← Chapters

ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖူးတာလား

Vol. 68 Ch. 934

ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖူးတာလား

Vol. 68 Ch. 934

၎င်းမှာ ကြယ်သုဿာန်၏ အရည်အချင်းစမ်းသပ်ပွဲအတွက် အသုံးပြုမည့် ဂြိုဟ်ဖြစ်သည်။ ထိုဂြိုဟ်အား ပုံရိပ်ယောင်ဂြိုဟ်ဟု ခေါ်ပါသော်လည်း ထိုဂြိုဟ်ထဲတွင် တောင်တန်းများ၊ မြစ်များနှင့် သစ်ပင်ပန်းမန်များ ရှိနေကြ၏။

သို့သော် သစ်ပင်ပန်းမန် အများစုမှာ အပြာရောင်ဖြစ်နေကြပြီး မြစ်ရေများမှာ နွားနို့ကဲ့သို့ ဖြူဆွတ်နေ၏။ ကောင်းကင်ယံကြီးမှာမူ မကြာခဏဆိုသလို အရောင်ပြောင်းလဲနေသောကြောင့် အလွန်အင်မတန်မှ လှပပေသည်။

မြေပြင်ကြီးမှာမူ ဝမ်ပေါင်လဲ့ မြင်ဖူးနေကျ အတိုင်းပင်။ အနက်ရောင် မြေမျက်နှာပြင်ပေါ်တွင် တွားသွားသတ္တဝါများ ဟိုဟိုသည်သည် ပြေးလွှားနေကြသဖြင့် ထို ဂြိုဟ်ကြီးတစ်ခုလုံးမှာ သက်ရှိများဖြင့် ပြည့်နှက်နေတော့သည်။

" ဒါ အထူးဂြိုဟ်တစ်လုံးပဲ " ဝမ်ပေါင်လဲ့တစ်ယောက် ဝေ့ဝိုက်ကြည့်ရှုနေစဉ် သူ၏ဘေးမှ စကားသံတစ်သံ ထွက်ပေါ်လာ၏။ ထိုသို့ ဆိုလိုက်သည့် ကျင့်ကြံသူမှာ သူ့ဆီမှ လှေလက်မှတ်တစ်စောင် ဝယ်ယူဖူးခဲ့သည့် ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။ သူသည် သူ၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်နိုင်စွမ်းမရှိဘဲ ဤဂြိုဟ်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းပစ်ချင်နေသည့်ပုံ ပေါက်နေသည်။

သူတို့ လိုက်ပါစီးနင်းလာခဲ့ကြသည့် သင်္ဘောကြီးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူတို့အားလုံး ထိုဂြိုဟ်ကြီးနှင့် ပေါင်းစည်းသွားသည်နှင့် တစ်ပြိုင်နက် အခြားပစ္စည်းများအားလုံးမှာ ပျောက်ကွယ်သွားကြသည်သာ ဖြစ်သည်။ သူတို့ ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင် သူတို့အားလုံးမှာ အတူတကွရှိနေကြသည်။

သူတို့မှာ ချက်ချင်းဆိုသလိုပင် လူစုခွဲသွားလိုက်ကြပြီး ဤ ဂြိုဟ်ကြီးမှာ အထူးဂြိုဟ်တစ်လုံးဖြစ်ကြောင်း ချက်ချင်းသိရှိသွားကြသဖြင့် ၎င်းနှင့် ပေါင်းစည်းရန် ကြိုးစားလိုက်ကြသည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ဘေးမှနေ၍ စကားပြောလိုက်သည့် ပါရမီရှင်ထက်ပင် ပို၍ မြန်ဆန်နေသည့်လူများ ရှိပါသော်လည်း မည်သူကမှ မအောင်မြင်ခဲ့ပေ။

