အံ့ဩတုန်လှုပ်ဖွယ်ရာမြင်ကွင်း
Vol. 32 Ch. 434
ချင်မူတို့၏ ရှေ့တူရူတွင်
မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် တစ်သားတည်း ထိစပ်နေသကဲ့သို့ ထင်ရ၏။ ထိုမြင်ကွင်းနှင့်တင် ထူးဆန်းနေပြီဖြစ်သော်လည်း ပို၍ပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်မှာ ကောင်းကင်နှင့်မြေကြီးအကြားတွင် အပေါက်ကြီးတစ်ပေါက် ပွင့်ထွက်နေခြင်း ဖြစ်သည်။
မိုးကောင်းကင်တွင် ယခင်က မည်သည့်အရာမှ မရှိခဲ့သော်လည်း အဘယ်သို့ပြု၍ အပေါက်ကြီးတစ်ပေါက် ပွင့်ထွက်နေသနည်း။
မြေကြီးကမူ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် မာကြောနေသည်။ လွန်သွားနှင့် တူးဖောက်လျှင်တောင်မှ ထိုးဖောက်နိုင်မည်မဟုတ်ရာ အလွန်အံ့အားသင့်ဖွယ်ကောင်း၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သေရေးရှင်ရေးအခိုက်အတန့်တွင် ငလျင်ဒယ်အိုး၏ စွမ်းအားကို လွှတ်ပေးလိုက်၍ ငလျင်စွမ်းအားက ဤကမ္ဘာနှင့် တခြားကမ္ဘာတစ်ခု၏ မြေပြင်နှင့် ကောင်းကင်ကို ထိုးဖောက်လိုက်ကာ ကမ္ဘာနှစ်ခု စုံနေသော မြင်ကွင်းကို ဖန်တီးလိုက်ခြင်း ဖြစ်လိမ့်မည်။
ငလျင်ဒယ်အိုး၏ စွမ်းအားသည် အတိုင်းထက်အလွန် ကြီးမားလှသောကြောင့် ကမ္ဘာနှစ်ခုအကြားက ဒဏ်ရာမှာ မပျောက်ကွယ်သေးသည့်အပြင် လောကစည်းများသည်လည်း အလိုအလျောက် ပြန်မပိတ်နိုင်သေးပေ။
အပေါက်ကြီး၏အရှေ့တွင် ညအမှောင်ဖုံးနေသော မဟာမြို့ပျက်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိသည်။ အပေါက်ကြီး၏ အနောက်တွင်မူ နေတစ်စင်းက မြင့်မားသော မဟူရာမိစ္ဆာရဲတိုက်များအပေါ်သို့ ဖြာကျတောက်ပနေသည်။
ကမ္ဘာခြား၏ ကောင်းကင်က နတ်သက်ကြွေတောင်ကြော၏ မိုးကုပ်စက်ဝိုင်းအောက်တွင် တည်ရှိပြီး မြေပြင်က နတ်သက်ကြွေတောင်ကြော၏ အပေါ်ရှိ ကောင်းကင်ထဲတွင် ဖြစ်သည်။
ချင်မူ့နေရာမှ ကြည့်လျှင် ထိုကမ္ဘာ၏ မြေပြင်ထက်၌ ဓားရှည်များ၊ ဓားမရှည်များ၊ လှံရှည်များကဲ့သို့ ရှည်မျောမျော အဆောက်အဦးမျိုးစုံကို မြင်နေရသည်။ အဆောက်အဦးများက ပေတစ်သောင်းနီးပါး မြင့်မားပြီး အလွန်တောင့်ခိုင်ကြ၏။
