သုံးဆယ်ရာခိုင်နှုန်းမျှသာ
Vol. 80 Ch. 1109
လူတိုင်း၏မျက်လုံးထဲတွင် ကတ်ပတိန်အနေနှင့် လီချိုင်ပင်းက ရှေ့နှစ်လှမ်းတိုးကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “ဘာကျင့်ကြံခြင်းနည်းစနစ်တစ်ခုဆိုတာ ငါ သိလို့ရမလား၊ ပြီးတော့ ဘယ်ခွန်အားအဆင့်ကို မင်း သတ်မှတ်ထားတာလဲ”
“ခင်ဗျားက သိဖို့ အရည်အချင်းမမှီဘူး”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ခင်ဗျားတို့အားလုံး သိရမှာက နောက်သုံးလကျရင် ခင်ဗျားတို့တွေက လက်ရှိထက် ဆယ်ဆပိုသန်မာရမယ်ဆိုတာပဲ၊ မဟုတ်ရင် ခင်ဗျားတို့က ကျုပ်လူတွေ ဖြစ်လာနိုင်မှာမဟုတ်ဘူး”
“မင်း ငါ့ကို ကျီစားနေတာလား”လီချိုင်ပင်းက ဒေါသတကြီး အော်ပြောလိုက်သည် “ငါတို့က မင်းလောက် မသန်မာပေမယ့် လူမရေမတွက်များစွာရဲ့မျက်လုံးထဲမှာတော့ ငါတို့က ကျွမ်းကျင်သူတွေပဲ။ ငါတို့ရဲ့လက်ရှိခွန်အားအရ နည်းနည်းလေးတိုးတက်ဖို့တောင် အချိန်အကြာကြီးလေ့ကျင့်ရမှာ။ ငါတို့ကို ဆယ်ဆပိုသန်မာလာစေချင်တယ်ဆိုတာက မဖြစ်နိုင်တာပဲ”
“မဖြစ်နိုင်ဘူးဆိုတာ ဒီကမ္ဘာမှာ မရှိဘူး”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ခင်ဗျားတို့ရဲ့ကြိုးစားအားထုတ်မှုအပေါ်ပဲ မူတည်တယ်။ ထန်၂၈၊ ဒီနေရာကို လာ”
ထန်ရှုနောက်မှ လိုက်ပါလာလျက် ထန်၂၈က ဘာစကားတစ်ခွန်းမှ မပြောခဲ့ပေ၊ ရုတ်တရက် သူက ထန်ရှုဘေးသို့ ရောက်လာကာ ရိုသေလေးစားစွာ ပြောလိုက်သည် “ဂိုဏ်းချုပ်”
“မင်းအသက်ဘယ်လောက်လဲရှိတာ သူတို့ကို ပြောလိုက်ပါ”ထန်ရှုက သူ့အား ခေါင်းညိတ်ပြလိုက်သည်။
“ရှစ်နှစ်နဲ့ခြောက်လ”ထန်၂၈က ပြန်ဖြေသည်။
ထိုလူများအား ပြန်ကြည့်ရင်း ထန်ရှုက နက်ရှိုင်းသောလေသံနှင့် ပြောလိုက်သည် “ခင်ဗျားတို့တွေ ကြားကြတယ်မလား။ သူက အခုမှ ရှစ်နှစ်နဲ့ခြောက်လပဲ ရှိသေးတယ်။ လက်ရှိသူ့အသက်အရွယ်မှာ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ထိမြင့်မားမယ်လို့ ခင်ဗျားတို့ထင်လဲ”
လီချိုင်ပင်းက စောင်းငဲ့ကြည့်လျက် ထန်၂၈အား လေ့လာပြီးနောက် ပြောလိုက်သည် “သူက သိုင်းပညာပါရမီရှင်တစ်ယောက်ဆိုရင်တောင် သူ့ရဲ့အသက်အရွယ်အရ သူ့ရဲ့အမှန်တကယ်ခွန်အားက အသိအမှတ်ပြုစရာရှိမယ်လို့ ငါတော့ မထင်ဘူး။ ငါတို့က မင်းပြိုင်ဘက်မဟုတ်ပေမယ့် သူကတော့…ဟီးဟီးဟီး…”
