← Chapters

ပျံလွှားငှက်များလို ပြန်ရောက်လာခြင်း

Vol. 32 Ch. 435

ပျံလွှားငှက်များလို ပြန်ရောက်လာခြင်း

Vol. 32 Ch. 435

ချင်မူ စိုးရိမ်ပူပန်မှုများကို မြိုသိပ်၍ အဘွားစစ်ထံမှ အကြည့်လွှဲလိုက်သည်။ ထို့‌နောက် ကောင်းကင်ကြယ်တစ်စင်း၏ အပေါ်တွင် ဓားမနှစ်လက် ကိုင်စွဲလျက် ရပ်နေသော သားသတ်သမားကို မြင်လိုက်ရသည်။

သူ၏ခန္ဓာကိုယ်က ကြွက်သားများဖြင့် တောင့်တင်းကြံ့ခိုင်နေပြီး သူလည်း တုပ်တုပ်မှ မလှုပ်ပေ။

ထို့နောက် ရသေ့ကြီးချင်းယိုကို ချင်မူ မြင်လိုက်ရသည်။ သူက ကြယ်တစ်စင်းအပေါ်တွင် တင်ပျဉ်ဖွဲ့ထိုင်လျက် မြင်းမြီးယပ်တစ်ချောင်းကို ဆုပ်ကိုင်ထားသည်။

ရွှေအကိုလည်း မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း၏ မီးကြယ်တစ်စင်းအပေါ်တွင် ချင်မူ တွေ့လိုက်ရ၏။

ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခါသွား၍ သွေးအန်မိလုနီးပါး ဖြစ်သွားသည်။ သူ ခက်ခက်ခဲခဲ အကြည့်လွှဲလိုက်သည့်အခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို မြင်တွေ့လိုက်ရသည်။

ဧကရာဇ်အတိုင်ပင်ခံက ငလျင်ဒယ်အိုးအပေါ်တွင် ထိုင်နေပြီး ဒယ်အိုး၏အောက်၌မူ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း၏ ကြယ်တစ်စင်း ပျံဝဲနေသည်။

ချင်မူ သူ့ဘေးသို့ ဆက်ကြည့်လိုက်ရာတွင် ကြွက်နတ်မင်း၊ မြေခွေးနတ်မင်းနှင့် ကျန်ရှိသူများကို မြင်လိုက်ရသည်။ ထော့ကျိုးက သွေးစိုရွဲနေသော ဆေးဆရာနှင့်အတူ ကြယ်တစ်စင်းအပေါ်တွင် ထိုင်နေ၏။ မျက်ကန်းက ဝါးတောင်ဝှေးကို အားပြုလျက် ခေါင်းငုံ့ထားသည်။ သူ့ခြေထောက်အောက်တွင်လည်း ကြယ်တစ်စင်း ရှိနေသည်။

အဘိုးကြီးမာက ဗုဒ္ဓရှင်တော်ြမတ်တစ်ပါးပမာ သပ္ပါယ်နေပြီး နားကန်းက စုတ်တံတစ်လက်ကို ကိုင်ထားသည်။ ဘုရင်မရီက လေဓားသွားကို ပင့်မြှောက်ထားလျက် ရှိကာ ဘုရင်ခွန်၏ ခေါင်းပေါ်တွင်လည်း ချိုကြီး ရှိနေသေးသည်။ သူတို့အားလုံးက အဘွားစစ်၏ လက်ဝါးမှ ဖြာထွက်လာသော မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းကွက်အတွင်း၌ ဖြစ်ကြသည်။ အားလုံး၏ ခြေထောက်အောက်တွင် ကြယ်တစ်စင်းစီ ရှိနေကြ၏။

“မိန်းကလေးကျင့်ရော ဘယ်မှာလဲ။ သူ ဘာလို့ ဒီမှာမရှိတာလဲ”