အဆောက်အဦးတည်ဆောက်ပုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မတူညီပေ။ ကြီးကျယ်ခမ်းနားသော မိစ္ဆာရဲတိုက်များက တောင်စဉ်တန်းများ၏ အနိမ့်အမြင့်အတိုင်း မျက်စိတဆုံး သွယ်တန်းနေသည်။ တချို့က ကောင်းကင်ထက်တွင်ပင် ပျံဝဲနေကြသည်။ နေရောင်ခြည်တို့ ရဲတိုက်များအပေါ် ဖြာကျလာသောအခါ နတ်သက်ကြွေတောင်ကြောထက်၌ အရိပ်များ ကျရောက်လျက် ရှိ၏။
ထိုကမ္ဘာ၏ သစ်ပင်တောင်တန်းများက ဆန်းပြားသော အသွင်သဏ္ဍာန်များဖြင့် တွန့်လိမ်ကွေးကောက်နေရာ ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။
ကမ္ဘာခြားမှ နေရောင်ခြည်တန်းများက ချင်မူတို့အပေါ် ဖြာကျလာသည်။ လုံးဝန်းသော ဧရာမအပေါက်ကြီး၏ အရှေ့တွင် ချင်မူတို့အုပ်စုမှာ ပုရွက်ဆိတ်လေးများသဖွယ် ဖြစ်နေ၏။
နေက သူတို့၏ခြေထောက်အောက်တွင် ရှိပြီး မြေပြင်က သူတို့၏ခေါင်းအထက်၌ ဖြစ်သည်။ ပုံရိပ်များ ဇောက်ထိုးထင်ဟပ်နေသော မှန်တစ်ချပ်ရှေ့တွင် ရပ်နေရသည့်အလားပင်။
ထို့အပြင် အပေါက်ကြီးက ခပ်ဖြည်းဖြည်း တုန်ခါနေဆဲဖြစ်ရာ တုန်ခါလှိုင်းများကြောင့် နတ်သက်ကြွေတောင်ကြော၏ ပတ်ဝန်းကျင်ရှိ ကျောက်တုံးကျောက်ခဲများ လေပေါ် မြောက်တက်နေကြသည်။
တုန်ခါလှိုင်းများကြောင့် ချင်မူတို့၏ ခန္ဓာကိုယ်များ ထုံကျင်လာပြီး သူတို့၏မူလဝိညာဉ်များလည်း မငြိမ်မသက် ဖြစ်လာသည်။
ဧကရာဇ်အတိုင်ပင်ခံ ငလျင်ဒယ်အိုးထဲမှ လွှတ်ပေးလိုက်သည့် စွမ်းအားက မည်မျှကြောက်မက်ဖွယ်ရာကောင်းသည်ကို ကောင်းကောင်း စိတ်ကူးကြည့်နိုင်ပေသည်။
“ငလျင်လှိုင်းတွေက အဲဒီအပေါက်ကြီးကနေ လာနေတာပဲ။ ဧကရာဇ်အတိုင်ပင်ခံ ငလျင်ဒယ်အိုးကို အသုံးပြုနေသေးလို့ မဟုတ်ဘူး”
ချင်မူ ရင်ထဲတွင် လေးလံသွားသည်။ နတ်သက်ကြွေတောကြောထဲ ဝင်ရောက်လာကတည်းက တုန်ခါလှိုင်းများကို တစ်ချက်တစ်ချက် ခံစားခဲ့ရ၍ ဧကရာဇ်အတိုင်ပင်ခံ ငလျင်ဒယ်အိုးကို အသုံးပြုနေခြင်း ဖြစ်မည်ဟု တွေးထင်ခဲ့မိသည်။ ကမ္ဘာနှစ်ခု ဆက်နေသော အပေါက်ကြီးဆီမှ လာနေမည်ဟု မထင်ထားခဲ့ပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဤနေရာတွင် ရှိမနေရာ သေပြီလား၊ ရှင်သေးလား မသိရပေ။
