အချက်ခံလိုက်ရတဲ့ ဘဲတစ်ကောင်
Vol. 31 Ch. 431
နတ်ဘုရားပိုင်ရှီက ချင်မူ သူ့ခြေထောက်အား မညည်းမညူ ဆက်ပေးနေသည်ကို စိုက်ကြည့်နေသည်။ ချင်မူက သူ ရွေးချယ်လိုက်သော ခြေထောက်၏ အရင်းရှိ အသားများကို ဓားဖြင့် မွှန်းလိုက်သည်။
“နောင်ကြီးပိုင်ရှီက လူသားမဟုတ်ဘူးမလား” ချင်မူက ခြေထောက်သွေးကြောများကို စစ်ဆေးပြီး ပြတ်သွားသည့်နေရာကို ဆေးသုတ်လိမ်းလိုက်သည်။ “နောင်ကြီးရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက လူ့ခန္ဓာကိုယ်နဲ့ မတူဘူး။ ဘာမျိုးနွယ်များလဲ”
နတ်ဘုရားပိုင်ရှီ၏ မျက်ခုံးနှစ်ဖက်ကြားမှ ရောင်ခြည်တန်းများ ဖြာထွက်လာပြီး မူလဝိညာဉ်တစ်ခု ဖွဲ့တည်လာသည်။ မူလဝိညာဉ်သည် ကျောတွင် တောင်ပံပေါက်နေပြီး ခေါင်းထိပ်တွင် ချိုရှည်ကြီးတစ်ချောင်း ထွက်နေသော နဂါးမြင်းအသွင် ရှိ၏။ မြင်းလည်ဆံမွှေးများက လေထဲတွင် တလွင့်လွင့် လှုပ်ခတ်လျက်ရှိကာ ၎င်း၏ခန္ဓာကိုယ်က နှင်းရောင်တောက်ပနေသည်။ နဂါးမြင်းသည် နဂါးမြင်းဆိုသည့်အတိုင်း ချီစွမ်းအင်အပြည့်ဖြင့် မြူးထူးခုန်ပေါက်နေ၏။
ချင်မူ ခေါင်းမော့ကြည့်ကာ ချီးကျူးလိုက်မိသည်။ “နောင်ကြီးက နတ်မြင်းဖြစ်နေတာကိုး။ ဒီလို မူလဝိညာဉ်မျိုးက ရှားပါးတယ်”
“နတ်မြင်းဆိုတာက အခုခေတ် အခေါ်အဝေါရယ်ပါ” နတ်ဘုရားပိုင်ရှီ၏ မူလဝိညာဉ်က ချင်မူ့ကို စိုက်ကြည့်နေသည်။ “ဒါပေမဲ့ ငါက ပုံသဏ္ဍာန်အစစ်အမှန်ကို ပြခဲတယ်။ ခိုင်ဧကရာဇ်ခေတ်အတွင်းတုန်းက ... အဟွတ် အဟွတ်။ အတိတ်တုန်းက မင်းမမွေးသေးတဲ့ အချိန်တုန်းကပေါ့ကွာ ငါ့လိုနတ်မြင်းတွေက လူတွေအတွက် စာပို့ပေးရတယ်။ စီးတော်မြင်းအဖြစ် အစီးခံရတယ်။ ငါတို့ပါရမီတွေကို အမှန်တကယ် အသုံးမချခဲ့ရဘူး”
ချင်မူ့မျက်နှာ အတန်ငယ် ပြောင်းလဲသွားပြီး မေးလိုက်မိသည်။ “အဲ့ဒါဆို နောင်ကြီးပိုင်ရှီ အထက်ကောင်းကင်ဘုံကို ဘယ်လိုရောက်သွားတာလဲ”
နတ်ဘုရားက သက်ပြင်းချ၏။ “ကောင်းကင်ဘုံလည်း ပြောင်းလဲ၊ ကမ္ဘာမြေလည်း ပြောင်းလဲကုန်တော့၊ ငါတို့လို အဆင့်နိမ့်နတ်ဘုရားတွေတောင် တောက်ပြောင်နိုင်တဲ့ နေ့ကို ရောက်လာတာပေါ့ကွာ။ ကပ်ဘေးဆိုက်ပြီး မကြာခင်ပဲ ငါ အညံ့ခံလိုက်တယ်။ အဲဒီနောက် မဟာမြို့ပျက် ပေါ်လာတယ်။ အဲဒီအချိန်တုန်းက ငါနဲ့အတူ အညံ့ခံခဲ့တဲ့လူတွေအားလုံး တောက်ပြောင်သထက် တောက်ပြောင်လာကြတယ်။ သူတို့က အဖားလည်း တော်တော့ ဒီကမ္ဘာကနေ ထွက်သွားပြီး ကောင်းစားနေကြတယ်လေ။ ဒီမှာ လူနည်းစုပဲ ကျန်ခဲ့တာ။ အဲဒီကောင်တွေက မြှောက်တတ်ပင့်တတ်ပေမယ့် ငါကတော့ မလုပ်တတ်ဘူး။ ဒါပေမဲ့လည်း အဆင်ပြေပါတယ်လေ။ နွားအမြီးဖြစ်ရတာထက် စာရင် ကြက်နှုတ်သီးဖြစ်ရတာ တော်သေးတယ်ဆိုသလိုပေါ့”
