← Chapters

ကမ္ဘာခြားနှင့် ထိစပ်ခြင်း

Vol. 31 Ch. 433

ကမ္ဘာခြားနှင့် ထိစပ်ခြင်း

Vol. 31 Ch. 433

ချင်မူ မြေကြီးပေါ် လှဲချပြီး သေချင်ယောင်ဆောင်နေသည်ကို မြင်လျှင် ကောင်းကင်ရေနဂါးမင်း ဆွံ့အသွားသည်။

သူက ရေနဂါးတို့၏ နတ်ဘုရား၊ ကောင်းကင်ရေနဂါးမင်းဖြစ်ချေရာ အဘယ်သို့ပြု၍ ဟူလင်းအာတို့လို အရှက်မရှိ သေချင်ယောင်ဆောင်ရမည်နည်း။

ဘုန်း

ကောင်းကင်ရေနဂါးမင်း မြေကြီးပေါ် လဲကျသွားသည်။ သူ့ခြေထောက်များက တွန့်လိမ်ကွေးကောက်နေ၏။ သူ့ပုံစံက ချင်မူ့ထက်ပင် ပိုမိုဆိုးရွားသော အခြေအနေနှင့် သေနေသည့်ပုံပေါ်ရာ ပထမဆုံးအကြိမ် သေချင်ယောင်ဆောင်ဖူးခြင်း မဟုတ်ကြောင်း သိသာပေသည်။

ဧရာမမျက်နှာကြီးက နိမ့်ဆင်းလာသော်လည်း ကောင်းကောင်းမမြင်နိုင်ပုံရသည်။ မျက်နှာကြီးက အားလုံး၏အပေါ်မှ ဖြတ်သွားသဖြင့် သူတို့အားလုံး အသက်အောင့်ကာ မလှုပ်ဘဲ နေလိုက်ကြသည်။

ရှီးးး

ကျောက်ရုပ်တုကြီးက မြွေတွန်သံကဲ့သို့ အသံတစ်သံ ထုတ်လွှတ်ပြီး ဖြည်းဖြည်းချင်း ကိုယ်ပြန်မတ်ကာ အမှောင်ထဲသို့ လမ်းလျှောက်ဝင်ရောက်သွား၏။ တဒုန်းဒုန်း ခြေသံကြီးများက တစတစ ဝေး၍ဝေး၍ သွားသည်။

“ဒီကျောက်ရုပ်တုက တစ်ခုခုကို ရှာနေတဲ့ပုံပဲ” ချင်မူ ပြန်ထပြီး စဉ်းစားခန်းဖွင့်နေသည်။ “ဘယ်ကလာတာပါလိမ့်။ မဟာမြို့ပျက်ကလား၊ တခြားကမ္ဘာကလား။ ဘာကို ရှာနေတာပါလိမ့်”

ဟူလင်းအာနှင့် ရေနဂါးအားလုံး ကုန်းရုန်းထလိုက်ကြပြီး ကောင်းကင်ရေနဂါးမင်းက သူ့ကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်သည်။ ဟူလင်းအာ သူ့ကို ချီးကျူးမိလိုက်၏။ “ကောင်းကင်ရေနဂါးမင်း၊ ကျွန်မတို့အားလုံးထဲမှာ ရှင် သေချင်ယောင်ဆောင်တာ အပီအပြင်ဆုံးပဲ။ ခဏခဏ လေ့ကျင့်ဖူးတယ် ဖြစ်မယ်။ အားရင် ကျွန်မကိုလည်း သင်ပေးပါဦး”

ကောင်းကင်ရေနဂါးမင်း မျက်နှာနီမြန်းသွားပြီး ပွစိပွစိ ပြောလိုက်သည်။ “မလေ့ကျင့်ဖူးပါဘူး ပေါက်ကရတွေ မပြောနဲ့။ သေချင်ယောင်ဆောင်တယ်ဆိုတာ ပါရမီနဲ့ ဆိုင်တယ်”

