ကြေးနီရောင် တိုက်ပွဲဝင်ပုံစံ
Vol. 4 Ch. 44
“သာမန်ရတနာငါး ၁၆၀ ကီလို၊ပထမတန်းစား ရတနာငါး ၄၆ ကီလို၊ ၉ကီလို ရှိတဲ့ ဒုတိယတန်းစား ငါးတစ်ကောင် အားလုံးပေါင်း ရမှတ် ၁၆၀၀၀ ရမယ်။
တာဝန်ကျ အကြီးအကဲက သေသေချာချာ တွက်ချက်ပြီး လီဖူချန်းကို ပြောလိုက်တယ်။ တာဝန်ကျ အကြီးအကဲက လီဖူချန်းကို လုံးဝအံ့သြနေတယ်။ ဒီထောက်ပံ့ရေး ရမှတ် ၁၆၀၀၀ ဆိုတာ သူတောင် တစ်နှစ်လုံး ဘာမှမသုံးပဲ စုမှ ရနိုင်တဲ့ ရမှတ်လေ။
“ကျေးဇူးပါ အကြီးအကဲ"
တာဝန်ကျ အကြီးအကဲ အရိုအသေ ပေးပြီး နောက်မှာတော့ လီဖူချန်းက ထောက်ပံ့ရေး ဌာနကနေ လှည့်ထွက် သွားခဲ့တယ်။
ခန္ဓာကိုယ် ပြင်ပကြံ့ခိုင်မှု ကျင့်စဉ်တွေ မလေ့ကျင့် ရသေးခင်မှာတော့ လီဖူချန်းက အရင်းအမြစ် ဌာနကနေ ဆေးဝါးတွေ ဝယ်ဖို့ လိုအပ်နေပါတယ်။
သူ့ရဲ့ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်အတွက် ဆေးကုဖို့လည်း လိုနေပါသေးတယ်။ ဒါကြောင့် သူက အရင်းအမြစ် ဌာနကို ထပ်ပြီး ဦးတည် လိုက်တယ်။
ကုသရေး ဆေးဝါးတွေရဲ့ အကူအညီနဲ့ ဆိုရင် သူ့ရဲ့ အတွင်းဒဏ်တွေက သုံးရက်အတွင်း ပျောက်ကင်း နိုင်ပါတယ်။ သူ့ရဲ့ ဘယ်ဘက် လက်မောင်းက အရိုးတွေကိုတော့ ဂိုဏ်းတော်က သမားတော် တစ်ယောက်က ပြန်လည် ကုသ ပေးခဲ့ပါတယ်။
ဒီအတော အတွင်းမှာတော့ ဘယ်ဘက်လက်ကို အသုံးပြုလို့ ရဦးမယ် မထင်ပါဘူး။
***
ဒဏ်ရာတွေ အတော်လေး သက်သာသွားတဲ့ နောက်မှာတော့ လီဖူချန်းက အပြင်စည်းဂိုဏ်းရဲ့ သိုင်းကျမ်း ခန်းမကို သွားဖို့ဆုံးဖြတ်လိုက်တယ်။ ဒီခန်းမမှာ ရှိတဲ့ သိုင်းကျမ်း တွေကတော့ အမြင့်ဆုံး အနေနဲ့ အဝါရောင် ထိပ်တန်းအဆင့် အထိပဲ ရှိပါတယ်။ ဆန်းကြယ် အဆင့်ရှိတဲ့ သိုင်းကျမ်းတွေ ကိုတော့ အတွင်းစည်း ဂိုဏ်းမှာပဲ ထားရှိတာ ဖြစ်တယ်။
လီဖူချန်းက သိုင်းကျမ်းစင်တွေ အတော် များများကို သာမန်ကာ လျှံကာပဲ ကြည့်ပြီး ကျော်ဖြတ် လာခဲ့တယ်။ သိုင်းကျမ်းဆောင်ရဲ့ အပြင်ဘက်မှာ ထားတဲ့ သိုင်းကျမ်းစင်တွေက အဝါရောင် အဆင့်နိမ့် သိုင်းကျမ်းတွေ ဆိုတာကို သူကောင်းကောင်းကြီး သိထား ပြီးသားလေ။ အဲဒီ စင်တွေပေါ်က သိုင်းကျမ်း တစ်အုပ်ကို ရမှတ် ၃၀နဲ့ လဲလို့တောင် ရပါတယ်။ အလယ်အလတ် အဆင့် သိုင်းကျမ်းတွေ ဆိုရင်တော့ တစ်အုပ်ကို ရမှတ်၁၀၀ လောက် ပေးရမှာ ဖြစ်ပြီး
