← Chapters

ထူးဆန်းသောအရာ၏ ကျူးကျော်လာမှု

Vol. 31 Ch. 432

ထူးဆန်းသောအရာ၏ ကျူးကျော်လာမှု

Vol. 31 Ch. 432

နတ်ဘုရားတစ်ပါးက မြစ်ပြင်ထက်တွင် ရပ်လျက် ... တစ်ပါးက နှစ်တစ်ရာတောင်ပေါ်တွင် ရပ်လျက် ... တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်နေမိကြသည်။

မြစ်လေညင်းက တညင်းညင်း တိုက်ခတ်နေပြီး တောင်လေပြေက တဝေါဝေါ လေထန်နေသည်။ နွေဦးပေါက်ရုံသာ ရှိသေးသော်လည်း လေနှစ်ခုလုံး အရိုးထဲ စိမ့်နေအောင် အေးချေ၏။

တခဏကြာ‌သော် နဂါးထိန်းဧကရာဇ်က မြစ်ရေထဲ တစတစ ငုပ်သွားပြီး ပြောလိုက်သည်။ “အရင်ဆုံး မင့်ရဲ့ နှစ်တစ်ရာတောင်ကို သန့်ရှင်းရေး လုပ်လိုက်ဦး။ ပြီးရင် တောင်နတ်ဘုရားကျောင်း‌ဆောင်တစ်ခု ဆောက်။ ငါ မင်းကို စားပွဲသောက်ပွဲနဲ့ ကြိုဆို‌ပေးပါ့မယ်။ မင့်ရဲ့‌တောင်က အတော်လေး တိတ်ဆိတ်တယ်ကွ။ သင်္ချိုင်းကန်တော့ပွဲတို့၊ သရဲပွဲတော်တို့ကျမှ လူတွေ လာကြတာ။ အမွှေးတိုင်လည်း တော်တော်နည်းတယ်။ မင်း ငတ်ပြတ်နေရင်တော့ ငါ မင်းကို ငါ့ဝေစုထဲကနေ နည်းနည်းပါးပါး မျှပေးပါ့မယ်”

နတ်ဘုရားပိုင်ရှီ စိတ်ညစ်သွားသည်။ နဂါးထိန်းဧကရာဇ်က အသားစားသူဖြစ်ရာ သူ့ကို ဝေမျှပေးမည့် အစာမှာလည်း မြစ်ထဲတွင် သတ်သေသွားသူများသာ ဖြစ်လိမ့်မည်။ ထို့အပြင် သူ့မှာ အလောင်းများ ပုံနေသည့် သင်္ချိုင်းတောင်ကုန်းပေါ်တွင် သက်သက်လွတ်သမား လာဖြစ်နေသည်။ စားစရာ သစ်ပင်၊ သစ်သီးလည်း မရှိပေ။

‘အရင်ဆုံး ကျောင်းဆောင်ဆောက်ရမယ်။ ဆောက်ပြီးရင်တော့ ငါ့ကို အမွှေးတိုင်၊ သစ်သီးတွေနဲ့ ပူဇော်ပသမယ့် ယုံကြည်သူတွေ ပေါ်လာလောက်ပါတယ်။ သစ်သီးတွေ ပုပ်မနေသရွေ့ စားလို့ရပါသေးတယ်...”

ကျစ်ကျင်းမြို့ထဲတွင်

အရှေ့ရှိ ဆယ့်ငါးကိုက်မြင့်သော မိုးကြိုးငါးသွယ်အိုးကို မော့ကြည့်ကာ ချင်မူ ‌ခေါင်းကိုက်လာသည်။ ဤဘူးသီးခြောက်ကြီးတွင် တစ်ကမ္ဘာလုံးကို မှုန့်မှုန့်ခြေပစ်နိုင်သည့် စွမ်းအားကိန်းဝပ်နေသည်။ မဟာမိုးကြိုးတိမ်တိုက်ငါးခုကို မတော်တဆ လွှတ်ပေးလိုက်မိလျှင် တစ်ကမ္ဘာလုံး ပျက်စီးမည့် ကပ်ဘေးကြီးဖြစ်လာလိမ့်မည်။

“ဂိုဏ်းသခင် ဒီမိုးကြိုးငါးသွယ်အိုးကို ဘာလုပ်ရမလဲ။ ဖွက်လိုက်ရမလား”

ကောင်းကင်နတ်ဆိုးဂိုဏ်းသားအားလုံး ဤဘူးသီး‌ခြောက်ကြီးကို ရင်တမမဖြင့် ဝိုင်း၍ ကြည့်နေကြသည်။ ချင်မူ ခေါင်းယမ်းလိုက်၏။ “ဒီဘူးသီးခြောက်က ဘယ်မှာမှ စိတ်မချရဘူး။ နည်းနည်းပါးပါး ပေါ့ဆမိတာနဲ့ အထဲက စွမ်းအား အသက်ဝင်လာလိမ့်မယ်။ ကောင်းကင်မိုးကြိုး ပစ်ချလိုက်တာနဲ့ လူဘယ်နှယောက်တောင် သေမလဲ မသိနိုင်ဘူး”