သူက ပြုံးလိုက်သည်။ “အဲဒီကပ်ဖားယပ်ဖားကောင်တွေ အထက်ဘုံကို ရောက်သွားပေမယ့် အဆင့်နိမ့်လှပါတယ်ဆိုတဲ့ နတ်ဘုရားတွေထဲကမှ အနိမ့်ဆုံးနေရာကိုပဲ ရတာ။ အဲ့ဒါကြောင့် အောက်ဘုံမှာ နေကျန်ခဲ့တဲ့ ငါတို့တွေထက်တောင် အခြေအနေပိုဆိုးသွားတယ်။ ငါတို့ကဖြင့် လူသားတွေရဲ့ ကိုးကွယ်ပူဇော်မှုတွေကနေ ခံစားခွင့်ရသေးတယ်”
“ဒါတောင် နောင်ကြီးက အခုထိ တောက်တိုမယ်ရထက် မပိုသေးဘူးနော်” ချင်မူက ပြုံးလျက် ပြောလိုက်သည်။
နတ်ဘုရားပိုင်ရှီ စိတ်တိုသွားပြီး နတ်ဘုရားအရှိန်အဝါ ဝုန်းခနဲ ဖြာထွက်လာသည်။ “မင်း ဘာပြောလိုက်တာ”
ချင်မူက ပြုံးသည်။ “စိတ်မတိုပါနဲ့ တော်ကြာ ကျွန်တော် သွေးကြောမှားဆက်မိရင် ခြေထောက်ပြန်ဆက်ပြီးတာတောင် နောင်ကြီး ထော့နင်းထော့နင်း သွားနေရလိမ့်မယ်”
နတ်ဘုရားပိုင်ရှီ သက်ပြင်းချလိုက်သည်။ “မင်းပြောတာလည်း မှန်ပါတယ်။ ငါက တကယ်လည်း တောက်တိုမယ်ရ ဖြစ်နေတာပဲ။ အတိတ်တုန်းက စာပို့ဖို့ ပြေးရတယ်။ အခုတော့ ဒီမြေကို ကပ်ဘေးလွှတ်ဖို့ ပြေးရတယ်။ ညစ်တီးညစ်ပတ်အလုပ်တွေအကုန်လုံး ငါ့ကို ခိုင်းကြတယ်။ ငါက အတိတ်တုန်းကထက်တောင် ပိုညစ်ပတ်နေပြီ။ ဒါပေမဲ့ မတတ်နိုင်ဘူး။ သူတို့ခိုင်းတဲ့အတိုင်း မလုပ်ရင် သေရမှာ။ အထက်ကောင်းကင်ဘုံရဲ့ ဧကရာဇ်လေးပါးက ဘယ်လောက်အင်အားကြီးတယ် ထင်လဲ။ သူတို့အစွမ်းအစက ငါ့ထက် အများကြီးသာတယ်။ ဒါတောင် သူတို့လည်း တောက်တိုမယ်ရ လုပ်ရတာပဲ။ အသက်ကိုတောင် စွန့်စားကြရသေးတယ်။ ဒီတိုက်ပွဲကနေ ငါတို့ဘယ်နှယောက် အသက်ရှင်ကျန်ခဲ့မယ်ထင်လဲ”
နတ်ဘုရားပိုင်ရှီ၏ မျက်လုံးသေးသေးလေးများက စိုးရိမ်ပူပန်မှုများကြောင့် ကျဉ်းမြောင်းသွားသည်။ ယခုအချိန်ထိတိုင်အောင် ကျန်မိုးလေဝသလက်နက်များ အသက်ဝင်မလာသေးသည်ကို ကြည့်ခြင်းအားဖြင့် ကြယ်ဧကရာဇ်ချောင်နှင့် ကျန်ရှိသူများ သေသွားလောက်ပြီဖြစ်လိမ့်မည်။
“နောင်ကြီးသာ ကျွန်တော့်ဆီမှာ အညံ့ခံရင် ကျွန်တော် နောင်ကြီးကို တောင်ပိုင်နတ်မင်း လုပ်ခိုင်းပါ့မယ်။ ပူဇော်ပသတာတွေကို တဝကြီး ခံစားပါလေ့။ မာန်ဟုန်မြစ်ဘေးမှာ တောင်ပိုင်နတ်မင်းတစ်ပါး မလုပ်ချင်ဘူးလား၊ နဂါးထိန်းဧကရာဇ်လည်း အဖော်ရတာပေါ့။ တောင်ပေါ်မှာ ကြိုးဆွဲချသေတဲ့သူတို့၊ တောင်စောင်းကနေ ခုန်ချသေတဲ့သူတို့ဆို နောင်ကြီး စားရမှာ။ ကျွန်တော့်မှာ နေရာကောင်းတစ်နေရာ ရှိတယ်။ လုစီရင်စုဘေးမှာ နှစ်တစ်ရာတောင်လို့ ခေါ်တဲ့ တောင်တစ်လုံး ရှိတယ်ဗျ။ ရှုခင်းက လှချက်ဆိုတာ ပြောမနေနဲ့။ တောင်ကလည်း ပေပေါင်းသုံးသိန်းမြင့်တယ်။ နောင်ကြီး တောင်ပိုင်နတ်မင်းတစ်ပါး ဖြစ်လာရင် သိက္ခာကျရမှာကို စိတ်ပူစရာတောင် မလိုဘူး”
