← Chapters

ဖိနှိပ်ခြင်း

Vol. 7 Ch. Chapter 31

ဖိနှိပ်ခြင်း

Vol. 7 Ch. Chapter 31

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 31 - ဖိနှိပ်ခြင်း

ငွေရောင်စစ်သည်က ဓားကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ကောင်လေးကို ဒေါင်လိုက်ပိုင်းချလိုက်တယ်။ ဓားရဲ့အမြန်နှုန်း​က အသံမြန်နှုန်းကိုဖောက်ထွင်းသွားပြီး လေထုတစ်ခုလုံးကို တုန်ခါသွားစေတယ်။ ဒါပေမဲ့ ကောင်လေးကတော့ အေးအေးဆေးဆေးပဲ ရှောင်ထွက်တယ်။ ဓားက သစ်သားကြမ်းပြင်ကို ခုတ်မိသွားပြီး သစ်လုံးတွေအက်ကွဲကာ သစ်သားစတွေ နေရာအနှံပြန့်ကျဲကုန်တော့တယ်။

ဖျောင်း... ချက်... ဝုန်း...

သစ်လုံးစံအိမ်ကြီး၏နံရံလည်း ပေါက်ကွဲလွင့်စင်သွားခဲ့ပါပြီ။ ပိုးကောင်ဗိုလ်ချုပ်တွေကို လွယ်လွယ်နဲ့အနိုင်မရနိုင်မှန်းသိလို့ ငွေရောင်စစ်သည်က သူ့ဓားချက်မှာ အားကုန်ထည့်ထားခဲ့ပါတယ်။ ကောင်​လေးကတော့ ထိခိုက်မှုမရှိခဲ့ပေမဲ့ပေါ့။

"စိတ်ဝင်စားစရာပဲနော်... မင်းတို့လူသားတွေက။" ကောင်လေးက ပြုံးပြီးပြောလိုက်တယ်။ ငွေရောင်စစ်သည်ကတော့ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားရင်း တိုက်ကွက်သစ်တွေကိုထုတ်ဖော်ကာ တိုက်ပွဲကို ကလေးတွေနဲ့ တတ်နိုင်သမျှဝေးတဲ့နေရာဆီ ရွှေ့ဖို့လုပ်နေပါတယ်။ ကောင်လေးက သူ့ကိုအမှန်တကယ်ထိခိုက်အောင် မလုပ်နိုင်တဲ့ ဓားချက်တွေကို ဇိမ်နဲ့ရှောင်နေရင်းကနေ အခုလိုပြောလိုက်လေရဲ့။

"မင်းကိုယ်ပေါ်မှာ ငါ့အဖော်တွေရဲ့အနံမရဘူး။ မင်းသူတို့ကို သတ်ခဲ့တာမဖြစ်နိုင်ဘူး။ တရားခံအစစ်ကို ထုတ်ပေးမယ်ဆိုရင် ဒီလူတွေအားလုံးကို အသက်ရှင်ခွင့်ပေးမယ်။"

ထန်း....

ကောင်လေးက သူ့လက်ကိုမြှောက်လိုက်ပြီး မြေဆွဲအားဓားကို ဖမ်းထားလိုက်တယ်။ အလေးချိန်အမြင့်ဆုံးတင်ထားလို့ သူတို့ရပ်နေတဲ့ သစ်သားကြမ်းပြင်တောင် မခံနိုင်တော့ဘဲ တစ်စစီပေါက်ကွဲထွက်နေပြီဆိုပေမဲ့ ကောင်လေးကတော့ အမူအရာတစ်ချက်မှမပျက်ဘူး။

"ငါကလည်း ငါကာကွယ်ဖို့ကျဆုံးခဲ့တဲ့ ငါ့လူတွေအတွက် လက်စားချေပေးချင်ရုံပဲ။ မင်းဒီကလေးတွေကို ကာကွယ်ဖို့ကြိုးစားနေသလိုပဲပေါ့။ မင်းသူတို့ထဲက တစ်ယောက်ကို ကာကွယ်ဖို့ကျဆုံးခဲ့ရင် မင်းလည်းငါ့ကို လက်စားချေမှာပဲမဟုတ်လား။"

မက်ဒါနာက သူ့ရှေ့က ကောင်လေးရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။ ဒီကောင်လေးက သူ့မိဘတွေကို ကိုယ်တိုင်သတ်ပစ်ရလောက်တဲ့အထိ လူစိတ်ကင်းမဲ့နေပေမဲ့ လူသားတစ်ယောက်ရဲ့ကိုယ်ကျင့်တရားကို မေးခွန်းထုတ်ရလောက်တဲ့အထိ လူ့စိတ်ကို နားလည်သိရှိနေပြန်တယ်။