သူက ဘူးသီးခြောက်ကို လှည့်ပတ်ကြည့်ရှုရင်း ‘ဗြဟ္မာကြီးဦးခေါင်း ထားစရာမရှိ’ သကဲ့သို့ ဖြစ်နေသည်။ အဆိုးဆုံးက ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် မိုးကြိုးငါးသွယ်အိုးသာ ရှိနေခြင်းမဟုတ်။ အင်ပါယာကို ဆယ်ကြိမ်ဆယ်ခါ ဖျက်စီးပစ်နိုင်သော မိုးလေဝသလက်နက်တစ်ဒါဇင်ကျော် ရှိနေခြင်းဖြစ်သည်။

ချင်မူ မိုးကြိုးငါးသွယ်အိုးကို လက်ဖြင့် တောက်ကြည့်လိုက်ရာတွင် အားလုံး ခေါင်းမွှေးများ ထောင်ကုန်ကြသည်။ သူတို့အပေါ်တွင် ကောင်းကင်မိုးကြိုးတိမ်တိုက်များ တမုဟုတ်ချင်း စုဝေးလာပြီး အရပ်ငါးမျက်နှာမိုးကြိုးများ တဂျုန်းဂျုန်း ပစ်ချလိုက်ကြသည်။

မိုးကြိုးလှိုင်း ပစ်ချပြီးသည့်အခါ အပြင်ရှိလူတိုင်းမှာ မီးသွေးတုံးကဲ့သို့ မည်းခြစ်သွားကြသည်။ သူတို့ရပ်နေခဲ့သော ခြံဝင်းမှာလည်း မိုးကြိုးကြောင့် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည်။ အဆောက်အဦးများလည်း ပြိုကျသွားသည့်အပြင် မြေပြင်သည်ပင် အရည်ပျော်ကျသွား၏။

ချင်မူ မီးခိုးငွေ့တစ်လုပ်ကို ထွေးထုတ်ပြီးနောက် စဉ်းစားနေသည်။ “ဒီဟာကြီးက ရုပ်ခန္ဓာကို မာကြောအောင် လေ့ကျင့်ပေးဖို့အတွက် မဆိုးဘူး။ မဟာမိုးကြိုးတိမ်တိုက်ငါးခုရဲ့ စွမ်းအားကို ငှားယူပြီး ရုပ်ခန္ဓာကို မြန်မြန်ဆန်ဆန် ကျင့်ပေးနိုင်မယ်။ ဒါကို အိမ်ပြန်သယ်ကြစို့... နတ်ဂိုဏ်းဆီ သယ်ကြမယ်”

“ဂိုဏ်းသခင်” အားလုံး၏အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားပြီး အကြီးအကဲစစ်ကုန်းမှာ အော်ငိုမိတော့မလို ဖြစ်သွားသည်။ “ကျွန်တော်တို့ ဒါကြီးကို နတ်ဂိုဏ်းဆီ သယ်သွားလို့ မတော်တဆ ပေါက်ကွဲသွားပြီး နတ်ဂိုဏ်း ပျက်သုဉ်းသွားလိမ့်မယ်”

ချင်မူ အခက်တွေ့သွားသည်။ “ဒီရတနာကို နတ်ဂိုဏ်းက အသုံးမချဘူးဆိုရင် အလကားဖြစ်မသွားဘူးလား”

“မဖြစ်ပါဘူး လုံးဝမဖြစ်ပါဘူး” အကြီးအကဲစစ်ကုန်းက ကပျာကယာ ပြောသည်။

ချင်မူ မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်၏။ “ဒီဘူးသီးခြောက်က အသုံးဝင်တဲ့နေရာတွေ အများကြီးပဲ။ ဒါတောင် အကြီးအကဲတို့က ဘယ်လောက်ကောင်းမှန်း မသိကြဘူး။ ထားပါတော့ ကျွန်တော်ပဲ သိမ်းထားလိုက်တော့မယ်။ ကျွန်တော့်ရဲ့ နဂါးသိုက်ထဲ ထည့်ပေး။ ကျွန်တော် ဒါကို သုံးစရာနေရာ ရှိတယ်”

အားလုံး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။ မိုးကြိုးငါးသွယ်အိုးသည် အတိုင်းထက်အလွန် အန္တရာယ်များသောအိုးကြီး ဖြစ်၏။ မည်သည့်နေရာတွင် အသုံးတည့်နိုင်မည်နည်း။ အချိန်မရွေး အသက်နုတ်ပစ်နိုင်သော ချိန်ကိုက်‌ဗုံးကြီးတစ်လုံး မဟုတ်ပါ၏လော။