“ခင်ဗျားက သူ့ကို တကယ်ပဲ အထင်သေးရယ်မောနေတာပေါ့လေ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ထန်၂၈၊ ကတ်ပတိန်လီက အခုထိ သူ့ရဲ့စွမ်းရည်ကို မထုတ်ပြရသေးဘူး။ ဘာလုပ်ရမလဲဆိုတာ မင်း နားလည်တယ်မလား”
ထန်၂၈က ခေါင်းညိတ်ကာ လီချိုင်ပင်းထံ ရှေ့တိုးလာလျက် ပြောလိုက်သည်“ကျေးဇူးပြုပြီး ငါ့ကို သင်ကြားပေးပါ၊ ကတ်ပတိန်လီ”
လီချိုင်ပင်းက မှင်တက်သွားခဲ့ပြီး လုံခြုံရေးအဖွဲ့၏အဖွဲ့ဝင်ခုနှစ်ဆယ့်ကိုးယောက်က အလားတူ အံ့အားသင့်သွားကြ၏။
ထိုင်နေသောနယ်ဖမ်းကန်းနှင့်နယ်ကျဲ့တို့ပင် မှင်တက်သွားပြီး ထန်ရှုနှင့်ထန်၂၈တို့အား မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
လက်ရည်စမ်းမှာလား။ ဒါ ဘယ်လိုဟာသမျိုးလဲ။ ရှစ်နှစ်နဲ့ခြောက်လအရွယ်ကလေးတစ်ယောက်က လီချိုင်ပင်းကို စိန်ခေါ်ချင်တာလား။ ထန်ရှုက ရူးနေတာလား။
လီချိုင်ပင်းက ဒေါသထွက်စွာနှင့် ထန်ရှုအား စိုက်ကြည့်လိုက်သည် “မင်း ငါ့ကို ရန်စနေတာလား၊ ထန်ရှု”
“ဟမ့်၊ ခင်ဗျား ထင်ချင်သလိုထင်လို့ရတယ်”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “သူ ခင်ဗျားကို စိန်ခေါ်ပြီးပြီးနော်။ ခင်ဗျားက ရှစ်နှစ်နဲ့ခြောက်လအရွယ်ကလေးတစ်ယောက်ကို ကြောက်နေတာလား”
“မင်း သူ့ကို သင်ကြားပေးရမယ်၊ ကတ်ပတိန်…”ယန်ဟူက အော်ပြောလိုက်သည်။
“သူ့ကို ဆုံးမလိုက်၊ ကတ်ပတိန်။ သူတို့က သူတို့ရဲ့သာလွန်မှုကို ပြချင်ကြတယ်။ မင်းက အားမနည်းဘူးဆိုတာ သူတို့ကို သိခွင့်ပေးလိုက်”အားလူလည်း အော်ပြော၏။
“ဟုတ်တယ်။ သူနဲ့ တိုက်ခိုက်…”
“သူ့ကို သင်ခန်းစာတစ်ခုပေးလိုက်…”
“…”
ဒေါသတို့ လောင်ကျွမ်းလျက် လီချိုင်ပင်းက ပြုံးကာ ချီးကျူးလိုက်သည် “အရမ်းကောင်းတယ်၊ မင်းက သန်မာတာကြောင့်နဲ့ လူတွေက အရှက်ရအောင် လုပ်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းက ငါ့ကို သူနဲ့ ယှဉ်ပြိုင်ချင်စေချင်နေတာမလား၊ ဒါဆိုလဲ ငါ သူနဲ့ ယှဉ်ပြိုင်မယ်။ မင်းတို့ စောင့်နေ… ဘယ်လိုအဆုံးသတ်မလဲဆိုတာ မင်းတို့ မြင်ရလိမ့်မယ်”
