ငါ သတ်ခဲ့တာလားဟ
Vol. 68 Ch. 935
ကြယ်သုဿာန်မြို့တော်ထဲရှိ လူပုံစံစက္ကူရုပ်ငါးရုပ် ဆွံ့အမှင်တက်နေကြစဉ် ပုံရိပ်ယောင်ဂြိုဟ်ပေါ်၌ ရှိနေသည့် ဝမ်ပေါင်လဲ့မှာမူ ခေါင်းခဲနေရပြီဖြစ်သည်။ သူသည် အပြင်ဘက်၌ ဖြစ်ပျက်နေသည့် အရာများကို မသိထားပေ။ ယခုတွင် သူ၏ရှေ့ရှိ ဟင်းလင်းပြင်ကြီးထဲ၌ ဂြိုဟ်အဆင့် ကျင့်ကြံသူ ပုံရိပ်ယောင် အခုငါးဆယ်ကျော် ရှိနေ၏။ ထို ပုံရိပ်ယောင်များထဲတွင် တန်ကျိုးကျစ်၊ ရှန်လင်းကျစ်နှင့် ဘယ်လက်ရုံး အကြီးအကဲကြီးတို့ ပါဝင်နေသည်။
" ရှန်လင်းကျစ်ကို ဆုတောင်းပြည့်ပုလင်းက သတ်ပစ်တာ မဟုတ်ဘူးလား။ ဘာလို့ ငါသတ်ခဲ့တဲ့ လူစာရင်းထဲမှာ ပါနေရတာလဲဟ။ ပြီးတော့ ဘယ်လက်ရုံး အကြီးအကဲကြီးကိုလည်း ငါ မသတ်ခဲ့ဘူးလေ။ သူကရော ဘာလို့ ပါနေရတာလဲ။ ညာလက်ရုံး အကြီးအကဲကြီး မပါလို့ တော်သေးတာပေါ့... " ဝမ်ပေါင်လဲ့မှာ အကျပ်ရိုက်နေရပြီ ဖြစ်သည်။ သူ၏ အထက်တွင် ရှိနေသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူ ပုံရိပ်ယောင်သုံးခုစလုံးမှာ သူ့အား သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်ကို သူက သတိထားမိနေ၏။
အကယ်၍ အခြားအချိန်တွင်သာ ဆိုပါက ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ ဆူညံပွက်လောရိုက်သွားကြမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာ အခြားသူများလောက် လင်းလက်မှုမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ့အား စိုက်ကြည့်နေသည့် ပုံရိပ်ယောင် အရေအတွက်မှာ သုံးခုသာ ရှိပါသော်လည်း အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် အေးစက်စက် အမူအရာနှင့် လူငယ်လေးကိုမူ ပုံရိပ်ယောင် ဆယ့်ခြောက်ခုတိတိ စိုက်ကြည့်နေကြသောကြောင့်ပင်။
ခေါင်းလောင်းနှင့် အမျိုးသမီးနှင့် ပညာရှိပုံစံ လူငယ်လေးတို့မှာမူ နှစ်ယောက်ပေါင်း ပုံရိပ်ယောင် ဆယ်ခုဝန်းကျင်ခန့်သာ ပေါ်ပေါက်လာအောင် လုပ်နိုင်ခဲ့၏။ သို့ဖြစ်ရာ သူတို့မှာ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးထက် အများကြီးပို၍ အဆင့်နိမ့်နေ၏။ ကောင်းရှုံ့မှာလည်း ပုံရိပ်ယောင် အနည်းငယ်မျှသာ ပိုင်ဆိုင်ထားသည်။ မျက်နှာဖုံး တပ်ထားသည့် အမျိုးသမီးမှာမူ ပုံရိပ်ယောင် ဆယ်ခု၏ စိုက်ကြည့်ခြင်းကို ခံနေရ၏။ ထို့ကြောင့် လူအများစုမှာ နှလုံးသားများ တုန်ရီသွားကြသည်။ သို့သော် ဒုတိယအဆင့်တွင် ရှိနေသည့်လူမှာ သူမ မဟုတ်ဘဲ ပိန်ချုံးကာ အားနည်းနေသည့်ပုံ ပေါက်နေသော မိန်းမငယ်လေး ဖြစ်ပေသည်။
ဂြိုဟ်အဆင့် ပုံရိပ်ယောင်ဆယ့်ငါးခုမှာ ဒေါသတကြီး အံကြိတ်ကာ သူမအား စိုက်ကြည့်နေကြသည်။