နဂါးသိုက်ထဲတွင် ထည့်လိုက်လျှင် မိုးကြိုးစွမ်းအား အပြင်ထွက်လာနိုင်မည်မဟုတ်ပေ။ သို့သော် အပြင်ထွက်လာနိုင်သည်နှင့် နတ်ဘုရားများကိုပင် သေအောင် ပစ်ချနိုင်လိမ့်မည်။

‘မိုးကြိုးငါးသွယ်အိုးကို ခန္ဓာကိုယ်မာကြောအောင် ကျင့်ဖို့အပြင် ဂိုဏ်းတစ်ဂိုဏ်းကို သုတ်သင်ဖို့လည်း အသုံးချနိုင်တယ်။ ငါ မနိုင်နိုင်တဲ့ လူနဲ့ တွေ့ရင် အိုးကို ရိုက်ပြီး ငါနဲ့အတူ အဲဒီလူကိုလည်း သေရွာခေါ်သွားရမယ်’ ချင်မူ သူ့ဘာသာ တွေးလိုက်မိသည်။

အားလုံး မိစ္ဆာငါးပါးကူးပြောင်းအစီအရင်ကို အတူတူ ထုတ်လွှတ်၍ မိုးကြိုးငါးသွယ်အိုးကို အစစ်အမှန်နဂါးသိုက်ထဲ ထည့်လိုက်သည်။ သူတို့၏ မဟာနတ်ဂိုဏ်းသခင်တွင် အလွန်အန္တရာယ်များသော အကြံကြီး ရှိနေလိမ့်မည်ဟု တစ်ယောက်မှ မတွေးမိကြပေ။

ချင်မူ လူတိုင်းကို ကျေးဇူးတင်ပြီးနောက် ကောင်းကင်ရေနဂါးမင်းနှင့် နဂါးချီလင်ကို ခေါ်လိုက်သည်။ သူတို့ နတ်သက်ကြွေတောင်ကြောဆီသို့ သွားရန် ပြင်နေသည့်အချိန် စစ်ယွင်ရှန်းက ပြောလာသည်။ “ဂိုဏ်းသခင်၊ ဧကရာဇ်က လောလောဆယ် လမ်းမှာ ရောက်နေပြီ။ ခုနစ်ရက်ကြာရင် ကျစ်ကျင်းမြို့ကို ရောက်တော့မှာ။ သူ့ကို မစောင့်တော့ဘူးလား”

ချင်မူ သူမကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်မိသည်။ သူက အော်လိုက်မိ၏။ “သူ့ကို မလာတော့ဖို့ မပြောလိုက်ဘူးလား”

စစ်ယွင်ရှန်းက ခေါင်းယမ်းလိုက်သည်။ “ဂိုဏ်းသခင်က သူ့ကို မစောင့်တော့ဘူးလို့ပဲ ပြောခဲ့တာလေ။ ပြန်ခိုင်းဖို့မှ မပြောခဲ့တာ။ ဧကရာဇ်က နေသူရိန်ခွင်းအမြှောက်ကို မောင်းလာနေတာ။ အမြန်လာနေရတာဆို‌တော့ ဆေးစွမ်းအင်ကျောက်တုံး ကုန်ကျစရိတ်ကလည်း နည်းနည်းနောနော မဟုတ်ဘူး...”

ချင်မူ ခေါင်းကျိန်းသွားပြီး ဧကရာဇ်ယန်ဖုန်း သူ့‌ခေါင်းကို ဖြတ်ရန် ဓားသွေးနေသည်ကိုပင် မြင်ယောင်လာမိသည်။

“လာစရာ မလိုတော့တဲ့အကြောင်း မြန်မြန် အကြောင်းကြားလိုက်” ချင်မူ လှည့်၍ ကောင်းကင်ရေနဂါးမင်း၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။

“ဧကရာဇ်က ရှင့်ကို ခေါင်းမဖြတ်ဝံ့ပေမယ့် ကျွန်မကိုတော့ ခေါင်းဖြတ်လိမ့်မယ်ရှင့်” စစ်ယွင်ရှန်း ကပျာကယာ ညည်းညူပြလိုက်၏။

“သူ့ကို ဘယ်လိုမြှောက်ပင့်ရမလဲ နင် မသိဘူးလား” ချင်မူက နဂါးကို စီး၍ ထွက်သွားသည်။ သူ့အသံက အဝေးမှ ထွက်လာသည်။ “စကားသာ လှည့်ပြောလိုက်။ သူ နင့်ကို ဆုတောင် ချလိမ့်မယ်”

“မြှောက်ပင့်ရမယ်၊ စကားလှည့်ပြောရမယ် ဟုတ်လား”