ချင်မူ ယန်ကျင့်ကျင့်၏ အရိပ်အယောင် တွေ့လိုတွေ့ငြား လှည့်ပတ်ကြည့်လိုက်သည်။

“နေသင်္ဘောတောင်မှ အထက်ကောင်းကင်ဘုံက နတ်ဘုရားတွေကို မကာဆီးနိုင်ဘူးလား”

ရုတ်တရက် တောက်ပသောအလင်းတန်းတစ်တန်းက သူတို့အပေါ် ဖြာကျလာပြီး ချင်မူ နေတစ်စင်းအား မြင်လိုက်ရသည်။ နေ၏ တစ်ခြမ်းက မည်းမှောင်နေသဖြင့် တစ်ဖက်လှည့်လိုက်မှသာ နေရောင်ခြည်တန်းများ ဖြာကျလာ၏။

နေသင်္ဘောက အလွန်တရာကြီးမားချေရာ တောင်တစ်လုံးဖြင့် ကွယ်နေလျှင်တောင်မှ နေရောင်ကို အခြားတစ်ဖက်မှ ခပ်ရေးရေး မြင်ရနိုင်သေးသည်။

သို့သော် နေသင်္ဘောက လှုပ်ရှားမှုမရှိ။ အရှိန်အဝါကိုလည်း မခံစားရတော့ပေ။

ချင်မူ ရင်ထဲ လေးလံသွားသည်။ ထိုအခိုက်အတန့်တွင် ဟူလင်းအာက ပြောလာ၏။ “သခင်လေး၊ အဝါနတ်မင်းနဲ့ ထုရှင်းဖုန်းကို မတွေ့ဘူး..”

ချင်မူ စိတ်ပြန်ထိန်းပြီး သူ့မျက်လုံးများမှ ကောင်းကင်အလင်းတန်းများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ အဘွားစစ်၏အနောက်တွင် နတ်ဘုရားတစ်ပါး ရပ်နေပြီး ထိုနတ်ဘုရားက လက်ချောင်းများကို ဓားတစ်လက်သဖွယ် စုဆုံလျက် အဘွားစစ်၏ နောက်စေ့အား ချိန်ရွယ်ထားကြောင်း သူ မြင်လိုက်ရသည်။

သို့သော် ထိုနတ်ဘုရားလည်း မလှုပ်နိုင်ပေ။

အထက်ကောင်းကင်ဘုံ၏ ပန်းဧကရီကို ချင်မူ တွေ့လိုက်ရသည်။ သူမခြေထောက်အောက်တွင် ပန်းပွင့်များ ဖူးပွင့်နေပြီး ကောင်းကင်ထဲတွင် ပန်းခင်းကြီးပမာ ပြည့်နှက်နေသည်။ သူမက ပန်းတစ်ပွင့်အပေါ်၌ ဇောက်ထိုးအနေအထားဖြင့် မတ်တပ်ရပ်နေကာ ကောင်းကင်ထက်မှ လမ်းလျှောက်လာပြီး မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းကို တိုက်ခိုက်ရန် ပြင်နေသည့်နှယ် ရှိသည်။

သို့တိုင်အောင် သူမလည်း တောင့်တင်းပြီး လှုပ်ရှားမှုမရှိပေ။

နေသင်္ဘော၏အပေါ်ရှိ ကောင်းကင်ယံတွင် တတိယမြောက်နတ်ဘုရားတစ်ပါးအား ချင်မူ မြင်လိုက်ရသည်။ သူက လက်သည်းများကို ဖြန့်ကားပြီး သင်္ဘောအပေါ်ရှိ တစ်စုံတစ်ယောက်အား တိုက်ခိုက်ရန် ပြင်နေသည်။ သို့ရာတွင် သူလည်း ရပ်တန့်နေ၏။

ချင်မူ အဝေးသို့ ဆက်ကြည့်လိုက်သောအခါ အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများအား မြင်တွေ့ရသည်။ သူတို့လည်း တိုက်ခိုက်နေရင်းတန်းလန်း အေးခဲသွားသကဲ့သို့ ကိုယ်ဟန်အနေအထားမျိုးစုံဖြင့် ရပ်တန့်နေကြသည်။ နတ်ဘုရားတစ်ပါးမှ မလှုပ်နိုင်ပေ။