ချင်မူ ရှေ့ဆက်လျှောက်သွားပြီး ပြောလိုက်သည်။ “ဆက်ရှာကြရအောင်။ အားလုံး သတိထားကြ။ ဒီနားမှာ တခြားကျောက်ရုပ်တုတွေလည်း ရှိနေမလား မသိနိုင်ဘူး။ ကောင်းကင်ရေနဂါးမင်း၊ စောစောက မြင်လိုက်ရတဲ့ ကျောက်ရုပ်တုနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ”

ကောင်းကင်ရေနဂါးမင်းက အတန်ကြာ တွေးကြည့်ပြီးသော် ပြောလာသည်။ “အဲဒီကျောက်ရုပ်တုက မဟာမြို့ပျက်က မဟုတ်လောက်ဘူး”

ချင်မူ အတန်ငယ် မှင်သက်သွားမိသည်။ “မဟာမြို့ပျက်က မဟုတ်ဘူး ဟုတ်လား။ ဘာလို့လဲ”

“မဟာမြို့ပျက်က ကျောက်ရုပ်တွေဟာ မိုးဒဏ်လေဒဏ်တွေကြောင့် အိုမင်းပျက်စီးနေကြပြီ။ ဒါပေမဲ့ ဒီကျောက်ရုပ်တုကတော့ အတော်လေး သန့်ရှင်းနေတယ်။ လောလောလတ်လတ်ကမှ ကျောက်ရုပ်တုဖြစ်လာတဲ့အတိုင်း သစ်နေတယ်”

သို့သော် ကောင်းကင်ရေနဂါးမင်းလည်း အတပ်မပြောနိုင်ပေ။ “ဒါပေမဲ့ မဟာမြို့ပျက်ထဲမှာ လေမိုးတွေ မရောက်နိုင်တဲ့ လျှို့ဝှက်နေရာတွေ ရှိတယ်။ အဲဒီက ကျောက်ရုပ်တုတွေဆိုလည်း သစ်နေမှာ”

ချင်မူ တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်နေပြီးနောက် စဉ်းစားလိုက်သည်။ “နတ်သက်ကြွေတောင်ကြောအောက်မှာ ပုန်းနေတဲ့ ကျောက်ရုပ်တုတွေများ ဖြစ်နိုင်မလား။ တောင်တွေ နိမ့်သွားတော့ ထွက်လာတာ ဖြစ်လောက်မယ်နော်”

“ဖြစ်နိုင်တယ်” ကောင်းကင်ရေနဂါးမင်းက ပြောလိုက်သည်။ “သခင်ကြီး၊ တစ်ခါက နဂါးထိန်းဧကရာဇ် ပြောခဲ့ဖူးတယ်။ နတ်သက်ကြွေတောင်ကြောရဲ့ ဇစ်မြစ်က အတော်လေး မသင်္ကာစရာကောင်းတယ်တဲ့။ တောင်ကြောက မဟာမြို့ပျက်ကို ပတ်ပတ်လည် ဝိုင်းထားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ပိုင်းခြားထားတာ။ မဟာမြို့ပျက်ထဲမှာ ထူးဆန်းတာတွေ ဖြစ်နေပေမယ့် အပြင်မှာကျ အေးချမ်းနေတာဆိုတော့ ဒီနတ်သက်ကြွေတောင်ကြောနဲ့ ပတ်သက်ပြီး တစ်ခုခုမူမမှန်ဘူးလို့ ပြောခဲ့ဖူးတယ်”

သူတို့ အတွင်းထဲ ရောက်လာလေလေ၊ မီးခိုးမြူများနှင့် အမှောင်ထုက ပိုမိုသိပ်သည်းလာလေလေ ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ထိုင်းမှိုင်းနေသဖြင့် ရူးချင်စိတ်များပင် ပေါက်လာနိုင်သည့်အပြင် တစ်ချက်တစ်ချက် အဝေးရှိ ငလျင်ဒယ်အိုးဆီမှလည်း တုန်ခါလှိုင်းများ လိမ့်ထွက်လာတတ်သည်။

