ဒုတိယမြောက် စမ်းသပ်ချက်
Vol. 3 Ch. 34
ဒုတိယမြောက် စာမေးပွဲကတော့ ထိုးထွင်း သိမြင်နိုင်မှုကို စမ်းသပ်တဲ့ စာမေးပွဲပဲ ဖြစ်တယ်။ ပါဝင်ရမယ့် အဖွဲ့တွေကို ဆယ်ဖွဲ့ ခွဲလိုက်တယ်။ တစ်ဖွဲ့မှာ တပည့်အသစ် ဆယ်ယောက် ပါတယ်။ ဒီစာမေးပွဲကတော့ ရိုးစင်းပါတယ်။ စာမေးပွဲအတွင်းမှာ တပည့် တစ်ယောက်စီကို အခြေခံ ဓားသိုင်းကျမ်း တစ်အုပ်စီ ပေးထားပါတယ်။ အချိန်စေ့တဲ့ အခါသိုင်းကွက် များများ ပိုလေ့ကျင့်နိုင်တဲ့ လူက အမှတ်ပိုရမှာ ဖြစ်တယ်။ ( အမွှေးတိုင် တစ်တိုင် ကုန်ချိန်)
လီဖျူချန်းက သိုင်းကျမ်းကို ဖွင့်ဖတ်လိုက်တာနဲ့ ဒီဓားသိုင်းက အရမ်းကို ရှေးကျပြီး အခြေခံကျတဲ့ သိုင်းစာအုပ် ဆိုတာကို သိလိုက်တယ်။
ဒီအခြေခံ ဓားသိုင်းတွေက အဝါရောင် အဆင့်နိမ့် ဓားသိုင်းကျမ်းတွေထက် အဆင့်မြင့်ပြီး ဓားရဲ့ အဆီအနှစ်တွေတောင် ပါဝင်လုနီးနီးပဲလေ။
" အားလုံးပေါင်း ၁၄ ကွက် ရှိတယ်ဆိုတော့ သိပ်လည်းမများပါဘူး။" လီဖူချန်းက ဓားကွက်တွေကို သေသေချာချာ ဆန်းစစ်နေတယ်။ အမွှေးတိုင် တစ်တိုင် ထွန်းချိန်က ပြည့်သွားခဲ့တဲ့ အခါမှာတော့
"ကဲအချိန်စေ့ပြီ ... မင်းအရင်စလိုက် "
အဖွဲ့တစ်ဖွဲ့မှာ စာမေးပွဲစစ်တဲ့ အကြီးအကဲ တစ်ယောက် ရှိတယ်။
လီဖူချန်းတို့ အဖွဲ့ရဲ့ အကြီးအကဲက လူငယ်တစ်ယောက်ကို လက်ညိုးထိုးပြီး စခိုင်းလိုက်တယ်။ ထိုလူငယ်က သူ့ရဲ့ သံမဏိဓားကို ကိုင်လိုက်ပြီး ဓားသိုင်းကို လေ့ကျင့် ပြသလိုက်တယ်။
ခြောက်ကွက် ။ ဒီအချိန်လေး အတွင်းမှာ လူငယ်လေးက ဓားသိုင်း ခြောက်ကွက်ကို ကောင်းကောင်း လေ့လာသင်ယူ နိုင်ခဲ့တယ်။
"ပိုင်ဖေး ... အမှတ် ၆၀ "
စာမေးပွဲစစ်သူ အကြီးအကဲက ရမှတ်ကို ပိုင်ဖေးရဲ့ စာရင်းပေးသွင်းတဲ့ ကိုယ်ပိုင် ကျောက်ပြားပေါ်မှာ ရေးပေးလိုက်တယ်။
ဒီအဆင့်ကို ဖြတ်သန်းနိုင်ဖို့က အနည်းဆုံး ခြောက်ကွက်ကို တတ်ကျွမ်းထားဖို့ လိုအပ်သည်။ မင်းတစ်ကွက် ပိုတတ်ကျွမ်းခဲ့ရင် အပို ၅ မှတ် ရမှာဖြစ်တယ်။
ယန်ခိုင် ... ၇၅ မှတ်။ ရှန်းတုကျူး ... ၆၅ မှတ်။ ရှန်းတုလျှန် ... အမှတ် ၄၀။