စစ်ယွင်ရှန်းမှာ စစချင်း ကြောင်သွားသော်လည်း သဘောပေါက်သွားသည်။ သူမက အကြီးအကဲစစ်ကုန်းကို အကူအညီတောင်း၍ ဧကရာဇ်ယန်ဖုန်းဆီ လိုက်ပို့ခိုင်းလိုက်သည်။ ဧကရာဇ်ယန်ဖုန်းက အမြှောက်ခုံအပေါ်တွင် ရပ်နေတော်မူပြီး မှူးမတ်အရာရှိများလည်း သူ၏အနောက်မှ ခံစားနေကြသည်။ နန်းတွင်းကိုယ်ရံတော်များက သူတို့ကို ပတ်ပတ်လည်မှ ဝန်းရံထားကြ၏။ သူတို့က ကျစ်ကျင်းမြို့ဆီသို့ အလျင်အမြန် လာနေကြလေသည်။

စစ်ယွင်ရှန်း သူတို့ဆီ ရောက်သည့်အချိန်တွင် ဧကရာဇ်ယန်ဖုန်းက သူ့လူများကို အရှေ့မြို့ဆီမှ ဆေးစွမ်းအင်ကျောက်တုံးများ သွားယူခိုင်းနေသည်။ အမြှောက်အပေါ်ရှိ ဆေးစွမ်းအင်ကျောက်တုံးများ ကုန်သွားသဖြင့် လမ်းတစ်လျှောက်ရှိ မြို့များထံမှသာ ဖြည့်တင်းနေရခြင်းဖြစ်သည်။

“ဂုဏ်ယူဝမ်းမြောက်မိပါတယ် အရှင်မင်းကြီး” စစ်ယွင်ရှန်းက ရှေ့တက်ကာ လျှောက်တင်လိုက်သည်။ “အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားပိုင်ရှီက အရှင်မင်းကြီးရဲ့ ကြီးမြတ်ခံညားတဲ့ ဘုန်းတန်းခိုးတော်ကြောင့် အညံ့ခံခဲ့ပါတယ်။ အခု သူဟာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အသုံးတော်ခံ တောင်နတ်ဘုရားအဖြစ် လုစီရင်စုက နှစ်တစ်ရာတောင်မှာ စံစားနေပါပြီ။ အရှင်မင်းကြီးရဲ့ အင်ပါယာ ခေတ်အဆက်ဆက် အဓွန့်တည်တံ့အောင် စောင့်ရှောက်ပေးတော်မူပါလိမ့်မယ်”

ဧကရာဇ်ယန်ဖုန်း ကျေနပ်သွားတော်မူပြီး ဘေးဘယ်ညာရှိ မှူးမတ်အရာရှိများကို ကြည့်ကာ ကျယ်လောင်စွာ ရယ်လိုက်သည်။ “နတ်ဘုရားပိုင်ရှီက ဘယ်လိုနောက်ဆုတ်ရမလဲ သိပေတာပဲ။ ကိုယ်တော် ကိုယ်တိုင်ကြွလာရင် မယှဉ်နိုင်မှန်းသိလို့ အညံ့ခံလိုက်တာပဲ ဖြစ်မယ်”

“အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးအာနုဘော်ကို အဘယ်သူက အာခံဝံ့ပါမလဲခင်ဗျား။ သူ့အနေနဲ့ အညံ့ခံရင် အညံ့မခံ။ အညံ့မခံရင် အသေဆိုးနဲ့ သေဖို့ပဲ ရှိပါတယ်” သခင်ကြီးယန်က အလျင်အမြန် လျှောက်တင်လိုက်သည်။

ဝန်မင်းအားလုံး ဧကရာဇ်ယန်ဖုန်းကို ဂုဏ်ပြုစကားလျှောက်တင်နေကြသဖြင့် ဧကရာဇ်ယန်ဖုန်းမှာ နားရွက်တက်ချိတ်မတတ် ပြုံးပျော်နေတော့သည်။ “မောင်မင်းအားလုံးကိုလည်း ကိုယ်တော့်နောက် လိုက်ခဲ့ပေးကြတဲ့အတွက် ဆုလာဘ်တွေ ချီးမြှင့်တော်မူမယ်”

ဝန်းမင်အားလုံး ဝမ်းသာသွားကြသည်။

နေသူရိန်ခွင်းအမြှောက်က တခဏ ရပ်ပြီးနောက် မြို့တော်သို့ ပြန်ရန် ပြင်ဆင်သည်။ ဧကရာဇ်ယန်ဖုန်းက စစ်ယွင်ရှန်းကို ဆင့်ခေါ်လိုက်ပြီး သူ့မျက်နှာက တမုဟုတ်ချင်း မည်းမှောင်သွားလေသည်။ သူက သရော်တော်တော် ပြောလိုက်သည်။ “စစ်မိသားစုရဲ့ ကောင်းကင်နတ်မယ်လေး၊ မင်းရဲ့ ဂိုဏ်းသခင်က အဲဒီလိုပြောခိုင်းလိုက်တာလား။ သူ ဘာလို့ ငါ့ကို ကိုယ်တိုင်လာမတွေ့တာလဲ”

“နတ်ဂိုဏ်းသခင်က လူသားဧကရာဇ်တံဆိပ်တော်ကို ထုတ်ပြီး နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ သူရဲကောင်းတွေကို ဆင့်ခေါ်ခဲ့ရပါတယ်။ သူရဲကောင်းတွေဟာ အထက်ကောင်းကင်ဘုံရဲ့ ကျူး‌ကျော်မှုကို နတ်သက်ကြွေတောင်ကြောကနေ ကြိုဆီးတိုက်ခိုက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ပေးနေပါတယ်...”