"မင်းငါ့ကို မနိုင်နိုင်ဘူး၊ တရားခံအစစ်ကိုထုတ်မပေးရင် ဒီကလေးတွေအားလုံးကို ငါ့မှာသတ်ပစ်နိုင်စွမ်းရှိတယ်။ ထုတ်ပေးရင်တော့ တစ်ယောက်ပဲသေမှာ၊ ပြီးမှ ငါ့ကိုလက်စားလိုက်ချေပေါ့။"

ကောင်လေးရဲ့မျက်နှာက အခုထိပြုံးပြုံးပဲ။ သူ့ရဲ့လက်တွေခြေတွေမှာ သွေးတွေစွန်းနေပေမဲ့ ပြုံးနေတာမလို့ သူ့ကို ကြည့်နေရင်းနဲ့တင် ကြက်သီးထစရာကောင်းနေတယ်။ ငွေရောင်စစ်သည်ရဲ့ဝတ်စုံထဲကနေ ရယ်သံထွက်ပေါ်လာတယ်။ နောက်တော့ မက်ဒါနာရဲ့ယောက်ျားဆန်အောင် ပြောင်းထားတဲ့အသံက အင်တာကွန်းကနေ ထွက်ပေါ်လာတယ်။

"ဟားဟား... လူတစ်ယောက်ကိုတောင်မှ မကာကွယ်နိုင်ရင် ကမ္ဘာပေါ်ကလူတွေအားလုံးကို ဘယ်လိုလုပ်ပြီးကယ်နိုင်မှာလဲ။ ပြီးတော့... အဲဒီကောင်လေးကို ငါပြန်ပို့လိုက်ပြီ။"

ငွေရောင်စစ်သည်က ကောင်လေးဖမ်းထားတဲ့ဓားကို အားယူပြီး ခြေစုံပစ်ခုန်လိုက်တယ်။ ကောင်လေးက ဓားကိုကိုင်ထားတဲ့လက်ကို ပိုအားစိုက်လိုက်တဲ့အတွက် ဇက်သတ္ထုဓားက ထက်ပိုင်းကျိုးသွား​လေရဲ့။ တစ်ပြိုင်နက်တည်းမှာပဲ ကောင်လေးရင်ဝကို ​​ခြေစုံကန်ချက်ထိမှန်သွားတယ်။

ဘုန်း....

ကောင်လေးနောက်ကိုလွင့်သွားတယ်။ ဒါပေမဲ့ တကယ်တမ်း ထိခိုက်သွားတာမျိုးတော့ သိပ်ရှိပုံမပေါ်ဘူး။ မက်ဒါနာကတော့ မိမိရရတစ်ချက်ကန် လိုက်နိုင်တဲ့အတွက် အတော်လေးပျော်နေပုံပဲ။

"အေမီ၊ ကလေးတွေကို လာခေါ်လို့ရပြီ။"

ရုတ်တရက် ပြိုကျလုဆဲဆဲ ခန်းမထဲမှာ ပေါ်တယ်တစ်ခုပေါ်လာပြီး ဘရီစာနဲ့ကလေးတွေကို ဖုံးလွှမ်းသွားတယ်။ ကလေးတွေပျောက်သွားပြီးတဲ့နောက် ဆိုဖီယာ၊ အေမီ၊ လင်ဒါ၊ ဖရက်နဲ့ ဖ​လေရာတို့ပေါ်လာတယ်။ သူတို့အားလုံးက တိုက်ပွဲဝင်အနေအထားမှာ အသင့်ရှိနေပါပြီးသားပါ။

"နေရာပြောင်းရွေ့နိုင်စွမ်းလား၊ မင်းက အစတည်းက ငါ့ကိုယှဥ်တိုက်နေယောင်ဆောင်ပြီး ပေါ်တယ်ဖွင့်ဖို့ တည်ငြိမ်တဲ့နေရာတစ်ခု ဖန်တီးနေတာပေါ့။"

ကောင်လေးစကားပြောနေတုန်း မက်ဒါနာနဲ့ခွေးနက်ကြီးက ပေါင်းစပ်သွားတယ်။ ငွေရောင်စစ်သည်ရဲ့သာမန်ချပ်ဝတ်က ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ရဲ့အားကုန်တိုက်ခိုက်မှုကို မခုခံနိုင်ပါဘူး။ အေမီကလည်း ရှေ့တက်လာပြီး သူ့လက်ထဲက မြေဆွဲအားဓားအပိုကို လက်နှစ်ဖက်နဲ့ပေးလိုက်ပါတယ်။