“ကျုပ် ပြောခဲ့တာကို မေ့နေပြီးလား၊ ကတ်ပတိန်လီ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “စကားအများကြီး မပြောနဲ့၊ မဟုတ်ရင် ခင်ဗျား ထပ်မျက်နှာပျက်ရလိမ့်မယ်”
ကတ်ပတိန်လီက သက်ပြင်းတစ်ချက်ရှိုက်ကာ စိတ်ထိန်းချုပ်လျက် ထန်၂၈အား ပြောလိုက်သည် “မင်းက ငါ့ကို စိန်ခေါ်မှတော့ ငါ ညှာတာမှာမဟုတ်ဘူးနော်၊ ကလေး။ အဲဒါက ဘယ်သူ့ကိုမှ လျှော့မတွက်ရဘူးလို့ မင်းရဲ့ဂိုဏ်းချုပ်ကိုယ်တိုင်ပြောခဲ့တာ”
“ခင်ဗျား တစ်ရာရာခိုင်နှုန်းစွမ်းအားနဲ့ တိုက်ခိုက်တာက ကျုပ်ကို ဂုဏ်ပြုတာပဲ”ထန်၂၈က အမူအရာကင်းမဲ့စွာ ပြောလိုက်သည် “ခင်ဗျားက အားနည်းလွန်းတယ်၊ ဂိုဏ်းချုပ်ကလဲ ခင်ဗျားကို ဒဏ်ရာမရစေချင်မှတော့ ကျုပ် ခင်ဗျားကို မနာကျင်စေရဘူးလို့ အာမခံပါတယ်။ ကဲ၊ စကြတာပေါ့”
“ဟမ့်…”
ယခင်ဖြစ်ရပ်ကြောင့်သာမဟုတ်လျှင် လီချိုင်ပင်းက ကလေးတစ်ယောက်နှင့် ငြင်းခုန်ရန် နှေးကွေးနေမည်မဟုတ်၊ သို့သော် သူက ထန်ရှု၏ယခင်အပြုအမူများအား အမှတ်ရသည်။ သူက ဂရုမစိုက်သောအတွေးများ ချက်ချင်း ဖယ်ထုတ်ကာ ဘာမှထိန်ချန်မထားဘဲ ထန်၂၈အား ပြေးကာ ကန်လိုက်သည်။
ဖတ်…
ထန်၂၈က လက်ကလေးမြှောက်ကာ လီချိုင်ပင်း၏ကန်ချက်အား တန်းကာ တားလိုက်သည်။ ဘွတ်ဖိနပ်ဖြင့် ကာကွယ်ထားသော်ငြား သူ့ခြေထောက်အား တူတစ်လက်ဖြင့် ရိုက်ချသလို လီချိုင်ပင်းက ခံစားမိသွား၏။
“ခင်ဗျားက ကျုပ်ဆီ ခြိမ်းခြောက်မှုတစ်ခု သယ်လာဖို့ အားနည်းလွန်းတယ်။ ဂိုဏ်းချုပ်က ခင်ဗျားတို့အားလုံးကို စုပေါင်းတိုက်ခိုက်ခိုင်းတာ အံ့ဩစရာမရှိဘူးပဲ”ထန်ရှုက မျက်နှာအရောင်မရှိဖြစ်သွားသောလီချိုင်ပင်းအား ကြည့်လိုက်သည်။ သူ၏သေးငယ်သောပုံရိပ်က လျင်မြန်စွာ ခုန်တက်ကာ လီချိုင်ပင်း၏ပါးပြင်အား ကန်ကျောက်လိုက်၏။
ထိုကန်ချက်က သူ့ခွန်အား၏သုံးဆယ်ရာခိုင်နှုန်းမျှသာ အသုံးပြုထားသော်လည်း လီချိုင်ပင်းက ဆယ်မီတာကျော်လွင့်ထွက်သွားပြီးနောက် နံရံပေါ်သို့ ပြင်းထန်စွာ ကျသွား၏။
“ဘာ…မဖြစ်နိုင်တာ…”
“ငါ ဘာတွေ မြင်နေရတာလဲ။ ကတ်ပတိန်က…”
