ပထမအဆင့် အပြင်စည်းတပည့်
Vol. 3 Ch. 35
မြူခိုးတွေ ကြားထဲမှာတော့ လီဖူချန်းက သူ့ရဲ့ ပတ်ဝန်းကျင်ကို စိတ်စွမ်းအား ဖြန့်ကျက်နိုင်စွမ်း လျော့နည်းသွားတာကို သတိပြုမိ လိုက်တယ်။ စစချင်း ဝင်လာတုန်းက အများအပြား ရှိနေတဲ့ တပည့်တွေကလည်း ပျောက်ကွယ်သွားပြီး မြူခိုးတွေ ကြားထဲမှာ တစ်ယောက်တည်း လမ်းလျှောက် နေရသကဲ့သို့ လည်း သူက ခံစားနေရသည်။
ဒီကျင်းဟူ လမ်းပေါ်မှာ သူလျှောက်နေကတည်းက သူ့ခြေသံတွေနဲ့ သူ့နှလုံးခုန်သံတွေ ကိုတောင် သူပြန် မကြားရတော့ပဲ လုံးဝ အရာအားလုံးက တိတ်ဆိတ် လွန်းနေတယ်။
"အား ... နေမထိ ထိုင်မသာ ခံစားချက်ကြီး ပါလားကွာ ... "
လီဖူချန်းက သူ့ခြေလှမ်းတွေကို ပုံမှန်အတိုင်း လှမ်းနေရာမှ အရှိန်နည်းနည်း ထပ်တင်လိုက်သည်။
သူက ဒီကျင်းဟူ လမ်းဆုံးကို အသိစိတ် အာရုံတွေ လျော့မကျလာခင် အမြန် ထွက်သွားချင် နေတယ်လေ။ ဒီနေရာမှာ သူ့ရဲ့ ခန္ဓာကိုယ်ကို ဖိနှိပ်ထားတဲ့ ကီလိုဂရမ် ၃၀၀ လောက် အလေးချိန်က စကားပြောလာ လေပြီ။
လူတစ်ယောက် ဒီလို ဖိအားတွေနဲ့ လှမ်းလျှောက်ရတာက အစပိုင်းကတော့ မသိသာပေမဲ့ အချိန်တွေ ကြာလာတာနဲ့ အမျှ ဒီဖိအားကြီးက တောင်ကြီးတစ်ခုလုံးကို သယ်ထားရသလို လေးလံလာပြီလေ။ ဒီကိုယ့်လက် ကိုယ်တောင် မမြင်ရတဲ့ မြူခိုး ထုကြီးကလည်း စိတ်တွေကို ပျက်ပြားလာ စေနိုင်သေးတယ်။
ခြေလှမ်းတိုင်းမှာ အတွင်းအားကို ထုတ်ပြီး လှမ်းနေရတာ ဖြစ်တဲ့အတွက် အတွင်းအားရယ် စိတ်ဝိညာဉ်အားရယ် နှစ်ခုစလုံး မလုံလောက်ပါက လမ်းတစ်ဝင်မှာတင် စစ်ဆေးမှုကို အရှုံးပေး သွားရနိုင်တယ်။
***
" အား ... အား ... "
မြူခိုးတွေကြားမှာ သူလျှောက်နေရင်းမှာပဲ သွေးပျက်သည့် အသံတွေဖြင့် အော်ဟစ် နေသံတွေကို ကြားလိုက်ရတယ်"
" ဆွေးမြေ့နေတဲ့ သစ်သားတွေကိုတော့ အဆောက်အဦး ဆောက်တဲ့ နေရာမှာ ဘယ်လိုမှ သုံးလို့ရမှာ မဟုတ်ဘူးပဲ"
" တစ်ယောက်ယောက် သွားပြီး သူတို့ကို ဆွဲထုတ်ခဲ့"
ရှောင်ချန်းဖန်က အေးစက်စက်နဲ့ အမိန့်ပေး လိုက်တယ်။
" ကျွန်တော် သွားလိုက်ပါ့မယ်"
အပြင်စည်း အကြီးအကဲ တစ်ယောက်က လေထဲကို ခုန်ပျံသွားပြီး မြူခိုးတွေ ကြားထဲ ဝင်ရောက် ပျောက်ကွယ် သွားတယ်.။