ချင်မူ ခေါင်းမော့၍ ပျံဝဲနေသော မြေလွှာကြီးအား မော့ကြည့်လိုက်သည်။ အင်အားကြီးမားသော မိစ္ဆာနတ်ဘုရားတစ်ပါးက မြေလွှာအပေါ်တွင် မတ်တပ်ရပ်လျက် ရှိသည်။ သူ၏ရုပ်ခန္ဓာက ကျောက်ရုပ်ဖြစ်တည်နေရာ မူလဝိညာဉ်အား အပြင်သို့ ပို့လွှတ်ထားခြင်းဖြစ်လိမ့်မည်။
ထူးဆန်းသောရုပ်သွင်များနှင့် မိစ္ဆာများက ကြိုးကြိုးစားစား အလုပ်လုပ်နေသော ပုရွက်ဆိတ်များသဖွယ် မိစ္ဆာနတ်ဘုရား၏ ကျောက်ရုပ်ခန္ဓာ၏ပတ်ပတ်လည်တွင် ဝိုင်းအုံ၍ ဧရာမယဇ်ပလ္လင်ကြီးတစ်ဆူကို တည်ဆောက်နေကြသည်။ ကျွန်များစွာအား ကွပ်မျက်ပြီး သွေးယဇ်ပူဇော်ကာ မိစ္ဆာနတ်ဘုရား၏ ရုပ်ခန္ဓာကိုလည်း စေလွှတ်ရန် ပြင်ဆင်နေကြဟန်တူသည်။
အရိုးဖြူများနှင့် ငှက်မွှေးခေါင်းဆောင်း ဆောင်းထားသည့် စုန်းတစ်ယောက်က ဧရာမယဇ်ပလ္လင်ကြီးအပေါ်သို့ မန္တန်တစ်ခု မန်းမှုတ်နေသည်။ ပလ္လင်၏ပတ်ပတ်လည်မှ သွေးများ တသွင်သွင်းစီးကျနေသော မြင်ကွင်းက ကြက်သီးမွေးညင်းထရသည့်တိုင်အောင် ရက်စက်ပြီး တုန်လှုပ်ချောက်ချားစရာကောင်း၏။
ထိုကမ္ဘာက လူရိုင်းခေတ်တွင်သာ ရှိသေးသည်။ သူတို့၏ကောင်းကင်နတ်သိုင်းများက အလွန်ရှေးကျပြီး သွေးညှီနံ့တထောင်းထောင်း ထနေသည်။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကတော့ ပြဿနာကို လက်ယပ်ခေါ်လိုက်တာပဲ”
ချင်မူ ခေါင်းကြိမ်းသွားသည်။ ငလျင်ဒယ်အိုးက ကမ္ဘာခြားတစ်ခုဆီသို့ ဝင်ပေါက် ဖွင့်ပေးခဲ့သည့်အပြင် ထိုကမ္ဘာထဲတွင် မိစ္ဆာနတ်ဘုရားများစွာ ရှိနေဟန်တူသည်။ တိုးတက်စည်ပင်သော ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မြင်သည့်အခါ ထိုမိစ္ဆာများ ပျော်ရွှင်သွားကြပြီး သိမ်းပိုက်လိုစိတ်များ ဖြစ်ပေါ်လာကြလိမ့်မည်။ ခန္ဓာကိုယ်များကိုပင် ကျောက်ရုပ်သွင်းရန် တွန့်ဆုတ်မနေဘဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ကျူးကျော်လာခဲ့ကြ၏။
သို့ရာတွင် ထူးဆန်းသည်က ဤကမ္ဘာသို့ ကျူးကျော်လာပြီးနောက် မိစ္ဆာနတ်ဘုရားကျောက်ရုပ်တုများသည် ငလျင်ဒယ်အိုးမှ ဖြစ်ပေါ်လာသည့် အပေါက်ကို ဖွင့်ရန် မကြိုးစားကြဘဲ တစ်စုံတစ်ခုကို လိုက်ရှာနေကြခြင်း ဖြစ်သည်။
“ပြီးတော့ ဒီလောက်ကြီးတဲ့ အပေါက်ကြီးကနေ ဘာလို့မိစ္ဆာတစ်ကောင်မှ ထွက်မလာကြတာလဲ” ချင်မူ ဇဝေဇဝါ ဖြစ်နေမိသည်။
