ပုံရိပ်ယောင်ဂြိုဟ်
Vol. 68 Ch. 933
ထို စကားသံကြီး ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ ကြက်သီးမွေးညင်းများ ထသွားရ၏။ သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပါသော်လည်း အခန်းထဲတွင် သူတစ်ယောက်တည်းသာ ရှိနေသည်။ သူသည် သူ၏ နတ်ဘုရားအာရုံနှင့်ပင် မည်သည့်အရာကိုမှ ရှာမတွေ့ဘဲ ဖြစ်နေရ၏။
ဝမ်ပေါင်လဲ့မှာ နားကြားမှားခဲ့ခြင်းလား မသိပေ။ ထို စကားသံကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါ်ပေါက်လာခဲ့ခြင်း မရှိတော့ပေ။ သူသည် သတိကြီးကြီးထားကာ စကားအချို့ ပြန်ပြောလိုက်ပါသော်လည်း မည်သည့် တုံ့ပြန်မှုမှ ပြန်မရခဲ့ပေ။ ထို့ကြောင့် သူသည် သူ၏ သိုလှောင်အိတ်အား ဖွင့်လိုက်ပြီးနောက် အတွင်းထဲရှိ သိုလှောင်လက်စွပ်အား စစ်ဆေးကြည့်လိုက်၏။ ထိုအခါ သူသည် မျက်နှာပျက်သွားရတော့သည်။
သူသည် နားကြားမှားခဲ့ခြင်းမဟုတ်ကြောင်း သေချာနေ၏။ သူ ထို စူးရှရှ စကားသံကြီးအား ကြားဖူးနေသည်ဟု ခံစားခဲ့ရခြင်းမှာ ၎င်းမှာ လူပုံစံစက္ကူရုပ် သူ၏ သိုလှောင်လက်စွပ်ထဲမှ ထွက်ခွာသွားခဲ့စဉ်တုန်းက ထွက်ပေါ်လာခဲ့သည့် ရယ်သံကြီးနှင့် ဆင်တူနေသောကြောင့်ပင်။
" ထွက်မသွားသေးတာများလား.... ဒါမှမဟုတ် ထွက်သွားပြီးတော့ ပြန်ရောက်လာတာများလား " ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်လက်စွပ်ထဲ၌ ဆုတောင်းပြည့်ပုလင်းနှင့် ကြယ်စင်စုလေးမှလွဲ၍ အခြားမည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ သို့သော် သူသည် မည်သည့် အကြောင်းကြောင့်မှန်းမသိ ထို လူပုံစံစက္ကူရုပ်မှာ သူ၏ဘေးတွင် ရှိနေနိုင်သည်ဟု ခံစားနေရ၏။
" ဘာပဲ ဖြစ်ဖြစ်ပါ။ အဲဒီ လူပုံစံစက္ကူရုပ်က ငါ့ဆီကနေ တစ်ခုခု လိုချင်နေတာပဲဖြစ်မှာ။ အဲလိုမှ မဟုတ်ရင် သူ အခုလို ပြန်ရောက်လာစရာ ဘာအကြောင်းရှိလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီး စိတ်အေးလက်အေး ဖြစ်သွားသည့်ပုံစံ ဟန်ဆောင်လိုက်၏။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ချကာ ပြန်၍ တရားထိုင်နေလိုက်တော့သည်။ သူသည် အပေါ်ယံတွင် သူ၏ ကျင့်ကြံခြင်း စွမ်းအားများကို တည်ငြိမ်အောင် ထိန်းသိမ်းနေသည့်ပုံ ပေါက်နေပါသော်လည်း လက်တွေ့တွင်မူ တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားခန်းဖွင့်နေသလို သူ၏ နတ်ဘုရားအာရုံကိုလည်း အခန်းထဲ၌ ဖြန့်ကြက်ထား၏။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး ခဏအကြာတွင် နေ့ဝက်တိတိ ကုန်ဆုံးသွားတော့သည်။ လှေပေါ်မှ ပါရမီရှင်များမှာ လက်ရှိအခြေအနေကြီးအား ကျင့်သားရနေကြပြီဖြစ်သည်။ အများစုမှာဆိုလျှင် အခန်းများထဲမှ ထွက်ခွာလာကြပြီး အုပ်စုများဖွဲ့ကာ စကားပြောနေကြသည်။