"သခင်မလေးရှင့်၊ ဓားအပိုရပါပြီ။" ငွေရောင်စစ်သည်က ခေါင်းညိတ်လိုက်ပြီး ဓားအကျိုးကို မြေပေါ်ပစ်ချကာ အသစ်ကိုယူလိုက်တယ်။ အဆင့်မြင့်ပိုးကောင်တွေက သူ့လက်နက်တွေကို ဖျက်ဆီးနိုင်မှန်း သိထားပြီးသားမလို့ မက်ဒါနာက ဓားအပိုတွေကြိုလုပ်ထားတယ်။ ပြီးတော့ အရင်ကလို ပိုက်ဆံကိစ္စစိုးရိမ်စရာမလိုတော့ဘူး။ ဆိုဖီယာနဲ့ဖလေရာတို့က သန်းကြွယ်သူဌေးတွေပါ။

"အများနဲ့တစ်ယောက်လား၊ ဒီလိုဆိုရင်တောင်မှ ငါ့ကိုလွယ်လွယ်လေးနိုင်မယ်မထင်နဲ့။ တစ်ပြိုင်နက်တည်းလာခဲ့။"

ဝှစ်...

ငွေရောင်စစ်သည်နဲ့ Neon Valkyrieက တောင်ပံတွေကိုဖြန့်ပြီး ကောင်လေးဆီကို ဘယ်ညာခွဲဝင်တယ်။ သူတို့ဓားတွေက ကောင်လေးပေါ်ကို တည့်တည့်ကျလာချိန်မှာ ကောင်​လေးရဲ့မျက်လုံးတွေက ပေါင်းစပ်မျက်လုံးတွေအဖြစ်ပြောင်းသွားပြီး တိုက်ကွက်တွေကို ခုခံလိုက်တယ်။

ဘုန်း....

ပေါက်ကွဲသံကြီးနဲ့အတူ သစ်သားစံအိမ်က လုံးဝပေါက်ကွဲပျက်စီးသွားတယ်။ မက်ဒါနာနဲ့အေမီက လေထုထဲကို ပျံတက်လိုက်ပြီး ကောင်လေးကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်တယ်။ ကောင်လေးကလည်း သွက်လတ်စွာနဲ့ ခြေတွေလက်တွေကိုမြှောက်ပြီး သူတို့ကိုတန်ပြန်တိုက်ခိုက်တယ်။

"ငါတို့ကို မေ့မထားနဲ့။" ဖလေရာကလည်း တူကြီးကိုဆွဲပြီး ပြေးဝင်တယ်။ အရင်နှစ်ယောက်ရဲ့ဓားချက်တွေကို တားဆီးထားတဲ့ ပိုးကောင်ဗိုလ်ချုပ်ခေါင်းပေါ်ကို ဖလေရာရဲ့တူက ကျဆင်းလာတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ရှုထောင့်ကနေ ကောင်လေးရှောင်ထွက်လိုက်ရတယ်။ ဒါပေမဲ့တခြားတစ်ဖက်မှာ ဖရက်က စောင့်နေပြီးသားဖြစ်ပြီး မိုးကြိုးဓားနဲ့ရင်ဝကို တည့်တည့်ထိုးထည့်လိုက်တယ်။

"သေစမ်း..." ကောင်လေးက မိုးကြိုးဓားသွားကို လက်နဲ့ဆုပ်ကိုင်ပြီးဖမ်းလိုက်တယ်။ လင်ဒါကလည်း ဝင်ပါလာပြီး သူ့ရဲ့ဆွဲဆောင်နိုင်စွမ်းနဲ့ ကောင်လေးကို တစ်ခနတာ မိန်းမောသွားအောင် လုပ်လိုက်ပါတယ်။ အဲဒီအချိန်လေးမှာပဲ သူတို့အားလုံးရဲ့တိုက်ကွက်တွေက ကောင်လေးပေါ်ကို ကျဆင်းလာတယ်။ ကံဆိုးတာက နောက်ဆုံးနာနိုစက္ကန့်လေးမှာတင် ကောင်လေးသတိဝင်လာပြီး အကျယ်ကြီးအော်ဟစ်လိုက်တယ်။

"အား....."

ဝုန်း.... ဝုန်း... ဝုန်း...