ကောင်းဖန် ... အမှတ် ၆၀ ။ ဟီပင်း ... အမှတ် ၇၀ ။ ကျူးဟောင်ရှု ... ၇၅ မှတ်။
အားလုံးထဲမှာတော့ ယန်ခိုင်နဲ့ ကျူးဟောင်ရှုက ၇၅ မှတ်စီနဲ့ ထိုးထွင်း သိမြင်နိုင်မှု အများဆုံး ဖြစ်နေတယ်။ ရှန်းတုလျှန် ကတော့ ၄ ကွက်ပဲ လေ့ကျင့်နိုင်ပြီး ဒီစာမေးပွဲကို ကျရှုံးခဲ့တယ်။
ဒီတစ်ခေါက်မှာတော့ ရှန်းတုလျှန်က အရိုးတည်ဆောက်ပုံ စစ်ဆေးခြင်း တုန်းကလို မြောက်ကြွ မြောက်ကြွ မနေနိုင်တော့ပဲစိတ်ဓာတ်ကျနေသည်။ လီဖူချန်းရဲ့ အလှည့် ရောက်တဲ့ အခါမှာတော့ အားလုံးက အသက်တောင် မရှူနိုင်ပဲ လီဖူချန်းကို မျက်တောင်မခတ် ကြည့်နေကျသည်။
ယုံဝူးမြို့မှာ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ လူတိုင်းက လီဖူချန်းက သိုင်းပညာမှာ ဘယ်လောက် ထိုးသွင်းသိမြင် နိုင်လည်းဆိုတာ သိပြီးသားလေ။
မဟုတ်ရင်သူက ယန်ခိုင်ကို အနိုင်ယူပြီး ပထမနေရာကို ဘယ်လို ရခဲ့မှာလည်း။ ဒါကြောင့်မို့ အခုချိန်မှာ သူတို့ အားလုံးက လီဖူချန်းဘယ်လောက်ထိ လုပ်ပြနိုင်မလည်း ဆိုတာကို စိတ်ဝင်စား နေကြတယ်။ အမွှေးတိုင် တစ်တိုင် ထွန်းချိန်ဆိုတာ လီဖူချန်း အတွက်တော့ အချိန်တွေ အများကြီး ပိုနေသေးတယ်။ ဒါကြောင့် သူက အခြေခံ ဓားကွက်တွေကို ဆင့်ပွားပြီး နောက်ထပ် ဓားကွက်တွေတောင် ထွင်ထား လိုက်သေးတယ်။
တစ်ကွက် … နှစ်ကွက် ... သုံးကွက် ...
လီဖူချန်း လက်ထဲက သံမဏိဓားနဲ့ သိုင်းကွက်တွေက ရေနဲ့ငါးလိုပဲ အရာရာက အလိုက်သင့် စီးမျောနေကြတယ်။ လီဖူချန်းပုံကလည်း တိမ်တွေနဲ့အတူ မျောလွင့် နေသလိုပင်။
စာမေးပွဲစစ်တဲ့ အကြီးအကဲရဲ့ မျက်လုံးက အရောင် တစ်ဖြည်းဖြည်း တောက်ပ လာလေသည်။ လီဖူချန်းရဲ့ ဓားကွက်တွေက အပေါ်ယံ ကြည့်လိုက်မယ်ဆိုရင် တစ်ခြားသူတွေနဲ့ အတူတူပါပဲ။
ဒါပေမယ့် အကြီးအကဲရဲ့ မျက်လုံးထဲမှာတော့ တခြားသူတွေနဲ့ မတူတဲ့ ထူးခြားချက်တွေကို မြင်နေမိတယ်။ တစ်ခြားသော တပည့်တွေက ဓားကွက်တွေကို တစ်ခုချင်းစီ သီးခြား ထုတ်သုံးနေပေမယ့်
လီဖူချန်းက ဓားကွက်တွေကို စုစည်းပြီး ဓားသိုင်းရဲ့ အဆင့်ကိုနောက်တစ်ဆင့်မြင့်စေခဲ့တယ်။
ခြောက်ကွက် ... ခုနစ်ကွက် ... ရှစ်ကွက် ...