“သေသွားကြပြီလား”

ချင်မူ စိတ်ကိုထိန်းနေသော်လည်း ထိန်းရခက်နေသည်။ ဤမြင်ကွင်းက အလွန်ထူးဆန်းလွန်း၏။ အချိန်ရပ်တန့်သွားသကဲ့သို့ အားလုံး ငြိမ်သက်နေသည် မဟုတ်ပါ၏လော။ သို့သော် အချိန် အမှန်တကယ် ရပ်တန့်သွားလျှင် ချင်မူနှင့် ကျန်ရှိသူများအပေါ် အဘယ်သို့ပြု၍ သက်ရောက်မှုမရှိသနည်း။

“သခင်ကြီး၊ သူတို့ အသက်ရှင်လောက်သေးတယ်” ကောင်းကင်ရေနဂါးမင်းက ကောက်ကာငင်ကာ ပြောလိုက်သည်။ “ကျွန်တော် သူတို့ရဲ့ အရှိန်အဝါတွေကို ခံစားနေရသေးတယ်။ တချို့ကတော့ အသက်မရှိတော့ဘူး။ ထူးဆန်းတာက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ မူလဝိညာဉ်တွေ ကင်းမဲ့နေတယ်။ အထဲကနေ ဆွဲထုတ်ခံလိုက်ရတဲ့အတိုင်းပဲ...”

ချင်မူ အတန်ငယ် မှင်သက်သွားမိသည်။ “ခန္ဓာကိုယ်ထဲကနေ မူလဝိညာဉ်တွေ ဆွဲထုတ်ခံလိုက်ရတယ်ဟုတ်လား”

ကောင်းကင်‌ရေနဂါးမင်းက ခေါင်းညိတ်ကာ ပြောသည်။ “ဒီခန္ဓာကိုယ်တွေထဲမှာ မူလဝိညာဉ်တွေ မရှိဘူး။ အဘွားစစ်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ နေရာအနေအထားကို ကြည့်ရင် မူလဝိညာဉ်ဝင်္ကပါတစ်ခု ဖြစ်လောက်တယ်။ ကောင်းကင်နတ်သိုင်းတွေ ရုတ်တရက် အားအဟုန်နဲ့ ထွက်သွားတဲ့အချိန်မှာ လူတိုင်းရဲ့ မူလဝိညာဉ်တွေ ခန္ဓာကိုယ်ထဲကနေ အတင်းအကြပ် ဆွဲထုတ်ခံလိုက်တာပဲ။ ဒီအတွေးအတိုင်း ဆက်ပြောရရင် သူတို့ရဲ့ ဒဏ်ရာတွေက အင်မတန် ပြင်းထန်လွန်းတော့ မူလဝိညာဉ်တွေနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ရမယ်”

ချင်မူ စိတ်သက်သာရာရသွားပြီး အတန်ငယ် စိတ်အေးသွားသည်။ “သူတို့ မသေသေးဘူး။ မူလဝိညာဉ်တွေနဲ့ပဲ တိုက်ခိုက်နေတာပေါ့လေ... ကောင်းကင်ရေနဂါးမင်း၊ ခင်ဗျားက ဒီအကြောင်း ကျွန်တော့်ထက် ပိုနားလည်တယ်။ သူတို့ မူလဝိညာဉ်တွေ ဘယ်‌ရောက်သွားလဲ သိလား”

“မူလဝိညာဉ်ရဲ့ အမြန်နှုန်းက သိပ်မြန်ပါတယ်။ လျှပ်တပြက်အတွင်း မိုင်ပေါင်းထောင်ချီ ခရီးနှင်နိုင်တဲ့အပြင် အဆုံးမဲ့ဟင်းလင်းပြင်တစ်လျှောက် ရွေ့လျားသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ မူလဝိညာဉ်တွေ ဒီမှာ မရှိလောက်ဘူး။ ဘယ်သွားကြလဲဆိုတာကတော့ ကျွန်တော် မသိနိုင်တဲ့အရာပါ”