ထိုကဲ့သို့ စကားစမြည် ပြောနေကြသည့် အဖွဲ့ဆယ်ဖွဲ့ကျော် ရှိပေသည်။ လီလင်းကျစ်မှာလည်း အဖွဲ့တစ်ဖွဲ့အား ဖွဲ့ထား၏။ ထိုအဖွဲ့ထဲတွင် ဖက်တီးလေးနှင့် ဆံပင်အား မိုးထိုးလုမတတ်ထောင်ထားသော အစ်ကိုကောင်းဆိုသည့် အစွမ်းထက်ကျင့်ကြံသူလည်း ရှိနေသည်။
သို့သော် အခြားသူများကို ဂရုမစိုက်ဘဲ တစ်ယောက်တည်း နေနေကြသည့် ပါရမီရှင်များလည်း ရှိပေသည်။ ဥပမာပြရလျှင် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထုတ်လွှတ်နေသည့် အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူတို့မှာ တစ်ယောက်တစ်နေရာစီ ရပ်နေကြသည်။ ပထမဆုံး အရည်အချင်း စမ်းသပ်ပွဲထဲ၌ ဝမ်ပေါင်လဲ့၏ အာရုံအား ဖမ်းစားနိုင်ခဲ့သည့် ကျင့်ကြံသူလေးယောက်ထဲမှ အခြားနှစ်ယောက်မှာမူ ရာထူးအဆင့်အတန်း မြင့်မားကြသည့်ပုံပင်။
ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ ပတ်ပတ်လည်တွင် လူအယောက်နှစ်ဆယ်ကျော် ရှိနေကြသည်။ အစ်ကိုကောင်းဆိုသည့် အစွမ်းထက်ကျင့်ကြံသူ သူမ၏ဘေးတွင် ရှိမနေပါသော်လည်း သူမ၏ ပတ်ပတ်လည်တွင် ဝိုင်းနေကြသည့် ကျင့်ကြံသူများအားလုံးမှာ ချစ်စိတ်မွှန်နေကြသည့်တိုင်အောင် သတိကြီးကြီးထားကာ သူမအား မျက်နှာချိုသွေးနေကြဆဲပင်။
ပညာရှိပုံစံ ကျင့်ကြံသူမှာမူ သူ၏ဘေး၌ လူများဝိုင်းနေသည်ကို ကျင့်သားရနေသည့်ပုံပင်။ သူသည် ခေါင်းငုံ့ကာ စာအုပ်တစ်အုပ် ဖတ်နေပြီး သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် လူများကို ဂရုစိုက်နေခြင်း မရှိပေ။ သို့သော် သူ၏ ပတ်ပတ်လည်ရှိ လူများမှာမူ သူ၏ လှုပ်ရှားမှုတိုင်းအား မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။ သူတို့မှာ ထိုကျင့်ကြံသူ သူတို့အား လှမ်းခေါ်လိုက်သည်နှင့် ရှေ့သို့လှမ်းလာရန် အဆင့်သင့်ဖြစ်နေကြသည့်ပုံပင်။
သူတို့အားလုံး ထိုကဲ့သို့ လူစုကွဲနေသောကြောင့်လည်း ဝမ်ပေါင်လဲ့မှာလည်း သူတို့၏ ဆွေးနွေးငြင်းခုံသံများကို ကြားနေရ၏။ သူတို့မှာ လျှို့ဝှက်ချက်များကို ဆွေးနွေးနေကြခြင်းမဟုတ်သောကြောင့် မည်သူကမှ သူတို့၏ ဘေးဘီဝဲယာအား အထူးတလည် အာရုံစိုက်နေကြခြင်းတော့ မရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းလောင်းနှင့် မိန်မပျိုလေး၏ နောက်ကြောင်းရာဇဝင်အား သိရှိသွား၏။
" မဟာဒိဋ္ဌိနယ်မြေထဲမှာ ဖီးနစ်ကိုးကောင်ဂိုဏ်းက အဆုံးအစမရှိလောက်အောင် ကျယ်ပြောတဲ့ စကြဝဠာကြီးကို အုပ်စိုးနိုင်စွမ်းရှိတယ်။ အဲဒီ နယ်မြေထဲမှာ ဒီဂိုဏ်းက တတိယအဆင့်မှာ ရှိနေတာ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ အကယ်၍ သူသာ မဟာဒိဋ္ဌိနယ်မြေအကြောင်း ကြားဖူးထားခြင်းမရှိပါက ထို ဖီးနစ်ကိုးကောင်ဂိုဏ်း၏ အကြောင်းကိုလည်း သိရှိထားမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူသည် ထိုအကြောင်းများကို သိရှိထားပြီးသားဖြစ်သည်။