“ဖွီ” နတ်ဘုရားပိုင်ရှီက သူ့ကို ပြုံးပြသည်။ “ငါက နဂါးထိန်းဧကရာဇ်လို အရှက်မရှိတဲ့ကောင် မဟုတ်ဘူး။ တစ်ကြိမ် အညံ့ခံပြီးသွားပြီလေ ဘယ်မျက်နှာနဲ့ ထပ်အညံ့ခံရမှာလဲ။ ပိုဆိုးတာက ငါက သက်သက်လွတ်သမား။ လူသားမစားဘူး။ အတိတ်တုန်းကတော့ တောင်ပိုင်နတ်မင်းတစ်ပါး ဖြစ်ချင်ခဲ့ပေမယ့် ငါက မြန်လွန်းတော့ စာပဲ လိုက်ပို့ခဲ့ရတာ။ မြန်မြန်သာ မပြေးနိုင်ရင် နေရာတစ်နေရာတော့ ရခဲ့လောက်တယ်”
ချင်မူ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ “ကိုယ့်အစွမ်းအစကြောင့် ဒုက္ခရောက်သွားတာပေါ့”
နတ်ဘုရားပိုင်ရှီက ပြုံးလိုက်သည်။ “မင်းက လူကောင်းလေးပဲ။ ကြင်လည်း ကြင်နာတတ်တယ်။ ငါ မင်းကို သိပ်လေးစားမိပါတယ်။ မင်း ငါ့ခြေထောက်ကို ဆက်ပေးပြီးရင် စကားလေးဘာလေး ထိုင်ပြောကြတာပေါ့။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပျက်စီးသွားရင် မင်း ငါနဲ့အတူ အထက်ကောင်းကင်ဘုံ လိုက်ခဲ့ပါ့လား။ တခြားတော့ အာမ,မခံနိုင်ပေမယ့် အနည်းဆုံးတော့ မင်းနဲ့ မင်းမိသားစုကို ငါ ကာကွယ်ပေးနိုင်ပါတယ်”
ချင်မူ ကျေးဇူးတင်စကား ဆိုလိုက်သည်။ “ကျွန်တော့်အတွက် လွတ်လမ်းလေး ချန်ထားတာ မဆိုးဘူးဗျ။ ကျေးဇူးပါပဲ နောင်ကြီးပိုင်ရှီ။ ကျွန်တော် အထက်ကောင်းကင်ဘုံကို သွားချင်နေတာ ကြာပါပြီ၊ အမွှေးတိုင်မရှိလို့ မဆက်သွယ်နိုင်တာ”
“လွယ်ပါတယ်၊ ငါ့မှာ ရှိတယ်” နတ်ဘုရားပိုင်ရှီ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “မင်း ငါ့ဒဏ်ရာတွေ ကုပေးပြီး ကပ်ဘေးလွှတ်ခွင့်ပေးတာနဲ့ ငါ မင်းကို အထက်ကောင်းကင်ဘုံဆီ ခေါ်သွားပေးမယ်”
ချင်မူ ပြတ်နေသော ခြေရိုးအပေါ်သို့ အမှုန့်တချို့ ဖြူးချလိုက်သည့်အခါ သွေးကြောများက တီတောင်များသဖွယ် လူးလွန့်ပြီး လျင်မြန်စွာ ထွက်လာသည်ကို မြင်လိုက်ရသည်။ “နောင်ကြီး ကပ်ဘေးမလွှတ်အောင် ကာကွယ်ဖို့ ကျွန်တော် မြေအောက်ဘုံအရှင်သခင်ပဋိညာဉ်ကို အရင် ရေးထိုးဖို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ နောင်ကြီးက ကျွန်တော့်ကို ခြေတစ်လှမ်းဆုတ်ခိုင်းတယ်။ အခု ခြေထောက်ကို ပြန်ဆက်ပေးပြီးတာနဲ့ မြေအောက်ဘုံအရှင်သခင်ပဋိညာဉ်ကို ချက်ချင်း ရေးထိုးပါမယ်။ ဒီတစ်ခေါက် ပြောပြီးစကား ပြန်မရုပ်သိမ်းပါနဲ့တော့”
နတ်ဘုရားပိုင်ရှီက ချင်မူ၏ လက်ဟန်နည်းစနစ်များကို ကြည့်လိုက်ပြီး သူ့လက်ချောင်းများ လျင်မြန်စွာ နိမ့်ချည်မြင့်ချည် ရွေ့လျားနေသည်ကို မြင်လိုက်ရသည်။ လက်ချောင်းများ၏ အမြန်နှုန်းက လိုက်မမှီအောင် အလွန်မြန်လှသော်လည်း တိတိကျကျ လှုပ်ရှားနေသည်။ အပ်တစ်ချောင်းကို ကိုင်၍ ချုပ်နေသည့်အလား ထင်ရပေသည်။ “မင်း အပ်ချုပ်ပညာ သင်ဖူးတာလား။ မင်းလက်တွေက အပ်ချုပ်သမားတစ်ယောက်လိုပဲ” နတ်ဘုရားက စိတ်ရှုပ်ထွေးစွာ မေးလာသည်။