ချင်မူ ပြောစရာစကား ရှာမရတော့ပေ။ သို့သော် နောက်တခဏတွင် သူက အလေးအနက် မေးလိုက်သည်။ “ဘယ်သူတွေမှာ အသက်မရှိတော့ဘူးလဲ”

ကောင်းကင်ရေနဂါးမင်းက ဆေးဆရာ၊ ထော့ကျိုး၊ နားကန်း၊ ဘုရင်ခွန်နှင့် ကြွက်နတ်မင်းကို လက်ညှိုးထိုးပြသည်။

ချင်မူ ရင်ထဲတွင် လေးလံသထက် လေးလံလာ၏။

“အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတချို့လည်း အသက်မရှိတော့ဘူး။ သူတို့မူလဝိညာဉ်တွေ တိုက်ပွဲမှာ သေဆုံးသွားတာ ဖြစ်မယ်...” ကောင်းကင်ရေနဂါးမင်းက ခပ်တိုးတိုး ပြောသည်။

ချင်မူ မျက်နှာမည်းမှောင်သွားပြီး နေသင်္ဘောအပေါ် တက်လိုက်သည်။ သင်္ဘောရှိ လူတိုင်း ငြိမ်သက်နေ၏။ အဘွားစစ်နှင့် ကျန်ရှိသူများ မူလဝိညာဉ်ဝင်္ကပါကို ခင်းကျင်းလိုက်၍ သေမျိုးဖြစ်စေ၊ နတ်ဘုရားဖြစ်စေ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ ဝိညာဉ်များ လွင့်ထွက်သွားကြခြင်း ဖြစ်လိမ့်မည်။

“သခင်လေး...” ဟူလင်းအာမှာ ချင်မူ့မျက်နှာကို မြင်လျှင် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်လာသည်။ “သခင်လေး.. သူတို့...”

“သူတို့ မသေစေရဘူး” ချင်မူက မျက်လုံးများကို ပိတ်လိုက်သည်။ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူ့မျက်လုံးထဲတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေ၏။ “ကောင်းကင်ရေနဂါးမင်း၊ ဒီကို လာပြီး ခင်ဗျားရဲ့စွမ်းအားတွေ ကျွန်တော့်ဆီ ငှားပေးပါ။ ကျွန်တော် နတ်ဘုရားမှော်စွမ်းအင်နဲ့ ဝိညာဉ်လမ်းညွှန်အစီအရင်ကို ထုတ်ဖော်ချင်တယ်။ သူတို့ရဲ့ ဝိညာဉ်တွေ မပြိုကွဲသေးသရွေ့ ကျွန်တော် သူတို့ကို ပြန်ခေါ်နိုင်သေးတယ်”

ကောင်းကင်ရေနဂါးမင်းက အတန်ငယ် တွန့်ဆုတ်နေပြီး‌နောက် ပြောလိုက်သည်။ “သခင်ကြီး၊ သခင်ကြီးရဲ့ ရုပ်ခန္ဓာက ကျွန်တော့်ရဲ့ မှော်စွမ်းအားကို‌ တောင့်ခံနိုင်မှာမဟုတ်ဘူး။ ကျွန်တော်က ဒီရေနဂါးတွေလို မဟုတ်ဘူး။ နတ်ဘုရားပါ၊ သခင်ကြီးရဲ့ ကောင်းကင်တံတားကောင်းကင်ရတနာက သူတို့ရဲ့စွမ်းအားကို ‌တောင့်ခံနိုင်ပေမယ့် ကျွန်‌တော်ရဲ့ မှော်စွမ်းအင်နဲ့ဆို ကောင်းကင်တံတားကောင်းကင်ရတနာ ပွင့်ထွက်ပြီး တံတားကျိုးသွားလိမ့်မယ်”

