ဖြေရှင်းရန် ခက်ခဲခြင်း *
Vol. 80 Ch. 1110
“ဒီကုမ္ပဏီကို တည်ထောင်တဲ့ ငါ့ရဲ့ရည်ရွယ်ချက်ကို မင်းတို့ ကောင်းကောင်း သိမယ်လို့ ငါ ယုံကြည်တယ်”ထန်ယွမ်ဒီက ရှေ့တစ်လှမ်းတိုးကာ ပြောလိုက်သည် “လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုက ငါတို့ညီအကိုတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ စွန်းထင်နေတဲ့ သွေးကြေးအတွက် လက်စားချေရမယ်။ တိုက်ပွဲမှာ သေသွားတဲ့ညီအကိုတွေထဲက အချို့က မင်းတို့ရဲ့ဆွေမျိုးတွေပဲ၊ အချို့က မင်းတို့ရဲ့ရဲဘော်ရဲဖက်တွေပဲ။ မင်းတို့က ငါတို့နဲ့ ပူးပေါင်းဖို့ ရွေးချယ်လို့ရတယ်၊ ဒါဆို မင်းတို့က ရန်သူတွေကို သတ်ပြီး ညီအကိုတွေအတွက် လက်စားချေဖို့ စိတ်ပိုင်းဆိုင်ရာအသင့်ပြင်ထားရမယ်”
“နှစ်နှစ်ဆယ်ရှိပြီ၊ ဒါကြောင့် ငါတို့ရဲ့ညီအကိုတွေရဲ့အမုန်းကို မင်းတို့ မှတ်မိသေးသလားဆိုတာ၊ မင်းတို့က ရန်သူတွေကို လက်စားချေဖို့ ဆန္ဒရှိသလားဆိုတာ ငါ မသိဘူး။ ဒီတော့ မင်းတို့က လက်စားချေဖို့ ဆန္ဒရှိသေးတယ်ဆိုရင် နေခဲ့ဖို့ ငါ ကြိုဆိုပါတယ်။ ဒါပေမယ့် မင်းတို့က စိတ်ပြောင်းသွားပြီဆိုရင်လဲ ထွက်သွားဖို့ ရွေးချယ်လို့ရပါတယ်။ ငါ မင်းတို့ကို ယွမ်နှစ်သန်းပေးမယ်၊ ဒါဆိုရင် မင်းတို့ရဲ့ဘဝကို ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်သန်းနိုင်မှာပါ”
ဤအထိရောက်ပြီးနောက် ထန်ယွမ်ဒီ၏အမူအရာက အလွန်လေးနက်သွားသည်။
“လက်စားချေရမယ်…”
ငါတို့ လက်စားချေဖို့ စောင့်နေတာ နှစ်ပေါင်းများစွာ ကြာပြီ…”
“အက်စ်အိုအီးကုမ္ပဏီ၊ ဒိုလန်အိမ်တော်၊ မင်းတို့လုပ်ခဲ့တာတွေအတွက် မင်းတို့ ပြန်ပေးဆပ်ရမယ်”
“မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ”
“သတ်…”
လူရှစ်ဆယ်လုံးက သူတို့၏အမုန်းတရားအား ပြတ်ပြတ်သားသား ဖော်ပြခဲ့ကြသည်။
ထန်ယွမ်ဒီက တည့်မတ်စွာ ရပ်ရင်း ထိုညီအကိုများ မြေပြင်ပေါ်မှ ထရပ်လာသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူက ညာဘက်လက်အား မြှောက်ပြကာ စစ်တပ်အလေးပြုပုံစံတစ်ခု လုပ်ပြလိုက်၏။
သူတို့က စစ်တပ်၌ တာဝန်မထမ်းဆောင်ကြတော့သော်လည်း တိုက်ပွဲထဲတွင် ကျရှုံးသွားခဲ့သည့်ညီအကိုများအတွက် သူတို့၏လေးစားမှုကို ပြသရန် အလေးပြုလိုက်ကြသည်၊ တစ်ချိန်တည်းတွင် အသက်ရှင်နေသေးသောညီအကိုများနှင့်အတူ ဘေးချင်းယှဉ်ကာ တိုက်ခိုက်ရန် ဆန္ဒရှိကြောင်း ပြသလိုက်ကြ၏။