“နည်းနည်းပါးပါးပါ” ချင်မူ၏ချီစွမ်းအင်က ကြိုးမျှင်အသွင် ဖွဲ့၍ သွေးကြောများကို ဆက်လိုက်သည်။ “နှစ်အနည်းငယ်လောက် လေ့လာဖူးပါတယ်”
နတ်ဘုရားပိုင်ရှီ သိချင်စိတ်များ ဖြစ်ပေါ်လာသည်။ “တခြားဘာတွေ လေ့လာထားသေးလဲ”
ချင်မူ၏လက်ချောင်းများက မြန်သထက် မြန်လာသည်။ “ဝင်္ကပါပညာ၊ လက်သီးသိုင်း၊ မျက်လုံးကျင့်စဉ်၊ ဓားမသိုင်း၊ ရုပ်ခန္ဓာသိုင်း၊ ပန်းပဲ၊ ပန်းချီနဲ့ လက်ရေးအလှပညာ၊ လက်သမား၊ ကဗျာနဲ့ သီချင်း။ ကျွန်တော် ဟိုနည်းနည်း သည်နည်းနည်းစီ တတ်ပါတယ်”
ခြေထောက်အရိုးမှ သွေးကြောများက နတ်ခြေထောက်နှင့် ဆက်သွားသည်ကို တမုဟုတ်ချင်း ခံစားလိုက်ရ၍ နတ်ဘုရားပိုင်ရှီ ဝမ်းသာအံ့ဩသွားသည်။ သူက ချင်မူ့ကို ကြည့်ကာ သူ့ဘာသာသူ တွေးလိုက်၏။ ‘ဒီကောင်လေးရဲ့ အစွမ်းအစက မဆိုးဘူး။ စိတ်ထားလေးကလည်း မဆိုးရှာဘူး။ ငါ သူ့ကို ဒီလို မသတ်ချင်ပါဘူး... နှမြောစရာပဲ’
ချင်မူက သူ့သွေးကြောများကို ဆက်ပြီး နတ်ဘုရားချီလင်၏ သွားရည်ဖြင့် သုတ်လိမ်းကာ အသားများ ပြန်ထွက်လာစေသည်။ “ရိုးတွင်းခြင်ဆီကတော့ အခုထိ တစ်သားတည်း မဖြစ်သေးဘူး။ ဒီအပိုင်းက အခက်ဆုံးဗျ။ နောင်ကြီး၊ ရိုးတွင်းခြင်ဆီကနေမှ သွေးကို ထုတ်ပေးတာပါ။ သက်ရောက်မှုက အင်မတန် ကြီးမားတယ်။ အရင်ဆုံး ရိုးတွင်းခြင်ဆီကို ဆေးနဲ့ လှုံ့ဆော်ပြီး အားဖြည့်ပေးလိုက်မှ သွေးထုတ်ပေးနိုင်လိမ့်မယ်။ ရိုးတွင်းခြင်ဆီ အလုပ်စလုပ်တာနဲ့ နောင်ကြီးနဲ့ ကျွန်တော် မြေအောက်ဘုံအရှင်သခင်ပဋိညာဉ် ရေးထိုးမယ်နော်။ နောင်ကြီး ကပ်ဘေးမလွှတ်ရင် ကျွန်တော် နောင်ကြီးကို အထက်ကောင်းကင်ဘုံဆီ ပြန်ခွင့်ပြုပေးမယ်”
နတ်ဘုရားပိုင်ရှီက ကောင်လေး လှည့်စားနေခြင်းမဟုတ်ကြောင်း အတည်ပြုရန် ပရဆေးပင်များကို စစ်ဆေးကြည့်ရှုပြီးနောက် ပြုံးလိုက်သည်။ “ပြဿနာမရှိဘူး”
ချင်မူ သက်ပြင်းချပြီး နတ်ဂိုဏ်းသားများအား အိုးကြီးတစ်အိုး သယ်လာစေလိုက်သည်။ ဆေးပင်များကို ရေထဲတွင် စိမ်ပြီးနောက် သူက မီးမွှေးခိုင်းလိုက်ကာ ပြောလိုက်၏။ “နှစ်ရက်အတွင်း ရိုးတွင်းခြင်ဆီကနေ သွေးစလွှတ်ပေးလိမ့်မယ်”
“အိုးကို အနားတိုးဦး။ ငါ့လက်နဲ့ မိုးကြိုးငါးသွယ်အိုးကို ခွာလို့မဖြစ်ဘူး” နတ်ဘုရားပိုင်ရှီက ကမန်းကတန်း လှမ်းပြောသည်။