အဆင့်မြင့် သိုင်းကျမ်း ဆိုရင်တော့ ရမှတ် ၃၀၀ လောက် ရှိပါတယ်။ သို့ပေမဲ့ လီဖူချန်း လိုချင်တဲ့ သိုင်းကျမ်းတွေက ဒီထဲက မဟုတ်ဘူးလေ။
သူက ထိပ်တ န်းအဆင့်သိုင်းကျမ်းကို လိုချင်လို့ ဒီကို လာခဲ့တာလေ။
ထိပ်တန်း အဆင့် သိုင်းကျမ်း တစ်ခုက ရမှတ်၁၀၀၀ နှင့် ညီမျှပါတယ်။ စင်တွေ တော်တော်များများကို ပတ်ပြီး နောက်မှာတော့ လီဖူချန်းက ထိပ်တန်းအဆင့်ရှိတဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ရေး ကျင့်စဉ်တွေ ထားတဲ့ နေရာကို ရောက်လာခဲ့တယ်။
ကျားမိစ္ဆာ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် အမှတ် ၄၀၀၀
သံမဏိချပ်ဝတ်တန်ဆာ ကျင့်စဉ် အမှတ် ၃၀၀၀
ရွှေခေါင်းလောင်း ပညာရပ် အမှတ် ၃၅၀၀
ခုနစ်စင်ကြယ် ကျင့်စဉ် အမှတ်၄၅၀၀
ကြေးနီရောင် တိုက်ပွဲဝင်ခန္ဓာ အမှတ်၅၀၀၀
ကျင့်စဉ်တွေရဲ့ ရမှတ် တန်ဖိုးတွေကို ကြည့်ပြီး လီဖူချန်းက မျက်လုံးပြူးသွားတယ်။
ဒီခန္ဓာကိုယ် သန့်စင်တဲ့ ပညာရပ်တွေက ထိပ်တန်းအဆင့် သိုင်းကျမ်းတွေ ထက်ကို တန်ကြေးက ပိုများ နေတယ်လေ။
"ဘာဖြစ်လို့ ဒီဟာတွေက သိုင်းကျမ်းတွေ ထက်ကို ပိုတန်ဖိုး များနေတာလဲ"
လီဖူချန်းက သေချာ စဉ်းစားပြီးနောက် ကြေးနီရောင် တိုက်ပွဲဝင်ခန္ဓာ ပညာရပ်ကို ရွေးလိုက်တယ်။ ဒီပညာရပ်က ဘာအတွက် ကောင်းတာလဲ ဆိုတာ ကိုတော့ သူမသိပါဘူး။ ဒါပေမဲ့ သူ့ဆီမှာ ရမှတ်တွေ လုံလောက်နေတဲ့ အတွက် ယူမယ့်သူကတော့ အကောင်းဆုံးကိုသာ ယူမည်လေ။ ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
ဒီစင်တွေ ပေါ်က ကျင့်စဉ်ကျမ်းတွေ ကတော့ အလွတ်တွေပဲ ရှိတာဖြစ်သည်။ သူယူမည့် သိုင်းကျမ်းတွေ ကိုတော့ သိုင်းကျမ်းဆောင် အကြီးအကဲဆီမှာ နာမည် ပြောပြီး သွားလဲယူရမှာဖြစ်သည်။
သိုင်းကျမ်းဆောင် အကြီးအကဲကို တိုက်ပွဲဝင် ကြေးနီရောင် ခန္ဓာကိုယ် ကျင့်စဉ်ကို ယူမည့် အကြောင်းပြောတော့ အကြီးအကဲက လီဖူချန်းကို တခြားကျင့်စဉ် ယူဖို့ အကြံဉာဏ် ပေးပါတယ်။
"မင်း တခြားကျင့်စဉ် ယူတာက ပိုပြီး ကောင်းလိမ့်မယ်နော်။