ထန်ယွမ်ဒီက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ထပ်ပြောလိုက်၏ “အခု ငါ မင်းတို့ကို မေးမယ်၊ မင်းတို့က ငါ့သားထန်ရှုနောက်ကို လိုက်ဖို့ ဆန္ဒရှိရဲ့လား”
“ငါတို့ဆန္ဒရှိပါတယ်…”
နားကွဲလုမတတ် ကျယ်လောင်စွာနှင့် ပြန်ဖြေလိုက်ကြ၏။
ထန်ယွမ်ဒီ ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါနဲ့ငါ့သားက မင်းတို့ကို ငါတို့ရဲ့ညီအကိုရင်းတွေလို့ ဆက်ဆံမယ်လို့ ငါ၊ ထန်ယွမ်ဒီက အာမခံတယ်”
“ငါ့အဖေပြောတာ မှန်တယ်”ထန်ရှုက နက်ရှိုင်းသောအသံနှင့် အတည်ပြုလိုက်သည် “သူက မင်းတို့ကို ငါ့ဆီ လွှဲပေးခဲ့တယ်၊ ဒါကြောင့် ငါ မင်းတို့ကို ဉီးဆောင်ပြီး ဒိုလန်အိမ်တော်မှာရှိသမျှလူတွေကို သတ်ပစ်မယ်၊ အက်စ်အိုအီးကုမ္ပဏီအပါအဝင် သူတို့ရဲ့ထိန်းချုပ်အောက်မှာရှိတဲ့အခြားကုမ္ပဏီတွေကို အပြီးတိုင်ဖယ်ရှားပစ်မယ်”
လီချိုင်ပင်းက ရှေ့နှစ်လှမ်းတိုးလျက် မေးလိုက်သည် “ငါ အရင်ဆုံးမေးစရာနှစ်ခုရှိတယ်”
“ကျေးဇူးပြုပြီး မေးပါ”ထန်ရှုက ပြန်ဖြေသည်။
“ပထမ၊ နောက်ကျရင် ငါတို့က မင်းကို ဘယ်လိုခေါ်ရမှာလဲ”လီချိုင်ပင်းက မေး၏။
“မင်းတို့ ငါ့ကို သူဌေးလို့ ခေါ်နိုင်တယ်”ထန်ရှုက ပြန်ဖြေသည်။
“ကောင်းပါပြီ၊ သူဌေး”လူရှစ်ဆယ်က ညီညာစွာ အော်လိုက်ကြသည်။
လီချိုင်ပင်းက ဆက်ပြော၏ “ဒါဆို ငါတို့ ဘယ်အချိန်မှ စကြမှာလဲ၊ သူဌေး။ ငါတို့ညီအကိုတွေ စောင့်နေတာ နှစ်ပေါင်းများစွာ ကြာပြီ၊ အချို့က ထပ်မစောင့်နိုင်ကြတော့ဘူး”
“မင်းတို့က ဒီလောက်နှစ်ပေါင်းများစွာ စောင့်လာမှတော့ ထပ်စောင့်ရမှာနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူးလို့ ငါ ထင်တယ်”ထန်ရှုက ခေါင်းခါယမ်းကာ ဆက်ပြေ၏ “အခုက ဒိုလန်အိမ်တော်ကို တိုက်ခိုက်ဖို့ အချိန်မတန်သေးဘူး၊ မင်းတို့ ပိုသန်မာလာမှာပဲ ငါ မင်းတို့ကို ဉီးဆောင်ပြီး တိုက်ခိုက်မှာ။ ငါ မင်းတို့ကောင်တွေကို အချိန်သုံးလပေးမယ်။ သုံးလအတွင်းမှာ မင်းတို့က မင်းတို့ရဲ့ခွန်အားကို ဆယ်ဆတိုးစေနိုင်မယ်ဆိုရင် မင်းတို့က ငါ့လူတွေ ဖြစ်ဖို့ အရည်အချင်းမှီတယ်။ ကျရှုံးတဲ့သူတွေက ပင်စင်အနေနဲ့ ယွမ်နှစ်သန်းပေးပြီး ထုတ်ပယ်ခံရမယ်”