ယန်ခိုင်တို့ အုပ်စုရဲ့မျက်နှာက တစ်ဖြည်းဖြည်း ပျက်သထက် ပျက်လာခဲ့တယ်။ အထူးသဖြင့် ကောင်းဖန်ပေါ့။
ဆယ့်သုံးကွက် ... ဆယ့်လေးကွက် ...
ဓားကွက် ဆယ့်လေးကွက်လုံးကို ပြသပြီးသွားတဲ့ အချိန်မှာတော့ လီဖူချန်းက သူ့ရဲ့ သံမဏိဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ သူ့ရဲ့ ရလဒ်ကို စောင့်မျှော်နေတယ်။
" ကောင်းတယ်ဟေ့ ။ အတော်လေး သပ်ရပ်လွန်းတယ် "
ဒါက အကြီးအကဲ အနေနဲ့ ပထမဆုံး တပည့်အသစ် တစ်ယောက်ကို ချီးကျူးလိုက်တာ ဖြစ်သည်။
" လီဖူချန်း ... ၁၁၀ မှတ်"
အကြီးအကဲက လီဖူချန်းရဲ့ စာရင်းပေးသွင်းတဲ့ ကိုယ်ပိုင် ကျောက်ပြားချပ်မှာ မှတ်ချက်လေးတောင် ရေးပေးလိုက်သေးတယ်။
" ဒီလူငယ်က ဓားသိုင်းပညာမှာ မယုံကြည် နိုင်လောက်အောင် ထိုးထွင်း သိမြင်နိုင်တယ်။ အမွှေးတိုင် တစ်တိုင် ထွန်းချိန်အတွင်းမှာ ဓားကွက်၁၄ကွက်ကို တတ်ကျွမ်းခဲ့ရုံမက ဓားကွက်တွေကိုပါ တစ်စုတစ်စည်း ထဲဖြစ်အောင် ကျွမ်းကျွမ်းကျင်ကျင် ကစားပြနိုင်ခဲ့လို့ အပို ၁၀ မှတ် ထပ်ပေးလိုက်ပါတယ်"
" အမှတ် ၁၁၀ တဲ့လား"
ဟီပင်းနဲ့ ကျူးဟောင်ရှုတို့ နှစ်ယောက်စလုံး ကလည်း ကြောင်အ သွားကျသည်။
သူတို့ နှစ်ယောက်ရဲ့ အတွေးထဲမှာတော့ လီဖူချန်းရဲ့ သာမန်အရိုးတည်ဆောက်ပုံဆိုတာ အတုလို့ ထင်သွားခဲ့တယ်။
သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်က ဒီလို ကြောက်စရာ ကောင်းတဲ့ ဓားသိုင်းအပေါ် သိမြင် နားလည်နိုင်မှု ရှိမှာလည်းလေ။
" သေစမ်းကွာ "
ကောင်းဖန်က ငိုမဲ့မဲ့ မျက်နှာနဲ့ လီဖူချန်းကို ကျိန်ဆဲနေတယ်။ လီဖူချန်းက အရိုးတည်ဆောက်ပုံ စာမေးပွဲမှာ အမှတ် ၄၀ ပဲ ရခဲ့ပေမယ့်အခုဒီစာမေးပွဲမှာ အမှတ် ၁၁၀ ရသွားတဲ့အတွက် အားလုံးပေါင်း အမှတ် ၁၅၀ ရှိသွားခဲ့ပြီလေ။ ဒီအမှတ်က သူ့ရဲ့အမှတ် ထက်တောင် ၃၀ ပိုများ နေသေးတယ်။
ယန်ခိုင်ကတော့ လီဖူချန်းကို မျက်လုံးမှေးပြီး ကြည့်နေတယ်။
" ဒီကောင် အမှတ် ၁၁၀ ရအောင် ဘယ်လိုများ လုပ်လိုက်ပါလိမ့်"
" ကြည့်စမ်းဟေ့ ... ဟိုဘက်အုပ်စုမှာ အမှတ် ၁၁၀ ရတဲ့ကောင် တစ်ကောင်ရှိနေတယ်။ ဘယ်လောက်တောင် တော်လိုက်တဲ့ ကောင်လည်းဟ"