“ကောင်းပြီ ကောင်းပြီ ဆက်မပြောနဲ့တော့” ဧကရာဇ်ယန်ဖုန်း သက်ပြင်းချလိုက်သည်။ “သူ အားစိုက်ထုတ်ထားတာ ကိုယ်‌တော် သိပါတယ်။ သူ့ကြောင့်ပဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြည်သူပြည်သားတွေ မသေကြေရတာပါ။ ကိုယ်တော် သူ့ကို အပြစ်တင်လိုစိတ် မရှိပါဘူး။ ဒါ့အပြင် ‌ကောင်းကင်နတ်မယ်ကို လွှတ်ပြီး ကိုယ်တော် မျက်နှာမပျက်ရအောင်လည်း လုပ်ပေးခဲ့သေးတယ်။ သူ အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားပိုင်ရှီကို ဘယ်လိုသိမ်းသွင်းခဲ့တာလဲ”

“ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ အားနည်းတဲ့ပုံ ဖမ်းပြီး ရန်သူကို နည်းလမ်းပေါင်းစုံနဲ့ လှည့်စားခဲ့တာပါ”

နတ်ဘုရားပိုင်ရှီအား ချင်မူ သိမ်းသွင်းခဲ့ပုံကို စစ်ယွင်ရှန်း ပြောပြလိုက်သောအခါ ဧကရာဇ်ယန်ဖုန်းမှာ မှင်သက်သွားမိသည်။ “ဝန်မင်းချင်က ဒီလောက်အသက်ငယ်ငယ်လေးနဲ့ နတ်ဘုရားနှစ်ပါးကို အညံ့ခံအောင် လုပ်နိုင်ခဲ့တယ်။ ကိုယ်တော်တောင်မှ သိမ်ငယ်မိပါတယ်။ နတ်သက်ကြွေတောင်ကြောကိစ္စကို ကိုယ်တော်လည်း စိတ်ပူလို့ စစ်သူကြီးတွေ လွှတ်ပြီး စုံစမ်းခိုင်းခဲ့သေးတယ်။ အခုပဲ သတင်းတွေ ရထားတယ်”

စစ်ယွင်ရှန်း ရင်ထဲတွင် တင်းကြပ်သွား၏။ “နယ်စပ်စစ်သူကြီးတွေ လျှောက်တင်တဲ့ သတင်းအရတော့ နတ်သက်ကြွေတောင်ကြောရဲ့ မိုင်နှစ်သောင်းအရှည်တစ်လျှောက်လုံးမှာ ငလျင်တွေ ဆက်တိုက်ရိုက်ခတ်နေတယ်တဲ့။ တောင်အားလုံး နိမ့်ဆင်းသွားလို့ အမှောင်ထုက နတ်သက်ကြွေတောင်ကြောကို ကျူးကျော်လာနေပြီပြောတယ်။ မြူခိုးတွေထဲကြားမှာ တစ္ဆေနတ်ဘုရားတွေကို မြင်ခဲ့ရပေမယ့် ဧကရာဇ်အတိုင်ပင်နဲ့ ကျန်တဲ့သူတွေကိုတော့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူးတဲ့

“ကိုယ်တော်ကိုယ်တိုင် သွားကြည့်ချင်ပေမယ့် နိုင်ငံရေးကို ထားခဲ့လို့မရဘူး။ အင်ပါယာကိုလည်း ထားခဲ့လို့မရဘူး... နယ်စပ်စစ်သူကြီးတွေ ပြောပုံအရ နတ်သက်ကြွေတောင်ကြောက မဟာမြို့ပျက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတော့မယ်။ အမှောင်ထုက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကျူးကျော်လာနေပြီ”

စိုးရိမ်ပူပန်မှုတို့ စစ်ယွင်ရှန်း၏ ရင်ထဲတွင် ဖြစ်ပေါ်လာသည်။ သူမ အနောက်အရပ်သို့ လှမ်းကြည့်လိုက်မိ၏။ ‘ဂိုဏ်းသခင်က အခု အဲဒီကို သွားနေတာ။ မဟာမြို့ပျက်ရဲ့ အမှောင်ထု ပျံ့နှံ့လာရအောင် အဲဒီနေရာမှာ ဘာတွေ ဖြစ်နေတာပါလိမ့်”