ထိုမြင်ကွင်းကြောင့် သူမ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသည့် လူအုပ်ကြီးမှာ ရုတ်တရက်ဆိုသလို လူစုကွဲသွားကြ၏။ လီလင်းကျစ်မှာလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားရသည်။ သူသည် ထို မိန်းမငယ်လေးအား သရဲတစ္ဆေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်။
ထို့ကြောင့် ထိုကလေးမလေးမှာ မရွှင်မပျဖြစ်သွားရသည်။ သူမသည် နှုတ်ခမ်းစူကာ မျက်ရည်များ ဝဲလာပြီး အော်ငိုပစ်တော့မည့်ပုံ ပေါက်နေတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း ထိုမြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားသွားရပြီး တံတွေးများ မျိုချမိလိုက်၏။ သူသည် မောက်မာဝင့်ကြွားနေ၍ မဖြစ်ကြောင်း နားလည်သွားသည်။ ယခုအကြိမ်တွင် ထို ပါရမီရှင်များထဲ၌ လူထူးလူဆန်းပေါင်း မြောက်မြားစွာ ရှိနေနိုင်ပေသည်...
" အနက်ရောင်ဝတ်ရုံနဲ့ အေးစက်စက် လူငယ်လေးက ရင်ဆိုင်ရ အခက်ဆုံး ဖြစ်နေလိမ့်မယ်လို့ ငါက ထင်ထားခဲ့တာ။ ဒီ ကလေးမလေးက တော်တော်လေးကို လျှို့ဝှက်တာပဲဟ။ သူတို့တွေထဲမှာ အဲဒီ ကလေးမလေးက ဉာဏ်အများဆုံးပဲ ဖြစ်မယ် " ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ထို မိန်းမငယ်လေးအား သတိကြီးကြီး ထားလိုက်တော့သည်။
ထိုအချိန်တွင်... အပြောင်းအလဲတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။
လူအုပ်ကြီးထဲရှိ လူတစ်ယောက်၏ ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို မည်သူနှင့်မှ မတူလောက်အောင် ဝင်းလက်တောက်ပလာခြင်း ဖြစ်၏။ နောက်ဆုံးတွင် ၎င်းမှာ နေမင်းတစ်စင်းကဲ့သို့ မျက်စိကျိန်းစရာကောင်းလောက်အောင် ထွန်းလင်းတောက်ပနေပြီ ဖြစ်သည်။
ထို အလင်းရောင်များ ထွက်ပေါ်လာသည်နှင့် ထို နေရာတွင် ရှိနေကြသည့် ပုံရိပ်ယောင်များ အားလုံးမှာ တုန်ရီသွားကြ၏။ ဂြိုဟ်အဆင့် ပုံရိပ်ယောင် ငါးဆယ်ကျော်ပင်လျှင် စတင်တုန်ရီလာကြပြီ ဖြစ်သည်။
၎င်းတို့ ထိုကဲ့သို့ တုန်ရီနေစဉ် ထိုနေရာတွင် ရှိနေကြသည့် ပါရမီရှင်များမှာ ဆွံ့အမှင်တက်သွားကြ၏။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးပင်လျှင် မျက်လုံးများပြူးသွားရသည်။ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှာလည်း အသက်ရှူသံများ မတည်မငြိမ် ဖြစ်လာရ၏။ စာအုပ်တစ်အုပ် ဖတ်နေသည့် ပညာရှိပုံစံ လူငယ်လေးပင်လျှင် မျက်နှာအမူအရာများ ပြောင်းလဲသွားရ၏။ ထိုအချိန်တွင် သူတို့ရှိနေသည့် ကမ္ဘာကြီး၏ ကောင်းကင်ယံထဲ၌ နေမင်းကြီးတစ်စင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။