ဒီအပြင်စည်း ဂိုဏ်းတစ်ခုလုံးမှာ ဂိုဏ်းသားတပည့် အနည်းငယ်ပဲ ဒီကျင့်စဉ်ကို လေ့ကျင့်ဖို့ ရွေးချယ် ထားကြတာ။ အဲဒီထဲက အများစုကလည်း ကျင့်စဉ်ကို လမ်းတစ်ဝက်မှာ လက်မြှောက် အရှုံးပေး သွားကျတဲ့ လူတွေချည်းပဲ။ အခုနောက်ပိုင်း ဆယ်နှစ်မှာ ဆိုရင် ဒီကျင့်စဉ်ကို လေ့ကျင့် အောင်မြင်တဲ့ သူက ၃ယောက်ပဲ ရှိတယ်။ မင်းကိုက်နိုင်တာ ထင်ပိုမာတဲ့ အရာကို မကိုက်တာပဲ ကောင်းလိမ့်မယ်။ ကြာကြာ ဝါးမဲ့သွား အရိုးကြည့်ရှောင် ဆိုတဲ့ စကားကိုလည်း မင်းကြားဖူးမှာပေ့ါ "
"ဒီကြေးနီရောင် တိုက်ပွဲဝင် ခန္ဓာကိုယ်က အဲလောက်ထိကို ကျင့်ရ ခက်ခဲ တယ်ပါ့လေ''' လီဖူချန်းက မေးလိုက်တယ်။
"သံမဏိ ချပ်ဝတ်တန်ဆာ ကျင့်စဉ်ရဲ့ အမြင့်ဆုံး အဆင့်ကို ကျင့်နိုင်ရင် မင်းမှာ ပြင်ပခွန်အား ၂၀၀၀ ကီလိုဂရမ် အားကို ရလိမ့်မယ်။
အဲဒါက ရွှေခေါင်းလောင်း ပညာရပ်နဲ့ အတူတူလောက်ပဲ။ ကျားမိစ္ဆာ ခန္ဓာကိုယ် သန့်စင်နည်းစနစ် ကတော့ ၂၅၀၀ ကီလိုဂရမ်အားကို ပေးစွမ်း နိုင်တယ်။ ခုနစ်စင်ကြယ် ကျင့်စဉ်ကတော့ ၃၀၀၀ ကီလိုဂရမ်နီးပါး အထိ ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲဝင် ကြေးနီရောင် ခန္ဓာကိုယ်ကျင့်စဉ်ကတော့ မင်းကို ၅၀၀၀ ကီလိုဂရမ် အားကိုရရှိစေရုံသာ မကဘူး ဒီကျင့်စဉ် အမြင့်ဆုံးအထိ ရောက်သွားရင် ဓားတွေ လှံတွေနဲ့ ထိုးခုတ် ရင်တောင် မင်းကို ပွန်းရာလေးတောင် ဖြစ်စေမှာ မဟုတ်ဘူး"
"ပြီးတော့ ဒီကျင့်စဉ်က ဆန်းကြယ် အဆင့်နိမ့် ကျင့်စဉ်ဖြစ်တယ်။
ဒီကျင့်စဉ်ကို ကျင့်နိုင်ဖို့က စိတ်စွမ်းအား ကောင်းဖို့လည်း လိုအပ်သေးတယ်။ အကြီးအကဲက လီဖူချန်းကို စိတ်ရှည်စွာနဲ့ ရှင်းပြလိုက်တယ်။
“ဒီကျင့်စဉ်က ကျင့်ရတာ ဒီလောက် ခက်တယ် ဆိုမှတော့ ကျွန်တော် ဒီကျင့်စဉ်ကိုပဲ ယူလိုက်တော့မယ်"
လီဖူချန်းကလည်း အလျော့မပေးပဲ တိုက်ပွဲဝင် ကြေးနီရောင် ခန္ဓာကိုယ် ကျင့်စဉ်ကိုပဲ ရွေးယူ လိုက်ပါတယ်။
“မင်းဒါမှဒါပဲ ဖြစ်နေရင်တော့လည်း မင်းသဘောပါပဲ။ ငါကတော့ မင်းကို အကြံဉာဏ် ပေးပြီးပြီ။ လက်ခံတာ မခံတာကတော့ ငါနဲ့ မဆိုင်တော့ဘူး။"