ချင်မူ ကောင်းကင်ရေနဂါးမင်းကို စီးသွားပြီး ညနေရောက်သည့်အခါ နတ်သက်ကြွေတောင်ကြောဆီသို့ ရောက်လာကြသည်။ သူ တောကြောအား မော့ကြည့်လိုက်သောအခါ ရင်ထဲ ဒိန်းခနဲ ခုန်သွားမိ၏။ တောင်ကြောတစ်ခုလုံးအား အထပ်ထပ် ဖုံးလွှမ်းနေသော မီးခိုးရောင်မြူထုကြီးကိုသာ သူ မြင်လိုက်ရသည်။ နေလုံးကြီး အနောက်အရပ်သို့ ဝင်သွားလျှင် အမှောင်ထုက ကျူးကျော်လာလိမ့်မည်။

“တစ်ခုခု‌တော့ မူမမှန်ဘူး”

နတ်သက်ကြွေတောင်ကြောက အလွန်ရှည်လျားပြီး တောင်များမှာလည်း ကြီးမားမတ်စောက်ကြသည်။ တောင်ကြောက မဟာမြို့ပျက်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအကြားကို ပိုင်းခြားထားခြင်းဖြစ်သည်။ ယခုတွင် တောကြောတစ်ခုလုံး နစ်ဝင်သွားခဲ့ကာ မီးခိုးမြူများ ဆိုင်းနေသည်။ တုန်ခါလှိုင်းများက မြူထုကြီးဆီမှ တစ်ချက်တစ်ချက် ဖြာထွက်လာနေ၏။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ငလျင်ဒယ်အိုးကို အသက်သွင်းလိုက်လို့ တောကြောတစ်ခုလုံး နစ်ဝင်သွားတာပဲ ဖြစ်မယ်”

ချင်မူ မြူထုကြီးကို ကြည့်ရင်း စိတ်ထဲ မသက်မသာ ဖြစ်လာမိသည်။ ဧကရာဇ်အတိုင်ပင်ခံ ငလျင်ဒယ်အိုးကို သုံးလိုက်သည် ဆိုကတည်းက သူ့ကိုယ်သူ မကာကွယ်နိုင်တော့သည့် သက်သေဖြစ်သည်။ သူက နတ်ဘုရားများ နတ်သက်ကြွေတောင်ကြောကို ကျော်မသွားနိုင်အောင် ဟန့်တားရန်အတွက် အကုန်လုံးကို သူနှင့်အတူ ဆွဲချလိုက်ခြင်းဖြစ်မည်။

နေဝင်သွားသောအခါ အမှောင်ထုက အနောက်အရပ်မှ ကျူးကျော်လာပြီး အနက်ရောင်ရေလှိုင်းလုံးကြီးပမာ လမ်းတွင် ရှိသမျှအရာအားလုံးကို ဝါးမြိုကာ ရွေ့လျားလာသည်။ အမှောင်ထု ဖြတ်ကျော်လာသည့်နေရာတိုင်း အစအနမကျန် စုန်းစုန်းမြုပ်သွား၏။

အမှောင်ထုက နတ်သက်ကြွေတောင်ကြောအထိ ရောက်လာပြီး လွှမ်းခြုံလိုက်သည်။ ချင်မူ့မျက်နှာအရှေ့တည့်တည့် ရောက်မှ ရပ်တန့်သွားသည်။

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ အမှောင်ထုကြီးက ကမ်းပါးနံရံကြီးပမာ တန့်နေသည်ကို မြင်လိုက်ရသည်။ ၎င်းက သူ၏အိမ်နှင့် ထာတရငြိမ်းချမ်းရေးအင်ပါယာကို ပိုင်းခြားထား၏။

“မဟာမြို့ပျက်က နတ်သက်ကြွေတောင်ကြောကို ဝါးမြိုပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပျံ့နှံ့လာပြီ။ အခုလေးတင် အမှောင်ထုက မိုင်တစ်ရာ ကျူးကျော်ပြီးပြီ”

ချင်မူ အလံတစ်ခု ထုတ်ကာ မဟာမြို့ပျက်၏ အမှောင်ထုနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ည ထိနေသော နေရာတွင် စိုက်လိုက်သည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။ “ရက်ပိုင်းလောက်နေရင် အမှောင်ထု တကယ် ပျံ့နှံ့လာနေတာလား၊ ရပ်သွားပြီလား သိရလိမ့်မယ်။ မဟာမြို့ပျက်ရဲ့ အမှောင်ထု ပျံ့နှံ့လာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ကပ်‌ဘေးဖြစ်လောက်တယ်။ ကောင်းကင်ရေနဂါးမင်း အထဲသွားကြစို့”

ကောင်းကင်ရေနဂါးမင်းက လူငယ်အသွင် ပြောင်းလိုက်သည်။ ကောင်းကင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်မှ ဖြာထွက်နေပြီး သူက ချင်မူနှင့် နဂါးချီလင်ကို ခေါ်ကာ နတ်သက်ကြွေတောင်ကြောဆီသို့ လျှောက်သွားသည်။