" ထာဝရကြယ်တစ်လုံးပါလား " လူအုပ်ကြီးမှာ တအံ့တဩနှင့် ရေရွတ်မိလိုက်ကြ၏။
ထိုကဲ့သို့ ပေါ်ပေါက်လာသည့် ပုံရိပ်ယောင်ကြီးမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။
ထို ပုံရိပ်ယောင်ကြီး ပေါ်ပေါက်လာသည်နှင့် ၎င်းဆီမှ ထွက်ပေါ်နေသည့် မီးတောက်များမှာ ပို၍ အားကောင်းလာပြီး နေမင်းကြီး၏ စွမ်းအားများမှာလည်း ရုတ်တရက်ဆိုသလို ပို၍ အားကောင်းလာတော့သည်။ ၎င်းမှာ ဘေးပတ်ပတ်လည်ရှိ ဂြိုဟ်အဆင့် ပုံရိပ်ယောင်များအားလုံး၏ အလင်းရောင်များကို လွှမ်းခြုံထားသဖြင့် ကမ္ဘာကြီးတစ်ခုလုံးမှာ တုန်ရီနေရပြီဖြစ်သည်။
သူတို့အားလုံး မှင်တက်နေကြစဉ် မှုန်ဝါးဝါး လူရိပ်တစ်ခုမှာ ထို နေမင်းကြီးထဲမှ ထွက်ပေါ်လာ၏။ ၎င်းမှာ ခန္ဓာကိုယ်ပင် မရှိတော့ပေ။ သို့ဖြစ်ရာ ၎င်းမှာ အသက်ရှင်လျက် ရှိနေခဲ့စဉ်တုန်းက တစ်ကိုယ်လုံး ပြာကျသွားခဲ့ခြင်း ဖြစ်ရပေမည်။
၎င်း အသက်ရှင်နေခဲ့စဉ်တုန်းက ခံစားခဲ့ရသည့် နာကြည်းမှုဝေဒနာများမှာ အားကောင်းလွန်းနေသောကြောင့်လားတော့ မသိပေ။ ၎င်းမှာ မှုန်ဝါးဝါးနှင့် မသဲမကွဲ ဖြစ်နေသည့်တိုင်အောင် ၎င်း၏ နာကြည်းမှုဝေဒနာများအား အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်နိုင်စွမ်းရှိနေဆဲပင်။ ဘေးပတ်ပတ်လည်ရှိ လူတိုင်းမှာ ၎င်းဆီမှ ထွက်ပေါ်လာနေသည့် ရူးသွယ်ဖွယ်ရာ အငွေ့အသက်များကို အာရုံခံမိနေ၏။
ထို ပုံရိပ်ယောင်ကြီးမှာ ကမ္ဘာကြီးထဲ၌ ပေါ်ပေါက်လာသည်နှင့် လူအုပ်ကြီးထဲရှိ အလင်းလက်ဆုံး ဖြစ်နေသည့် လူတစ်ယောက်အား လှမ်းကြည့်လိုက်၏။
ထို ပုဂ္ဂိုလ်မှာ ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။
" ငါလားဟ " ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရ၏။ သူသည် ခေါင်းငုံ့ကာ သူ၏ ခန္ဓာကိုယ်အား ပြန်ကြည့်လိုက်ပြီးနောက် သူနှင့် ဝေးရာသို့ ဆုတ်ခွာသွားကြသည့် လူအုပ်ကြီးအား လှမ်းကြည့်မိလိုက်သည်။ ထိုလူအုပ်ကြီးထဲတွင် အလျှို့ဝှက်ဆုံးဟု သူ မှတ်ယူထားခဲ့သည့် မိန်းမငယ်လေးပင် ပါဝင်နေသည်။
ထို မိန်းမငယ်လေးမှာလည်း လီလင်းကျစ်ကဲ့သို့ပင် သူ့အား သရဲတစ္ဆေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေ၏။ သူမသည် သူ၏အနီးတွင် ရှိနေပါက ထိခိုက်ဒဏ်ရာ ရသွားမည်ကို စိုးရိမ်နေသည့်ပုံ ပေါက်နေသည်။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးမှာလည်း ဝမ်ပေါင်လဲ့ကြောင့် တုန်လှုပ်ချောက်ချားသွားရ၏။ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထုတ်လွှတ်နေသည့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးပင်လျှင် နောက်သို့ ချက်ချင်းဆုတ်ခွာသွားသည်။ သူသည် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။