ချင်မူက တုန်ခါလှိုင်းများ လာရာသို့ ဦးတည်သွားလိုက်ပြီး များစွာမကြာလိုက်ဘဲ ဒုတိယကျောက်ရုပ်တုကြီးတစ်ရုပ်နှင့် ပက်ပင်းတိုးသည်။ ၎င်းလည်း တစ်စုံတစ်ခုကို ရှာဖွေနေဟန်တူ၏။

‘ကောင်းကင်ရေနဂါးမင်းပြောတာ ယုတ္တိရှိတယ်’ ချင်မူ ကျောက်ရုပ်တုကြီးကို ရှောင်တိမ်းရင်း သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ဒီ‌ကျောက်ရုပ်တုတွေက နတ်သက်ကြွေတောင်ကြောအောက်က ထွက်လာတာ ဖြစ်လောက်တယ်’

မဟာမြို့ပျက်၏ ထူးဆန်းမှုများကို ကာဆီးပေးထားနိုင်သော ‌တောင်ကြောတစ်ခုဆိုသည်မှာ အမှန်တကယ် ထူးဆန်း၏။ ၎င်းက မည်သည့်အရာကို အားကိုး၍ မဟာမြို့ပျက်၏ အမှောင်ထုကို ဟန့်တားပေးထားနိုင်သနည်း။

ထာဝရငြိမ်းချမ်းရေးအင်ပါယာက မြေငလျင်ဒယ်အိုးကို အသုံးပြုခဲ့သောကြောင့် နတ်သက်ကြွေတောင်ကြော ကွဲကြေသွားပြီး မဟာမြို့ပျက်၏ အမှောင်ထုက မိုင်တစ်ရာ ပြန့်ကားလာခဲ့သည်။ ဤအခြင်းအရာမှတစ်ဆင့် နတ်သက်ကြွေတောင်ကြောတွင် မဟာမြို့ပျက်၏ အမှောင်ထုကို တားဆီးနိုင်စွမ်းရှိနေ‌ကြောင်း မြင်ရပေသည်။

တောင်ကြောက ခိုင်ဧကရာဇ်အင်ပါယာ ပျက်သုဉ်း၍ မဟာမြို့ပျက်ဖြစ်လာပြီးနောက်ပိုင်းမှ ပေါ်ပေါက်လာခြင်း ဖြစ်လိမ့်မည်။ နတ်ဘုရားတစ်ပါးက မဟာမြို့ပျက်၏ အစွန့်ပစ်ခံလူများ ဝင်မလာနိုင်အောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မဟာမြို့ပျက်ကြားတွင် နတ်သက်ကြွေတောင်ကြောအား ဖန်ဆင်းခဲ့သည်ဟူသော ကောလဟာလများကို ချင်မူ ကြားခဲ့ဖူး၏။ တောင်များကို ဖန်ဆင်းခဲ့စဉ်တုန်းက မြင်းမိုရ်တောင်၏ ဧရိယာသို့ ရောက်ခဲ့သော်လည်း မဟာမိုးခြိမ်းသံကျောင်းတော်မှ တစ်စုံတစ်ယောက်ကြောင့် ကွေ့ပတ်သွားခဲ့ရသည်ဟုလည်း ဆိုကြသည်။

အတပ်မပြောနိုင်သော်လည်း တောင်ကြောကို ဖန်ဆင်းခဲ့သည့် နတ်ဘုရားသည် တောင်ကြောအောက်တွင် ကျောက်ရုပ်တုများကိုလည်း မြှုပ်နှံခဲ့လောက်၏။