သိုင်းကျမ်းဆောင် အကြီးအကဲက ခေါင်းခါလိုက်ပြီး လီဖူချန်းကို လက်လျော့လိုက်တယ်။
နှစ်စဉ် အပြင်စည်း တပည့်တွေက ဒီလိုပဲ သူတစ်ပါး မလုပ်နိုင်တဲ့ အရာကို လုပ်ပြနိုင်တယ် ဆိုတဲ့ စိတ်တွေနဲ့ ဒီကျင့်စဉ်ကို ကျင့်ဖို့ လာလာ ရွေးယူ ကျတယ်လေ။ ပြီးတော့ မကြာခင်မှာပဲ လက်လျော့ပြီး တခြားကျင့်စဉ်ကို ပြောင်းပြီး လေ့ကျင့် ရတာပါပဲ။
အကြီးအကဲက လီဖူချန်းကိုလည်း ဒီလို တပည့်တွေထဲက တစ်ယောက်အဖြစ် ကောက်ချက် ချလိုက်တယ်။
တိုက်ပွဲဝင် ကြေးနီရောင် ခန္ဓာကိုယ် ကျင့်စဉ်ကို လက်ခံ ရယူပြီးတာနဲ့ လီဖူချန်းက စွမ်းအင် အရင်းအမြစ် ဌာနဆီကို ပြေးပါတော့တယ်။ ခန္ဓာကိုယ် သန့်စင်စေတဲ့ ကျင့်စဉ်တွေ ကျင့်မယ် ဆိုရင် ခန္ဓာကိုယ် ကြံ့ခိုင်မှု အထောက်အကူ ပေးတဲ့ ဆေးတွေ အမြောက်အမြား လိုအပ်တယ်လေ။
မင်းမှာ လုံလောက်တဲ့ ဆေးဝါးတွေ မရှိလို့ ကတော့ မင်းရဲ့ အချိန်တွေကို အကျိုးမရှိတဲ့ နေရာမှာ ဖြုန်းပစ်လိုက်တာနဲ့ အတူတူပါပဲ။ ကံကောင်းတာက လီဖူချန်းဆီမှာ ရမှတ် ၁၁၀၀၀ တောင် ကျန်သေးတယ်လေ။ ဆေးဝါးတွေ မလောက်မှာ ကိုတော့ သူတွေးပြီး ပူနေစရာ မလိုတော့ဘူး။
ခန္ဓာကိုယ် သန့်စင်တဲ့ ဆေးတစ်လုံးက ရမှတ် ၂၅၀ နဲ့ ညီမျှပါတယ်။ လီဖူချန်းက အလုံး ၂၀ စာ တစ်ခါတည်း လဲလိုက်တယ်။
"ဒီတိုက်ပွဲဝင် ကြေးနီရောင် ခန္ဓာကိုယ်က ကျင့်ရတာ ဘယ်လောက် ခက်ခဲလဲ ဆိုတာ ငါအရမ်း သိချင်နေပြီကွာ"
***
လိုအပ်တာတွေ အားလုံးကို ပြင်ဆင်ပြီး နောက်မှာတော့ လီဖူချန်းဟာ စတင် လေ့ကျင့် ပါတော့တယ်။ သိုင်းကျမ်းဆောင် အကြီးအကဲ ပြောတာသာ အမှန်ဆိုရင် ဒီကျင့်စဉ်က ကျင့်ရတာ အင်မတန် ခက်ခဲမည့် ပုံပင်။
ဒီကြေးနီရောင် ခန္ဓာကိုယ် ကျင့်စဉ်ကို အဆင့်၃ဆင့် ခွဲထားပါတယ်။ ပထမဆုံး အဆင့်ကို လေ့ကျင့် အောင်မြင် သွားရင်တော့ အပြင်ခွန်အား ၁၀၀၀ ကီလိုဂရမ် ရမှာ ဖြစ်တယ်။
ဒုတိယအဆင့်ကို လေ့ကျင့် အောင်မြင် သွားရင်တော့ ၃၀၀၀ ကီလိုဂရမ်အား အထိ ရရှိနိုင်ပါတယ်။ တတိယအဆင့်ကို အောင်မြင်ပြီး သွားရင်တော့ ၅၀၀၀ ကီလိုဂရမ် အားအထိကို ရောက်ရှိသွားမှာ ဖြစ်တယ်။