အခြားသူများမှာလည်း ထိုနည်းတူပင် အဝေးသို့ဆုတ်ခွာသွားကြသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့ ရှိနေသည့် နေရာကြီးမှာ ချက်ချင်းဆိုသလိုပင် ပြောင်သလင်းခါသွား၏။ သူတစ်ယောက်တည်းသာလျှင် မျက်စိကျိန်းစရာကောင်းသည့် အလင်းရောင်များကို ထုတ်လွှတ်နေရင်း ထိုနေရာ၌ ကျန်ရစ်ခဲ့တော့သည်။
သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ သူ၏ ခန္ဓာကိုယ်အား ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးအား လှမ်းကြည့်လိုက်ပြန်သည်။ နောက်ဆုံးတွင် သူသည် နားမလည်နိုင်လောက်အောင် ဖြစ်နေသည့် အမူအရာဖြင့် ခေါင်းမော့လာပြီး သူ့အား ဒေါသတကြီးစိုက်ကြည့်နေသည့် ထာဝရကြယ်အဆင့် ပုံရိပ်ယောင်ကြီးအား လှမ်းကြည့်လိုက်တော့သည်။ သူသည် ဆွံ့အမှင်တက်နေရပြီဖြစ်ပြီး စိတ်ထဲတွင်လည်း မခံမရပ်နိုင်လောက်အောင် ဖြစ်နေရပြီ ဖြစ်သည်။
" တစ်ခုခုမှားနေတာပဲ ဖြစ်မှာပါ "
ဝမ်ပေါင်လဲ့မှာ ငိုချပစ်ချင်စိတ်များ ပေါက်လာပါသော်လည်း မျက်ရည်တစ်စက်မှ ထွက်မလာခဲ့ပေ။ ဤဖြစ်ရပ်ကြီးတစ်ခုလုံးမှာ ထူးဆန်းလွန်းနေ၏။ သူသည် ပြန်မှတ်မိနိုင်ရန် မည်မျှပင် ကြိုးစားနေစေကာမူ သူ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်အား လုံးဝ ပြန်မမှတ်မိနိုင်ဘဲ ဖြစ်နေရသည်။
" ငါကိုယ်တိုင်တောင်မှ မသိတာကိုကွာ... တစ်ခုခု မှားနေပြီကွ။ ငါ သူ့ကို သိတောင်မသိဘူး... " ဝမ်ပေါင်လဲ့မှာ နှဖူးပေါ်တွင် ချွေးများပြန်လာရပြီဖြစ်သည်။ သူသည် တစ်ခေါင်းလုံးထူပူသွားအောင် စဉ်းစားတွေးတောလိုက်၏။ ထို့ကြောင့် သူ၏ ငယ်စဉ်ဘဝကတည်းမှစ၍ ယခုအထိ ဖြစ်ပျက်ခဲ့သမျှ အရေးကြီးဖြစ်ရပ်အားလုံးမှာ သူ၏ အသိစိတ်ထဲ၌ အချိန်တိုလေးအတွင်း ပြန်လည်ပေါ်ပေါက်လာသည်။ သို့သော်ငြားလည်း သူသည် သူ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်နိုင်လောက်သည့်အထိ ရက်စက်ကြမ်းကြုတ်ခဲ့သည့် အချိန်ကာလကို ပြန်မှတ်မိနိုင်စွမ်း မရှိပေ။
ထို့အပြင် ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူ၏ ပုံရိပ်ယောင်မှာလည်း မှုန်ဝါးဝါး ဖြစ်နေသည်မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် ပုံရိပ်ယောင်များအား လေ့လာအကဲခတ်ထားခဲ့သည်ဖြစ်ရာ ဤ ကျင့်ကြံသူကြီးမှာ အသက်မသေခင် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ကြေမွပျက်စီးသွားခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။ သူ၏ ဝိညာဉ်ပင်လျှင် ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိခဲ့ဘဲ ထာဝရကြယ်အဆင့်ထက် ပို၍အစွမ်းထက်သည့် လူတစ်ယောက် အသုံးပြုခဲ့သော နတ်ဘုရားစွမ်းရည်များ သို့မဟုတ် ဓမ္မရတနာများကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။