ကောင်းကင်ရေနဂါးမင်းက တစ်စုံတစ်ခုကို တွေ့သွားသဖြင့် ပြောလိုက်သည်။ “သခင်ကြီး၊ မိစ္ဆာစစ်တပ်က ဟိုးက ယဇ်ပလ္လင်ပေါ်မှာ”
ချင်မူ သူ ပြသည့်နေရာသို့ ကြည့်လိုက်သည့်အခါ ရင်ထဲတွင် ကြောက်စိတ်များ ပြည့်နှက်သွား၏။
မိစ္ဆာကမ္ဘာ၏ ကျွန်များက စောစောက သူ မြင်လိုက်သော ပလ္လင်ထက် အဆများစွာ ကြီးမားသည့် ယဇ်ပလ္လင်ကြီးတစ်ခုကို တည်ဆောက်နေသည်။ ပလ္လင်ကြီး၏ ကိုယ်ထည်က တောင်ကြီးတစ်လုံးကို တိတိရိရိ ဖြတ်ထားသည်နှင့် တူပြီး မိစ္ဆာစုန်းများက ကျွန်များ၏ သွေးတို့ဖြင့် သင်္ကေတအမှတ်အသားမျိုးစုံ ရေးဆွဲကာ လှည့်ပတ်ပျံဝဲနေကြသည်။
“ဒီအပေါက်ကို ဖြတ်မလာနိုင်လို့၊ ကျွန်တွေကို ယဇ်ပူဇော်နေရတာများလား”
ချင်မူ ငေး၍ ကြည့်နေမိသည်။ သူ အပေါက်ကြီးထဲ လက်ဆန့်တန်း၍ ကမ္ဘာခြားထဲသို့ ဝင်ကြည့်သော်လည်း မမြင်ရသော အတားအဆီးတစ်ခုကို ဆုံတွေ့လိုက်ရ၏။ သူ့အရှေ့တွင် ကမ္ဘာခြားတစ်ခု ရှင်းလင်းပြတ်သားစွာ ရှိနေသော်လည်း အထဲ ဝင်မရပေ။
ရုတ်တရက် အလွန်လေးလံသော အရာဝတ္ထုကြီးတစ်ခု မြေကြီးပေါ် ကျရောက်လာသကဲ့သို့ အသံကျယ်ကြီးတစ်သံ သူတို့ ကြားလိုက်ရ၏။ ချင်မူတို့ လန့်ဖျပ်သွားပြီး စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည်။
ကမ္ဘာခြားမှ လွှတ်လိုက်သည့် မိစ္ဆာနတ်ဘုရားကျောက်ရုပ်တုတစ်ရုပ်က သူတို့၏ညာဘက် ကိုက်သုံးရာအကွာမှ ဖြည်းဖြည်းချင်း ထလာသည်။
၎င်း၏မျက်နှာပြင်ထက်တွင် သွေးဖြင့် ရေးဆွဲထားသော မှော်သင်္ကေတအမှတ်အသားများက လူးလွန့်ရွေ့လျားရင်း ပုံစံမျိုးစုံပြောင်းလဲကာ ကျောက်သားထဲ တစတစ နစ်ဝင်သွား၏။
ကျောက်ရုပ်တုက ခန္ဓာကိုယ်ကို တဖြည်းဖြည်း လှုပ်လိုက်သည်။ ကမ္ဘာခြားစုန်းများက ကျွန်များကို ယဇ်ပူဇော်လိုက်၍ ကျောက်ရုပ်တုသည် အလိုအလျောက် လှုပ်ရှားနိုင်သွားခြင်း ဖြစ်လိမ့်မည်။
သို့သ်ော လိုအပ်သော စွမ်းအင်ပမာဏက မလုံလောက်သေးသဖြင့် ကျောက်ရုပ်တုများမှာ အသွေးအသားကိုယ်သို့ မပြောင်းလဲနိုင်ကြသေးပေ။
“မြန်မြန် သွားတော့”
ကောင်းကင်ရေနဂါးမင်းက အပေါက်ကြီးကို ကွေ့ပတ်ပြီး အဝေးသို့ တရှိန်ထိုး ပြေးလိုက်သည်။