အချိန် အနည်းငယ် အကြာမှာတော့ သူ့ပခုံးပေါ်မှာ လူငယ် တစ်ယောက်ကို ထမ်းပြီး ပြန်ထွက် လာခဲ့တယ်။ အဲသည် လူငယ်ရဲ့ မျက်နှာပေါ်မှာ မျက်ရည်စတွေနဲ့ ဖြစ်ပြီး မျက်နှာကလည်း လုံးဝ ဖြူဖပ်ဖြူရော် ဖြစ်နေလေသည်။
" အကြီးအကဲ ဝမ် ... ဒီကောင်လေးကိုတော့ ခင်ဗျားပဲ တာဝန်ယူလိုက် ပေတော့"
ရှောင်ချန်းဖန်က ထိုလူငယ်လေးကို တစ်ချက်တောင် အဖက်မလုပ်ပဲ ပြောလိုက်သည်။
အကြီးအကဲဝမ် ဆိုတာက အပြင်စည်း အထွေထွေ အလုပ်သမား ဌာနက အကြီးအကဲ တစ်ယောက် ဖြစ်သည်လေ။
" ဟုတ်ကဲ့ပါ"
တကယ်တော့ အထွေထွေ လုပ်သားတပည့် ဆိုသည်မှာ ကလန်ကြီးတွေမှ လာသော သခင်လေးတွေ အတွက်ကတော့ အရှက်ရစရာ ရာထူးတစ်ခုဖြစ်သည်။
" အကြီးအကဲ ခင်ဗျား ... ကျွန်တော်က အရှေ့က စမ်းသပ်မှု နှစ်ခုမှာ အမှတ်ပေါင်း ၁၃၅မှတ် ရထားတဲ့ သူတစ်ယောက်ပါ။
ဒီအမှတ်က သာမန် တပည့်တွေထက် အတော်လေး များပြားနေတဲ့ အမှတ်ပါ။ ကျွန်တော်က ဒီကျင်းဟူလမ်းမှာ ကျရှုံးတာလေးနဲ့ အထွေထွေ လုပ်သားတပည့် ဖြစ်ရမယ် ဆိုတာက ကျွန်တော့်အတွက် လုံးဝ မမျှတပါဘူး ခင်ဗျာ"
လူငယ်လေးက ဒေါသထွက်နေသည့် ပုံဖြင့်စောဒက တက်လိုက်သည်။
အကြီးအကဲဝမ်က -
" မင်းအရှေ့က ပြိုင်ပွဲနှစ်ခုမှာ အမှတ် ၁၅၀ ရခဲ့ရင်တောင်မှ မင်းရဲ့ စိတ်စွမ်အားက အခြေခံလောက်တောင် မရှိတဲ့အတွက် မင်းကို မရွေးချယ်နိုင်ဘူး။ အေး ဒါပေမဲ့ မင်းဆီမှာ ကြယ်လေးပွင့် အဆင့် အရိုးတည်ဆောက်ပုံ ရှိရင်တော့ ငါတို့ ပြန်စဉ်းစား ပေးမယ်။
"ဒါကိုမှ မင်းက မကျေနပ်ဘူးဆိုရင် မင်းကြိုက်တဲ့ အချိန် ထွက်သွားခွင့် ရှိတယ် "
တခြား အကြီးအကဲ တစ်ယောက်ကတော့ အကြီးအကဲဝမ်လို စိတ်ရှည်စွာ ပြန်ရှင်းပြမည့် ပုံတော့ မပေါ်ပေ။
လူငယ်လေးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဘာမှ ပြန်မပြော တော့ချေ။
***
အချိန်တွေ ဘယ်လောက် ကြာအောင် လီဖူချန်း တစ်ယောက် လမ်းလျှောက် နေခဲ့ရသလဲတောင် မသိတော့ဘူး။ အခုချိန်မှာတော့ လီဖူချန်းကစပြီး သွေးလေ ချောက်ချားသလို ခံစားနေရပြီ။ သူ့ရဲ့ ခြေထောက်အောက်က မြက်ခင်းပြင်က လူတွေရဲ့ ဦးခေါင်းခွံတွေ အပြည့်နဲ့ ခင်းထားတဲ့ လမ်းအဖြစ် ပြောင်းသွားခဲ့ပြီ။