ပထမအဆင့်ကို အောင်မြင်ဖို့ အတွက် ခန္ဓာကိုယ် အတွင်းကော အပြင်ကော လေ့ကျင့်ပေးရမှာပါ။ အတွင်းအားတွေ လည့်ပတ် စီးဆင်းစေပြီး ခန္ဓာကိုယ် အတွင်းပိုင်းက ညစ်အကြေးတွေက ပြင်ပရောက်သည် အထိ မနားမနေ လေ့ကျင့်ဖို့လည်း လိုအပ်ပါတယ်။
ပထမအဆင့် တပည့်တစ်ယောက် အနေနဲ့ လီဖူချန်းက အထူး အခွင့်အရေး အနေနဲ့ လုပ်သားတပည့်တွေကိုခေါ်ပြီး လိုတာတွေ ခိုင်းခွင့်ရှိပါတယ်။
ဒါကြောင့် လီဖူချန်းအနေနဲ့ စားရေး သောက်ရေးကို စိတ်ပူစရာ မလိုပဲ ကျင့်စဉ်ကို ကောင်းကောင်းမွန်မွန် လေ့ကျင့် နေနိုင်ပါတယ်။
“ဖုန်း ဖုန်း ဖန်း ဖန်း ဖုန်း"
ခြံဝင်းအတွင်းမှာတော့ လီဖူချန်း တစ်ယောက် အပေါ်ပိုင်း ဗလာကျင်းလျက် ရှိနေသည်။
အထွေထွေ လုပ်သားတပည့် နှစ်ယောက်ကတော့ လီဖူချန်းကို ရှေ့နောက်ညှပ်ပြီး တုတ်တွေနဲ့ ရိုက်နှက် နေပါတယ်။ ဒါပေမဲ့ သူတို့က လီဖူချန်း ခန္ဓာကိုယ်ပေါ်မှာ မှတ်ထားတဲ့ အနီရောင် အမှတ်တွေကိုပဲ ထိအောင် ရိုက်နှက်နေတာ ဖြစ်တယ်။
နှစ်နာရီလောက် ကြာတဲ့ အခါမှာတော့ လီဖူချန်း တစ်ကိုယ်လုံး ချွေးစေးတွေ ပြန်လာပြီး အသားတွေလည်း တဆတ်ဆတ် တုန်လာတယ်။
လီဖူချန်းက မခံနိုင်တော့သည့် အဆုံးမှာတော့ ရပ်ရန် လက်ထောင် ပြလိုက်သည်။
“ရပြီ။ မင်းတို့ ပြန်လို့ရပြီ။ မနက်ဖြန် ဒီအချိန် ပြန်လာခဲ့ကြ"
အထွေထွေ လုပ်သားတပည့် နှစ်ယောက် ပြန်သွား အပြီးမှာတော့ လီဖူချန်းက အိမ်ထဲကို ပြန်ဝင်လာခဲ့ပြီး ကြေးနီရောင် ခန္ဓာကိုယ် ကျင့်စဉ်အတိုင်း သူ့အတွင်းအားတွေကို လှည့်ပတ်လိုက်သည်။
အကြိမ်ရေ အတော်များများ လေ့ကျင့်ပြီး နောက်မှာတော့ လီဖူချန်းက ခန္ဓာကိုယ် သန့်စင်ဆေး တစ်လုံးကို ထုတ်သောက် လိုက်သည်။ ဆေးလုံးက လျှာပေါ်မှာတင် အရည်ပျော် သွားလေသည်။
အတွင်းအားတွေကို နောက်ထပ် ၃၆ကြိမ် တိတိ ပတ်ပြီးနောက်မှာတော့
လီဖူချန်းက သူ့ရဲ့ ဒဏ်ရာရနေတဲ့ ဘယ်ဘက် လက်တောင် ပြန်ကောင်းသလောက် နီးပါး ဖြစ်နေတာကို သတိပြုမိ လိုက်တယ်။
***
နောက်ထပ် နေ့တွေမှာလည်း လီဖူချန်းက ဒီလိုပဲဆက်ပြီး လေ့ကျင့်နေတယ်။ တစ်ပတ်လောက် ကြာပြီး နောက်မှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် ပြင်ပအားက ၇၅၀ ကီလိုဂရမ် အထိကို ရောက်လာခဲ့ပြီ။