ချင်မူက သူ့ကျောပေါ်တွင် ရပ်ကာ အနောက်သို့ ကြည့်နေသည်။ ကျောက်ရုပ်တုကြီးက ခါးကိုင်းပြီးနောက် မြေကြီးအား လက်ဖြင့် ဖိလိုက်သည်။ ၎င်း၏လက်ကြီးနှစ်ဖက်က လွန်သွားများပမာ မြေကြီးကို ထိုးဖောက်လိုက်၏။ မကြာမီ ကျောက်ရုပ်တုကြီးတစ်ရုပ်လုံး မြေကြီးထဲ ဝင်သွားသည်။ တခဏလေးအတွင်း ၎င်း ရှိခဲ့ဖူးသော အရိပ်အယောင်ပင် မမြင်ရတော့ပေ။
‘ဒီကျောက်ရုပ်တုလည်း တစ်ခုခုကို ရှာနေသလိုပဲ။ ဘာများပါလိမ့်။ ဧကရာဇ်အတိုင်ပင်ခံ၊ ဘိုးဘိုးမျက်ကန်းတို့ အသက်ရှင်နေသေးရဲ့လား။ အသက်ရှင်နေသေးရင် သူတို့ ဘယ်မှာ ပုန်းနေကြပါလိမ့်’
ချင်မူ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို ထုတ်လွှတ်၍ ဧကရာဇ်အတိုင်ပင်ခံနှင့် ကျန်ရှိသူများ၏ ခြေရာများအား ဂရုတစိုက် ရှာဖွေလိုက်သည်။ မြောက်အရပ်သို့ ဆက်လျှောက်လာသည့်အခါ တိုက်ပွဲအမှတ်အသားများ မြင်လိုက်ရသည်။ အမှတ်အသားများက အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများနှင့် တိုက်ခိုက်နေစဉ် ကျန်ရစ်ခဲ့သော သားသတ်သမားနှင့် မျက်ကန်းတို့၏ လှံရာများ၊ ဓားမရာများ ဖြစ်၏။
“ကောင်းကင်ရေနဂါးမင်း သတိထား”
လေထဲတွင် ငြိမ်သက်နေသော အနက်ရောင်အကြောင်းတစ်ကြောင်းကို ချင်မူ မြင်လိုက်၍ ကောင်းကင်ရေနဂါးမင်းအား ရပ်ခိုင်းလိုက်သည်။ ကောင်းကင်ရေနဂါးမင်းမှာ အနက်ရောင်အကြောင်းကို ကြည့်ရင်း မှင်သက်သွား၏။
သူ ကွေ့သွားလိုက်သည်။ ရှေ့တည့်တည့်မှ မဟုတ်ဘဲ ဘေးမှ ကြည့်သည့်အခါ အနက်ရောင်အကြောင်းက ကျယ်ပြန့်လာသည်ကို မြင်လိုက်ရသည်။ ၎င်းက လေထဲတွင် တန့်နေသည့် ဓားမရောင်တစ်ခု ဖြစ်ချေသည်။ ဓားမရောင်က ဟင်းလင်းပြင်ကို ခုတ်ပိုင်းခဲ့သော်လည်း ဟင်းလင်းပြင်အကြား၌ ညပ်သွားခဲ့၏။ ဓားမထဲရှိ ကောင်းကင်နတ်သိုင်းစွမ်းအား မပျောက်ကွယ်သေးသဖြင့် ဟင်းလင်းပြင်မှာလည်း ပြန်မစေ့နိုင်သေးပေ။
“ကြောက်စရာကောင်းလိုက်တဲ့ ဓားမသိုင်း”
ကောင်းကင်ရေနဂါးမင်း တုန်ရီသွားမိသည်။ ထိုကဲ့သို့ ဓားမသိုင်းအား နတ်ဓားမဟု တင်စားရလိမ့်မည်။ တာအိုအဆင့်သို့သာ ရောက်သွားလျှင် တုနှိုင်းမဲ့လောက်အောင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။