ထန်ယွမ်ဒီနှင့်နယ်ဖမ်းကန်းတို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး နယ်ကျဲ့နှင့်အတူ ထွက်ခွာသွား၏။ ထန်ရှုက ထွက်သွားရန် အလျင်မလိုပေ။ သူက အချိန်မဖြုန်းဘဲ သူတို့အား ကျင့်ကြံခြင်းနည်းစနစ် တိုက်ရိုက်သင်ကြားပေးခဲ့သည်။ သူက သူတို့အား ပဏာမအကြောင်းအရာအနည်းငယ်သာ သင်ပေးခဲ့သော်လည်း သူတို့၏ကျင့်ကြံခြင်းက ရွှေအမြုတေအဆင့်သို့ ရောက်ရှိစေနိုင်သည်။
သူတို့က အားရကျေနပ်ကြသည်။
များမကြာမီ သူက လေ့ကျင့်ရေးပရိုဂရမ်တစ်ခု တည်ဆောက်ပေးခဲ့သည်။ ထို့နောက် သိုလှောင်လက်စွပ်မှ ဆေးလုံးအချို့ယူကာ တစ်ယောက်နှစ်လုံးစီ ပေးလိုက်သည်။ ထိုဆေးလုံးများနှင့်အတူ သူတို့ခန္ဓာကိုယ်ထဲတွင် ချီရှိသော်လည်း ဘယ်လိုထိန်းချုပ်ရမှန်းမသိသော ထိုစစ်သားများက သူတို့၏အစစ်အမှန်ချီအား အစစ်အမှန်အဆီအနှစ်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲပေလိမ့်မည်။
သူတို့၏အခြေခံအုတ်မြစ်အား ထန်ရှုက တန်ဖိုးအထားဆုံးဖြစ်သည်။ ယခုကဲ့သို့အခြေခံအုတ်မြစ်တစ်ခုက သူတို့အနေဖြင့် ကျင့်ကြံခြင်းအဆင့်သို့ ခြေချရန် ပိုလွယ်ကူ၏၊ ထို့ကြောင့် သူတို့အနေဖြင့် ကျင့်ကြရန် ပိုလွယ်ကူနိုင်သည်။
ထန်ရှု၏လေ့ကျင့်ရေးပရိုဂရမ်ကို မြင်ပြီး ဒီလူရှစ်ဆယ်လုံးက ကြောက်ရွံ့သောအကြည့်တို့ ဖြစ်သွားကြ၏၊ ထို့နောက် သူ၏လေ့ကျင့်ရေးက သူတို့၏ခွန်အားအား သုံးလအတွင်း ဆယ်ဆ လျင်မြန်စွာ တိုးစေနိုင်သည်ဟု ထန်ရှုက ရှင်းပြပြီးနောက် သူတို့က အံကြိတ်ကာ သဘောတူလိုက်ကြသည်။
နေဝီရီတရောအချိန်တွင် ထန်ရှုက ထွက်လာသည်။ သူက သူ့အဖေအား အဖော်ပြုရန် ထန်၂၈အား ချန်ထားခဲ့သည်။ ထို့နောက် သူက ထန်အန်းနှင့်အတူ လျန်ကန်းမြို့သို့ ထွက်လာခဲ့၏။
ရှန်းဟိုင်နှင့်လျန်ကန်းကြားအကွာအဝေးက လေးရာကီလိုမီတာကျော်ခန့်ရှိသည်။ မြန်နှုန်းမြင့်မီးရထားဖြင့် လျန်ကန်းမြို့သို့ ရောက်ရန် နှစ်နာရီကျော်သာ ကြာ၏။
“ဂိုဏ်းချုပ်”
သတင်းအချက်အလက်ဌာန၏တာဝန်ရှိသူအနေနှင့် ကျင်းရှီက လျန်ကန်းမြို့သို့ ကြိုတင်ရောက်နေခဲ့သည်။ သူ့ဒဏ်ရာများက ပျောက်ကင်းသွားပြီဖြစ်၏။
“အဲနေရာက အနေအထားက ဘယ်လိုရှိလဲ”ထန်ရှုက လမ်းလျှောက်ရင်း မေးလိုက်သည်။
“လူစိမ်းတွေအမြောက်အများ ဒီဆိပ်ကမ်းမြို့ကို ဝင်လာတယ်”ကျင်းရှီက ပြော၏ “သူတို့ရဲ့တည်နေရာက အရင်ရောက်လာတဲ့သူတွေနဲ့ အတူတူပဲ။ သူတို့အားလုံးက ခြေတစ်လုံးအိမ်တိုင်တွေနဲ့လေလွင့်သူတွေပဲ၊ အတော်လေးထူးဆန်းတဲ့လူအချို့လဲ ရှိတယ်။ ဒါပေမယ့် ငါတို့ရဲ့လူတွေက သူတို့ရဲ့နောက်ဆုံးတွေ့ဆုံမယ့်နေရာကို ရှာတွေ့ပြီးပြီ”