ထို ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ ဂိိုဏ်းဖြစ်သော ဖီးနစ်ကိုးကောင်ဂိုဏ်းဆိုသည်မှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထက် အဆပေါင်းများစွာပို၍ အင်အားကြီးမားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သူက သိထား၏။ ထိုအဖွဲ့အစည်းမှာ ရှဲ့မိသားစုနှင့် မတိမ်းမယိမ်းအနေအထားတွင် ရှိနေသည်ဟုပင် အတိုင်းအတာတစ်ခုအထိ ဆိုနိုင်ပေသည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ပညာရှိပုံစံ ကျင့်ကြံသူ၏ နောက်ကြောင်းရာဇဝင်များကိုလည်း ကြားသိလိုက်ရ၏။ သူသည် ထိုကျင့်ကြံသူအား တစ်ပြည်တစ်ရွာတည်းသားအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်စလုံးမှာ မဟာလက်ဝဲဝာာအိုနယ်မြေထဲမှ ရောက်လာသည့်လူများ ဖြစ်နေကြသောကြောင့်ပင်။ သို့သော် ထိုလူငယ်လေးမှာမူ မဟာလက်ဝဲဝာာအိုနယ်မြေထဲရှိ အဆင့်တစ်ဂိုဏ်းဖြစ်သော လမ်းကိုးသွယ်တာအိုဂိုဏ်းထဲမှ ဖြစ်သည်။ ထို့အပြင် သူသည် ထိုဂိုဏ်းထဲရှိ လက်ထောက် တာအိုသခင်တစ်ပါး၏ တစ်ဦးတည်းသောတပည့်လည်း ဖြစ်သည်။
သို့ဖြစ်ရာ သူ၏ ရာထူးအဆင့်အတန်းမျိုးနှင့်ဆိုလျှင် သူ စကားတစ်ခွန်းဆိုလိုက်ရုံနှင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့တုန်လှုပ်သွားရမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ လမ်းကိုးသွယ်တာအိုဂိုဏ်း၏ အမိန့်အား မဖြစ်မနေ နာခံရသည့် အဖွဲ့အစည်းတစ်ခု မဟုတ်ပါလော။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ အစ်ကိုကောင်းဆိုသူ၏ နောက်ကြောင်းရာဇဝင်ကိုလည်း သိရှိလိုက်ရသေးသည်။ သူ၏ အမည်မှာ ကောင်းရှုံ့ ဖြစ်ပြီး သူသည် အဆုံးမဲ့တာအိုနယ်မြေထဲ၌ နာမည်ရလာသည့် ကုန်သွယ်မိသားစုတစ်ခုမှ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ဂဏန်းအနည်းငယ် အတွင်းတွင် ထိုမိသားစု၏ ဩဇာအာဏာမှာ တမူထူးခြားသည့်အဆင့်သို့ ရောက်ရှိလာ၏။
ရှဲ့မိသားစုမှာ ထိုမိသားစုအား ဖိနှိပ်ခဲ့ခြင်း မရှိဘဲ ထိုကဲ့သို့ အင်အားကြီးထွားလာခွင့် ပေးခဲ့သည်ဖြစ်ရာ အပြင်လူများ မသိထားသော အကြောင်းရင်းများ ရှိနေနိုင်ပေသည်။