“ဘိုးဘိုးသားသတ်သမားက ကောင်းကင်ဓားမလို့ခေါ်တယ်။ ဒါက သူ့ရဲ့ ဝက်ခုတ်ဓားမသိုင်းပဲ”
ချင်မူလည်း တအံ့တဩ စုပ်သပ်၍မဆုံး ဖြစ်နေသည်။ ဝက်ခုတ်ဓားမသိုင်းကို သူ သင်ယူခဲ့သော်လည်း သားသတ်သမားအား မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပေ။
သားသတ်သမား၏ ဓားမသိုင်းက ကြမ်းတမ်းလွန်းသည်။ သူ့ဆီမှ ဓားမသိုင်းသင်လျှင်ပင် သူ၏အားအဟုန်အတိုင်း ထုတ်လွှတ်နိုင်ရန် မလွယ်ကူပေ။ သားသတ်သမားကဲ့သို့ ရူးသွပ်နိုင်မှသာ ဓားမသိုင်း၏ စွမ်းအားကို အစစ်အမှန်အတိုင်း ထုတ်လွှတ်နိုင်မည်။
ထို့နောက် တောင်တန်းများကို လောင်မြှိုက်နေသော မီးတောက်မီးလျှံများအား သူတို့အုပ်စု မြင်လိုက်ကြရသည်။ အမှောင်ထုသည်ပင် မီးတောက်မီးလျှံများကို မဝါးမြိုနိုင်ပေ။
‘ဘိုးဘိုးရွှေအရဲ့ မီးဖိုကြီး ကွဲသွားပြီ’
ချင်မူ အံ့အားသင့်သွားသည်။ မီးတောက်မီးလျှံများ တောက်လောင်နေခြင်းမှာ ရွှေအ၏ မီးဖိုကြောင့် ဖြစ်သည်။ မီးဖိုကွဲသွားသည်နှင့် အတွင်းရှိ မီးတောက်မီးလျှံများ အရပ်မျက်နှာတစ်ခွင်သို့ ဖိတ်စင်ကျလာခဲ့၏။
‘ဘိုးဘိုးရွှေအ သေသွားပြီလား’
မီးပင်လယ်ကို ဖြတ်ကျော်လိုက်သည့်အခါ ချင်မူ တထာဂတကို မြင်လိုက်ရသည်။
တထာဂတသည် တင်ပျဉ်ခွေလျက် ထိုင်နေတော်မူပြီး ကောင်းကင်ဘုံအဆင့်နှစ်ဆယ်က သူ့ကို ဝန်းရံလျက် ရှိတော်မူ၏။ နတ်ဘုရားများနှင့် ဗုဒ္ဓများလည်း သူ၏ပတ်ဝန်းကျင်၌ ထိုင်နေကြသည်။
တထာဂတနှင့် မျက်နှာချင်းဆိုင်တွင် အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားတစ်ပါး ရှိနေသည်။
တခဏကြာသည်အထိ ချင်မူ မှင်သက်နေပြီးနောက်မှ သက်ပြင်းချလိုက်မိသည်။ သူက တထာဂတကို အရိုအသေပေးပြီးနောက် ကောင်းကင်ရေနဂါးမင်း၏ ကျောပေါ် မ, တင်လိုက်သည်။ ထို့နောက် ရှေ့ဆက်လျှောက်သွားကြ၏။
ဟူလင်းအာက နောက်လှည့်ကြည့်ပြီး စပ်စပ်စုစု မေးသည်။ “သခင်လေး၊ အဲဒီဘုန်းကြီးအိုကြီးက ဘာလို့မလှုပ်တာလဲ။ သခင်လေးတောင် သူ့ကို ချီပေးစရာ လိုတယ်လား”
ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “တထာဂတအရှင်က အဲဒီနတ်ဘုရားကို သူနဲ့အတူ သေရွာခေါ်သွားပြီ”