“ဘယ်နေရာမှာလဲ”ထန်ရှုက မေးငေါ့လျက် မေးလိုက်သည်။
“သီးသန့်ကလပ်တစ်ခုဖြစ်တဲ့ရွှေရောင်ကမ်းခြေပဲ”ကျင်းရှီက ဖြေလိုက်၏။
“ဒီကလပ်က ဝမ်ဖန်းရဲ့ထိန်းချုပ်မှုအောက်မှာလား”ထန်ရှုက မေးလိုက်သည်။
“မဟုတ်ဘူး”ကျင်းရှီက ခေါင်းခါယမ်းလိုက်သည် “ငါတို့က အဲဒါကို လေ့လာစုံစမ်းပြီးပြီ။ ဒီကလပ်က သူ့ဟာမဟုတ်ဘူး၊ တောင်မြစ်အုပ်စုရဲ့ထိန်းချုပ်မှုအောက်ကလဲ မဟုတ်ဘူး။ ထပ်ပြောရရင် ဝမ်ဖန်းနဲ့ကျူးဟန်က ရန်ငြိုးအာဃာတတစ်ခုရှိပြီး လူအများရှေ့မှာတောင် တိုက်ခိုက်မှုတစ်ခါ ဖြစ်ခဲ့တယ်။ နောက်ကျတော့ လူအချို့က သူတို့နှစ်ယောက်ကြားမှာ ဖျန်ဖြေသူတွေအဖြစ် ဆောင်ရွက်ခဲ့တယ်၊ ဒါကြောင့် ကိစ္စက ပြေငြိမ်းသွားတာ”
“ဟမ့်၊ ဒါက လူအများကို လှည့်စားတဲ့အကွက်တစ်ခုသာသာပဲ”
အထင်သေးသောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွား၏။ ဝမ်ဖန်းနှင့်ဆက်သွယ်မှုရှိသောထိုလူများက ကျူးဟန်၏ကလပ်ကို လာခဲ့သည်၊ သူက ဝမ်ဖန်းနှင့် နက်ရှိုင်းသောဆက်နွယ်မှုတစ်ခုရှိသည်ဟု ဆိုလိုခြင်းဖြစ်၏။ သူတို့က အဖွဲ့တစ်ခုတည်းက ဖြစ်နိုင်ပေသည်။
“ဒါဆို သူတို့အရေအတွက် ဘယ်လောက် စုဝေးနေတာလဲ”ထန်ရှုက ဆက်မေးသည်။
“သူတို့ရဲ့အရေအတွက်အတိအကျကို ရေတွက်ဖို့ နည်းလမ်းမရှိဘူး”ကျင်းရှီက ပြန်ဖြေသည် “သူတို့ရဲ့တည်နေရာက လျှို့ဝှက်လွန်းတယ်။ ပြီးတော့ ရွှေကမ်းခြေက အပြင်ကနေ ကြည့်ရင် လုံခြုံရေးကင်းမဲ့ပြီး သာမန်ပဲ ထင်ရပေမယ့် အတွင်းပိုင်းက လုံခြုံရေးအရမ်းတင်းကြပ်တယ်။ ခြေလှမ်းသုံးလှမ်းတိုင်းမှာ အစောင့်တစ်ယောက်ရှိပြီး ငါးလှမ်းကြားမှာ ကင်းတဲတစ်ခုရှိတယ်။ အဲနေရာမှာ အနည်းဆုံးလုံခြုံရေးအစောင့်သုံးရာနီးပါးရှိတယ်၊ တစ်ယောက်မှ ခိုးဝင်ဖို့ အခွင့်အရေးမရှိဘူး”
ထန်ရှု၏အမူအရာက လေးနက်သွားသည်။ ထိုကဲ့သို့သောလုံခြုံရေးအဆင့်က နောက်ကွယ်တွင် ကြီးမားသောစွမ်းအားတစ်ခုရှိကြောင်း ပြသ၏။ ထို့ကြောင့် ဤတွေ့ဆုံမှုက အလွန်အရေးကြီးသည်။
ကျင်းရှီက ကားထဲမှ ထိုင်ခုံတစ်ခုယူစဉ် သူ့မိုဘိုင်းဖုန်းက မြည်လာသည်။ အိပ်ကပ်မှ ထုတ်ကာ ကိုင်လိုက်ပြီးနောက် သတင်းစုံစမ်းရေးသမားတစ်ယောက်၏အသံက တင်ပြလာ၏ “တစ်ယောက်ယောက်က ရွှေကမ်းခြေထဲကို ခုလေးတင် ဝင်သွားတယ်။ သူ့ရဲ့သရုပ်မှန်က ကောထောင်ပဲ၊ သူက ရှာအန်ရှီက အလွန်ကြယ်ဝတဲ့စီးပွားရေးသမားတစ်ယောက်ပဲ”