“ဘာတွေဖြစ်နေတာလဲ။ ဘယ်လိုလုပ်ပြီး ဒီကလေးက ဒီလောက် မြန်ရတာလဲ…ကတ်ပတိန်ကတောင် လွင့်ထွက်သွားတယ်။ ဒါပေမယ့် ဒီလောက်အဝေးကြီးလွင့်ထွက်သွားဖို့က မဖြစ်နိုင်ဘူးလေ”
“ဒီကလေးက မိခင်ဝမ်းဗိုက်ကတည်းက စတင်ကျင့်ကြံခဲ့တာလား။ အဲလိုဆိုရင်တောင် သူ ဒီလောက်ထိ အားကောင်းဖို့ မဖြစ်နိုင်ဘူးလေ”
“ငါ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်”
“…”
လူခုနှစ်ဆယ့်ကိုးယောက်လုံးက အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။ ကမ္ဘာတွင် မယုံကြည်နိုင်စရာအကောင်းဆုံးအရာဖြစ်သည့်အလား ဖြစ်ပျက်ခဲ့သည်အား သူတို့က ယုံကြည်ရန်မတတ်နိုင်ခဲ့ပေ။
“ခင်ဗျားတို့တွေ ထိတ်လန့်သွားတာလား”ထန်ရှုက ပေါ့ပေါ့ပါးပါးပြောလိုက်သည် “သူက အသက်ရှစ်နှစ်နဲ့ခြောက်လပဲ ရှိသေးတာကြောင့် ဒီလိုအားကောင်းတဲ့ခွန်အားတစ်ခု ရှိဖို့ မဖြစ်နိုင်ဘူးလို့ ခင်ဗျားတို့တွေးနေတာမလား”
သူတို့က မဖြေသော်လည်း သူတို့၏အမူအရာက သူတို့၏အတွေးများအား သစ္စဖောက်ခဲ့သည်။ သူတို့က တကယ်ကို မယုံကြည်နိုင်ခဲ့ပေ။
“ဒါဆို သူတို့ကို ယုံကြည်အောင် လုပ်လိုက်ပါ၊ ထန်၂၈”ထန်ရှုက အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ”
ကောင်လေးက ဝေးဝါသောပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ တဖြောက်ဖြောက်မြည်သံများအား ဆက်တိုက်ကြားလိုက်ရသည်။ ကြမ်းပြင်ပေါ်မှ ထကာစ လူခုနှစ်ဆယ့်ကိုးယောက်က ကြမ်းပြင်နှင့် ထပ်ကာ မိတ်ဆက်သွားပြန်၏။ ခြားနားချက်က သူ့ထိန်းချုပ်မှုက သိပ်မကောင်းလှသဖြင့် ထန်၂၈၏တိုက်ခိုက်မှုများက ထန်ရှုထက် ပိုကြမ်းတမ်းသည်။ ထိုခုနှစ်ဆယ့်ကိုးယောက်လုံးက ကြမ်းပြင်မှ ထပ်ကာ မထနိုင်တော့။ သူတို့က နေရာတွင်သာ နာကျင်စွာ ညည်းညူလိုက်လေ၏။
ထို့နောက် ထန်၂၈က ထိုလူများ၏အလယ်တွင် ရယ်လျက် အေးစက်စွာ ပြောလိုက်သည် “ဘယ်သူ့ကိုမှ အပေါ်ယံကြည့်ပြီး အကဲမဖြတ်ဖို့ ဂိုဏ်းချုပ်က ခင်ဗျားတို့ကို ပညာပေးခဲ့တယ်။ ဒါတောင် ခင်ဗျားတို့က ဝင့်ကြွားနေတုန်းပဲ။ ဒါက ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့အပြစ်ဒဏ်ပဲ”
‘အပြစ်ဒဏ်လား။ မှန်တယ်။ ဒါ အပြစ်ဒဏ်ပဲ’