" သဘောကောင်းလှပါလား။ အရည်အချင်းစမ်းသပ်ပွဲလည်း ပြောသေးတယ် အထူးဂြိုဟ်တစ်လုံး ထုတ်ပေးထားရတယ်လို့ " ဝမ်ပေါင်လဲ့မှာ အထူးဂြိုဟ်တစ်လုံး၏ တန်ဖိုးအား သိရှိထားပြီးဖြစ်သည်။ ၎င်းမှာ သာမန်ဂြိုဟ်၊ ဝိညာဉ်ဂြိုဟ်နှင့် အင်မော်တယ်ဂြိုဟ်များထက် ပို၍အဆင့်မြင့်ပြီး ဒဏ္ဍာရီလာ တာအိုဂြိုဟ်ထက် တစ်ဆင့်သာနိမ့်သည့်ဂြိုဟ် ဖြစ်ပေသည်။ ၎င်းမှာ ဥပဒေသစွမ်းအားများကို ပိုင်ဆိုင်ထားပြီး ၎င်းနှင့် ပေါင်းစည်းလိုက်သည့် လူတိုင်းမှာ ထို ဥပဒေသများကို ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ဥပဒေသစွမ်းအားများ ပိုင်ဆိုင်ထားသည့် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်‌ယောက်နှင့် တစ်ကြိမ်ပင် ဆုံတွေ့ဖူးခြင်း မရှိသေးပေ။ သူ ဆုံတွေ့ခဲ့ဖူးသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူအများစုမှာ အဆင့်မြှင့်ထားသည့် ဝိညာဉ်ဂြိုဟ်များကိုသာ ပိုင်ဆိုင်ထားကြသည့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ သို့သော် သူသည် အထူးဂြိုဟ်များ ပိုင်ဆိုင်ထားသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူများ၏ အစွမ်းအစများကို ခန့်မှန်းကြည့်နိုင်ပေသည်။

" သူတို့က ဥပဒေသစွမ်းအားတွေကို ပိုင်ဆိုင်ထားကြမှာ... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ လောဘမီးတောက်များ တောက်လောင်လာ၏။ အကယ်၍ သူသာ ဤနေရာသို့ ရောက်မလာခဲ့ပါက ကိစ္စမရှိပေ။ သို့သော် ယခုတွင်မူ သူသည် ကြယ်သုဿာန်ထဲသို့ ရောက်နေပြီဖြစ်ရာ သာမန်ဂြိုဟ်များလောက်နှင့် ကျေနပ်နိုင်တော့မည်မဟုတ်ပေ။ သူသည် အင်မော်တယ်ဂြိုဟ်များနှင့်ပင် ရောင့်ရဲနိုင်တော့မည် မဟုတ်ဘဲ အထူးဂြိုဟ်များကို ပစ်မှတ်ထားနေပြီဖြစ်သည်။

ပြင်ပကမ္ဘာထဲတွင် ထိုကဲ့သို့သော အထူးဂြိုဟ်များမှာ အလွန်အင်မတန်မှ ရှားပါးပါသော်လည်း ဤနေရာတွင်မူ သူထင်သလောက် မရှားသည့်ပုံပင်။

အထူးဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်မှသာလျှင် ဝမ်ပေါင်လဲ့မှာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဆိုသည့် ဂုဏ်ပုဒ်အား ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ သူသည် ကြယ်သုဿာန်ထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် အင်အားကြီးအဖွဲ့အစည်း အသီးသီးမှ ပါရမီရှင် အမြောက်အမြားနှင့် ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလော။

သို့ဖြစ်ရာ သူသည် ကြယ်သုဿာန်ထဲမှ ထွက်ခွာသွားပြီး ထို ပါရမီရှင်များနှင့် ပြန်လည်ဆုံတွေ့သည့် အချိန်တွင် ယခင်တုန်းက သူ့ထက်ပို၍ အဆင့်နိမ့်နေခဲ့သည့် ထို ပါရမီရှင်များ သူ့ထက်ပို၍ အဆင့်မြင့်‌နေမည်ကို မလိုလားပေ။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးနေရင်း ခေါင်းငုံ့ကာ သူ၏ ခြေထောက်အောက်ရှိ မြေပြင်ကြီးအား ကြည့်လိုက်၏။ သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာယွမ်ယင်ဝိညာဉ်ကြောင့် ပုံရိပ်ယောင်ဂြိုဟ်ကြီးထဲမှ အားကောင်းသော စွမ်းအင်အငွေ့အသက်များ သူ့ဆီသို့ တိတ်တဆိတ် ပျံ့လွင့်လာနေသည်ကို အာရုံခံမိနေသည်။ ထို အငွေ့အသက်များမှာ သူ၏ ခန္ဓာကိုယ်အား ဝန်းရံထားကြသဖြင့် သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာလည်း သိသိသာသာ တိုးတက်လာနေပြီ ဖြစ်သည်။