“သခင်လေး၊ ဒီကျောက်ရုပ်တုက ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲမှာ ပေါ်လာတဲ့ ရုပ်တုတွေထဲက တစ်ရုပ် မဖြစ်နိုင်ဘူးလား” ဟူလင်းအာက မေးလာသည်။ ချင်မူ မှင်သက်တောင့်တင်းသွားသည့်အချိန် သူမက ဆက်ပြောလိုက်သည်။ “နတ်သက်ကြွေတောင်ကြောအနားက ကျောက်ရုပ်တုတစ်ရုပ် ဖြစ်လောက်တယ်။ အထက်ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ထိပ်သီးသိုင်းပညာရှင်အတော်များများ ဒီမှာ ကျဆုံးသွားကြတာဆိုတော့ အဲဒီကျောက်ရုပ်တုတွေက သူတို့ကို ယဇ်ပူဇော်သလို အသုံးချပြီး အသက်ဝင်လာတာဖြစ်မယ်။ ဒါပေမဲ့ စွမ်းအားက မလုံလောက်တော့ အပြည့်အဝ အသက်ဝင်မလာဘဲ ဟိုဟိုသည်သည် လျှောက်သွားနေနိုင်တာပဲ နေမှာ”

“အဲဒါလည်း ဖြစ်နိုင်တာပဲ” ချင်မူ စဉ်းစဉ်းစားစား ပြောလိုက်သည်။ “အဲဒီအတိုင်းဆိုရင် ကျောက်ရုပ်တုတွေ ဘာကို ရှာနေတာပါလိမ့်”

“သခင်လေးကလည်း နတ်သက်ကြွေ‌တောင်ကြောကို ပျက်စီးသွားစေတဲ့ ငလျင်ဒယ်အိုးကိုပေါ့” ဟူလင်းအာက သိသာနေသော အဖြေဖြစ်သည့်အတိုင်း ပြောလိုက်သည်။ “ငလျင်ဒယ်အိုးက သူတို့လက်နက်လေ၊ အဲဒီတော့ ငလျင်စွမ်းအားအကုန် ထုတ်လွှတ်ဖို့ သူတို့ လိုက်ရှာရမှာပေါ့။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နတ်သက်ကြွေတောင်ကြောကို ဖျက်စီးခဲ့ပေမယ့် ဒယ်အိုးထဲက စွမ်းအားအကုန် မလွှတ်ခဲ့တာ သေချာတယ်”

“လင်းအာက တကယ် တော်တာပဲ” ချင်မူ ချီးကျူးလိုက်မိသည်။

မြေခွေးလေး မာန်တက်သွား၏။

“အဲဒီအတိုင်းသာဆို ကျောက်ရုပ်တုတွေက ရွေ့လျားနိုင်နေမှတော့ ကျန်တဲ့မိုးလေဝသလက်နက်တွေကို ဘာလို့ လိုက်မရှာဘဲ နေမှာလဲ” ချင်မူ ခေါင်းယမ်းလိုက်သည်။ “ကျန်တဲ့လက်နက်တွေကို လိုက်ရှာတာက ပိုမလွယ်ဘူးလား။ ဒါ့အပြင် ဒီနေရာက တုန်ခါနေတုန်းဆိုတော့ ငလျင်ဒယ်အိုးက စွမ်းအားတွေ အဆက်မပြတ် ထုတ်လွှတ်နေသေးတာ သိသာတယ်။ တုန်ခါလှိုင်းတွေ လာနေတဲ့အတိုင်း သွားလိုက်ရင် ကျောက်ရုပ်တုတွေအတွက် ငလျင်ဒယ်အိုးကို ရှာဖို့ မခက်ဘူး။ ဒါကြောင့် လင်းအာ ထင်နေတာ မှားတယ်။ ကောင်းကင်ရေနဂါးမင်းပြောတာက ပိုယုတ္တိကျတယ်”