“ရေနဂါးတွေ ငါ့ကိုယ်ပေါ် တက်”

ချင်မူ ခပ်အုပ်အုပ် အော်လိုက်ပြီး လျှို့ဝှက်နဂါးထိန်းသံစဉ်အား တီးမှုတ်လိုက်သည်။ ရေနဂါးများက သူ့ဆီ ပျံသန်းလာပြီး သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ကြ၏။ နှစ်ကောင်က သူ့နားရွက်နှစ်ဖက်တွင် နားဆွဲများသဖွယ် တွဲလောင်းချိတ်နေကြသည်။

ရေနဂါးများ၏ မှော်စွမ်းအင်က သူ၏မှော်စွမ်းအင်နှင့် တမုဟုတ်ချင်း ပေါင်းစည်းသွား၍ ချင်မူ၏အစွမ်းအစများ တရှိန်ထိုး မြင့်တက်သွားသည်။

“ကောင်းကင်မျက်လုံး နိုးထ”

ဝင်္ကပါအမှတ်အသားများ ချင်မူ့သူငယ်အိမ်ထဲတွင် ဖွဲ့တည်လာပြီး ကောင်းကင်ကိုးဆင့်မျက်လုံး ပွင့်လာသည်။ ကောင်းကင်အလင်းတန်းများက သူ့မျက်လုံးများမှ ဖြာထွက်လာပြီး အမှောင်ထုကို ခွင်းသွား၏။ သူ့အကြည့် ကျရောက်လာတိုင်း အလင်းတန်းက အမှောင်ထုနှင့် မီးခိုးရောင်မြူများကို ထိုးဖောက်သွားသည်။

ကောင်းကင်ရေနဂါးမင်းမှာ ထိုကဲ့သို့အစွမ်းအစ မရှိသဖြင့် အားကျနေမိသည်။

ချင်မူက သူ့ကို အနားမှ ကပ်လိုက်လာခိုင်းပြီး နတ်သက်ကြွေတောင်ကြော၏ အတွင်းထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားသည်။ ရုတ်တရက် ချင်မူ ရပ်လိုက်၍ ကောင်းကင်ရေနဂါးမင်းလည်း ရပ်လိုက်မိ၏။ ရှေ့တူရူတွင် သူတို့ မြင်လိုက်ရသည်မှာ တိတ်ဆိတ်စွာ လွင့်မျောနေသော ပန်းချီကားတစ်ကား၏ အစုတ်အပြဲများ ဖြစ်သည်။

ပန်းချီကားက နားကန်း၏ ပန်းချီဖြစ်သော်လည်း စုတ်ပြဲနေသည်။ တစ်စုံတစ်ခုက ပန်းချီကားကို ဖြဲ၍ အထဲမှ ထွက်လာခဲ့ဟန်တူ၏။ သို့သော် အတွင်းတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားအကြွင်းအကျန် ရှိနေသေးသည်။ သူတို့ မတော်တဆ သွားထိလိုက်လျှင် အန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်။

ချင်မူ ပန်းချီကားကို ရှောင်၍ ဆက်လျှောက်သွားသည်။ အရှေ့ရောက်သည့်အခါ မီးခိုးရောင်မြူထဲတွင် တိတ်ဆိတ်စွာ မျောလွင့်နေသော ပန်းချီကားအစုတ်အပြဲများစွာကို မြင်လိုက်ရ၍ သူ ရပ်လိုက်မိပြန်၏။ ပန်းချီကားအစအနများကြားတွင် ကျောက်ခဲများလည်း ရောနှောနေသည်။

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ နားကန်းက ပန်းချီပညာကျွမ်းကျင်သူဖြစ်ရာ သူတို့ရောက်နေသည်မှာ နားကန်း၏ တိုက်ပွဲကွင်းပြင် ဖြစ်လိမ့်မည်။ နားကန်း၏ ပန်းချီကမ္ဘာထဲတွင် ကြီးကျယ်ခမ်းနာပြီး မတူကွဲပြားသည့် မြင်ကွင်းပေါင်းထောင်ချီ ရှိသည်။ ရှင်းအန်းကဲ့သို့ ပညာရှင်များပင်လျှင် ပန်းချီကားထဲ၌ ပိတ်မိသွားပါက အလွယ်တကူ ပြန်ထွက်နိုင်မည်မဟုတ်ပေ။

ဤနေရာတွင် စုတ်ပြဲနေသော ပန်းချီကားများစွာ ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် နားကန်း၏တိုက်ပွဲ မည်မျှပြင်းထန်ခဲ့မည်ကို စိတ်ကူးကြည့်နိုင်၏။

“သခင်ကြီး ဂရုစိုက်ပါ”