" ကြယ်သုဿာန်အင်ပါယာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ဒီ ပုံရိပ်ယောင်ဂြိုဟ်ပေါ်မှာ ပုံရိပ်ယောင် သလင်းကျောက် အတုံးသုံးဆယ်ရှိတယ်။ နောက်ထပ် ခုနစ်ရက်နေလို့ လက်ထဲမှာ အဲဒီ သလင်းကျောက်တွေကို ပိုင်ဆိုင်ထားတဲ့ လူတွေက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာပဲ "

" ရာနဲ့ချီတဲ့ ပြိုင်ပွဲဝင်တွေ သလင်းကျောက် အတုံးသုံးဆယ်ကို ပြိုင်လုကြမှာဆိုတော့ နောက်ဆုံးမှာ ကိုးဆယ်ရာခိုင်နှုန်းလောက်က ဒီ အရည်အချင်း စမ်းသပ်ပွဲထဲကနေ ထွက်သွားရမှာပဲ... အဲတာမလို့ သူတို့တွေ အဲဒီ သလင်းကျောက်တွေအတွက် တစ်ယောက်နဲ့တစ်ယောက် အသေအကျေ တိုက်ခိုက်ကြမှာ သေချာတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ အရောင်လက်သွား၏။

သူ တစ်ယောက်တည်းသာ ထိုသို့တွေးမိလိုက်သည် မဟုတ်ပေ။ အခြား ကျင့်ကြံသူများမှာလည်း မျက်ဝန်းများ ထူးဆန်းစွာ တောက်ပနေကြ၏။ ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ဓာတ်တက်ကြွစွာဖြင့် ဟိတ်ဟန်အပြည့်ထုတ်ကာ ဆန်ခါတင်စာရင်းထဲသို့ ဝင်နိုင်အောင် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်စဉ်မှာပင်... သူ အပါအဝင် ရာပေါင်းများစွာသော ပါရမီရှင်များ အားလုံး၏ ခန္ဓာကိုယ်များမှာ ရုတ်ခြည်းဆိုသလို ဝင်းလက်တောက်ပလာတော့သည်။

လူတိုင်း၏ ခန္ဓာကိုယ်များပေါ်ရှိ အလင်းရောင်များမှာ အရောင်အတူတူပင်။ ထို အလင်းရောင်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်နှင့် သူတို့၏ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် ပုံရိပ်ယောင် အမြောက်အမြား ပေါ်ပေါက်လာတော့သည်။

ထို ပုံရိပ်ယောင်များထဲတွင် လူကြီးလူငယ်၊ ကျားမမရွေး၊ လူမျိုးမရွေး ပါဝင်နေကြ၏။ ၎င်းတို့ထဲမှ အများစုမှာ ခန္ဓာကိုယ်များ တစ်စစီဆုတ်ဖြဲခံထားရသည့်ပုံ ပေါက်နေသည်။ အချို့မှာမူ ပြာချခံထားရသည့်ပုံ ပေါက်နေ၏။ သို့သော် ၎င်းတို့၏ ခန္ဓာကိုယ်အစစ်များ ပေါ်ပေါက်လာခြင်းမရှိဘဲ မှုန်ဝါးဝါး ပုံရိပ်ယောင်များသာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

၎င်းတို့ ပေါ်ပေါက်လာကြသည်နှင့် ဖိနှိပ်အားကောင်းသည့် စွမ်းအင်လှိုင်းများ စုစည်းသွားကြပြီးနောက် အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွား၏။ ၎င်းတို့၏ မျက်နှာအမူအရာများမှာ အသက်မရှိသည့်ပုံ ပေါက်နေကြပြီး ၎င်းတို့မှာလည်း အသက်သေဆုံးသွားတော့မည့်ပုံ ပေါက်နေကြသည့်တိုင်အောင် ၎င်းတို့၏ ကျင့်ကြံခြင်းစွမ်းအင်အငွေ့အသက်များမှာမူ... အစစ်အတိုင်းပင်။