ဟူလင်းအာ၏ မာန်များ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။

ရုတ်တရက် ချင်မူက ရပ်ပြီး မြေကြီးပေါ် လှဲချကာ သေချင်ယောင်ဆောင်လိုက်ပြန်သည်။ အလွန်လေးလံသော ခြေသံကြီးများ ရှေ့တူရူမှ ထွက်လာပြီး အရပ်မြင့်မြင့် ‌ကျောက်ရုပ်တုကြီးတစ်ရုပ်က သူတို့ဆီသို့ လျှောက်လာနေ၏။ ချင်မူ မျက်လုံးများကို‌ မှေးကျဉ်း၍ ကြည့်လိုက်သည့်အခါ ကျောက်ရုပ်တုကြီး၏ ကျောနောက်တွင် အလံများပြည့်နေကြောင်း မြင်လိုက်ရသည်။ အလံများလည်း ကျောက်သားဖြစ်နေသည့်အပြင် အလံတစ်ရွက်စီအပေါ်တွင် မျက်လုံးကြီးတစ်လုံးစီ ရှိနေရာ အလွန်ထူးဆန်း၏။

အနက်ရောင်ချီစွမ်းအင်က ကျောက်ရုပ်တုကြီး၏ ကျောနောက်ရှိ အလံများအတွင်းသို့ စီးဆင်းဝင်ရောက်နေသည်။ အနက်ရောင်ချီကြောင့် အလံပေါ်ရှိ မျက်လုံးကြီးတစ်လုံးက ကျောက်သားအဖြစ်မှ တဖြည်းဖြည်း အသားအစစ် ဖြစ်လာသည်။

မျက်လုံးကြီးက အလံထဲတွင် ရွေ့လျားနေသော်လည်း လှုပ်ရှားမှုက တောင့်တောင့်တင်းတင်း ဖြစ်နေ၏။ စွမ်းအင်က ကျောက်သားအဖြစ်မှ လုံးလုံးလျားလျား ရုန်းထွက်ရန် မလုံလောက်မှန်း သိသာစည်။

‘မိစ္ဆာမျက်လုံး။ ဒီကျောက်ရုပ်တုကြီးက မိစ္ဆာတစ်ကောင်ပဲ’

ချင်မူ ခေါင်းကျိန်းသွားပြီး ထခုန်မိမတတ် ဖြစ်သွားသည်။ ဤကျောက်ရုပ်ကြီးသည် မိစ္ဆာတစ်ကောင် ဖြစ်ချေရာ နတ်သက်ကြွေတောင်ကြောအောက်မှ ကျောက်ရုပ်တုတစ်ရုပ် မဖြစ်နိုင်တော့ပေ။ မဟာမြို့ပျက်၏ အမှောင်ထုထဲတွင် လျှောက်သွားနေကြသည်မှာ မိစ္ဆာမျိုးနွယ် မကောင်းဆိုးဝါးများ ဖြစ်ကြ၏။ သူတို့ကိုယ်တိုင်က ထူးဆန်းသော သတ္တဝါများ ဖြစ်ကြသဖြင့် မဟာမြို့ပျက်၏ ထူးဆန်းမှုကို မကြောက်ကြပေ။

ချင်မူ တစ်ခါက အမှောင်ထုထဲတွင် မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် တွေ့ခဲ့ဖူးသည်။ ထိုစဉ်အခါတုန်းက ဖုန်းတုကို ရွှင်ပျော်ပျော်ကျေးရွာနှင့် အထင်မှားခဲ့သဖြင့် မိစ္ဆာနတ်ဘုရား၏ ထောင်ချောက်ထဲ ဝင်ခဲ့မိပြီး ရွာလူကြီးမှာ ထိုမိစ္ဆာနတ်ဘုရားဖြင့်ပင် တိုက်ခိုက်ခဲ့ရသေးသည်။

‘မဟုတ်သေးပါဘူး။ ဒီကျောက်ရုပ်တုတွေက မိစ္ဆာနတ်ဘုရားတွေဆိုရင် ဘာလို့ကျောက်ရုပ်တုတွေ ဖြစ်လာကြတာလဲ။ ငါ တွေ့ဖူးတဲ့ မိစ္ဆာနတ်ဘုရားတွေက ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားပါတယ်”