လီချိုင်ပင်းအပါအဝင် အရှက်ရမှုက လူတိုင်း၏နှလုံးသားထဲ၌ ချက်ချင်းပြည့်သွားတော့၏။ ထန်ရှုက သူတို့အား အနိုင်ရပြီးနောက် သူတို့က သူတို့၏မောက်မာမှုအား နောင်တရခဲ့သည်၊ သို့သော် ဤတစ်ချိန်တွင် ထန်၂၈၏အနိုင်ယူခြင်းကို ခံရပြီးနောက် မျက်နှာအား လက်ဝါးဖြင့် ရိုက်လိုက်သလို ခံစားမိလာသည်၊ ရှက်ရွံ့မှုတို့ လောင်ကျွမ်းလျက် သူတို့က တွင်းပေါက်တစ်ခုရှာကာ ပုန်းသာ နေချင်မိတော့၏။
နယ်ဖမ်းကန်း၏အသက်ရှုသံက ကြမ်းတမ်းလေးလံနေသည်။ သူက ထန်၂၈အား သေချာစိုက်ကြည့်လိုက်သည်။ ဤအခါတွင်မှ ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုသည်ကို သူ သဘောပေါက်လာ၏။ သုံးလအတွင်း၌ သူက ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်သည်ဟု ထန်ရှုက ပြောခဲ့သည်- ဤအချက်က သူ့အား ပီတီတို့ဝေဖြာသွားစေသည်။
“ထန်ရှု၊ ငါသာ မရပ်မနား လေ့ကျင့်ရင် နောက်သုံးလပြီးရင် ငါက ထန်၂၈ထက် ပိုအားကောင်းလာနိုင်မလား”နယ်ဖမ်းကန်းက မေးရန် မစောင့်နိုင်တော့ပေ။
ထန်ရှုက လှည့်ကြည့်လိုက်သည်၊ နယ်ဖမ်းကန်း၏မျက်နှာပေါ်ရှိ စိတ်အားထက်သန်မှုအား မြင်လိုက်ရ၏။ သူက ပြုံးကာ ခေါင်းခါယမ်းလျက် ပြောလိုက်သည် “ဉီးလေးနယ်၊ ထန်၂၈က အားမနည်းဘူး။ သူက ကလေးစစ်သားသောင်းချီကနေ ရွေးထုတ်ထားတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သုံးလမပြောနဲ့၊ သုံးနှစ်ကျင့်ကြံရင်တောင် ဉီးလေးက သူ့အဆင့်ကို မရောက်ရှိနိုင်ဘူး။ ကျင့်ကြံခြင်းလမ်းကြောင်းဆိုတာ ဖြည်းဖြည်းချင်းသာ လျှောက်လှမ်းရတာ”
နယ်ဖမ်းကန်း၏မျက်ခုံးများက ကျုံ့သွားပြီး မကျေမနပ်ဖြစ်သွား၏။ သူ့အမြင်အရ ထန်၂၈၏တိုက်ခိုက်ရေးစွမ်းအားက သန်မာလွန်းပြီး ထန်ရှုထက် မဆိုးလောက်ပေ၊ သို့သော် ဒီလူနှစ်ယောက်၏ခွန်အားအတိအကျအား သူ မရှင်းလင်းပေ။
ဤအထိတွေးပြီးနောက် သူက မေးလိုက်သည် “ဒါနဲ့ ထန်၂၈က စွမ်းအားဘယ်လောက်ထိ အသုံးပြုခဲ့တာလဲ၊ ထန်ရှု”
“သူ့ကို ပြောပြလိုက်ပါ၊ ထန်၂၈”ထန်ရှုက ပြုံးလိုက်သည်။
“သုံးဆယ်ရာခိုင်နှုန်းလောက်”ထန်၂၈က ဖြေလိုက်သည်။
“ဟူး…”