“ကျွန်တော် ငှားဆို ငှားစမ်းပါ” ချင်မူက ပြတ်ပြတ်သားသား ဆိုသည်။

ကောင်းကင်ရေနဂါးမင်းမှာ မည်သို့မျှ မတတ်နိုင်တော့ဘဲ တာအိုသခင်၊ တထာဂတနှင့် ကျန်ရှိသူတို့၏ အလောင်းများကို ချလိုက်ရသည်။ “သခင်ကြီး၊ ကျွန်တော် နဂါးအမှတ်အသားအသွင် ပြောင်းပြီး သခင်ကြီးရဲ့ ရုပ်ခန္ဓာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲမသွားအောင် ကျောရိုးထဲမှာ ဝင်နေပေးပါ့မယ်။ ဒါပေမဲ့ ကောင်းကင်ရတနာတွေကိုတော့ မကာကွယ်ပေးနိုင်ဘူး။ တောင့်မခံနိုင်ဘူးဆို ကျွန်တော့်ကို ပြောပါ။ မှော်စွမ်းအင်တွေ ပြန်ရုတ်သိမ်းပေးမယ်”

“လုပ်မှာဖြင့် လုပ်စမ်းပါ”

ကောင်းကင်ရေနဂါးမင်း၏ အသွင်က တဖြည်းဖြည်း ကျုံ့လာပြီး သုံးကိုက်ရှည်လျားသော စိမ်းပြာရောင်ရေနဂါးတစ်ကောင်အသွင် ပြောင်းသွားသည်။ သူက ချင်မူကျောပေါ် ကုပ်တွယ်လိုက်ပြီး တစတစ မှေးမှိန်သွားကာ ချင်မူ၏ကျောနောက်တွင် စိမ်းပြာရောင်နဂါးအမှတ်အသားပုံစံ ဖြစ်တည်လာ၏။ ဆေးမင်ကြောင်တစ်ခုနှင့်ပင် တူသည်။

ချင်မူ လျှို့ဝှက်နဂါးသံစဉ်ကို တီးမှုတ်၍ ရေနဂါးများ၏ မှော်စွမ်းအင်ကို တမုဟုတ်ချင်း ငှားယူလိုက်သည်။ သူ၏ခုနစ်စင်ကြယ် ကောင်းကင်ရတနာ၊ ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာ၊ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာနှင့် ကောင်းကင်တံတား ကောင်းကင်ရတနာအားလုံး နိုးထလာသဖြင့် ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံများ မြည်ဟည်းလာသည်။

ရေနဂါးတို့၏ မှော်စွမ်းအင်က အလွန်အမင်းသိပ်သည်းပြီး သူ၏ကောင်းကင်တံတားထဲတွင် ပြည့်နှက်နေပြီဖြစ်သည်။ ထို့နောက် ကောင်းကင်ရေနဂါးမင်း၏ မှော်စွမ်းအင်ကို ပို့လွှတ်လိုက်သည့်အခါ မှော်စွမ်းအင်များက ကောင်းကင်တံတားကောင်းကင်ရတနာတစ်လျှောက် အလုံးအရင်းလိုက် ဖြတ်သန်းသွားပြီး ကောင်းကင်နတ်ဘုံဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။

ချင်မူ့မူလဝိညာဉ်မှာ မှော်စွမ်းအားများ၏ တိုးတိုက်မှုကြောင့် ကောင်းကင်တံတား၏ တစ်ဖက်ကမ်းသို့ ရောက်သွားသည်။ အလွန်အားကောင်းသော မှော်စွမ်းအင်လှိုင်းကြီးက မူလဝိညာဉ်ကို ကောင်းကင်နန်းဆောင်များဆီ ပင့်မြှောက်ပေးလိုက်သည်။

သို့ရာတွင် ကောင်းကင်ရေနဂါးမင်း၏ မှော်စွမ်းအင်က သူ့ကို ကောင်းကင်နတ်ဘုံအထိ ခေါ်ဆောင်သွားရန် မလုံလောက်ပေ။ သူ့မှာ တောင်ကောင်းကင်မုခ်ဝတွင်သာ ရပ်လိုက်ရ၍ နတ်ဘုရားအဆင့်သို့ ဝင်ရုံသာ ရှိ၏။