အတွေးပေါင်းစုံ သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး ဖြစ်နိုင်ခြေတစ်ခုကို သူ တွေးလိုက်မိသည်။ ကျောက်ရုပ်တုများ၏ကမ္ဘာက မဟာမြို့ပျက်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာဖြင့် ထပ်နေသော ကမ္ဘာများ မဟုတ်ပေ။ သူတို့က မဟာမြို့ပျက်၏ မိစ္ဆာနတ်ဘုရားများ မဟုတ်ဘဲ တခြားကမ္ဘာမှ ရောက်လာခြင်းဖြစ်၏။ ကမ္ဘာခြားသို့ ကူးပြောင်းဝင်ရောက်လာသည့်အတွက် ရုပ်ခန္ဓာများက ကျောက်သားဖြစ်သွားပြီး စွမ်းအားက အပြင်၌ ကျန်ခဲ့ခြင်းဖြစ်မည်။

‘ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ’

ချင်မူ စိတ်ရှုပ်ထွေးနေသည်။ မဟာမြို့ပျက်၏ ညအချိန်တွင် ကမ္ဘာခြားသုံးလေးငါးခုခန့် ထပ်နေခဲ့သော်လည်း နတ်သက်ကြွေတောင်ကြော ပျက်စီးသွားသဖြင့် ကမ္ဘာအသစ်တစ်ခု ပေါ်လာခဲ့ချေပြီ။

‘ဒီကမ္ဘာက ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ထပ်တော့မှာလား။ ဒီလိုအံ့ဖွယ်ဖြစ်ရပ်က ဘာကြောင့် ဖြစ်လာတာပါလိမ့်’

သူ ဤသို့ တွေးနေစဉ်အချိန်မှာပဲ အလံပေါ်ရှိ မိစ္ဆာမျက်လုံးကြီးက ပတ်ဝန်းကျင်ကို စနည်းနာနေသည်။ ရုတ်တရက် သူ့အကြည့်က မြေကြီးအပေါ်တွင် သေချင်ယောင်ဆောင်နေသော ချင်မူတို့အပေါ် ကျရောက်လာပြီး လှောင်ပြုံးလိုက်သည့် အရိပ်အယောင် ပေါ်လာ၏။

ချင်မူ ကြောက်လန့်သွားသည်။

ကျောက်ရုပ်တုကြီး၏ နောက်ကျောမှ အလံက ရုတ်တရက် သူတို့၏အရှေ့တည့်တည့်သို့ ကျလာသည်။ ချင်မူ သေချင်ယောင်မဆောင်တော့ဘဲ ကုန်းရုန်းထကာ အော်ဟစ်လိုက်သည်။ “ကောင်းကင်ရေနဂါးမင်း”

ကောင်းကင်ရေနဂါးမင်းက သူ့အသံကို ကြားသည်နှင့် တမုဟုတ်ချင်း ပုံသဏ္ဍာန်အစစ်အမှန် ပြောင်းလိုက်သည်။ ချင်မူ ဟူလင်းအာကို ပွေ့၍ သူ့အပေါ် ခုန်တက်လိုက်သည့်အခါ နဂါးချီလင်ကလည်း ရေနဂါးများကို ဦးဆောင်ပြီး နဂါးကျောပေါ် တက်လိုက်သည်။ ကောင်းကင်ရေနဂါးမင်းက ဝှီးခနဲ တစ်ချိုးတည်း ပြေးတော့သည်။

သူ့အနောက်တွင် ကျောက်ရုပ်တုက လှည့်လာပြီး လက်ဝါးကြီးက ကြောက်မက်ဖွယ်ရာအမြန်နှုန်းဖြင့် ရိုက်ချလိုက်၏။