အော်သံကျယ်ကြီးက သူ့ပတ်ပတ်လည်မှာရှိနေတဲ့ လေထုအရံအတားကို လုံးဝဖောက်ခွဲပစ်လိုက်ပြီး မက်ဒါနာတို့အုပ်စုကို လေပြင်းနဲ့အတူလွင့်ပါသွားစေတယ်။ ကောင်လေးရဲ့ခန္ဓာကိုယ်က ချက်ချင်းပြောင်းသွားပြီး ကျောကနေ ခြောက်ပေလောက်အလျားရှိတဲ့ အတောင်ပံရှည်ကြီးပေါက်လာတယ်။ တစ်ကိုယ်လုံးက ပြောင်လဲ့လဲ့အခွံမာတွေဖုံးအုပ်သွားပြီး လူလိုမျိုး ခြေလက်တွေရှိပေမဲ့ ရွံစရာကောင်းတဲ့ ယင်တစ်ကောင်ရဲ့ပုံစံအတိုင်းဖြစ်သွားတယ်။

ဝီ... ဝီ... ဝီ...

ယင်ကောင်က အတောင်စခတ်ပြီး ကောင်းကင်အမြင့်ပေါ် ပျံတက်လိုက်တယ်။ ဆိုဖီယာကတော့ တိုက်ပွဲထဲ ဝင်မပါသေးဘဲ ကောင်လေးကို အကဲခတ်နေပါတယ်။ သူက ကောင်လေးပုံပြောင်းသွားတာကို ကြည့်ရင်းကနေ မျက်မှောင်ကြုတ်လိုက်ပါတယ်။

"ထင်ထားတဲ့အတိုင်းပဲ အမြန်နှုန်းအသားပေးပိုးကောင်ဖြစ်နေတာပဲ။ ငါတို့တော့ အခြေအနေမကောင်းဘူး။"

ငွေရောင်ငှက်မွှေးတောင်တွေက ယင်ကောင်ဆီကို တည့်တည့်ဝင်လာတယ်။ အေမီက ဉာဏ်ရည်တုဖြစ်တဲ့အတွက် သတိပြန်ဝင်လာဖို့ အချိန်အများကြီး မပေးလိုက်ရဘဲ ချက်ချင်းဆိုသလို လှုပ်ရှားလာတာပါ။ ပြီးတော့ သူ့အမြန်နှုန်းကလည်း အထင်ကြီးဖို့ကောင်းတယ်။ တစ်ဖက်မှာတော့ ယင်ကောင်က သူ့လက်ကို မြှောက်လိုက်ပြီး နေရာကနေ ရိပ်ခနဲပျောက်သွားတယ်။

ဘုန်း....

သူပြန်ပေါ်လာတော့ အေမီ့ဝတ်စုံရင်ဘတ်ပိုင်းက​​ဟောင်းလောင်းပေါက်နေပြီဖြစ်ပြီး စက်ပစ္စည်းတွေကို အတိုင်းသားမြင်နေရတယ်။ ကောင်လေးလက်ထဲမှာတော့ အလင်းတွေဖြာထွက်နေတဲ့ အလုံးလေးတစ်ခုကိုကိုင်ထားပြီး စိတ်ဝင်တစားနဲ့လေ့လာနေတယ်။

ပစ္စည်းကအလင်းကတော့ ဖြည်းဖြည်းချင်းအလင်း မှိန်ကျသွားပြီး အေမီလည်းလေပေါ်ကနေ ပြုတ်ကျသွားတယ်။ မက်ဒါနာက အောက်ကနေ ဖမ်းထားလိုက်ပေမဲ့ အေမီကတော့ သတိရှိမနေတော့ပါဘူး။

"စွမ်းအင်ဗဟိုအူတိုင်ကို ဖောက်ထုတ်ပစ်လိုက်တာလား။ ငါတို့သတိမထားရင် ဒီကလေးက ငါတို့နှလုံးတွေကို ဆွဲထုတ်ပစ်နိုင်တယ်။"

မက်ဒါနာရဲ့စကားနဲ့အတူ အားလုံးရဲ့အကြည့်တွေ ပြောင်းလဲသွားတယ်။ ပိုးကောင်ဗိုလ်ချုပ်တွေက တကယ့်ကိုအန္တရာယ်များပါတယ်။ မက်ဒါနာတို့အုပ်စု ပိုပြီးသတိကြီးလာပေမဲ့ ကောင်လေးကတော့ ထပ်ပြီး မလှုပ်ရှားသေးဘူး။ ဒါကိုက သူ့ရဲ့ယုံကြည်မှုကိုပြသနေပါတယ်။

"မင်းတို့က တကယ်ပဲ သူရဲဘောကြောင်တဲ့ရေဂင်ကို ဒဏ်ရာရအောင်လုပ်ပြီး သစ်ဆွေးပိုးကို သတ်ခဲ့တဲ့အုပ်စုလား။ မင်းတို့လို အားနည်းတဲ့သူတွေကို ရှုံးသွားတယ်ဆိုတော့ ပိုးကောင်အင်ပါယာကို အရှက်ရစေတဲ့ကောင်တွေပဲ။"

ဖောင်း....