ချင်မူ သူ့ကို ပြုံးပြလိုက်၏။ “နောင်ကြီးပိုင်ရှီက ထောင့်စေ့ပါပေတယ်။ ကျွန်တော် တစ်ခုခုလုပ်မှာ ကြောက်နေတုန်းလား။ အိုးက ဒီနားတည့်တည့်မှာလေ ကျွန်တော် မရွှေ့နိုင်တာလည်း နောင်ကြီး သိပါတယ်။ မိုးကြိုးငါးသွယ်အိုးပေါ် အမြဲလက်တင်ထားရင်း မတော်တဆ အသက်သွင်းလိုက်မိမှာတောင် ကျွန်တော် စိုးရိမ်မိတယ်”
နတ်ဘုရားပိုင်ရှီက သူ့ကို ကြည့်သည်။ ချင်မူလည်း မျက်တောင်မခတ်တမ်း ပြန်ကြည့်နေသည်။
နတ်ဘုရားပိုင်ရှီ လန်းဆန်းသွားပြီး အားပြန်ပြည့်လာ၏။ သူက ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည်။ “ကောင်းပြီ မင်းသဘောအတိုင်းပဲ”
ချင်မူ အနား၌ ထိုင်ပြီး တိတ်ဆိတ်စွာ စောင့်နေသည်။ ကောင်းကင်ရေနဂါးမင်းက သူ့ကို ဘေးမှ စောင့်ရှောက်ပေးနေသည်။ နတ်ဘုရားပိုင်ရှီ၏ မူလဝိညာဉ်ကလည်း ကောင်းကင်ယံမှ စောင့်ကြည့်နေပြီး မိုးကြိုးငါးသွယ်အိုးကို အချိန်မရွေး အသက်သွင်းရန် အဆင်သင့်ဖြစ်နေသည်။ နတ်ဘုရားပိုင်ရှီကမူ အိုးထဲ စိမ်နေပြီး ခြေထောက်ဒဏ်ရာမှတစ်ဆင့် စိမ့်ဝင်လာသော ဆေးစွမ်းအင်ကို ခံစားနေ၏။ ဆေးစွမ်းအင်က သူ့အရိုးများဆီသို့ တဖြည်းဖြည်း ရောက်လာပြီး ရိုးတွင်းခြင်ဆီအား လှုံ့ဆော်နေသည်။
“သက်တောင့်သက်သာ ရှိလိုက်တာ” နတ်ဘုရားပိုင်ရှီက ပျင်းရီပျင်းတွဲ ရေရွတ်လိုက်ပြီး ချင်မူ့ကို လှမ်းမေး၏။ “နတ်ဂိုဏ်းသခင်ချင် လက်ထပ်ပြီးသားလား”
“လက်ထပ်ပြီးသားပါ” ချင်မူက နေနာရီတစ်လုံး ထုတ်ကာ အချိန်ကို စောင့်ကြည့်နေသည်။ နေနာရီတွင် အတိုင်းအတာအမှတ်အသားများစွာ ရှိပြီး အလွန်အသေးစိတ်၏။ “နှစ်ကြိမ် လက်ထပ်ဖူးတယ်”
“နှမြောစရာပဲ။ အထက်ကောင်းကင်ဘုံ ရောက်ရင် ငါ့မျိုးနွယ်က အလှလေးတွေနဲ့ မင်းကို မိတ်ဆက်ပေးမလို့ တွေးနေတာ” နတ်ဘုရားပိုင်ရှီက တဟီးဟီး ထရယ်သည်။ “မွေးလာတဲ့ ကလေးတွေကတော့ လူတစ်ပိုင်း ၊ မြင်းတစ်ပိုင်းလေးတွေ ဖြစ်နေမှာပဲ။ တွေးလိုက်ရုံနဲ့တင် ရယ်ချင်တယ် ဟီးဟီးဟီး”
ချင်မူက သူ့ကို ပြန်မပြောဘဲ နေနာရီကိုသာ အာရုံစိုက်နေသည်။
နတ်ဘုရားပိုင်ရှီမှာ စိတ်ကြည်နေဟန်တူပြီး ပေါက်ကရများပြောကာ တစ်ချက်တစ်ချက် ထရယ်နေသည်။ သူက သူ့ကိုယ်သူ အလွန်ကျေနပ်နေပုံရ၏။
နေ့တစ်ပိုင်း ကုန်လွန်သည့်အခါ နတ်ဘုရားပိုင်ရှီက ရယ်သံက ကျယ်သထက် ကျယ်လာသည်။ ချင်မူ့ကို ကြည့်နေသည့် သူ့အကြည့်သည်လည်း တဖြည်းဖြည်း အန္တရာယ်များလာသည်။
“ဂိုဏ်းသခင်ချင်၊ ငါ မင်းကို ဟာသတစ်ခု ပြောပြမယ်။ ဟိုးရှေးရှေးတုန်းက လူတစ်ယောက်ဟာ ဘဲတစ်ကောင်ကို ချက်စားဖို့ ဆုံးဖြတ်လိုက်တယ်တဲ့။ ဒါပေမဲ့ ချက်ပြီးလို့ စားတော့မယ့်ဆဲဆဲမှာပဲ ဘဲက ပျံပြေးသွားတယ်။ ဟားဟားဟား ရယ်လေကွာ ဘာလို့မရယ်တာလဲ။ နောက်ဟာသ တစ်ခု ပြောပြဦးမယ်။ အချက်ခံထားရတဲ့ အဲဒီဘဲက ပြန်လာပြီး အဲဒီအရူးကို စားလိုက်တယ်တဲ့ ဟားဟားဟား....”