စာမေးပွဲထဲမှာ ရှိနေသည့် တပည့် တစ်ယောက်က လီဖူချန်းရဲ့ ရမှတ်ကို သတိပြုမိသွားသည်။
" အမှတ် ၁၁၀ တောင်မှလား ... ငါမှတ်မိသလောက် ဆိုရင် အရင်တုန်းက ဘယ်စာမေးပွဲ ဖြေဆိုတဲ့ တပည့် တစ်ယောက်မှ မရခဲ့ဖူး ဘူးကွ။
အမြင့်ဆုံး ရမှတ်တောင်မှ ၁၀၀ ပဲ ရှိတာလေ။
" ဟုတ်တယ်ကွ။ ဂိုဏ်းတော်က ရွေးချယ်လိုက်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေမှပဲ ဒီလိုအမှတ် ၁၁၀ ရအောင် လုပ်နိုင်မှာကွ။"
"လွန်ခဲ့တဲ့ ၈ နှစ်တုန်းကတော့ အမှတ်၁၂၀ ရအောင်လုပ်ခဲ့တဲ့ ပြိုင်ဖက်ကင်း တစ်ယောက် ရှိတယ်ကွ။
သူက ဒီဓားကွက် ၁၄ ကွက်ကို ဆင့်ပွားပြီး ၁၅ကွက်ဖြစ်အောင် လုပ်နိုင်ခဲ့တယ် ဆိုပဲ"
" သူ့ ကို အခု အားလုံးက ဓားအရူးသူတော် လို့ခေါ်ကြတယ်။ ဂိုဏ်းတော်ရဲ့ တိုက်ရိုက် တပည့်တောင် ဖြစ်သွားပြီလေကွ"
( တိုက်ရိုက် တပည့်ဆိုတာက အတွင်းစည်း အကြီးအကဲတွေ ထဲက ရာထူးမြင့်တဲ့ သူတစ်ယောက်က သဘောကျလို့ တပည့်အဖြစ် လက်ခံလိုက်တဲ့ သူတွေ ဖြစ်တယ်။ အတွင်းစည်း တပည့်တွေထက် အဆင့်မြင့်တယ်)
" ဒါပေမယ့် ဓားအရူးသူတော် ဂိုဏ်းတော်ကို ရောက်လာခဲ့တုန်းက လူသားနယ်ပယ် အဆင့်ကိုး ကိုရောက်နေပြီကွ။ ဒီလို ပါရမီရှင်တွေကို ငါတို့နဲ့ ဘယ်နှိင်းယှဉ်လို့ ရမှာလည်း"
ဒီစာမေးပွဲ အခန်းတွင်းက လူတွေ အားလုံးနီးပါးက လီဖူချန်းတို့ အုပ်စုကို ကြည့်ပြီး အမှတ် ၁၁၀ ရသွားတဲ့သူက ဘယ်သူ ဖြစ်မလည်းဆိုတာ ခန့်မှန်းနေကြတယ်။
ဒါပေမယ့် ဘယ်သူကမှတော့ ပြီးခဲ့တဲ့ စစ်ဆေးမှုမှာ သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်ဖြစ်တဲ့ လီဖူချန်းကို မခန့်မှန်းခဲ့ကြဘူး။
" ကြည့်ရတာ ဒီလီဖူချန်းက သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေက အဆင့်မြင့် နယ်ပယ်တွေကို ရောက်အောင် ကျင့်ကြံရတာ ခက်ခဲတယ် ဆိုတဲ့ သမိုင်းကို ချေဖျက်နိုင်မယ့် ပုံပဲ။
ကျူးဟောင်ရှုက တွေးမိလိုက်သည်။
***
ဒုတိယ မြောက်စာမေးပွဲ စစ်ဆေးပြီးတဲ့ အခါမှာတော့ တကယ့် အရေးအကြီးဆုံး စစ်ဆေးမှုကြီး အလှည့်သို့ ရောက်လာပေပြီ။
" စိတ်စွမ်းအား စာမေးပွဲ"
စမ်းသပ်စစ်ဆေးမှု ၃ ခုမှာ အရိုးတည်ဆောက်ပုံ စစ်ဆေးခြင်းက လူတစ်ယောက်ရဲ့ မွေးရာပါ အရည်အချင်းကို စစ်ဆေးတာ ဖြစ်တယ်။