ကောင်းကင်ရေနဂါး မာန်သွင်းဟိန်းဟောက်လိုက်သည့်အခါ သူ၏ ချီစွမ်းအင်က တရှိန်ထိုးပေါက်ကွဲပြီး ရေလှိုင်းအသွင် ဖွဲ့တည်လိုက်သည်။ ရေလှိုင်းက မြစ်ရှည်ကြီးတစ်စင်းပုံစံ ပြောင်းကာ ကျောက်ရုပ်တု၏ လက်မောင်းကို လျင်မြန်စွာ ရစ်ပတ်၍ ဖြစ်ညစ်ဖျက်စီးရန် ကြိုးစားလိုက်သည်။

ကျောက်ရုပ်တုကြီးက လက်မောင်းကို ကွေးကာ ပြန်ဆန့်လိုက်သည်။ ထိုအခါ ကောင်းကင်ရေနဂါးမင်း၏ ‌ကောင်းကင်နတ်သိုင်း ပြိုကွဲသွား၏။

သူ့မှာ သွေးများအေးခဲသွားသလို ခံစားလိုက်ရပြီး အော်ဟစ်လိုက်သည်။ “သခင်ကြီး၊ အဲ့ဒါ တကယ့်နတ်ဘုရားကြီးပဲ”

“နတ်ဘုရားမဟုတ်ဘူး မိစ္ဆာကြီး” ချင်မူ သူ့စကားကို ပြင်ပေးလိုက်သည်။

ကျောက်ရုပ်တုကြီးက ခြေထောက်မြှောက်လိုက်ပြီး ခြေတစ်လှမ်းနှစ်လှမ်းဖြင့် သူတို့ကို လိုက်မှီလာသည်။ ကျန်လက်တစ်ဖက်က အောက်သို့ ရိုက်ချလိုက်၍ ကောင်းကင်ရေနဂါးမင်း ကပျာကယာ ရှောင်လိုက်သည်။ ထိုအချိန်တွင် အလံက ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် မြေကြီးပေါ် ကျလာ၏။ ထိုအလံပေါ်ရှိ မိစ္ဆာမျက်လုံးကြီးက သူတို့ကို မမှိတ်မသုန် ကြည့်နေသည်။

ကောင်းကင်ရေနဂါးမင်း အကွာ‌အဝေးတစ်ခုသို့ ရောက်သွားသည့်အခါ ထိုအလံက လေ‌ပေါ် ပျံတက်ပြီး သူတို့အနားရှိ မြေပြင်သို့ ကျလာပြန်သည်။ ခုန်ဆွခုန်ဆွသွားနေသည့်အလား ထင်ရ၏။

“ကျောက်ရုပ်တုက အလံထဲက မျက်လုံးနဲ့ ကြည့်နေတာ။ မျက်လုံးမရှိတော့ရင် မိစ္ဆာနတ်ဘုရား ငါတို့ကို မရှာနိုင်တော့ဘူး”

ချင်မူ သဘောပေါက်လိုက်သည်နှင့် ထောင်ကျယ်အိတ်ထဲမှ နေကျောက်စိမ်းမျက်လုံးကို ထုတ်လိုက်သည်။ သူက မျက်လုံးကို နဂါးကျောပေါ်တွင် ချကာ မပြောမဆိုဖြင့် အသက်သွင်းလိုက်၏။

ဝှမ်

နေအလင်းတန်းတစ်တန်းက အမှောင်ထုနှင့် မြူခိုးများကို ထိုးခွင်း၍ အလံပေါ်ရှိ မျက်လုံးကို ပိုင်းဖြတ်လိုက်သည်။ မိစ္ဆာမျက်လုံးဆီမှလည်း အနက်ရောင်အတန်းတစ်တန်း ထွက်လာကာ နေအလင်းတန်းကို ပိတ်ဆို့လိုက်၏။