ချင်မူက နေနာရီကိုသာ မလှုပ်မယှက် ကြည့်နေသည်။
နတ်ဘုရားပိုင်ရှီက သူ့ကို ရန်လိုစွာ ကြည့်ကာ သရော်တော်တော် ပြောလိုက်၏။ “မရယ်မပြောနဲ့ ငါ့ကို အဖက်မလုပ်ဘူးပေါ့။ မင်းက ငါ့ကို အဖက်မလုပ်ဘဲ နေနေတာပဲ။ ငါ မင်းကို သတ်မယ်”
ချင်မူ ခေါင်းမော့ကာ ပြုံးလိုက်သည်။ “အချိန်စေ့ပြီ လှုပ်ရှားတော့”
သူ ထိုသို့ပြောလိုက်သည့်အခါ နံ့သာရေတွင်း၏ ပတ်ပတ်လည်တွင် အစိမ်းရောင်မျက်နှာများနှင့် အစွယ်များ ရှိသည့် မိစ္ဆာငါးကောင် ဖျတ်ခနဲ ပေါ်လာသည်။ သူတို့က မိုးကြိုးငါးသွယ်အိုးကို ရစ်ပတ်ကာ ပျောက်ကွယ်သွား၏။
နတ်ဘုရားပိုင်ရှီ၏ မူလဝိညာဉ်က လှမ်းဆွဲလိုက်သော်လည်း အိုးကို မဆွဲမိလိုက်ဘဲ မိစ္ဆာတစ်ကောင်ကိုသာ ဖမ်းမိလိုက်၏။ မိစ္ဆာက ဒေါသတကြီး ဟိန်းဟောက်လိုက်၍ မိုးခြိမ်းသံများ ဆူညံထစ်ချုန်းသွားပြီး ကျစ်ကျင်းမြို့တစ်မြို့လုံး ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။
ချင်မူ့အနောက်တွင် ကောင်းကင်ရေနဂါးမင်းက နဂါးတွန်သံပြု၍ ပုံသဏ္ဍာန်အစစ်အမှန် ပြောင်းကာ နံ့သာရေတွင်းခြံဝင်းတစ်ခုလုံးကို ရစ်ပတ်လိုက်သည်။ သူက သူ့ရန်သူ၏ မူလဝိညာဉ်ကို စူးစိုက်ကြည့်နေ၏။
နတ်ဘုရားပိုင်ရှီက မိစ္ဆာကို ဖျက်စီးပြီး သူ့မူလဝိညာဉ်အား ကပျာကယာ ပြန်ခေါ်လိုက်သည်။ ၎င်း သူ့ကိုယ်ထဲ ဝင်လာသည့်အခါတွင် ခြေထောက်ဒဏ်ရာမှ မိစ္ဆာချီများ စီးမျောထွက်နေပြီး သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းအားလုံးသို့ ပျံ့နှံ့ကူးစက်ကာ မူလဝိညာဉ်နှင့် ကောင်းကင်ရတနာများအကြား သွားလာနေသည်ကို ခံစားလိုက်ရသည်။ သူ့သွေးများ အေးခဲသွားပြီး မှော်စွမ်းအင်ကို ကမန်းကတန်း ထုတ်လွှတ်ကာ မိစ္ဆာချီအား ဖိနှိပ်လိုက်၏။
‘သေစမ်း ဒီလောက် သတိထားနေတာတောင် ငါ့ကိုယ်ငါ မကာကွယ်နိုင်ခဲ့ဘူး’
ကောင်းကင်ရေနဂါးမင်းက အခြေအနေကို အခွင့်အကောင်းယူ၍ သူ့အပေါ် ခုန်အုပ်ပြီး တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။ နတ်ဘုရားပိုင်ချီ မလှုပ်နိုင်တော့ပေ။ ရစ်ပတ်ထားသည်က အလွန်တင်းကြပ်လွန်း၍ သူ့နဖူးမှ သွေးကြောများ ထောင်နေ၏။