“သခင်ကြီးရဲ့ ကောင်းကင်တံတားက ကျိုးမသွားပါလား’

ကောင်းကင်ရေနဂါးမင်းမှာ တုန်လှုပ်သွားသော်လည်း ချင်မူက အင်မတန် အားကောင်းပြင်းထန်သည့် မှော်စွမ်းအင်ကို လှုံ့ဆော်လိုက်ပြီး သူ့ပါးစပ်မှ ထူးဆန်းသော မိစ္ဆာဘာသာစကား ထွက်လာသည်။

ဝိညာဉ်လမ်းညွှန်ကျင့်စဉ်မှာ တစ္ဆေကိုးကောင်ဂိုဏ်း၏ မှော်အစီအရင်ဖြစ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် မထင်ရှားသော်လည်း တစ်ချိန်တုန်းက အင်ပါယာထဲတွင် အုတ်အော်သောင်းနင်း ဖြစ်စေခဲ့ဖူးသည်။

ချင်မူ ပါမောက္ခပါ့ရှန်နှင့် မန်သီလူရိုင်းနယ်မြေကို မသွားခင် မှတ်တမ်းထိန်းဆောင်တွင် ကျင့်စဉ်များ ဝင်ရွေးခဲ့ရသည်။ ထိုစဉ်အခါက ဝိညာဉ်လမ်းညွှန်အစီအရင်နှင့် တစ္ဆေကူးပြောင်းနတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်ကို တွေ့ရှိခဲ့ပြီး ဤမှော်အစီအရင်နှစ်ခုက ထူးခြားပြီး မထင်မှတ်ထားသည့် စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု ခံစားခဲ့ရသည်။

တစ္ဆေကူးပြောင်းနတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်က တုထျန်းမိစ္ဆာဘုရင် သူ့ပြည်သူများအတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သိမ်းပိုက်မည့် အကြံဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ချန်ထားခဲ့သော မှော်အစီအရင်ဖြစ်သည်။

ဝိညာဉ်လမ်းညွှန်အစီအရင်၏ မူလဇစ်မြစ်ကမူ တစ္ဆကိုးကောင်ဂိုဏ်းမှ မဖြစ်နိုင်ပေ။ ၎င်းက သူတို့ တီထွင်ဖန်တီးနိုင်သောအရာမဟုတ်။ ဤအစီအရင်က ယိုတုနှင့် ဆက်သွယ်မှုရှိနေပြီး ယိုတုကမ္ဘာမှ အရင်းခံသည်ဟုပင် ချင်မူ တွေးခဲ့ဖူးသည်။ ယိုတု၏ ဝိညာဉ်အစီအရင်တစ်ခု ဖြစ်လောက်သည်။

ယိုတုဘာသာစကားကို သူ ကောင်းမွန်စွာ နားမလည်၍ လျှို့ဝှက်ဆန်းကြယ်သော ယိုတုကမ္ဘာကြောင်း များများ မသိသေးပေ။ ထို့ကြောင့် ဝိညာဉ်လမ်းညွှန်အစီအရင်ကို ထပ်မံ၍ အဆင့်မမြှင့်နိုင်ခဲ့ပေ။

သို့တိုင်အောင် ဝိညာဉ်လမ်းညွှန်အစီအရင်အပေါ် သူ၏ နားလည်မှုက တစ္ဆေကိုးကောင်ဂိုဏ်းထက် ကျော်လွန်နေပြီဖြစ်သည်။

“ကောင်းကင်အလိုတော်မုခ်ဝ ပွင့်စမ်း” ချင်မူ ဟိန်းဟောက်လိုက်သည့်အခါ သူ့အနောက်တွင် ကြောက်မက်ဖွယ်ရာတံခါးတစ်ချပ် ဂျိန်းခနဲ ပွင့်လာသည်။