ကောင်လေးက ဗဟိုချက်ကိုကိုင်ထားတဲ့လက်ကို အားစိုက်လိုက်တယ်။ အလင်းဒြပ်စင်တွေကိုသိုမှီးထားတဲ့ reactorက မခံနိုင်တော့ဘဲ ပေါက်ကွဲသွားခဲ့ပါပြီ။ အဲဒီပေါက်ကွဲမှုက အိမ်တစ်ခုလုံးကို ပြာကျသွားစေနိုင်ပေမဲ့ ကောင်လေးကတော့ ပေါက်ကွဲမှု တမ်တိုက်တွေထဲကနေ ဘာမှမဖြစ်သလိုမျိုး ထွက်လာပါတယ်။

မက်ဒါနာရင်ထဲမှာ ခံစားလိုမကောင်းသလိုလို ဝမ်းနည်းသလိုလိုခံစားချက် ဖြစ်ပေါ်လာပါတယ်။ "ဒါက နည်းပညာရဲ့အကန့်အသတ်ပဲ။ နည်းပညာတွေ ဘယ်လောက်ကောင်းကောင်း ပိုးကောင်ဗိုလ်ချုပ်တွေကို အနိုင်ယူဖို့မဖြစ်နိုင်ဘူး။ သူတို့က သဘာဝအတိုင်းမွေးဖွားလာတဲ့ ကမ္ဘာဖျက်ရန်သူတွေပဲ။"

မက်ဒါနာတို့အုပ်စုက ကောင်လေးကို ဆက်တိုက်ဖို့ပြင်တယ်။ ကောင်လေးက သူတို့ကိုတစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မှန်း သိနေပေမဲ့ သူတို့မှာရွေးချယ်စရာမရှိပါဘူး။ ကောင်လေးက မက်ဒါနာတို့ဆီကို ပြေးလာဖို့ ကြိုးစားပေမဲ့ ရုတ်တရက် အတားအဆီးတစ်ခုနဲ့တွေ့လိုက်ရသလိုမျိုး ရပ်တန့်သွားတယ်။ သူက မြေပြင်ကို စိုက်ကြည့်လိုက်ပြီး နတ်သူငယ်မလေးဆီအကြည့်ရောက်သွားလေရဲ့။

"မင်းက...."

နတ်သူငယ်မလေးရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာတယ်။ အပြစ်ကင်းစင်တယ်ထင်ရပေမဲ့ တကယ့်ကို ကြောက်စရာကောင်းတဲ့အပြုံးမျိုးပါ။ ဆိုဖီယာက ရှေ့ကို လျှောက်လာတယ်။ ကောင်လေးကတော့ သူ့ကိုချုပ်နှောင်ထားတဲ့ စိတ်စွမ်းအားအတားအဆီးကနေ ရုန်းထွက်ဖို့ကြိုးစားနေပေမဲ့ လှုပ်ဖို့တောင် ခက်ခဲနေတယ်။

"မင်းလို နတ်ဘုရားအသံမျိုးနွယ်က ဘယ်လိုလုပ်ပြီး

ဒီလိုနေရာမှာရောက်နေတာလဲ။"

ဆိုဖီယာက ရယ်သံလွင်လွင်လေးနဲ့ ရယ်မောလိုက်ပြီးတော့ သူ့လက်ကိုဆန့်ထုတ်လိုက်ပါတယ်။ "ရှင်တို့ ဒီကမ္ဘာကိုရောက်နေတဲ့ အကြောင်းပြချက်နဲ့ အတူတူပဲလေ။"

ဝေါ... ဝေါ... ဖလော....

ဆိုဖီယာကို ဗဟိုပြုပြီးတော့ မြေကြီးတွေက လှုပ်ရှားလာတယ်။ နောက်တော့ မြေကြီးတွေတင်မကဘဲ သစ်ပင်တွေ၊ ကျောက်တုံးတွေနဲ့ လေထုတစ်ခုလုံးကပါ သူ့ဆန္ဒကို လိုလိုလားလားစတင်လိုက်နာတယ်။ လောကကြီးတစ်ခုလုံးက သူနဲ့တစ်သားတည်းဖြစ်နေတဲ့အလားပါပဲ။

"သူ့ကိုသတ်...." သစ်တောထဲမှာရှိနေတဲ့ သစ်လုံးတွေ၊ ကျောက်တုံးတွေနဲ့ မြေကြီးတွေအားလုံးလိုလိုက မက်ဒါနာတို့မျက်စိရှေ့မှာပဲ လေထုထဲမှာအမြုပ်ခံထားရတဲ့ ကောင်လေးဆီကို တစ်စုတစ်စည်းထဲ ပြေးဝင်လာတယ်။ ကောင်လေးက ဆက်တိုက်ရုန်းနေပေမဲ့ အချည်းအနှီးပါပဲ။

ဖြောင်း... ဝုန်း.... ခရက်... ခရက်....