" သူတို့တွေ အကုန်လုံးရဲ့ နောက်ကြောင်းရာဇဝင်တွေက ကြောက်စရာတွေချည်းပါပဲလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်မိလိုက်ပြီးနောက် နှုတ်ခမ်းစူကာ တွေးလိုက်၏ " ငါ့ရဲ့ အဆင့်အတန်းကလည်း နှယ်နှယ်ရရတော့မဟုတ်ပါဘူးကွ။ ငါက အမှောင်ဂိုဏ်းရဲ့ အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေတဲ့အပြင် ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးကလည်း အရမ်းကို ကြောက်စရာကောင်းတာလေ။ တကယ်လို့ ငါသာ အဲဒီအကြောင်းတွေ ထုတ်ပြောလိုက်မယ်ဆိုရင် သူတို့တွေအကုန် လိပ်ပြာလွင့်သွားလောက်တယ် "
ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်သောအခါမှ စိတ်ကျေနပ်သွား၏။ တစ်ချိန်ထဲမှာပင် မျက်နှာဖုံးနှင့် အမျိုးသမီးမှာ သူမ၏ နောက်ကြောင်းရာဇဝင်အား လူသိမခံလိုသောကြောင့် မည်သူနှင့်မှ စကားမပြောဘဲ တစ်ယောက်တည်း ရှိနေသည်ဖြစ်ကြောင်း သူက သိလိုက်ရသည်။ အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားကာ နောက်ကျောတွင် ဓားရှည်တစ်လက်အား လွယ်ထားပြီး သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထုတ်လွှတ်နေသော လူငယ်လေးမှာမူ သူ၏အနီးသို့ ရောက်လာသည့် လူတိုင်းအား ရန်လိုသည့် အမူအရာများနှင့်သာ ပြန်၍တုံ့ပြန်ခဲ့သည်။
ဝမ်ပေါင်လဲ့မှာ သဲလွန်စအချို့အား ရိပ်မိနေပါသော်လည်း ခရီးစဉ်မှာ တစ်ရက်တည်း ကြာမြင့်မည်ဖြစ်ရာ တိုတောင်းလွန်းလှပေသည်။ ထိုသို့သာ မဟုတ်ဘဲ အချိန်ပိုရမည်ဆိုပါက သူသည် သတင်းအချက်အလက်များကို ထပ်၍ စုံစမ်းနိုင်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်နေသည်။
ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားအာရုံခံနိုင်စွမ်းအား အသုံးပြု၍ အခြားသူများ၏ ပြောစကားများကို နားထောင်နေသလို အခြားသော ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့မှာ သူအတွက် အသုံးဝင်သည့် သတင်းအချက်အလက် အမြောက်အမြားကို ကြားသိခဲ့ရပါသော်လည်း သူတို့မှာ ထိုသတင်းအချက်အလက်များကို သိရှိထားပြီးသား ဖြစ်သောကြောင့် အထူးတလည် အာရုံစိုက်နေကြခြင်းမရှိပေ။ သူတို့ အသိချင်ဆုံး အရာမှာ ဝမ်ပေါင်လဲ့၏ နောက်ကြောင်းရာဇဝင်ဖြစ်နေ၏။
ဝမ်ပေါင်လဲ့၏ အပြုအမူများမှာ အခြားသူများ၏ အမြင်တွင် အံ့ဩမှင်တက်ဖွယ်ရာ ကောင်းသည့် အဆင့်သို့ မရောက်သေးလျှင်တောင် သူတို့မှာ သူ့အား ရွံရှာစက်ဆုပ်နေကြပြီ မဟုတ်ပါလော။
သူတို့မှာ ထိုကဲ့သို့ ရွံရှာစက်ဆုပ်နေရုံလောက်သာဆိုပါက ရေးကြီးခွင့်ကျယ်မဟုတ်ပေ။ သို့သော် သူ၏ အစွမ်းအစများမှာလည်း တမူထူးခြားနေသည့်အပြင် သူသည် အစွမ်းအထက်ဆုံး ပါရမီရှင်လေးယောက်နှင့်လည်း ယှဉ်ပြိုင်နိုင်စွမ်းရှိနေသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် အခြားသူများ သူ့အကြောင်း ပြောဆိုနေကြသည်မှာ မထူးဆန်းပေ။