နယ်ဖမ်းကန်းက ပင့်သက်ရှိုက်လိုက်သည်။ ဂြိုလ်သားတစ်ယောက်အား ကြည့်နေသည့်အလား သူက ထန်၂၈အား ကြည့်လိုက်၏။ ဒီကလေးက အသက်ဘယ်လောက်လဲ။ ရှစ်နှစ်နဲ့ခြောက်လအရွယ်ကလေးတစ်ယောက်က သူ့ခွန်အားရဲ့သုံးဆယ်ရာခိုင်နှုန်းပဲ အသုံးပြုခဲ့တယ်၊ ဒါပေမယ့် သူက တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ သူ့ညီအကိုတွေကို အလွယ်တကူပဲ ရိုက်နှက်ခဲ့တယ်။ ဒါက…ကောင်းကင်ဆန့်ကျင်လှတယ်မဟုတ်လော။
ထန်ရှု၊ ထန်၂၈နှင့် နယ်ဖမ်းကန်းတို့ကြား အပြန်အလှန်ပြောဆိုမှုကို ကြားပြီး လုံခြုံရေးကုမ္ပဏီ၏အဖွဲ့ဝင်ရှစ်ဆယ်လုံးက နက်ရှိုင်းသောကြောက်ရွံ့မှုတို့ဖြင့် တုန်လှုပ်သွားတော့သည်။ စစ်မြေပြင်တွင် ဒီလိုကြောက်စရာကောင်းသောရန်သူတစ်ယောက်အား ရင်ဆိုင်ရလျှင် ရလဒ်အား သူတို့က စိတ်ကူးမယဉ်နိုင်ပေ။ သူတို့က မရှုမလှသေမည်မှာအသေအချာပင်။
ထန်ရှုက ထန်ယွမ်ဒီအား တစ်ချက်ကြည့်ကာ ပြုံးလိုက်သည် “အဖေ ဉီးလေးနယ်နဲ့ ပြောစရာအချို့ရှိသေးရင် ပြောပါ။ စမ်းသပ်မှုက ပြီးသွားပြီ။ အချိန်က တန်ဖိုးရှိတယ်။ အဖေတို့ ဆွေးနွေးပြီးသွားရင် သူတို့ကို လေ့ကျင့်ပေးဖို့ ငါ ပြင်ဆင်ထားတယ်။ သူတို့ရဲ့ခွန်အားကို တစ်ဟုန်ထိုးတိုးတက်လာအောင် ငါ လုပ်ပေးရမယ်”
“ငါ အရင် စကားအနည်းငယ်ပြောပါရစေ”နယ်ဖမ်းကန်းက ခေါင်းညိတ်ကာ ပြောလိုက်သည် “ညီအကိုတို့၊ မင်းတို့အများစုကို ထန်ယွမ်ဒီက ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ ငါကပဲ မင်းတို့ကို ရွေးချယ်ခဲ့တာ။ ဒါပေမယ့် မင်းတို့အားလုံးက ငါတို့ရဲ့ညီအကိုတွေပဲ။ မင်းတို့ကို ထန်ရှုဆီ လွှဲပေးဖို့ ငါ ထန်ယွမ်ဒီနဲ့ ဆွေးနွေးပြီးသွားပြီ၊ ဒါဆို မင်းတို့ကို လက်ရွေးစင်ဖြစ်အောင် သူ လေ့ကျင့်ပေးနိုင်မယ်။ ဒါကြောင့် အခုကစပြီး မင်းတို့က သူ့အမိန့်ကို နာခံရမယ်”
“…”
လူရှစ်ဆယ်က ဘာမှမပြောသော်လည်း စိတ်အားထက်သန်မှုအနည်းငယ်အား သူတို့မျက်နှာပေါ်တွင် မြင်နိုင်ပေသည်။ သူတို့က ထန်ရှု၏အမိန့်အား နာခံလျှင် ထန်ရှုထံမှ ကျင့်ကြံခြင်းနည်းစနစ်များ ရရှိနိုင်ပြီး အနာဂတ်တွင် ပြောင်မြောက်သောကျွမ်းကျင်သူများဖြစ်နိုင်သည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သည်။ လက်စားချေရန် ရည်မှန်းချက်အတွက် သူတို့က ပိုသန်မာလာချင်သည်၊ စွမ်းအားတို့ ရရှိချင်၏။
***