ချင်မူ ထရပ်ပြီး ရွှင်ပျော်ပျော်ဓားကို ထုတ်ကာ မြေကြီးထဲတွင် ထိုးစိုက်လိုက်သည်။ သူက ပြုံးရယ်လျက် ပြောလိုက်၏။ “နောင်ကြီးပိုင်ရှီ၊ အချက်ခံထားရတဲ့ ဘဲက ဘယ်တော့မှ ပျံမပြေးနိုင်ပါဘူး။ ဓားကို ယူပြီး အဆိပ်သင့်နေတဲ့အပိုင်းကို ကိုယ့်ဘာသာကိုယ် ဖြတ်လိုက်ပါ။ ကောင်းကင်ရေနဂါးမင်း သူ့ကို လွှတ်ပေးလိုက်။ ကျွန်တော်က ဘဲသားချက်ရင် ကိုယ်တိုင်လှီးစရာမလိုဘဲ သူတို့ဘာသာ လှီးဖြတ်ခိုင်းရတာ ကြိုက်တယ်ဗျ။ အခု နောင်ကြီးပိုင်ချီ အဆိပ်သင့်သွားပြီဆိုတော့ လည်ပင်းအောက်ကနေစပြီး ကိုယ့်ဘာသာကိုယ် ဖြတ်လိုက်ပါ။ ဘာကိုမှ ချန်ထားလို့မရဘူး”
ကောင်းကင်ရေနဂါးမင်းက အတန်ငယ် တွန့်ဆုတ်နေသော်လည်း လွှတ်ပေးလိုက်သည်။
နတ်ဘုရားပိုင်ရှီက ကျယ်လောင်စွာ အော်ဟစ်လိုက်၍ နတ်ဘုရားအရှိန်အဝါက လှိုင်းလုံးကြီးသဖွယ် လိမ့်ထွက်လာရာ ဆေးအိုးပေါက်ကွဲသွားသည်။ သူက အထက်ကောင်းကင်ယံသို့တိုင် ရိုက်ခတ်နေသော သတ်ဖြတ်လိုသည့်စိတ်ဆန္ဒများဖြင့် ချင်မူ့ဆီ လျှောက်လာ၏။
ကောင်းကင်ရေနဂါးမင်းမှာ အလွန်စိတ်ပူနေသည်။ သူ လှုပ်ရှားတော့မည့်အချိန် နတ်ဘုရားပိုင်ရှီက ရုတ်တရက် နတ်ဘုရားအရှိန်အဝါကို ရုပ်သိမ်းကာ သက်ပြင်းချပြီး ဒူးတစ်ဖက်ထောက်လိုက်၏။ “တစ်ကြိမ် အညံ့ခံပြီးပြီပဲ။ နောက်တစ်ကြိမ် အညံ့ခံလည်း မထူးတော့ဘူး။ ငါ အညံ့ခံတယ်”
ချင်မူ သူ့ကို ပြုံးပြလိုက်သည်။ “မပူပါနဲ့။ နှစ်တစ်ရာတောင်ရှုခင်းက သိပ်လှပါတယ်။ နောင်ကြီးအတွက်လည်း သိပ်သင့်တော်တယ်။ မြေအောက်ဘုံအရှင်သခင်ကို သစ္စာဆိုလိုက်ပါ။ ပြီးတာနဲ့ နောင်ကြီးကို နှစ်တစ်ရာတောင် အပိုင်အစားပေးမယ်”
နေ့ဝက်ကြာသော် နတ်ဘုရားပိုင်ရှီ၏ မျက်နှာက အလွန်မည်းမှောင်နေသည်။ သူက လေလှိုင်းတိမ်တိုက်များကို စီးနင်း၍ မာန်ဟုန်မြစ်ဘေးရှိ လုစီရင်စုသို့ ခပ်သုတ်သုတ် ရောက်လာသည်။ သူ မျက်မှောင်ကြုတ်သွား၏။ လုစီရင်စု၏ပတ်ဝန်းကျင်တွင် တောင်ကတုံးများနှင့် မြစ်ရိုင်းများသာ ရှိသည်။
သာယာလှပသော ပေသုံးသိန်းအမြင့် တောင်ကြီးက အဘယ်မှာနည်း။
နတ်ဘုရားပိုင်ရှီ မြေပေါ် ဆင်းသက်ကာ လယ်သမားတစ်ယောက်အား မေးကြည့်လိုက်သည်။ “နှစ်တစ်ရာတောင်က ဘယ်မှာလဲ”
“အဲဒီဟာလေ” လယ်သမား လက်ညှိုးထိုးပြသည့်နေရာဆီသို့ နတ်ဘုရားပိုင်ရှီ လှမ်းကြည့်လိုက်သည့်အခါ နှစ်တစ်ရာတောင်ဆိုသည်မှာ သေခြင်းအခိုးအငွေ့များ လှိုင်လှိုင်ထနေသည့် တောင်ကုန်းသေးသေးလေးတစ်ခု ဖြစ်ကြောင်း မြင်လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် သူ မချုပ်တည်းနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။“အဲဒီနေရာက အလောင်းတွေ မြှုပ်တဲ့ သင်္ချိုင်းကုန်းမှန်း အသိသာကြီးလေ။ ဘာလို့ နှစ်တစ်ရာတောင်လို့ ခေါ်တာလဲ”