ချင်မူက ကျန်လက်တစ်ဖက်ဖြင့် လကျောက်စိမ်းမျက်လုံးကို ဆွဲထုတ်ပြီး ချိန်လိုက်သည်။ လမျက်လုံးမှ ပါးလျလျအလင်းတန်းတစ်တန်း ဖြာထွက်လာပြီး အလင်းတန်းဖြတ်သွားသော နေရာတိုင်းတွင် လေထုပင် တောင့်တင်းအေးခဲသွားသည်။

နေနှင့်လမှ အလင်းတန်းများက မိစ္ဆာမျက်လုံးဆီမှ အနက်ရောင်အတန်းကို ဖြိုခွင်းကာ မျက်လုံးကို ထိုးဖောက်ပစ်လိုက်သည်။ အလံတွင် အပေါက်ကြီးတစ်ပေါက်သာ ကျန်ခဲ့တော့၏။

‘နေမျက်လုံးနဲ့ လမျက်လုံးကို အတူတူ သုံးတာက စွမ်းအားပိုကြီးတာပဲ”

ချင်မူ အံ့ဩတုန်လှုပ်မှုများကို မြိုသိပ်၍ ကျောက်ရုပ်တုအား မော့ကြည့်လိုက်သည်။ ၎င်းက တုံ့ခနဲ ရပ်လိုက်ပြီး နားထောင်ရန် ကြိုးစားနေသကဲ့သို့ နားနှစ်ဖက်အား စွင့်ထားသည်။

“မလှုပ်နဲ့” ချင်မူ အသက်အောင့်ထားပြီး ပြောလိုက်သည်။ ကောင်းကင်ရေနဂါးမင်းက တုံ့ခနဲ ရပ်သွားပြီး ချင်မူ ခပ်တိုးတိုး ကပ်ပြောလိုက်၏။ “ဖြည်းဖြည်းချင်း လျှောက်၊ အလျင်မလိုနဲ့...”

‌ကောင်းကင်ရေနဂါးမင်းက အသံထွက်မည်စိုး၍ ဖြည်းဖြည်းချင်း တွားသွားနေပြီး ချင်မူက ကျောက်ရုပ်တုကို မမှိတ်မသုန် ကြည့်နေသည်။ ကျောက်ရုပ်တုက ဘေးဘီဝဲယာကို နားစွင့်၍ ဟိုဟိုသည်သည် ကန်ကျောက်နေသော်လည်း သူတို့ကို သတိမထားမိပေ။

ရုတ်တရက် ကောင်းကင်ရေနဂါးမင်း၏ ခန္ဓာကိုယ်က ရပ်တန့်သွားပြီး သူ့ဆီမှ တုန်ရီနေသောအသံ ထွက်လာသည်။ “သခင်ကြီး...”

“ဆက်လျှောက်နေ” ချင်မူက လှည့်မကြည့်ဘဲ ပြောလိုက်သည်။

“သခင်ကြီး ရှေ့ကို ကြည့်ဦး” ကောင်းကင်ရေနဂါးမင်းက အက်ကွဲကွဲ ပြော၏။

ဟူလင်းအာ၏ အသံလည်း တုန်ရီနေသည်။ “သခင်လေး ရှေ့ကို... ကြည့်.. ကြည့်ပါဦး”

“ရှေ့ကိုလား”

ချင်မူ အတန်ငယ် မှင်သက်သွားပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူတို့ပြောနေသည့်နေရာသို့ သူ့မျက်လုံးများ ရောက်သွားသောအခါ လိပ်ပြာလွင့်သွားသကဲ့သို့ သူ ကြက်သေသေသွား၏။ သူတို့အနောက်မှ ကျောက်ရုပ်တုကြီးက အရာအားလုံးကို ကန်ကျောက်ခြေမွ၍ တဖြည်းဖြည်း အနားကပ်လာနေသည်။

သို့တိုင်အောင် ချင်မူ မည်သည်ကိုမှ မခံစားရပေ။ အတန်ကြာသော် သူ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ ခင်ဗျား ဘာလုပ်ခဲ့တာတုန်း...”

All Chapters