" ရှဲ့မိသားစုက ရှဲ့တလု ဟုတ်လား။ ငါတော့ ရှဲ့မိသားစုထဲမှာ အဲဒီနာမည်ကို တစ်ခါမှမကြားဖူးဘူး။ သူ့နာမည်ကြောင့် ရှဲ့မိသားစုထဲက ဟို အရှက်မရှိတဲ့ ရှဲ့ဟေးရန်ဆိုတဲ့ ကောင်ကိုတောင် ပြန်ပြီးတော့ သတိရသွားပြီ "
" သူက မင်းတို့တွေအကုန်လုံးရဲ့ ရှေ့မှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲက ပါရမီရှင်ကို အရှင်လက်လက် ဖမ်းဆီးခဲ့ပြီးတော့ သူ့ရဲ့ ဝင်ခွင့်နေရာကို လုယူခဲ့တာ ဟုတ်လား "
" ဘာရယ်။ ကြယ်ကြွေသံတမန်ကြီးက သူ မှော်ဝိညာဉ်သစ်သီးတွေ ယူစားတာကို မတားခဲ့ဘူး ဟုတ်လား "
" ပြီးတော့ သူ့ကို လှေလှော်ခိုင်းခဲ့ပြီး အင်မော်တယ်ချီတွေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ခွင့် ပြုခဲ့သေးတာ ဟုတ်လား "
ထို စကားသံများ ထွက်ပေါ်လာသည်နှင့် သူ့အကြောင်း ကြားသိလိုက်ရသည့် လူတိုင်းမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်သာ ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ သူတို့၏ နတ်ဘုရားအာရုံများဖြင့် ဝမ်ပေါင်လဲ့၏ အခန်းအား လှမ်း၍ အကဲခတ်လိုက်ကြ၏။ ခေါင်းလောင်းနှင့် မိန်းမပျိုလေး၊ ပညာရှိပုံစံ ကျင့်ကြံသူနှင့် အနက်ရောင် ဝတ်ရုံများ ဆင်မြန်းထားသည့် လူငယ်လေးတို့မှာလည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့၏ လုပ်ရပ်များမှာ အံ့သြမှင်တက်ဖွယ်ရာ ကောင်းလွန်းနေ၏။
သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့ လှေလှော်ဖူးသည့်လူ တစ်ယောက်ပင် မရှိပေ။ သူသည် မှော်ဝိညာဉ်သစ်သီးအား စားဖူးခဲ့သည့် ပထမဆုံးပုဂ္ဂိုလ် မဟုတ်ပါသော်လည်း သူ့ထက်အရင် စားနိုင်ခဲ့သည့် လူမှာ ရာထူးအဆင့်အတန်း အလွန်အင်မတန်မှ မြင့်မားလွန်းနေသည် မဟုတ်ပါလော။
ထို့အပြင် သူတို့မှာ ဝမ်ပေါင်လဲ့ မှော်ဝိညာဉ်သစ်သီးများနှင့် လေလက်မှတ်များ ရောင်းချခဲ့သည့် အကြောင်းအရာများကိုပါ သိရှိသွားကြသောအခါ...
" ဒီကောင်က ရူးနေတာလားဟ "
" သူ ရှဲ့မိသားစုကဆိုတာ ငါ ယုံသွားပြီဟေ့ '
" ငါ့အထင်တော့ သူက ရှဲ့ဟေးရန်ရဲ့ ညီလေးတောင် ဖြစ်ရင်ဖြစ်နေလောက်တယ် "
ဝမ်ပေါင်လဲ့မှာ ထိုစကားများအားလုံးကို ပြန်ကြားနေရသဖြင့် ချောင်းဟန့်၍ မသိချင်ယောင်ဆောင်ရန် ကြိုးစားလိုက်၏။ သို့သော် သူသည် အခြားသူများ သူ့အား ရှဲ့ဟေးရန်၏ ညီလေးဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ အနည်းငယ်ခန့် မကျေမနပ် ဖြစ်သွားရသည်။ သူသည် သူ့ကိုယ်သူ ရှဲ့ဟေးရန်၏ အစ်ကိုဟု သတ်မှတ်ထားသည်မဟုတ်ပါလော။
သို့သော် ထိုအကြောင်းများအား လူသိရှင်ကြား ထုတ်ပြောရန်မှာ သင့်တော်မှု မရှိသလို သူ့အတွက် အကျိုးလည်း မရှိနိုင်ပေ။ ထို့ကြောင့် သူသည် နှာမှုတ်လိုက်ပြီးနောက် ထိုအကြောင်းများကို မေ့ထားလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူသည် ခေါင်းမော့ကာ ပြတင်းပေါက်အပြင်ဘက်ရှိ စက္ကူပင်လယ်နက်ကြီးအား လှမ်းကြည့်နေလိုက်တော့သည်။