သူခြေလှမ်း တစ်လှမ်း လှမ်းလိုက် တိုင်းမှာလည်း သွေးတွေ အိုင်ထွန်းနေတဲ့ လူသေ ခေါင်းတွေကိုပဲ ရှောင်ပြီး လှမ်းနေရတယ်။ တဖြည်းဖြည်းနဲ့ လီဖူချန်းက သွေးအိုင်ကြီးထဲမှာ လှမ်းလျှောက် နေနေရသလို ဖြစ်နေပြီလေ။ အခုဆိုရင် သွေးတွေက လီဖူချန်းရဲ့ ဒူးခေါင်း အထိတောင် ရောက်လို့ လာခဲ့ပြီ။
နောက်ထပ် ဆက်လျှောက်လာတဲ့ အခါမှာတော့ မြွေတွေက ကောင်းကင်ကနေ မိုးတွေ ရွာချလိုက်သလို လီဖူချန်းအပေါ် ကျရောက်လာတယ်။ မရေမတွက် နိုင်အောင် အဆိပ်ပြင်းတဲ့ မြွေဆိုးတွေက လီဖူချန်းရဲ့ အဝတ်အစားတွေ ကြားထဲ ဝင်လိုဝင်
ထမင်းစားတူ အရွယ်သာရှိတဲ့ မြွေစိမ်းလေးတွေက လီဖူချန်းရဲ့ နှာခေါင်းတွေ၊ နားတွေထဲ ဝင်လိုဝင် ဖြစ်နေကျသည်။ လီဖူချန်းက အမြန်ပင် သူ့အပေါ် ကျလာသော မြွေတွေကို ခါထုတ်ပစ် နေရသည်။
မြွေတွေကို ကျော်ဖြတ်ပြီးတဲ့ အခါမှာတော့ လီဖူချန်းက သူ့ညာဘက် နားရွက်နားမှာ လူတစ်ယောက် အသက်ရှူနေတဲ့ အသံကို ကြားလိုက်ရတယ်။
ချက်ချင်း သူလှည့်ကြည့်လိုက်တဲ့ အခါမှာတော့ ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာတစ်ခုက သူ့ကို စိုက်ကြည့် နေတာကို မြင်လိုက်ရတယ်။
" ငါ့လခွီး တစ္ဆေလားဟ"
လီဖူချန်းက မျက်လုံးကို ပွတ်ပြီး သေချာ ပြန်ကြည့်လိုက်တဲ့ အခါမှာတော့ ထိုမျက်နှာ ဖြူကြီးက ပျောက်ခြင်းမလှ ပျောက်သွားလေသည်။
" ငါမျက်စိများ မှားနေတာလား"
လီဖူချန်းက ပိုပြီး အာရုံစိုက်ပြီး အစောပိုင်းတုန်းက မျက်နှာဖြူကြီးကို ရှာဖွေလိုက်တယ်။ လီဖူချန်းက စိတ်တွေ ကယောင်ချောက်ချား ဖြစ်နေပြီး သူအစောပိုင်းက တွေ့လိုက်ရတာက တကယ်လား အမြင်မှားတာလား ဆိုတာတောင် ဝေခွဲမရတော့ဘူး။ ဒါပေမဲ့ သူ့ရဲ့ အသိစိတ်ကိုတော့ လုံးဝ အားတင်း ထားပြီး သတိပေးနေတယ်။
"လီဖူချန်း ဒါက ကျင်းဟူလမ်းရဲ့ အနှောင့်အယှက်တွေပဲ။ မင်းရဲ့စိတ်တွေကို လှည့်စားဖို့ ကြိုးစားနေတာ စိတ်မလျော့လိုက်နဲ့ ဒီလမ်းကို ပြီးဆုံးအောင် မင်းလျှောက်ရမယ်"
လီဖူချန်းက စိတ်တွေ အလှည့်စား ခံနေရပြီ ဆိုတာ သိလိုက်ကတည်းက စုံမှိတ်ပြီး လမ်းဆက် လျှောက်နေတယ်။ ဘယ်အရာတွေက သူ့ကို အမြင်မှားအောင် လုပ်နေပါစေ။ သူ မမြင်ရတော့ဘူး ဆိုရင် လာလှည့်စားလို့ မရတော့ဘူးလေ။ ပြီးတော့ သူ့ရဲ့ ခိုင်မာတဲ့ စိတ်ထားကလည်း သူ့ကို တစ်ဖက်တစ်လမ်းက အကူအညီ ပေးနေသေးတယ်။