အရာဝတ္ထုတွေက အရှိန်ပြင်းပြင်းနဲ့ ကောင်လေးကိုစပြီး ဝင်ဆောင့်တယ်။ တိုက်ပွဲက ပြင်းထန်လွန်းလို့ ဆိုဖီယာရဲ့စကားတစ်ခွန်းနဲ့တင် လောကကြီးတစ်ခုလုံး သူတို့အပေါ်ပြိုကျလာသလား ထင်မှတ်ရပါတယ်။

....

မြို့ထဲမှာတော့ ဓာတ်ပုံဆရာက စားသောက်ဆိုင်ဆီ ပြန်ရောက်လာတယ်။ ဆိုင်ရဲ့တစ်နေရာမှာပုန်းနေတဲ့ ကလေးအမေနဲ့ကလေးကို သူမကြာခင်မှာပဲ ရှာတွေ့သွားတယ်။ ဒီတော့မှ သူစိတ်ကိုဒုံးဒုံးချနိုင်သွားတော့တာပေါ့။

"မိန်းမ၊ ငါတို့ဒီမြို့ကနေ ထွက်မှဖြစ်မယ်လို့ ဆာ Silver Knightက ပြောလိုက်တယ်။"

သူက မိန်းမဖြစ်သူရဲ့လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲကနေ ထွက်တယ်။ နောက်တော့ ကားတံခါးကိုဖွင့်ရင်း ပုံမှန်မဟုတ်တဲ့ ရာသီဥတုကို သတိထားမိသွားပါတယ်။ "ဘာလို့ ရုတ်တရက်ကြီး လေတွေတိုက်လာတာလဲ။"

လေတွေက သစ်တောဘက်ကို စတင်တိုက်ခိုက်နေတာမလို့ ဝီလီယံစပေါ့မြို့လေးရဲ့လမ်းတွေပေါ်မှာ အမှိိုက်တွေ မျောပါနေတာကို မြင်ရတယ်။ မကြာခင်မှာပဲ ဓာတ်ပုံဆရာက မူမမှန်တာတစ်ခုကို သတိထားမိသွားပြီး ကင်မရာကိုလက်ထဲကိုင်ကာ မြင်ကွင်းကိုချဲ့ကြည့်လိုက်တယ်။ မိန်းမဖြစ်သူကတော့ ထွက်ပြေးမယ်ဆိုပြီး ဓာတ်ပုံရိုက်နေတဲ့ ယောက်ျားဖြစ်သူကို ဒေါသထွက်လာပြီး အော်တော့ဟစ်တော့တာပေါ့။

"ယောက်ျား၊ ရှင်ရူးနေလား။ ဆာSilverKnightနဲ့ တကယ်တွေ့လာပြီး သူက ထွက်ပြေးခိုင်းတာဆိုရင် ဒီနေရာက အန္တရာယ်ရှိနေပြီမဟုတ်လား။ တခြားသူတွေကိုပြောပြီး မြန်မြန်ပြေးရမှာလေ။ ဓာတ်ပုံရိုက်ဖို့ ခုထိစဥ်းစားနေတုန်းပဲလား။"

ဓာတ်ပုံဆရာကတော့ လက်ကာပြလိုက်ပြီး မိန်းမဖြစ်သူကို ပြောလိုက်တယ်။ "မိန်းမရေ၊ ငါတစ်ခုခု ထူးခြားတာတော့ တွေ့ပြီထင်တာပဲ။ ဟိုးအဝေးကြီးမှာ ကောင်လေးတစ်ယောက်လေထုထဲမှာ ရပ်နေပြီး သူ့ဆီကို ကျောက်တုံးကြီးတွေပြေးဝင်တိုက်နေတယ်ဟ။"

"......"

....