ဟူလင်းအာ ငေးကြောင်သွားသည်။
များစွာမကြာလိုက်ဘဲ တာအိုသခင်အိုကြီးကို တွေ့ရ၏။ တာအိုသခင်က ဓားကျင့်စဉ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ထားပြီး ကျန်လက်တစ်ဖက်တွင် ဓားရှည်တစ်လက်အား ဆွဲကိုင်ထားသည်။ သူက အရှေ့ရှိ တောင်စောင်းနံရံထဲမှ ကိုယ်တစ်ပိုင်း ရုန်းထွက်နေသော နတ်ဘုရားကို မော့ကြည့်နေသည်။ တာအိုရသေ့အိုကြီး၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ထွန်းနေ၏။
ချင်မူ့မျက်ဝန်းများမှ ကောင်းကင်အလင်းတန်းများ ဖြာထွက်သွားသည့်အခါ နတ်ဘုရား၏ မျက်ခုံးနှစ်ဖက်ကြားတွင် ဓားတစ်လက် ထိုးဖောက်ထားသော ဒဏ်ရာကို မြင်လိုက်ရသည်။ ဓားရာက အလွန်တိရိသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။
တာအိုသခင်အိုကြီးကို ကြည့်လိုက်ရာတွင် သူ့တစ်ကိုယ်လုံး စုတ်ပြတ်နေသည်ကို မြင်လိုက်ရသည်။ ဒဏ်ရာဒဏ်ချက်များ ပွထနေသော်လည်း သွေးမထွက်တော့ပေ။
“တာအိုရသေ့ကြီး အသက်ရှိသေးလား” ဟူလင်းအာက မေးလာသည်။
ချင်မူ ခေါင်းယမ်းလိုက်ပြီး တာအိုသခင်အိုကြီးကို မ,ချီရန် လျှောက်သွားရင်း တိုးညင်းစွာ ပြောလိုက်သည်။ “သူ့သွေးတွေ ခမ်းသွားပြီ။ နောက်ဆုံးတိုက်ကွက်က သူ့ရဲ့မူလဝိညာဉ်ကို ဓားတစ်လက်အသွင် ဖွဲ့တည်ပေးလိုက်တာပဲ ဖြစ်မယ်။ သူက အဲဒီဓားနဲ့ နတ်ဘုရားရဲ့ မျက်ခုံးနှစ်ဖက်ကြားကို ထိုးလိုက်တာပဲ။ ထိုးပြီးသွားတဲ့အချိန်မှာ သူ့ရဲ့မူလဝိညာဉ်ဟာ တာအိုဖြစ်သွားပြီး အလိုအလျောက် ပေါက်ကွဲပျက်စီးသွားတယ်။ ဓားချက်ရဲ့ စွမ်းအား ကုန်ခမ်းသွားတာနဲ့ မူလဝိညာဉ်လည်း ပြိုကွဲသွားတော့တာပဲ”
ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် တာအိုဂိုဏ်း၏ လမ်းစဉ်က မတူညီသော်လည်း ချင်မူ တာအိုသခင်အပေါ် အလွန်လေးစားမိ၏။
ဟူလင်းအာက တည်တန့်သွားပြီး အဝတ်အစားကို သပ်သပ်ရပ်ရပ် လုပ်လိုက်သည်။ ထို့နောက် တာအိုသခင်အိုကြီးကို လေးလေးစားစား ဂါဝရပြုလိုက်၏။ “စိတ်နေမြင့်ပြီး ဖြောင့်မတ်တည်ကြည်တဲ့အပြင် ရည်မှန်းချက်ကြီးတဲ့ ဘိုးဘိုးရသေ့၊ အလေးပြု”
ရေနဂါးများက သူမကို မြင်လျှင် ခြေနှစ်ချောင်းဖြင့် ရပ်ပြီး လက်နှစ်ဖက်ဆုပ်လိုက်ကြသည်။ “မာ ဟာ”