***
ကျင်းဟူလမ်းရဲ့ အဆုံးမှာတော့ ရှောင်ချန်းဖန်နဲ့ အခြား အကြီးအကဲတွေက စောင့်ဆိုင်း နေကြသည်။
"စမ်းသပ်မှု ပြီးဆုံးဖို့ အတွက် အမွှေးတိုင် တစ်ဝက်စာပဲ ကျန်တော့တယ်။ ကြည့်ရတာ ဒီနှစ်လည်း အမှတ်ပြည့် ရတဲ့သူ မရှိနိုင်တော့ဘူး ထင်တယ်"
အပြင်စည်း အကြီးအကဲ တစ်ယောက်က ခေါင်းခါပြီး ရယ်နေလိုက်တယ်။
ချန်ဇောင်မင်က တစ်ခုခုပြောမလို့ ပြင်နေတုန်းမှာပဲ
သူက မြူခိုးတွေ ကြားထဲကနေ အရိပ်တစ်ခု ထွက်လာတာကို မြင်လိုက်ရတယ်။
" ကြည့်စမ်းဟေ့ ... တစ်ယောက်တော့ ထွက်လာပြီဟ "
" တစ်ကယ်ကြီးလား ဟ"
အကြီးအကဲ အားလုံးက မြူခိုးတွေ ကြားထဲကို လှမ်းကြည့် လိုက်တယ်။ မြူခိုးတွေ ကြားထဲက ထွက်လာတဲ့ လူငယ်ကတော့ မျက်ခုံး ကောင်းကောင်း အရပ်မြင့်မြင့် ခန္ဓာကိုယ်က ပိန်သွယ်သွယ်နဲ့ ကောင်လေး တစ်ယောက် ဖြစ်တယ်။
" လီဖူချန်း ... "
ချန်ဇောင်မင်က မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်ပြီး ရေရွတ်လိုက်တယ်။ ရှောင်ချန်းဖန်က မေးလိုက်တယ်။
" အကြီးအကဲချန် ... ဒီလူငယ်လေးက ခင်ဗျား ခေါ်လာတဲ့ အထဲက တစ်ယောက်လား" ချန်ဇောင်မင်က ခေါင်းညိတ် လိုက်ပြီး
" သူက ယုံဝူးမြို့ လီကလန်က မိသားစုဝင် တစ်ယောက်ပါ။ ဒီကောင်လေးက သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာအပေါ် ထိုးထွင်း သိမြင် နိုင်စွမ်းက အရမ်းကို ထူးချွန်လွန်းလို့ ဒုတိယ စာမေးပွဲမှာ အမှတ် ၁၁၀ တောင် ရထားတဲ့ လူငယ်ပါ အကြီးအကဲ"
ပထမတုန်းကတော့ ချန်ဇောင်မင်က လီဖူချန်းကို ဘာမှ ဖြစ်မြောက်လာမယ့် ကောင်လေး မဟုတ်ဘူးဆိုပြီး သိပ်အရေး မထားခဲ့မိဘူး။ အခုတော့ လီဖူချန်းကို သူက အနာဂတ်မှာ ကြီးကြီးမားမား အရာတစ်ခုကို စွမ်းဆောင် ပြနိုင်မယ့်လူလို့ မျှော်လင့်ထားခဲ့ပြီလေ။
"သာမန်အရိုး တည်ဆောက်ပုံတဲ့လား"
ရှောင်ချန်းဖန်က မျက်မှောင် ကြုတ်လိုက်တယ်။
"နှမြောစရာ ကောင်းလိုက်တဲ့ ကလေးကွာ။ ဒီကောင်လေးသာ ကြယ်နှစ်ပွင့် အရိုးတည်ဆောက်ပုံသာ ရှိကြည့်လိုက်။ ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံနဲ့ သူတွေတောင် သူ့ကို လိုက်မှီမှာ မဟုတ်ဘူး"
မြူခိုးထဲက ထွက်လာတဲ့ လီဖူချန်းကို ကြည့်ပြီး အကြီးအကဲရှောင်က ဂုဏ်ပြုစကား ဆိုလိုက်တယ်။