"ဒီနေ့ လေအားကောင်းလိုက်တာ။" အမဲပစ်ဦးထုပ်ဝိုင်းကြီးကို ဆောင်းထားတဲ့ ဂရီဂိုရီဖိုးဖိုးက ပြောလိုက်ပါတယ်။ မြေးလုပ်တဲ့တင်မီကတော့ တောထဲသွားဖို့ ပစ္စည်းတွေတင်နေရင်း ပြောလိုက်တယ်။

"အဖိုး၊ ခုနကမှ မြို့ထဲမှာ ဂိုဏ်းစတားတွေချနေတယ်လို့ အိမ်နီးချင်းတွေ လာပြောတယ်မဟုတ်လား။ နောက်နေ့မှ အမဲလိုက်ရင်လိုက်ပါလား။"

ဒါပေမဲ့ အဖိုးကြီးက ဒေါသတကြီးနဲ့ တင်မီ့ခါးကို ကန်လိုက်ပြီး ပြောလိုက်ပါတယ်။ "မင်းဘာသိလို့လဲကွ၊ သမင်တွေက ခုလိုနေ့မျိုးမှာပဲ ပျော်မြူးတာ။ ပြီးတော့ ငါ့မြေးချွေးမလေးကို သွားခေါ်ဦး၊ နေမြင့်တဲ့အထိ အိပ်နေတာမကောင်းဘူးလို့။ နာရီဝက်အတွင်း အိမ်ကနေထွက်မှာမလို့ လိုက်ချင်ရင် မြန်မြန်လုပ်လို့။"

"ဟုတ်ကဲ့၊ အဖိုး။" တင်မီက သက်ပြင်းကြီးကြီးချလိုက်ရင်း အိမ်ထဲပြန်ဝင်သွားတယ်။ ဖိုးဖိုးဂရီဂိုရီကတော့ ကောင်းကင်ပေါ်က အလျင်အမြန်ရွေ့လျားနေတဲ့ တိမ်တွေကိုကြည့်ရင်း ခေါင်းကုတ်နေပါတယ်။

"အခုက လေဆင်နှာမောင်းရာသီလဲမဟုတ်ပါဘူး။ ရာသီဥတုက ဘယ်လိုကြီးပါလိမ့်။"

....

ဆိုဖီယာက သူ့မျက်စိရှေ့မှာရှိနေတဲ့ မြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်တယ်။ ကျောက်တုံးတွေသစ်ပင်တွေက ပိုးကောင်ဗိုလ်ချုပ်ကိုဖိနှပ်ထားပြီး အခုဆိုရင် မီတာရာနဲ့ချီပြီးကြီးမားတဲ့ အလုံးကြီးတစ်ခုဖြစ်နေပါပြီ။ ဒါပေမဲ့ အထဲကနေ ရုန်းကန်နေတဲ့အသံကို ကြားနေရဆဲပါ။

"သာမန်မြူတန့်တစ်ယောက်ဆိုရင် သေသင့်နေလောက်ပြီဆိုပေမဲ့ ဒီကောင်က တော်တော်ကြီး အသက်ပြင်းတဲ့ပုံပဲ။"

ဖလေရာက သူတို့ခေါင်းပေါ်က မြင်ကွင်းကိုကြည့်ရင်း ပြောလိုက်တယ်။ မက်ဒါနာလည်း ခေါင်းညိတ်လိုက်ရင်း ဆိုဖီယာကို လှည့်ကြည့်လိုက်လေရဲ့။ "ဒါပြီးရင် ဘာဆက်လုပ်မှာလဲ။ နင့်မှာ သူ့ကိုသတ်နိုင်မယ့်နည်းရှိလား။"

ဆိုဖီယာက ခေါင်းခါပြတယ်။ ဒါပေမဲ့ ပြီးတဲ့နောက် ထပ်ပြီးခေါင်းညိတ်တယ်။ "သေမသေတော့မသေချာပေမဲ့ ကြိုးစားကြည့်လို့တော့ရတယ်။"

သူတို့ရင်ဆိုင်နေရတာက အရွယ်အပြည့်ရောက်ပြီးသား ပိုးကောင်ဗိုလ်ချုပ်ပါ။ လွယ်လွယ်နဲ့သတ်လို့ရတဲ့ ပေါက်ကာစလေးမဟုတ်ဘူး။ ဆိုဖီယာက လက်နှစ်ဖက်ကို အထက်အောက်အနေအထားနဲ့ ခပ်ခွာခွာထားလိုက်တယ်။ သူ့ရဲ့စိတ်စွမ်းအားတွေက ပစ္စည်းအစုအပုံကြီးရဲ့အထက်အောက်မှာ မမြင်ရတဲ့ လက်ဝါးပုံစံဖြစ်တည်လာပြီး ချုပ်ကိုင်လိုက်တယ်။ နောက်တော့ ဆိုဖီယာက စပြီးဖိချတယ်။ ပစ္စည်းပုံကြီးကလည်း ဖြည်းဖြည်းချင်းအမှုန့်တွေအဖြစ်ပြောင်းလာပြီး ဖိသိပ်ခံရရာ အရွယ်အစားသေးလာတယ်။

ကုဗမီတာတစ်ရာ... ကုဗမီတာရှစ်ဆယ်... ကုဗမီတာ ခြောက်ဆယ်...