လယ်သမားက သူ့ကို ပြုံးပြသည်။ “နှစ်တစ်ရာကြာရင် သာမန်လူတွေ ဘာဖြစ်သွားလဲ။ သေရတာပေါ့ မဟုတ်ဘူးလား။ အဲ့ဒါကြောင့် နှစ်တစ်ရာတောင်လို့ နာမည်ရလာတာ။ နှစ်တစ်ရာပြည့်တိုင်း ဒီမှာ မြေလာမြှုပ်ရတယ်လေ”
နတ်ဘုရားပိုင်ရှီ မှင်သက်သွားပြီး နားမလည်ပေ။ “နှစ်တစ်ရာတောင်က ပေသုံးထောင်မြင့်ရမှာ မဟုတ်ဘူးလား”
“ချိုနဲ့ သောက်ရူး” လယ်သမားမှာ မချုပ်တည်းနိုင်တော့ဘဲ သူ့ကို အော်လိုက်သည်။ “လူသေတစ်ယောက် လဲနေရင် တစ်ပေတောင် မြင့်လို့လားဟ။ အဲဒီတော့ လူသေတစ်ယောက်အတွက် နှစ်တစ်ရာတောင်က ပေသုံးသိန်း မြင့်မနေဘူးလား”
နတ်ဘုရားပိုင်ရှီ ဒေါကန်သွားပြီး နှစ်တစ်ရာတောင်ဆီသို့ ရှူးရှူးရှားရှားဖြင့် ပျံထွက်သွားသည်။ “ခွေးသူတောင်းစားချင်”
ထိုစဉ် မာန်ဟုန်မြစ်က နှစ်ခြမ်းကွဲလာပြီး မြစ်လယ်ခေါင်မှ ဧရာမခေါင်းကြီးတစ်ခေါင်း ထိုးထွက်လာသည်။ ခေါင်းကြီးက သူ့ကို ရင်းနှီးနေသည့်အလား အကဲခတ်ပြီးနောက် ရယ်လိုက်၏။ “ဘယ်သူ့မှာ နတ်ဘုရားအရှိန်အဝါ ရှိနေတာပါလိမ့် တွေးနေတာ။ တာအိုမိတ်ဆွေပိုင်ရှီ ဖြစ်နေတာကိုး။ ဘာလို့ ဒီရောက်လာတာတုန်း။ စောစောက ခွေးသူတောင်းစားချင်လို့ ဆဲနေတာ ကြားလိုက်သလားလို့။ ဘာဖြစ်ခဲ့လို့လဲ”
“နဂါးထိန်းဧကရာဇ်ပါလား” နတ်ဘုရားပိုင်ရှီက တောင်ကုန်းပေါ်တွင် ရပ်နေရာမှ သူ့ကို ကမန်းကတန်း နှုတ်ဆက်လိုက်သည်။ “လာတာကတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ကပ်ဘေးလွှတ်ဖို့ လာတာ။ ဒါပေမယ့် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နဲ့ တွေ့ပြီး...”
“ဆက်ပြောစရာမလိုတော့ဘူး ငါ သဘောပေါက်ပြီ” မြစ်လယ်ခေါင်ရှိ ခေါင်းကြီးက ခန္ဓာကိုယ်ကို လှုပ်ခါကာ လူအသွင် နဂါးထိန်းဧကရာဇ်ပုံစံ ပြောင်းသွားသည်။ သူက တင်းမာနေသောအမူအရာဖြင့် ပြောလိုက်၏။ “သူ့ရုပ်က အင်မတန် ရိုးသားပြီး အနိုင်ကျင့်ရလွယ်တဲ့ ပုံစံမဟုတ်လား”
“မင်း ဘယ်လိုသိတုန်း” နတ်ဘုရားပိုင်ရှီက ထူးဆန်းသောအမူအရာဖြင့် သူ့ကို လှမ်းမေးသည်။
နဂါးထိန်းဧကရာဇ်က ဒေါသများဖြင့် ခြေဆောင့်နင်းလိုက်၏။ “အဲဒီ သနားကမား ရိုးရိုးသားသား မျက်နှာပေးကြောင့် ငါ မာန်ဟုန်မြစ်နဂါးမင်း ဖြစ်လာတာပဲ”