" လီဖူချန်း ... မင်း စိတ်တန်ခိုး စွမ်းအား စမ်းသပ် စစ်ဆေးမှုမှာ အမှတ်ပြည့် ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်"
အမွှေးတိုင် တစ်တိုင် ကုန်ဆုံးချိန် အတွင်း ကျင်းဟူလမ်းရဲ့ အဆုံးကို ရောက်အောင် လျှောက်လာနိုင်တဲ့ လူတိုင်းက အမှတ်ပြည့် ရကျတာဖြစ်သည်။
နောက်ထပ် အမွှေးတိုင် တစ်တိုင် ထွန်းလိုက်လို့ ကုန်သွားခဲ့ရင် အဲအချိန်မှာ ရောက်လာတဲ့ သူတွေက ၁၀ မှတ် လျော့ခံရမှာ ဖြစ်တယ်။
နောက်ထပ် အသစ်ထွန်းလိုက်တဲ့ အမွှေးတိုင် တစ်ဝက်မကုန်မီမှာ ရောက်လာ ခဲ့ရင်တော့ ၅မှတ် လျော့ခံရမှာပါ။
ယုံဝူးမြို့ကနေ လီဖူချန်းနဲ့ အတူလာတဲ့ အထဲမှာတော့
ဟီပင်းက ၇၅ မှတ်။ ယန်ခိုင်နဲ့ ကျူးဟောင်ရှုက အမှတ် ၇၀။ ရှန်းတုကျူးက ၆၅ မှတ်။
ကောင်းဖန်က အမှတ် ၆၀ အသီးသီးစီ ရကြတယ်။
ရှန်းတုလျှန်ကတော့ လမ်းတစ်ဝက်မှာပဲ စာမေးပွဲ ကျရှုံးသွားတဲ့ အတွက် အထွေထွေ လုပ်သားတပည့်ပဲ ဖြစ်ခွင့် ရတော့တယ်။
တပည့်အသစ်တွေ အားလုံး ကျင်းဟူလမ်း အဆုံးကို ရောက်လာပြီးတဲ့ အခါမှာတော့ မဟာအကြီးအကဲ ရှောင်က ကြေငြာ လိုက်တယ်။
"အမှတ် အားလုံး စုစုပေါင်း ၁၈၀ အောက် ရတဲ့လူ အကုန်လုံးက အထွေထွေ လုပ်သားတပည့် လုပ်ကျရမယ်။ အမှတ် ၁၈၀ကနေ ၂၁၀ အတွင်းက တပည့်တွေကတော့
တတိယ အဆင့် အပြင်စည်း တပည့်တွေ အဖြစ် သင်ကြားရမယ်။
အမှတ် ၂၁၀ ကနေ ၂၄၀ အထိကတော့ ဒုတိယအဆင့် အပြင်စည်း တပည့်တွေအဖြစ် ပညာ သင်ကြားရမယ်။ အမှတ် ၂၄၀ နဲ့ အထက်တွေကတော့ ပထမအဆင့် အပြင်စည်း တပည့်တွေ အဖြစ် ပညာသင်ကြား ကျရမယ်။"
အပြင်စည်း တပည့်တွေကို အဆင့်အတန်း သုံးမျိုး ခွဲခြား ထားပါတယ်။ တတိယအဆင့် အပြင်စည်း တပည့်တွေက အဆင့် အနိမ့်ဆုံး ဖြစ်ပြီး ပထမ အဆင့်တွေ ကတော့ အဆင့်အမြင့်ဆုံး ဖြစ်တယ်။
အဆင့် ကွာသွားတာ နဲ့အမျှ ရရှိတဲ့ အခွင့်အရေး တွေကလည်း ကွာသွားပါတယ်။
ပထမအဆင့် အပြင်စည်း တပည့်တွေကတော့ ကိုယ်ပိုင်ခြံဝင်းနဲ့ နေရပြီး ဒုတိယအဆင့်နဲ့ တတိယအဆင့် တပည့်တွေကတော့ အဆောက်အဦးကြီး တစ်ခုထဲမှာ ပေါင်းပြီး နေရတာဖြစ်တယ်။
ပထမအဆင့် အပြင်စည်း တပည့်တွေက တစ်လကို ရွှေပြား ၁၀၀၀ ရကျပြီး ဒုတိယ အဆင့်ကတော့ ၃၀၀ တတိယ အဆင့်ကတော့ ၂၀၀ ရကျတယ်။ အဲသည်လိုပဲ အထွေထွေ လုပ်သားတပည့် တွေမှာလည်း တတိယအဆင့် ဒုတိယအဆင့် ပထမအဆင့် ဆိုပြီး ခွဲခြားထားတယ်။