အကယ်၍ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်မည်ဆိုပါက ထိုကဲ့သို့သော ပုံရိပ်ယောင်များ ထောင်နှင့်ချီ၍ ရှိနေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။ သို့သော် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ခဏအကြာတွင် ပုံရိပ်ယောင်များ ထပ်၍ ပေါ်ပေါက်လာပြန်သည်။

ထိုအခါ ပါရမီရှင်များဆီမှ အာမေဋိတ်သံအမျိုးမျိုး ထွက်ပေါ်လာကြ၏။ အဘယ်ကြောင့်ဆိုသော်... သူတို့မှာ ထို ပုံရိပ်ယောင်များသည် သူတို့ အတိတ်တုန်းက သတ်ဖြတ်ခဲ့သည့် လူများ ဖြစ်နေကြောင်း သိလိုက်ရသောကြောင့်ပင်။

ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် သူ သတ်ဖြတ်ခဲ့သည့် အဆုံမဲ့မျိုးနွယ်စုဝင်များနှင့် ကျင့်ကြံသူများကိုသာမက ပြည်ထောင်စုကြီးထဲရှိ လူများကိုပါ မြင်လိုက်ရ၏။

၎င်းမှာ... ပုံရိပ်ယောင်ဂြိုဟ်၏ စည်းမျဉ်းဖြစ်ပေသည်။ သူတို့ သတ်ဖြတ်ခဲ့သည့် လူများမှာ အသက်ပြန်ရှင်လာကြခြင်း မဟုတ်ပါသော်လည်း ပုံရိပ်ယောင်များအဖြစ် ပြန်လည်ပေါ်ပေါက်လာကြပြီး သူတို့အား ပြန်လည်တိုက်ခိုက်ကြတော့မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးပတ်ပတ်လည်တွင် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာနေသည့် ပုံရိပ်ယောင်များကိုကြည့်ရင်း ၎င်းတို့ထဲမှ အစွမ်းအထက်ဆုံးမှာ ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေကြောင်း သိလိုက်ရသည်။ သို့သော် ထို အချိန်တွင် သူသည် နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားရတော့သည်။ သူသည် တစ်ကြိမ်တုန်းက ဂြိုဟ်တစ်လုံးပေါ်၌ လူမျိုးစုတစ်ခုလုံးအား သတ်ဖြတ်ဖူးခဲ့သည်ကို ပြန်၍ သတိရသွားခြင်းဖြစ်သည်။

သူ ထိုကဲ့သို့ ပြန်၍ သတိရသွားစဥ်မှာပင် သူ၏ ဘေးပတ်ပတ်လည်ရှိ ပုံရိပ်ယောင် အရေအတွက်မှာ ချက်ချင်းဆိုသလိုပင် အဆမတန် များပြားလာတော့သည်။ ထို ပုံရိပ်ယောင်များထဲတွင် ဖွတ်များနှင့်တူသည့် သားရဲကြီးများ အမြောက်အမြား ရှိနေကြ၏။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ကမ္ဘာကြီးတစ်ခုလုံးမှာ ပြောင်းလဲသွားသကဲ့သို့ပင်။ သူ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသည့် လူများမှာဆိုလျှင် ဆွံ့အမှင်တက်သွားကြ၏။

" ဘယ်သူက ဒီလောက်အများကြီး သတ်ခဲ့တာလဲဟ "

" ဘာလဲဟ။ သူတို့က မျိုးနွယ်စုတစ်ခုလုံးကို သတ်ပစ်ခဲ့တာလား "

ထိုအခါ ဝမ်ပေါင်လဲ့မှာ မလုံမလဲဖြစ်နေသည့် အမူအရာဖြင့် မျက်စိပေကလပ်ပေကလပ် ဖြစ်သွား၏။ ထို့နောက် သူသည် ထို ပုံရိပ်ယောင်များ ပေါ်ပေါက်လာရခြင်း၏ တရားခံအား ခန့်မှန်းနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေမည်သာဖြစ်ကြောင်း ရိပ်မိသွားသဖြင့် စိတ်ထဲတွင်ကျိတ်၍ ကျေနပ်သွားသည်။ ခဏအကြာတွင် သူသည် ဒေါသတကြီးဖြစ်နေသည့် အမူအရာဖြင့် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုကာ တရားခံအား ရှာဖွေနေသည့်ပုံစံ ဟန်ဆောင်နေလိုက်တော့သည်။

ထို တရားခံအား ရှာတွေ့နိုင်မည်တော့ မဟုတ်ပေ...