သူတို့ ဆက်လျှောက်လာသည့်အခါ မြေကြီးပေါ်တွင် လဲနေသော မြွေကြီးတစ်ကောင်အား မြင်လိုက်ရသည်။
မိုးမခနတ်မင်း။
ကမ္ဘာခြားမှ ကျောက်ရုပ်တုများနှင့် မတွေ့ရတော့သော်လည်း အခြေအနေက ပိုပို၍ဝမ်းနည်းဖွယ်ကောင်းလာသည်။ ချင်မူမှာ ထော့ကျိုး၊ အဘွားစစ်နှင့် ကျန်ရှိသူများ၏ အလောင်းများ မြင်ရမည်ကို စိုးထိတ်လာ၏။
သူက မိုးမခနတ်မင်းကို ကောင်းကင်ရေနဂါးမင်း၏ ကျောပေါ် ဆွဲတင်လိုက်သည်။ “တစ်ယောက်ကတော့ အလောင်းကောက်ပေးရမယ်လို့ ဘိုးဘိုးရွာလူကြီး ပြောခဲ့တယ်။ မမကြီးမိုးမခ၊ ကျွန်တော် ရောက်လာပါပြီ။ ကျွန်တော်နဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါ...”
ထို့နောက် တစ်ကိုယ်လုံး ငွေရောင်ဆူးချွန်များ ဖုံးနေသော အဖြူနတ်မင်းကို သူတို့ မြင်တွေ့ရသည်။ ဆူးချွန်များတွင် ချည်မျှင်များ ရှုပ်ထွေးရစ်ပတ်နေသည်။ သူက လက်ထဲတွင် ငွေအပ်များရှိသည့် ပန်းကန်တစ်ချပ်အား ကိုင်ထား၏။
လက်ကြီးတစ်ဖက်က သူ့ရင်ဘတ်ကို ထိုးဖောက်ထားသည်။ အဖြူနတ်မင်းအနေဖြင့် ပြိုင်ဘက်ကို သတ်ခဲ့သော်လည်း ပြိုင်ဘက်က မသေခင် သူ့အသက်ကိုပါ ယူသွားနိုင်ခဲ့ဟန်တူသည်။
ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေသည်။ ကျောက်ခဲများသာ အမှောင်မြူထဲတွင် လွင့်မျောပျံဝဲလျက်ရှိ၏။
ချင်မူတို့ ရှေ့ဆက်လျှောက်သွားသည့်အခါ သူတို့ခြေထောက်အောက်ရှိ မြေဆွဲအား ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ ထူးဆန်းသောအားတစ်ရပ်က အစားထိုးဝင်ရောက်လာ၍ ချင်မူ ခေါင်းမော့ကြည့်လိုက်ရာတွင် ကြယ်များအား မြင်လိုက်ရသည်။
“မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း”
“ဘွားဘွား....” သူ့နှလုံးသား ဒိန်းခနဲ ခုန်သွားသည်။
သူတို့အပေါ်တွင် မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းမှ ဖွဲ့တည်နေသော ကြယ်တာရာကောင်းကင် ရှိနေသည်။ အဘွားစစ်က ကြယ်တာရာကောင်းကင်ထဲတွင် မလှုပ်မယှက် ထိုင်နေ၏။ ကြောရှင်းလှပသော သူမသည် ယခုလေးတင် လက်ဝါးသိုင်းကို ထုတ်လွှတ်လိုက်သကဲ့သို့ လက်ဝါးအား ဆန့်ထုတ်ထားသည်။
သူမကား ခမ်းနားထည်ဝါနေ၏။