အရွယ်အစားသေးလာတာနဲ့အမျှ ဘောလုံးကြီးရဲ့ကျစ်လစ်သိပ်သည်းမှုကလည်း ပိုမိုများပြားလာပြီး ထိန်းချုပ်ရခက်ခဲလာပါတယ်။ ဆိုဖီယာရဲ့နှာခေါင်းကနေ သွေးတွေစီးကျလာတယ်။ သူက အံ့တင်းတင်းကြိတ်ထားပြီး တစ်ကိုယ်လုံးတုန်ယင်နေပေမဲ့ မက်ဒါနာတို့ကို အားတင်းထားရင်း ပြောလိုက်လေရဲ့။

"ငါက ဒါကြီးအကန့်အသတ်ရောက်တဲ့အထိဖိနှိပ်ပြီး

ပေါက်ကွဲသွားအောင်လုပ်မှာ။ နင်တို့နောက်ဆုတ်နေတာကောင်းမယ်။"

အခုဆိုဖီယာလုပ်နေတဲ့အကွက်က ပစ္စည်းတစ်ခုကို ဟိုက်ဒရောလစ်စက်နဲ့ပေါက်ကွဲသွားတဲ့အထိ ဖိချနေတာနဲ့ ဆင်တူပါတယ်။ ပိုခက်ခဲပြီး စွမ်းအားများစွာသုံးရတာဖြစ်ပေမဲ့ ဒီလိုပမာဏမျိုးနဲ့မှ ဟိုကောင်လေးကို သူတို့မှာသတ်ဖို့အခွင့်အရေးရှိလာမှာပါ။ မက်ဒါနာတို့က တောစပ်အထိရောက်အောက်ပြန်ဆုတ်တယ်။ ပြည်သူတွေ တိုက်ပွဲကိုကြည့်နေတာမြင်တော့ သူတို့က အော်ဟစ်ပြီး အကာအကွယ်ယူခိုင်းလိုက်တယ်။

"ဟေး၊ မင်းတို့တွေကြည့်မနေဘဲ ပုန်းဖို့နေရာရှာကြ။ မကြာခင် အဲဒါကြီးက ပေါက်ကွဲတော့မှာ။" ဖရက်က အော်ပြီးပြောလိုက်တယ်။ ပေါက်ကွဲတော့မယ်ဆိုတာလည်းကြားရော အကုန်လုံး ရုပ်ရုပ်သဲသဲတွေဖြစ်ကုန်ပြီး အိမ်တွေထဲ ဝင်ပြေးတဲ့သူကပြေး လမ်းမပေါ်မှာ ဝပ်နေတဲ့သူက ဝပ်နေနဲ့။ ဓာတ်ပုံဆရာကတော့ တစ်နေရာကနေ သူတို့အဖွဲ့ကို လှမ်းဓာတ်ပုံရိုက်ယူရင်း ပြောလိုက်တယ်။

"အခုဆိုရင် သမီးလေးကြီးလာရင်ပြဖို့ Knight Family တစ်ခုလုံးရဲ့ပုံရသွားပြီ။"

ကုဗမီတာသုံးဆယ်.... ကုဗမီတာတစ်ဆယ်... သုံး ကုဗမီတာ

ဘုန်း.....

နောက်ဆုံးတော့ အလွန်တရာကျစ်လစ်သိပ်သ​ည်းလှပါတယ်ဆိုတဲ့ မြေဒြပ်ထုလုံးကြီးက ပေါက်ကွဲထွက်သွားပြီး မြို့ကိုဝန်းရံထားတဲ့သစ်ပင်တစ်ဝက် အမြစ်ကနေ ကျွတ်ပါသွားတယ်။ မြေပြင်မှာ မီးတောင်တွင်းဝလို တစ်ကီလိုမီတာလောက်ရှိတဲ့ တွင်းဝကြီးဖြစ်ကျန်ခဲ့ပြီး ဆိုဖီယာဒူးထောက်ကျသွားတယ်။ တွင်းဝက နက်လွန်းလို့ လေဖိအားနည်းရပ်ဝန်းငယ်တစ်ခု​ဖြစ်သွားပြီး ပတ်ဝန်းကျင် ​လေထုကို စုပ်ယူလိုက်တယ်။ ငွေရောင်စစ်သည်နဲ့အပေါင်းအပါတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တယ်။ တိုက်ခိုက်မှုပြီးသွားပြီဆိုပေမဲ့ ရလဒ်ကိုတော့ သူတို့မသိသေးပါဘူး။

All Chapters