" လခွီးပဲကွာ"
ရှန်းတုလျှန်ကတော့ သူ့ရဲ့အဖြစ်ကိုလက်ခံနိုင်ဖို့ ခက်ခဲနေတယ်။
စိတ်တန်ခိုး သန်မာတော့လည်း ဘာထူး သွားမှာလဲ။
အဆင့်မြင့် ဓားသိုင်းနဲ့ တွေ့ရင်တော့ မင်းဟာမင်း ဘာကောင်ကြီးပဲ ဖြစ်နေဖြစ်နေ ဆော်ခံရမှာပဲလို့ သူက တွေးထားတာလေ။
ဒါပေမဲ့ သူက ကျင်းဟူလမ်းကို ဆုံးအောင် လျှောက်နိုင်ခဲ့ရင်တောင်
သူ့ရဲ့ အရှေ့က စာမေးပွဲ နှစ်ခုပေါင်းရဲ့ ရမှတ်က အမှတ် ၉၀ ပဲရှိတာမလို့ အပြင်စည်း တပည့်ဖြစ်ဖို့ ဆိုတာ သူ့အတွက် မလွယ်ကူပါဘူး။
" ကံကောင်းလိုက်တဲ့ ခွေးသား ... ဒီကောင်က ပထမအဆင့် အပြင်စည်း တပည့်တောင် ဖြစ်သွားသေးတယ်"
ကောင်းဖန်ကတော့ လုံးဝ အကြီးအကျယ် မှားယွင်းနေသလို ခံစားနေရတယ်။ နောက်ဆုံးမှာတော့ ကောင်းဖန်က မနေနိုင်တော့ပဲ မေးလိုက်တော့တယ်။
" အကြီးအကဲ ... ဘယ်လို အကြောင်းတွေကြောင့် သာမန် အရိုးတည်ဆောက်ပုံနဲ့ သူက ပထမအဆင့် အပြင်စည်းတပည့် ဖြစ်လာရတာပါလဲ"
" ဟုတ်တယ်။ သူက သာမန်အရိုး တည်ဆောက်ပုံပဲ ရှိတာလေ။ ဘယ်လိုမှ ပထမအဆင့် တပည့်ဖြစ်ဖို့ မထိုက်တန်ဘူး"
ဒုတိယအဆင့် တပည့်တွေထဲမှာ ကြယ်သုံးပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် နှစ်ယောက် သုံးယောက်လောက် ပါဝင်နေကြတယ်။ ထိုတပည့်တွေကလည်း စောဒက ဝိုင်းတက် လာတယ်။
ရှောင်ချန်းဖန်က နှာခေါင်းရှုံ့လိုက်ပြီး -
"အိမ်တိုင်း အိမ်တိုင်းမှာ ကိုယ်ပိုင် စည်းမျဉ်း စည်းကမ်းတွေ ရှိသလိုပဲ ငါတို့ ဂိုဏ်းမှာလည်း ကိုယ်ပိုင် စည်းမျဉ်း စည်းကမ်း ရှိတယ်။
မိုးပြာရောင်ဂိုဏ်းရဲ့ သတ်မှတ်ချက်တော့ အမှတ်ပေါင်း၂၄၀ ကျော်တဲ့ သူတိုင်းက ပထမအဆင့် အပြင်စည်း တပည့် ဖြစ်မှာပဲ။
မင်းတို့ ဒီကိစ္စကို မကျေနပ်ရင် ဂိုဏ်းချုပ်ကြီးဆီမှာ သွားပြောလို့ ရတယ်"
" ရပါပြီ အကြီးအကဲခင်ဗျား ... ကျွန်တော်တို့ က ဒီအတိုင်း သိချင်ရုံ သက်သက်ပါ"
အပြင်စည်း တပည့်အသစ်တွေက ဒီစည်းမျဉ်းကို မကျေနပ်လို့ ဂိုဏ်းချုပ်ကြီးဆီ သွားပြောရမယ်။ အတွင်းစည်း တပည့်တွေတောင် ဒီလိုသတ္တိ ရှိကျတာ မဟုတ်ဘူးလေ။
ဂိုဏ်းချုပ်ကြီးသာ ဒေါသထွက်သွားလို့ ကတော့ သူတို့ရဲ့ ကလန်တစ်ခုလုံးတောင် အမျိုးပြုတ် သွားနိုင်ပါတယ်။
***