“နားလည်ပြီ”
ကျင်းရှီက ဖုန်းချကာ ထန်ရှုအားကြည့်၏ “ဂိုဏ်းချုပ်၊ အခုပဲ…”
ထန်ရှုက လက်မြှောက်ကာ သူ့အား တားလိုက်ပြီး ခေါင်းညိတ်လိုက်၏ “ငါ ကြားတယ်။ ဒီကောထောင်ဆိုတဲ့အကောင်အကြောင်း ငါ ကြားဖူးတယ်။ သူက အသားတင်ကြွယ်ဝမှုတစ်ဆယ်ဘီလီယံရှိတဲ့အိမ်ရာမြေသူဌေးတစ်ယောက်ပဲ။ သူက သိုင်းပညာရှင်တစ်ယောက်လဲ ဟုတ်တယ်၊ သူ့လက်အောက်မှာ လုံခြုံရေးကုမ္ပဏီတစ်ခုရှိတယ်”
“ဂိုဏ်းချုပ်၊ တိုင်းပြည်မှာ အသားတင်ကြွယ်ဝမှုဆယ်ဘီလီယံရှိတဲ့သူဌေးတွေ အများကြီး ရှိတယ်၊ ဒါပေမယ့် မင်း သူ့ကို တကယ်ပဲ သိတာလား။ ငါ့ကို မပြောနဲ့နော်၊ မင်း…”
“အာ၊ ပေါက်ကရလိုက်ခန့်မှန်းမနေနဲ့”ထန်ရှုက ပြန်ဖြေသည် “သူ့အကြောင်း သူငယ်ချင်းတစ်ယောက်ဆီက ငါ ကြားဖူးတာ”
ဒီမတိုင်ခင်တုန်းက သူတို့က စကားပြောနေရင်း လီလောင်ရှန်ထံမှ ထိုလူအကြောင်း သူ ကြားသိခဲ့သည်။ ကောထောင်က ရှာအန်ရှီခရိုင်ရှိ ကြွယ်ဝသောစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး သိုင်းပညာလိုက်စားသူတစ်ယောက်လည်း ဖြစ်ကာ လီလောင်ရှန်နှင့် တစ်ခါ လက်ရည်စမ်းဖူးသည်၊ နောက်လူက ဆိုးဝါးစွာ အရိုက်နှက်ခံခဲ့ရသည်။ ကောထောင်နှင့်ပတ်သက်ပြီး အရေးကြီးဆုံးအရာက သူက အလွန်ရက်စက်သောလူတစ်ယောက်ဖြစ်ခြင်းပင်။ လက်ရည်စမ်းတိုက်ခိုက်သည့်အချိန်တိုင်း သူက ပြိုင်ဘက်၏အထောက်အထားအား ဘယ်တော့မှ ဂရုမစိုက်ပေ၊ သွေးမမြင်ရမချင်း သူက ဘယ်တော့မှ မရပ်တန့်ပေ။
တစ်ချက်တွေးပြီးနောက် ထန်ရှုက သူ့မိုဘိုင်းဖုန်းယူထုတ်ကာ လီလောင်ရှန်၏နံပါတ်အား ခေါ်လိုက်သည်။
“ဟေး၊ ညီအကိုထန်။ ဘယ်လေတိုက်လို့ ငါ့ကို ဖုန်းခေါ်လာတာလဲ။ ပြီးတော့ သောက်ဖို့အတွက် မင်း ဖိတ်ခေါ်မှာကို ငါ စောင့်နေတယ်ဆိုတာ မင်း သိလား”လီလောင်ရှန်၏ရယ်သံက ဖုန်းမှ ထွက်လာသည်။
“အခုနောက်ပိုင်း ငါ့မှာ လုပ်စရာတွေများနေလို့၊ အကိုလီရေ။ ဒါကြောင့် ငါ မင်းကို ဖိတ်ခေါ်ဖို့ အချိန်မရှာနိုင်သေးတာ”ထန်ရှုက ပြုံးလိုက်သည် “သူတို့ကို ဖြေရှင်းပြီးတဲ့အထိ ငါ့ကို စောင့်နေပါ၊ ပြီးရင် မင်းကို သောက်ဖို့အတွက် လာရှာမယ်”
“ကောင်းပြီလေ”လီလောင်ရှန်က ရယ်လိုက်သည် “ဒါနဲ့ မင်း ငါ့ကို အခေါ် ဖုန်းခေါ်လာတာဆိုတော့ မင်းမှာ ကိစ္စအချို့ရှိရမယ်။ ပြောပါ။ ဒီအကိုက လုပ်နိုင်သရွေ့ ငါ မင်းကို သေချာပေါက် ကူညီပေးမယ်”