သူ၏မှော်စွမ်းအင်က အားကောင်းသန်မာနေ၍ ကောင်းကင်အလိုတော်မုခ်ဝမှာလည်း ဧရာမမြင့်မားနေသည်။ ကိုက်ပေါင်းများစွာ မြင့်မားသည့် တံခါးကြီးနှစ်ချပ် ပွင့်လာပြီး အမှောင်ထုထဲရှိ ယိုတုကမ္ဘာ ပေါ်လာသည်။ မိစ္ဆာချီများ အလိပ်လိုက် ထွက်လာကာ မဟာမြို့ပျက်၏ အမှောင်ထုထဲသို့ ကျူးကျော်ဝင်ရောက်လာ၏။ သရဲတစ္ဆေများ ဖြတ်သန်းသွားလာသကဲ့သို့ သည်းထိတ်ရင်ဖိုဖွယ်ကောင်းလှသည်။

တစ္ဆေကိုးကောင်ဂိုဏ်း၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ ကောင်းကင်အလိုတော်မုခ်ဝကို မဖွဲ့တည်နိုင်ပေ။ ဝိညာဉ်လမ်းညွှန်အစီအရင်၏ စွမ်းအားကို ငှားယူ၍ ကောင်းကင်အလိုတော်မုခ်ဝနှင့် ဆက်သွယ်နေသော မုခ်ဝများကိုသာ ဖွင့်နိုင်သည်။ သို့သော် ချင်မူကတော့ ကောင်းကင်အလိုတော်မုခ်ဝအား ဖွဲ့တည်နိုင်၏။ သူ ဖွဲ့တည်ထားသော ကောင်းကင်အလိုတော်မုခ်ဝက အစစ်ဖြစ်သည်။

မုခ်တံခါးများ ပွင့်သွားသည့်အခါ ဝိညာဉ်လမ်းညွှန်အစီအရင်၏ စွမ်းအားက တရှိန်ထိုး ဝင်ရောက်သွားပြီး မှိန်ပျပျလင်းလက်နေသော သင်္ကေတအမှတ်အသားများက ယိုတုကမ္ဘာထဲ တိုးဝင်သွားသည်။ သူတို့က ယိုတု၏အမှောင်ထုထဲတွင် လမ်းတစ်လမ်း ဖွဲ့တည်ထားသကဲ့သို့ ထွန်းလင်းနေရာ တံတားပျံတစ်စင်း မျက်စိတစ်ဆုံး သွယ်တန်းနေသည်နှင့် တူနေတော့သည်။

တခဏကြာသော် ကျောက်တုံးများ မြောက်တက်လာပြီး အရိုးစုများက မြေကြီးအောက်ထဲမှ တူးထွက်လာကြသည်။ ၎င်းတို့က ဝမ်းသာရွှင်မြူးစွာ ကခုန်နေကြ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မဟာမြို့ပျက်ထဲတွင် မြေကြီးများ ဖောင်းကြွလာသည်။ မြေကြီးအောက်ရှိ အလောင်းများ၊ အရိုးစုများ ထိုးထွက်လာကြ၏။ သူတို့၏ပါးစပ်များက ပွင့်လိုက်၊ ပိတ်လိုက်ဖြစ်သော်လည်း မည်သည့်အသံမှ ထွက်မလာပေ။

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ သူ၏ လမ်းညွှန်မှုကြောင့် ယိုတုကမ္ဘာထဲမှ ထွက်လာသော ဝိညာဉ်များ တစတစ များပြားလာသည်။ သို့သော် သူတို့က အနီးနားတွင် သေဆုံးသွားကြသော သတ္တဝါများ ဖြစ်ကြ၏။ ဆေးဆရာ၊ ထော့ကျိုးနှင့် ကျန်ရှိသူများ၏ ဝိညာဉ်များကို သူ မခေါ်နိုင်လိုက်ပေ။