သူသည် ခပ်လှမ်းလှမ်းတွင် ဧရာမ အလုံးကြီးတစ်လုံး စက္ကူပင်လယ်နက်ကြီးပေါ်၌ ပေါလောပေါ်နေသည်ကို မြင်လိုက်ရသည်။ အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထို အလုံးကြီးမှာ ဂြိုဟ်တစ်လုံးဖြစ်နေကြောင်း သိလိုက်ရမည်သာ ဖြစ်သည်။
အမှန်တွင် စက္ကူပင်လယ်နက်ကြီးပေါ်၌ ထိုကဲ့သို့သော ဂြိုဟ်များကို မကြာခဏဆိုသလို မြင်တွေ့ရနိုင်ပေသည်။ သို့သော် ၎င်းတို့မှာ ထိုသင်္ဘောကြီး စတင်ပေါ်ပေါက်လာခဲ့သည့် နေရာအနီး၌ ရှိမနေခဲ့သည့်ပုံပင်။ ထို့ကြောင့်လည်း သူတို့မှာ ယခုမှ ၎င်းတို့အား စမြင်လိုက်ရခြင်း ဖြစ်သည်။
" ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ပေါလောပေါ်နေတဲ့ ဂြိုဟ်ကြီးတစ်လုံး... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်မိလိုက်၏။ ထိုသို့ဖြင့် ခရီးစဉ် ပြီးဆုံးသွားတော့မည့်အချိန်သို့ ရောက်ရှိလာတော့သည်။ သင်္ဘောကြီး၏ အမြန်နှုန်း တဖြည်းဖြည်း လျော့ကျလာသည့်နှင့် ဝမ်ပေါင်လဲ့သာမက သင်္ဘောပေါ်ရှိ အခြား ကျင့်ကြံသူများအားလုံးမှာ အလွန်အင်မတန်မှ ဝေးကွာသည့်နေရာတစ်ခုတွင် အခြားဂြိုဟ်များနှင့် မတူဘဲ ကွဲထွက်နေသည့် ဂြိုဟ်တစ်လုံးကို မြင်လိုက်ရတော့သည်။
ထို ဂြိုဟ်ကြီးမှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင်။ အစတွင် လူအချို့မှာ မည်သည့်အရာကိုမှ မမြင်ခဲ့ရပါသော်လည်း အချို့မှာမူ မြူခိုးများကိုသာ မြင်ခဲ့ရ၏။ ထို့နောက် ထိုပုံရိပ်ကြီးမှာ ထပ်၍ ပြောင်းလဲသွားပြန်သည်။ သို့ဖြစ်ရာ ထို ဂြိုဟ်ကြီးမှာ အချိန်နှင့်အမျှ ပြောင်းလဲနေသည့်ပုံပင်။ သို့သော် ၎င်း မည်မျှပင် ပြောင်းလဲနေစေကာမူ လှေပေါ်တွင် ရှိနေကြသည့် လူတိုင်းမှာ ၎င်းအား အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ၎င်းမှာ ဂြိုဟ်တစ်လုံးဖြစ်နေကြောင်း သိလိုက်ရသည်သာဖြစ်သည်။
" ပုံရိပ်ယောင်ဂြိုဟ်ပါလား " သူတို့အားလုံး၏ အသိစိတ်များထဲ၌ ထိုစကားလုံးများ ပေါ်ပေါက်လာသည်နှင့် ထို ပုံရိပ်ယောင်ဂြိုဟ်ကြီးမှာ ချက်ချင်းဆိုသလိုပင် အဆမတန်ကြီးမားလာ၏။ ၎င်းမှာ အလွန်အင်မတန်မှ ကြီးမားလာသဖြင့် သင်္ဘောပေါ်မှ လူများမှာ ၎င်းသည် အနက်ရောင် စက္ကူပင်လယ်ကြီးထက်ပင် ပို၍ကြီးနေသည်ဟု ထင်ယောင်ထင်မှား ဖြစ်သွားရတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ထိုသင်္ဘောကြီးအား လွှမ်းခြုံသွားပြီး ၎င်းနှင့်အတူ တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ ဖြစ်သွား၏။