ပြီးတော့ သူ့ခန္ဓာကိုယ် ကန့်သတ်ချက်ကို ရောက်လာပြီလို့ ခံစားနေရတယ်။ နောက်ထပ် သုံးရက် အကြာမှာတော့ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် ကန့်သတ်ချက်ကို ချိုးဖောက် နိုင်ခဲ့တယ်။ သူ့ရဲ့ ပြင်ပအားကလည်း ၉၀၀ ကီလိုဂရမ် အထိ တိုးတက် လာခဲ့တယ်။
လီဖူချန်းရဲ့ အင်အားတွေ ပိုပြီး တိုးတက် လာတာနဲ့အမျှ ကျင့်စဉ်ကလည်း လေ့ကျင့်ရတာ ခက်သထက် ပိုခက်လာတယ်။
မမြင်ရတဲ့ စွမ်းအင်တစ်ခုက လီဖူချန်း ခန္ဓာကိုယ်ကို အနှောင့်အယှက် ပေးနေသလိုပါပဲ။
အချိန်တိုင်း နီးပါးမှာ သူ့အတွင်းအားတွေ သွေးကြောမှားပြီး လမ်းချော်သွားနိုင်တာ ဖြစ်တဲ့အတွက် လီဖူချန်းက အရမ်းကို အာရုံစိုက်ပြီး လေ့ကျင့် နေရတယ်။ နောက်ဆုံးတော့ ၉၉၀ကီလိုဂရမ် အားအထိကို ရောက်လာခဲ့ပြီ။
အခုချိန်မှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေ ခန္ဓာကိုယ်တွေက နီမြန်းလျက် ရှိနေတယ်။ ခန္ဓာကိုယ် တစ်ခုလုံးက သွေးကြောတွေကလည်း ဆူပွက်နေပြီး အခိုးအငွေ့တွေ ကလည်း ထွက်ပေါ်လျက် ရှိနေသည်။
ဒါက အတွင်းအား အလွန်အကျွံ သုံးလို့ ဖြစ်တဲ့ လက္ခဏာတွေပင်။
“အား"
လီဖူချန်း တစ်ယောက် အလွန်ကျယ်လောင်စွာ အော်လိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲက အရိုးတွေက တဂျွတ်ဂျွတ် မြည်သွားခဲ့တယ်။
ထို့နောက်မှာတော့ သူ့ရဲ့ အသားအရေတွေကော မျက်လုံးတွေကော ပုံမှန်အတိုင်း ပြန်သွားပါတယ်။
“ဒီကြေးနီရောင် ခန္ဓာကိုယ် ကျင့်စဉ်က လေ့ကျင့်ဖို့ အရမ်းခက်ခဲတယ် ဆိုတာက ယုံမှားစရာ မရှိဘူးပဲ။
ဒီပညာရပ်ကို လေ့ကျင့်တဲ့သူက နာကျင်မှုတွေကို အတိုင်းအတာ တစ်ခုအထိ အောင့်ခံနိုင်မှ လေ့ကျင့်ဖို့ အဆင်ပြေမှာ။ နာကျင်မှုတွေကို မအောင့်ခံ နိုင်ရင်တော့ လေ့ကျင့်ရာမှာ ကျရှုံးကြမှာပဲ။
စဉ်းစားရင်းနဲ့ လီဖူချန်းက ဆေးရည်တစ်ထောင် ရေကန်အတွင်းကို ဝင်ခွင့် ရခဲ့ကြတဲ့ ယန်ခိုင်တို့ကိုတောင် မနာလို ဖြစ်လာမိတယ်။
သူ့ခမျာ ပြင်ပခွန်အား ၁၀၀၀ ကီလိုဂရမ် ရောက်အောင် မနည်း လေ့ကျင့်နေရတဲ့ အချိန်မှာ ယန်ခိုင်တို့ တစ်တွေကတော့ ဆေးရည်ကန်လေးထဲမှာ ဝင်စိမ်လိုက်ရုံနဲ့ သက်သက်သာသာ ရသွား ကျတာလေ။
***