သို့သော် ပုံရိပ်ယောင်ဂြိုဟ်၏ စည်မျဉ်းစည်းကမ်းများမှာ ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ခဏအကြာတွင် ထိုလူအုပ်ကြီးထဲမှ ခုနစ်ယောက်မှာ အခြားသူများထက်ပို၍ ဝင်းလက်တောက်ပလာကြ၏။ အခြားသူများ၏ အလင်းရောင်များမှာမူ ပြောင်းလဲသွားခြင်းမရှိပေ။ ထို့ကြောင့် ထိုခုနစ်ယောက်မှာ အများနှင့်မတူဘဲ ကွဲထွက်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို ခုနစ်ယောက်ထဲတွင် ပါနေ၏။ ကျန်ခြောက်ယောက်ထဲမှ ငါးယောက်မှာ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီး၊ သူမ နည်းတူ အစွမ်းထက်သည့် ပါရမီရှင်သုံးယောက်နှင့် အစွမ်းထက်ကျင့်ကြံသူ ကောင်းရှုံ့တို့ ဖြစ်ကြပေသည်။ နောက်ဆုံးတစ်ယောက်မှာမူ အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်အရွယ်သာ ရှိသေးသည့်ပုံပေါ်သော မိန်းမငယ်လေးတစ်ယောက် ဖြစ်၏။ ထို မိန်းမငယ်လေးမှာ ပိန်ပါးပါးနှင့် အန္တရာယ်ပြုနိုင်မည့်ပုံ လုံးဝမပေါ်ပေ။ သင်္ဘောကြီးပေါ်တွင် ရှိနေခဲ့စဉ်တုန်းက သူမသည် လီလင်းကျစ်၏ အဖွဲ့ထဲ၌ ရှိနေခဲ့၏။ ထို့အပြင် သူမသည် ရာထူးအဆင့်အတန်း မြင့်မားသည့်ပုံလည်း မပေါ်ပေ။

ဝမ်ပေါင်လဲ့ပင်လျှင် သူမအား သတိထားမိခဲ့ခြင်း မရှိသောကြောင့် ယခုကဲ့သို့ မြင်လိုက်ရချိန်တွင် ဆွံ့အမှင်တက်သွားရ၏။

သူတို့ ခုနစ်ယောက်၏ အလင်းရောင်ပြင်းအားများမှာ တစ်ယောက်နှင့်တစ်ယောက် မတူကြပေ။ ထို အလင်းရောင်ပြင်းအားများအပေါ် မူတည်၍ သူတို့အား အဆင့်ခွဲခြားနိုင်ပေသည်။ သူတို့ထဲတွင် နောက်ကျော၌ ဓားရှည်တစ်လက်အား လွယ်ထားသည့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေး၏ အလင်းရောင်မှာ ပြင်းအားအကောင်းဆုံး ဖြစ်၏။ သူသည် မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသည်။

အလင်း‌အရောင်ပြင်းအား အနည်းဆုံးလူမှာ ကောင်းရှုံ့ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ အလယ်အလတ်အဆင့်တွင် ရှိနေ၏။ သူတို့၏ ခန္ဓာကိုယ်ထဲမှ အလင်းရောင်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်နှင့် သူတို့၏ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် ပေါ်ပေါက်လာသည့် ပုံရိပ်ယောင်များမှာ ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး နောက်သို့ အလျင်အမြန် ထွက်ပြေးဆုတ်ခွာသွားကြသည်သာ ဖြစ်သည်။