လူတစ်ယောက်ရဲ့ မွေးရာပါစွမ်းရည်ကိုတော့ ပြောင်းလဲပစ်ဖို့ မလွယ်ပါဘူး။
ဒုတိယ စစ်ဆေးခြင်းကတော့ လူတစ်ယောက်ရဲ့ နားလည်မှု စွမ်းရည်ကို စစ်ဆေးတာ ဖြစ်တယ်။
ဒီစိတ်စွမ်းအား စစ်ဆေးခြင်းကတော့ လူတစ်ယောက်ရဲ့ စိတ်ဓာတ် ဘယ်လောက် ခိုင်မာသလည်း ဆိုတာကို စစ်ဆေးတာ ဖြစ်တယ်။
ဓားတာအိုကို လျှောက်လမ်းမဲ့ သူတွေက အရမ်းကို အထီးကျန်ဆန်ပြီး ဆုံးဖြတ်ချက် မဖယ်မသွေ ရှိတဲ့သူတွေ အတွက်သာ သင့်လျော်တာလေ။ ဒါကြောင့် ဒီစစ်ဆေးမှုက အရေးအကြီးဆုံး လို့တောင် ဆိုလို့ရတယ်။ အကောင်းဆုံး အရိုးတည်ဆောက်ပုံနဲ့ လူတွေတောင် တစ်နေ့ကျရင် သူတို့ရဲ့ပါရမီ ကန့်သတ်ချက်ကို ရောက်သွားမှာလေ။
အဲဒီ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး အထက်ကို ဆက်တက် နိုင်မလား ဆိုတာက ဒီစိတ်စွမ်းအား အပေါ်မှာ အရမ်း မူတည်နေတာ ဖြစ်တယ်။
မွေးရာပါ ပါရမီကော စိတ်စွမ်းအား ခိုင်မာမှုကော နှစ်ခုစလုံးနဲ့ ပြည့်စုံတဲ့ သူတွေကတော့ သူတို့ရဲ့ ဓားတာအို လမ်းကြောင်းမှာ အမြင့်ဆုံးအထိ တက်လှမ်းနိုင်မှာပါပဲ။
ဒီစိတ်စွမ်းအား စစ်ဆေးခြင်းကိုတော့ ကြေးမုံတောင် ပေါ်မှာ ပြုလုပ်မှာ မဟုတ်ပါဘူး။ တောင်တွေရဲ့ အနက်ပိုင်း ဟိုးတောနက်ကြီး တွေထဲမှာ စစ်ဆေးမှာ ဖြစ်တယ်။
ဒီတောင်ကြား အဝထဲကို ဝင်ဖို့အတွက် အစိမ်းရောင် မြက်ခင်းလမ်းလေးက အသင့် စောင့်ကြို နေပါတယ်။ တောင်ကြားရဲ့ အထဲမှာတော့ ထူထပ်တဲ့ မြူနှင်းတွေ ကျနေပြီး မရေမတွက်နိုင်တဲ့ မိစ္ဆာသားရဲတွေက အလစ်ချောင်း တိုက်ခိုက်ဖို့ စောင့်ကြို နေကျမည့် ပုံပင်။
" အန္တရာယ်များမဲ့ ပုံပဲဟ"
လီဖူချန်းက ဒီမြက်ခင်း လမ်းလေးကို ကြည့်လိုက်တာနဲ့ မသိစိတ်က အန္တရာယ်ရနံ့ကို ရလိုက်တယ်။ ဒါကငါတို့ မိုးပြာရောင်ဂိုဏ်းရဲ့ ကျင်းဟူ လမ်းပဲ။ ဒီလမ်းရဲ့ အဆုံးကို လျှောက်လှမ်း နိုင်မယ်ဆိုရင် မင်းက တစ်နေ့ ကျော်ကြားလာမယ့် သူလို့ ယူဆလို့ ရတယ်။ မင်းက ဒီလမ်းရဲ့ အဆုံးကို မလျှောက်နိုင်ဘူး ဆိုရင်တော့ မင်းဟာမင်း ဘယ်လောက် ကောင်းတဲ့ အရိုးတည်ဆောက်ပုံ ရှိနေပါစေ ဘာမှ ဖြစ်ထွန်းလာမှာ မဟုတ်ဘူး။ မင်းတို့ ဒီလမ်းအဆုံးကို ရောက်တဲ့ အချိန်ကို မူတည်ပြီး ငါတို့က အမှတ်ပေးမှာ ဖြစ်တယ်။