ကောင်းကင်ရေနဂါးမင်းက ချင်မူ့အရှေ့သို့ ကပျာကယာ ခုန်ဝင်ပြီး သူ့အား ကာကွယ်လိုက်သည်။ “ဒီကျောက်ခဲတွေကို မထိနဲ့။ အထဲမှာ နတ်ဘုရားအရှိန်အဝါတစ်ခု ကိန်းဝပ်နေတယ်။ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်တွေလည်း ရှိနေသေးတယ်”

ချင်မူ ခပ်သုတ်သုတ် ထွက်လာလိုက်သော်လည်း မြူဆိုင်းနေသော အမှောင်ထုထဲမှ ဖြည်းဖြည်းချင်း ရွေ့လျားလာနေသည့် ဧရာမခန္ဓာကိုယ်ကြီးကို မြင်လိုက်ရသည်။ ခန္ဓာကိုယ်ကြီးက သူတို့ဆီသို့ လျှောက်လာနေသည်။

နီးကပ်လာသည့်အခါ ထိုခန္ဓာကိုယ်ကြီး မည်မျှကြီးမားသည်ကို သူတို့ မြင်လိုက်ရ၏။ အလွန်တုတ်ခိုင်သော ခြေထောက်ကြီးနှစ်ချောင်းက သူတို့မြင်ကွင်းကို ကာဆီးနေသော်လည်း ခန္ဓာကိုယ်အပေါ်ပိုင်းအား မမြင်ရပေ။ ချင်မူ ခေါင်းမော့ကြည့်လိုက်ရာတွင် သူ့မျက်လုံးများမှ ကောင်းကင်အလင်းတန်းများက အထက်သို့ ဖြာထွက်သွား၍ အလွန်ကျယ်ပြန့်သည့် ရင်အုပ်ကြီးကို သူတို့ မြင်လိုက်ရသည်။ ရင်အုပ်၏အပေါ်သို့ ဆက်ကြည့်လိုက်သည့်အခါ နတ်ဘုရားတစ်ပါး၏ မျက်နှာကို သူ မြင်လိုက်ရ၏။

‘‌ကျောက်ရုပ်တု’

ချင်မူ ခေါင်းနပန်းကြီးသွားသည်။ ကျောက်ရုပ်တုတစ်ရုပ်က မြူဆိုင်းနေသော အမှောင်ထုထဲတွင် လမ်းလျှောက်နေသည်။

ကောင်းကင်ရေနဂါးမင်းလည်း သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။ သူတို့‌အ‌ရှေ့တွင် ရပ်နေသည်မှာ စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် ကြီးမားသော ကျောက်ရုပ်တုကြီးတစ်ရုပ် ဖြစ်နေ၏။

ထို့အပြင် ထိုကျောက်ရုပ်တုကြီးက အမှောင်ထုထဲတွင် လမ်းပင်လျှောက်နေသည်။

မာဟာ... ချင်မူ့ကိုယ်ပေါ်ရှိ ရေနဂါးများမျာ ကြောက်လွန်း၍ ခေါင်းများပုသွားကြသည်။

“မအော်နဲ့” နဂါးချီလင်၏မျက်နှာမှာ ဖြူဆုပ်နေသည်။ သူက တိုးတိုးပြောလိုက်သည်။ “မင်းတို့ကြောင့် နိုးသွားရင် သူက မင်းတို့ကို စီးပြီး လူသွားသတ်လိမ့်မယ်။ ငါဆို တစ်ညလုံး အစီးခံခဲ့ရတာ...”

ရုတ်တရက် ကျောက်ရုပ်တုကြီးက အသံကြားလိုက်ရသကဲ့သို့ ခါးကိုင်းလာသည်။ မျက်နှာကြီးက ချင်မူတို့အရှေ့တည့်တည့်တွင် ပေါ်လာ၏။

ဟူလင်းအာက မျက်လုံးလှန်၍ သတိလစ်သွားသကဲ့သို့ မြေကြီးပေါ် လှဲချလိုက်သည်။ သူမခြေထောက်ကလေးနှစ်ချောင်းက မိုးပေါ်ထောင်နေပြီး အမြီးလေးများလည်း ဖြောင့်တန်းနေ၏။

နဂါးအုပ်နှင့် နဂါးချီလင်က အခြေအနေကို မြင်လျှင် သူမအတိုင်း မြေကြီးပေါ် လှဲကာ သေချင်ယောင်ဆောင်လိုက်ကြသည်။

“သခင်လေး...” ဟူလင်းအာက ချင်မူ့ကို လက်လှမ်းတို့သည်။

ချင်မူက တခဏ တွန့်ဆုတ်နေပြီးနောက် မြေကြီးပေါ် လှဲချကာ လျှာပင် ထုတ်လိုက်၏။ သူ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး မျက်နှာမှာ မည်းမှောင်နေရာ အသေဆိုးနှင့် သေခဲ့သည့်ပုံပေါက်နေတော့သည်။

All Chapters