“တကယ်တော့ မင်း ငါ့ကို တစ်ခါ ပြောဖူးတဲ့ လူတစ်ယောက်အကြောင်း ငါ မင်းကို မေးချင်တာ။ မင်း သူနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သိသလဲဆိုတာ ငါ ကြားချင်တယ်”ထန်ရှုက ပြုံးကာ ပြော၏။
“ကောင်းပြီ၊ ငါတို့ စကားပြောနေတဲ့အချိန်မှာ မင်း တစ်ယောက်ယောက်အကြောင်း ပြောခဲ့ဖူးတာ ငါ မှတ်မိပါသေးတယ်။ ရှာအန်ရှီက ကောထောင်လို့ ခေါ်တဲ့ စီးပွားရေးသမားတစ်ယောက်နဲ့ ပတ်သက်ပြီးတော့လေ။ မင်း သူ့အကြောင်း ဘယ်လောက်ထိ သိလဲ၊ အကို”ထန်ရှုက မေးလိုက်သည်။
လီလောင်ရှန်က ဆယ်စက္ကန့်ကြာ နှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း မေးလိုက်သည် “မင်းက အခြားသူတွေကို သွားမေးရင် အပေါ်ယံအဖြေပဲ ရနိုင်မယ်၊ အကိုထန်။ တစ်ယောက်မှ မင်းကို အသေးစိတ်ပြောပြနိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး အရမ်းလျှို့ဝှက်တဲ့အရာတစ်ချို့ကို ငါ သိတယ်”
ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက ထပ်မေးလိုက်၏ “မင်း ငါ့ကို ပြောပြနိုင်မလား၊ အကိုလီ”
“မင်း သိလား၊ အပေါ်ယံမှာတော့ ကောထောင်က အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဆိုပေမယ့် သူက သန်မာတဲ့သိုင်းပညာရှင်တစ်ယောက်ပဲ။ သူက သိုင်းဆရာကြီးအဆင့်ကို မရောက်ရင်တောင် သိပ်မကွာတော့ဘူး။ ထပ်ပြောရရင် သူ့မှာ သူကိုယ်တိုင်လေ့ကျင့်ပေးထားတဲ့ကျွမ်းကျင်သူတွေနဲ့သိုင်းပညာရှင်တွေပါဝင်တဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုလဲ ရှိတယ်”
“ဒါပေမယ့် ငါ မင်းကို လျှို့ဝှက်ချက်တွေက ဒါတွေ မဟုတ်ဘူး။ ကောထောင်မှာ နောက်ထပ်သရုပ်မှန်တစ်ခုရှိသေးတယ်။ သူက ပြည်ပမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်ကမှ ပြန်လာပြီး သူ့ကုမ္ပဏီကို စတင်ခဲ့တာ။ ဒါပေမယ့် ပြည်ပမှာ သူက အလွန်ဆန်းကြယ်တဲ့အဖွဲ့အစည်းတစ်ခုနဲ့ ပတ်သက်ခဲ့တယ်၊ ဒီအဖွဲ့အစည်းအကြောင်းတော့ ငါ အသေးစိတ်မသိဘူး။ ငါ သိတာကတော့ ဒီအဖွဲ့အစည်းက သတင်းအချက်အလက်တွေ စုဆောင်းစုံစမ်းသလို သတင်းတွေလဲ ရောင်းတယ်ဆိုပဲ”
‘သတင်းအချက်အလက်လား။ ဒါ အမှောင်လေအဖွဲ့အစည်းများလား’
အေးစက်မှုက ထန်ရှု၏မျက်လုံးများ၌ လင်းလက်သွားပြီး သူက ထပ်မေးလိုက်သည် “ဒီလျှို့ဝှက်ချက်အကြောင်း မင်း ဘယ်လိုသိလဲ၊ အကိုလီ”
***