“ယိုတုမှာ မဟုတ်ဘူးလား။ ဘိုးဘိုးတို့ကို ဘယ်သူခေါ်သွားခေါ်သွား ကျွန်‌တော် ရအောင် လိုက်ရှာမယ်” ချင်မူ အံကြိတ်၍ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကောင်းကင်အလိုတော်မုခ်ဝက ရုတ်တရက် ပြန့်ကားလာပြီး ဝိညာဉ်လမ်းညွှန်စွမ်းအားက ကြောက်ခမန်းလိလိ မြင့်တက်သွား၏။ “ဘိုးဘိုးဆေးဆရာ၊ ဝိညာဉ်ကို ဒီပြန်ခေါ်လာခဲ့_____”

“ဖုန်းတုက ရှေ့တည့်တည့်မှာပဲ”

သေသောသူတို့၏ ရှင်သန်ရာကမ္ဘာထဲတွင်

ငှက်ခေါင်းနတ်ဘုရားက လူတစ်စုကို ဦးဆောင်ခေါ်လာသည်။ သူက ဆေးဆရာ၊ ထော့ကျိုးနှင့် နားကန်းတို့ကို ပြောလိုက်၏။ “မင့်တို့ မိတ်ဆွေကြီး ကူရာမဲ့တံတားအပေါ်မှာ စောင့်နေတယ်”

“မိတ်ဆွေကြီးဟုတ်လား” ဆေးဆရာ ဇဝေဇဝါ ဖြစ်နေသည်။ “ဘယ်မိတ်ဆွေကြီးလဲ”

ငှက်ခေါင်းနတ်ဘုရားက ပြုံးလိုက်သည်။ “ရောက်တဲ့အခါ သိလိမ့်မယ်”

ကူရာမဲ့တံတားသို့ ရောက်သည့်အခါ ခြေလက်အစုံရှိသော ရွာလူကြီး တံတား၏အလယ်၌ ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ဆေးဆရာ၊ ထော့ကျိုးနှင့် ကျန်ရှိသူများ မှင်သက်သွားကြ၏။ “ငါတို့ ကူရာမဲ့တံတားပေါ်မှာ ပြန်တွေ့ကြပြန်ပြီ။ မင်းတို့တွေ...”

သူ စကားပြော၍ မဆုံးသေးခင်မှာပဲ ကူရာမဲ့တံတားအောက်မှ အနက်ရောင်အခိုးအငွေ့များ အလိပ်လိပ် တက်လာပြီး ဧရာမလေပွေကြီးတစ်လုံး ဖြစ်တည်လာသည်။ လေပွေကြီးထဲမှ ဒေါသထွက်နေသောအသံတစ်သံ ဟိန်းထွက်လာ၏။ “ဘိုးဘိုးဆေးဆရာ၊ ဝိညာဉ်ကို ဒီပြန်ခေါ်လာခဲ့”

ဆေးဆရာ၊ ထော့ကျိုးနှင့် တံတားပေါ်ရှိလူများမှာ ဆန်းကြယ်သောစွမ်းအားတစ်ရပ်က သူတို့ကို လေပွေထဲ ဆွဲခေါ်လိုက်၍ တစ်ကမ္ဘာလုံး လည်ထွက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။ အားလုံး မည်သို့မျှ မခုခံနိုင်ဘဲ လေပွေအတွင်းထဲသို့ ပြုတ်ကျသွား၏။

ဖုန်းတုထဲမှ ဩဇာအပြည့်ရှိသော အသံကြီးတစ်သံ ဟိန်းထွက်လာသည်။ “ဘယ်မိစ္ဆာက ငါ့ဖုန်းတုထဲမှာ သောင်းကျန်းရဲတာလဲ”

ယမမင်းက ဖြည်းဖြည်းချင်း ထလိုက်ပြီး လေပွေ၏ အတွင်းထဲသို့ ငုံ့ကြည့်လိုက်ရာတွင် ချင်မူ့မျက်နှာအား မြင်လိုက်ရသည်။

ယမမင်း အတန်ငယ် မှင်သက်သွား၏။

All Chapters