြီးမှ ဆက်တာပေါ့”

နတ်ဘုရားပိုင်ရှီက မိုးကြိုးငါးသွယ်အိုးအပေါ်သို့ လက်တင်ကာ သူ့ကို ပြုံးပြသည်။ “မင်းက ချင်မူလို့ခေါ်တယ်မလား။ ငါ ဒီနားက ကောင်းကင်နတ်သိုင်းပညာရှင်တွေကို မေးကြည့်ပြီးပြီ။ မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ချင်မူတဲ့လေ။ ဒါပေမဲ့ လူသားဧကရာဇ်လည်း ဟုတ်တယ်တဲ့။ ငါ့ခြေတစ်ဖက်ကို ချိုးပစ်နိုင်လောက်အောင် အင်အားကြီးလှသူကြီးပေါ့။ ရှုရှန်းဟွာ မင်းကို သွားရှာပေမယ့် ပြန်ရောက်မလာဘူးဆိုတော့ မင်း သူ့ကို ရှင်းပြီးလောက်ပြီဖြစ်မယ်။ ဒါမဲ့ အံ့ဩစရာမရှိပါဘူး။ သူက မင်းကို ဘယ်တိုက်ခိုက်နိုင်ပါ့မလဲ။ လာ င့ါခြေထောက်ဆက်ပေး ၊ ခြေထောက်ဆက်ပြီးရင် ဆက်ဆွေးနွေးမယ်။ မဟုတ်လို့ကတော့ ငါ ဒီမိုးကြိုးငါးသွယ်အိုးကို အခုချက်ချင်း အသက်သွင်းလိုက်မှာနော်”

ချင်မူ့မျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး သူက အော်ဟစ်လိုက်သည်။ “ကောင်းကင်ရေနဂါးမင်း”

သူ၏ကျောနောက်မှ ရေလှိုင်းတံလျှပ်များ လင်းလက်လာပြီး ကောင်းကင်ရေနဂါးမင်းပေါ်လာကာ ခေါင်းငုံ့အရိုအသေပေးသည်။ “ကောင်းကင်ရေနဂါးမင်း ဒီမှာ ရှိပါတယ်။ မိန့်တော်မူပါ သခင်ကြီး”

နတ်ဘုရားပိုင်ရှီက သရော်တော်တော် ပြုံးလိုက်သည်။ “ဟန်လုပ်မနေနဲ့ ဂိုဏ်းသခင်ချင်။ ငါ့လက်က မိုးကြိုးငါးသွယ်အိုးအပေါ်မှာနော်”

ချင်မူ၏မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး သူ့မျက်နှာအမူအရာက တင်းမာခက်ထန်လာသည်။ သူက ကျယ်လောင်စွာ ရယ်လိုက်၏။ “နောင်ကြီးပိုင်ရှီက အမှန်တကယ် အင်အားကြီးတာပဲ။ ကျွန်တော် နောင်ကြီးရဲ့ ခြေထောက်ကို ဆက်ပေးပါ့မယ်။ ကောင်းကင်ရေနဂါးမင်း၊ စိတ်မပူနဲ့။ ကျွန်တော် ဖော်ထားတဲ့ ဆေးယူလာပေးပါ။ နောင်ကြီးပိုင်ရှီ၊ ‌နောင်ကြီးရွေးထားတဲ့ ခြေ‌ထောက်ရော ဘယ်မှာလဲ။ ထုတ်လိုက်ပါ”

နတ်ဘုရားပိုင်ရှီက ခပ်တိုတိုခြေတစ်ဖက်ကို ထုတ်ကာ ပြုံးလိုက်သည်။ “ဒီခြေထောက်ရဲ့ အရှည်က ငါနဲ့ မကိုက်ဘူး။ ကျန်တဲ့နှစ်ချောင်း ထုတ်ပြ။ ပြန်ရွေးမယ်”

ချင်မူ့အပြုံးက တောင့်တင်းသွားပြီး အတန်ငယ် မဲ့သွားသည်။

နတ်ဘုရားပိုင်ရှီက ခြေတစ်ချောင်းတည်းနှင့် ရပ်ပြီး ချင်မူ့ကို ပြုံးပြသည်။ “နတ်ဂိုဏ်းသခင် ပြောချင်တာ ရှိလို့လား”

ချင်မူ အသက်ပြင်းပြင်းရှူထုတ်ပြီးနောက် ကျန်ခြေထောက်နှစ်ချောင်းကို ထုတ်ကာ အံတင်းတင်းကြိတ်လိုက်သည်။ “မရှိပါဘူး။ နောင်ကြီးပိုင်ရှီ၊ ကျေးဇူးပြုပြီး ရွေးပါ”

နတ်ဘုရားပိုင်ရှီက မည်းမှောင်နေသော ချင်မူ့မျက်နှာကို မြင်လျှင် ရယ်သည်။ “ကောင်လေး စိတ်အေးအေးမထားနိုင်သေးဘူးပဲ” သူ၏မှော်စွမ်းအင်က ခြေထောက်နှစ်ချောင်းကို စွေ့ခနဲ သယ်လိုက်သည်။ သူ အသေးစိတ်ကြည့်လိုက်သော်လည်း သံသယဝင်စရာ မတွေ့ပေ။ “ဒီတစ်ချောင်းကို ရွေးတယ်။ နတ်ဆေးသမားတော်လေး၊ ငါ့ကို ပြန်ဆက်ပေးပါဦး”

“နောင်ကြီး လှဲလိုက်ပါ” ချင်မူက ဒေါသထိန်းထားရသည့် အသံဖြင့် ပြောလိုက်သည်။

နတ်ဘုရားပိုင်ရှီက လှဲလိုက်သော်လည်း သူ့လက်ဝါးက မိုးကြိုးငါးသွယ်အိုးအပေါ်တွင် တင်လျက် ရှိသေးသည်။ သူက အေးအေးလူလူ ပြောလိုက်၏။ “လှည့်စားမယ် မကြံနဲ့.. ငါ့လက် နည်းနည်းလေး လှုပ်လိုက်တာနဲ့ မိုးကြိုးငါးသွယ်အိုး ပေါက်ကွဲသွားလိမ့်မယ်။ မြောက်နတ်မင်းရဲ့ ရတနာက ခိုင်ဧကရာဇ်အင်ပါယာတစ်ခုလုံးကိုတောင် မဟာမြို့ပျက်အဖြစ် ပြောင်းလဲပစ်နိုင်တယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ‌တောင့်ခံနိုင်မှာတဲ့လား ... ဟီးဟီး”

All Chapters