၎င်းတို့ ထွက်ပြေးဆုတ်ခွာသွားသည်နှင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ မြည်ဟည်းသွားပြီး ပုံရိပ်ယောင် အခုငါးဆယ်ကျော် ပေါ်ပေါက်လာပြန်သည်။ ထို ပုံရိပ်ယောင် တစ်ခုချင်းစီတိုင်းမှာ အခြေအနေ ဆိုးရွားကာ သနားစရာကောင်းနေပါသော်လည်း ၎င်းတို့ဆီမှ ဂြိုဟ်အဆင့် အငွေ့အသက်များ ထွက်ပေါ်လာ၏။

ထို့အပြင် ၎င်းတို့၏ မျက်နှာအမူအရာများမှာ အသက်မဲ့နေခြင်း မရှိတော့ပေ။ ၎င်းတို့မှာ အမုန်းမီးတောက်များ တောက်လောင်နေသည့် မျက်ဝန်းများဖြင့် သူတို့အား သတ်ဖြတ်ခဲ့သည့် လူခုနစ်ယောက်အား စိုက်ကြည့်နေကြသည်။

" ဂြိုဟ်အဆင့် ကျင့်ကြံသူတွေပါလား "

" သူတို့ ခုနစ်ယောက်က ဂြိုဟ်အဆင့် ကျင့်ကြံသူတွေကိုပါ သတ်ဖူးကြတာပဲဟ "

" အများကြီးပါလား "

သူတို့အားလုံး ဆူညံပွက်လောရိုက်နေကြစဉ် ကြယ်သုဿာန်အင်ပါယာ၏ တော်ဝင်မြို့တော်အလယ်ရှိ အဖြူရောင်စက္ကူများဖြင့် တည်ဆောက်ထားသော ခန်းမကြီးထဲတွင် လူပုံစံစက္ကူရုပ်ငါးရုပ်မှာ တရားထိုင်နေ၏။ ၎င်းတို့မှာ ၎င်းတို့၏ ရှေ့တွင်ရှိနေသည့် အနက်ရောင်ရေများဖြင့် ပြည့်နှက်နေသော ဇလုံတစ်ခုအား စိုက်ကြည့်နေကြသည်။

ထို အနက်ရောင် ရေမျက်နှာပြင်ပေါ်တွင် အဖြူရောင်အစက်အပြောက်လေးများ အမြောက်အမြား ရှိနေကြ၏။ ထို အဖြူရောင် အစက်အ‌ပြောက် တစ်ခုချင်းစီတိုင်းမှာ ဂြိုဟ်တစ်လုံးကို ကိုယ်စားပြုပေသည်။ ထိုအချိန်တွင် ထို အဖြူရောင် အစက်အပြောက်လေးများထဲမှ တစ်ခုမှာ ရုတ်တရက်ဆိုသလို အနီရောင်ပြောင်းသွား၏။

ထို အနီရောင် အစက်အပြောက်လေး ပေါ်ပေါက်လာမှုကြောင့် လူပုံစံစက္ကူရုပ် ငါး‌ရုပ်မှာ ချက်ချင်းဆိုသလိုပင် ဆွံ့အမှင်တက်သွားကြတော့သည်။

" ဒါ... ပြင်ပနယ်မြေထဲက ဝင်ခွင့်ရတဲ့ လူတွေကို အရည်အချင်းစစ်ဆေးနေတဲ့ ပုံရိပ်ယောင်ဂြိုဟ်မလား... "

" တကယ်ကြီး အနီရောင်ပြောင်းသွားတာပါလား "

" အဲဒီ အဆင့်နိမ့် ပုံရိပ်ယောင်ဂြိုဟ်ရဲ့ စည်မျဉ်းစည်းကမ်းတွေအရဆိုရင် ပုံရိပ်ယောင်တွေထဲမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေ ပေါ်ပေါက်လာမှပဲ အနီရောင်ပြောင်းသွားရမှာလေ "

" ပြင်ပနယ်မြေထဲက ရောက်လာတဲ့ ကျင့်ကြံသူတွေအကုန်လုံးက ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်မှာပဲ ရှိနေကြသေးတာပါ။ သူတို့ထဲက တစ်ယောက်ယောက်က ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖူးတာလား "

" မဖြစ်နိုင်တာ... "

All Chapters