( ကျင်းဟူလမ်းဆိုတာ အောင်မြင်မှုသို့ ဦးတည်ရာ လမ်းလို့ အဓိပ္ပာယ်ရသည် )
ဒီစမ်းသပ်မှုကို စစ်ဆေးဖို့ အတွက် အကြီးအကဲတွေ အများကြီးက ဒီကို ရောက်လာကျတယ်။ ရှေ့ဆုံးက ဦးဆောင်လာတဲ့ အကြီးအကဲနဲ့ တစ်ခြား အကြီးအကဲတွေနဲ့ မတူပဲ တစ်မူထူးခြားတဲ့ အငွေ့အသက် တွေကို ပေးစွမ်းနေတယ်။
"ကြည့်ရတာ ဒီအကြီးအကဲက အပြင်စည်းဂိုဏ်းရဲ့ မဟာ အကြီးအကဲ ဆိုတာပဲ ဖြစ်ရမယ် ။"
" မင်းတို့ အားလုံး ဝင်လို့ရပြီ"
မဟာ အကြီးအကဲက ဝင်ခွင့် ပြုလိုက်တယ်။ မဟာ အကြီးအကဲရဲ့ အသံကို ကြားလိုက်ပြီးနောက် စာမေးပွဲ ဖြေဆိုမယ့် တပည့်တွေ အားလုံးက တန်းစီပြီး တောင်ကြားထဲကို ဝင်သွားကြတယ်။
ကျင်းဟူ လမ်းပေါ်ကို ရောက်တဲ့ အခါမှာတော့ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မမြင်ရတဲ့ ဖိအားတွေ ကျရောက် လာတာကို ခံစားလိုက်ရတယ်။
" လခွီး ... ဒီဖိအားကြီးက ကီလိုဂရမ် ၃၀၀ လောက်ရှိတဲ့ ပစ္စည်းတစ်ခုကို ထမ်းပြီး သွားနေရတဲ့ အတိုင်းပဲကွာ"
လီဖူချန်းရဲ့ မျက်နှာက လေးနက်သွားတယ်။ ဒီလမ်းကြောင်းက ဘယ်လောက် ရှည်မလဲ ဆိုတာ သူမသိထားဘူးလေ။ သူ့ရဲ့ အင်အားတွေကို စနစ်တကျ အသုံးချနိုင်မှ ဒီဖိအားကြီးကို ကျော်ဖြတ်ပြီး လမ်းအဆုံးကို ရောက်နိုင်မှာ။
***
ကျောင်းသားတွေ အကုန်လုံး တောင်ကြား လမ်းလေးထဲကို ဝင်သွားအပြီးမှာတော့
" အကြီးအကဲ ရှောင် ... ဒီတစ်ခါကော စမ်းသပ်စစ်ဆေးမှုမှာ အမှတ်ပြည့် ရမယ့်တပည့် ပေါ်လာ လိမ့်မယ်လို့ ထင်ပါသလား"
ချန်ဇောင်မင်က မဟာ အကြီးအကဲ ရှောင်ချန်းဖန်ကို မေးလိုက်တယ်။ ရှောင်ချန်းဖန်က လေးလေးနက်နက် ပြန်ဖြေလိုက်တယ်။
" ဒီလိုလူတစ်ယောက် မပေါ်လာမှာကိုပဲ ငါလည်း ကြောက်နေမိတာ။
ဒီကျင်းဟူလမ်းတစ်လျှောက်မှာက ဖိအားတွေကော ပုံရိပ်ယောင်တွေကော ရှိနေတာလေ။ သမိုင်းကြောင်း တစ်လျှောက်မှာတောင် အမှတ်ပြည့်ရတဲ့သူက သုံးယောက်ပဲ ရှိခဲ့ဖူးတာ။
ပြီးတော့ အဲသုံးယောက်စလုံးကလည်း ကြယ်လေးပွင့်နဲ့ ကြယ်ငါးပွင့်အရိုး တည်ဆောက်ပုံတွေ ရှိလို့ အမှတ်ပြည့် ရခဲ့တာဖြစ်တယ်။
***