" ဘာတွေလဲကွာ... " ဝမ်ပေါင်လဲ့မှာမူ ကောင်းကင်ယံထဲရှိ ထာဝရကြယ်ကြီး တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာနေသည်ကို ကြည့်ရင်း ညည်းတွားမိလိုက်၏။ မြေပြင်ကြီး တစ်ခုလုံးမှာလည်း တဆတ်ဆတ် တုန်ရီနေပြီဖြစ်သည်။ သို့ဖြစ်ရာ ပုံရိပ်ယောင်ဂြိုဟ်ကြီးမှာ ထို ထာဝရကြယ်ကြီး၏ ဥပဒေသစွမ်းအားများကြောင့် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ မတည်မငြိမ် ဖြစ်လာရသည့်ပုံပင်။
ထို အခြင်းအရာများကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ ကြယ်သုဿာန်အင်ပါယာထဲမှ နေ၍ ထို ပုံရိပ်ယောင်ဂြိုဟ်အား အကဲခတ်စောင့်ကြည့်နေကြသည့် လူပုံစံ စက္ကူရုပ်များမှာလည်း တုန်လှုပ်ချောက်ချားနေကြရပြီ ဖြစ်သည်။ ပုံရိပ်ယောင်ဂြိုဟ်ပေါ်မှ အခြား ပေါ်တွင် ပါရမီရှင်များအားလုံးမှာမူ ဝမ်ပေါင်လဲ့နှင့် ဝေးရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
လီလင်းကျစ်မှာ ဆွံ့အမှင်တက်နေရသလို အခြားသူများမှာလည်း ထိုနည်းတူပင်။ သူတို့ထဲမှ အများစုမှာဆိုလျှင် စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲနေကြ၏။ ထို ထာဝရကြယ်ကြီး ပေါ်ပေါက်လာမှုကြောင့် ဤ အရည်အချင်းစမ်းသပ်ပွဲကြီးမှာ အများကြီး ပြောင်းလဲသွားရပြီး မဟုတ်ပါလော။ သူတို့မှာ တမူထူးခြားသည့် နောက်ခံအင်အားများကို ပိုင်ဆိုင်ထားကြသော ပါရမီရှင်များ ဖြစ်နေလျှင်တောင် ယခုလိုနေရာမျိုးတွင် ထို နောက်ခံအင်အားများမှာ အရေးမပါတော့ပေ။ မိမိ၏ အစွမ်းအစသာလျှင် အရေးအကြီးဆုံးအရာ ဖြစ်ပေသည်။
ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ သူတို့အားလုံးအား သတ်ဖြတ်ပစ်နိုင်လောက်သည့်အထိ အစွမ်းထက်ပေသည်။ ထို့ကြောင့် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား ထိတ်လန့်ကြောက်ရွံ့နေကြရတော့သည်။ တစ်ချိန်ထဲမှာပင် သူတို့မှာ မခံမရပ်နိုင်လောက်အောင် ဖြစ်နေကြ၏။
သူတို့မှာ သူတို့၏ ခံစားချက်များကို ဖုံးကွယ်ထားနိုင်ရန် ကြိုးစားနေကြခြင်း မရှိသောကြောင့် ဝမ်ပေါင်လဲ့မှာလည်း ၎င်းတို့အား ထင်ရှားပြတ်သားစွာ အာရုံခံနိုင်စွမ်း ရှိနေ၏။ သို့သော် သူသည် မတရားခံလိုက်ရသကဲ့သို့ ခံစားနေရသလို ဝေခွဲမရလည်း ဖြစ်နေရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ပြန်မှတ်မိနိုင်ရန် အဆက်မပြတ် ကြိုးစားနေလိုက်၏။ အသက်ရှူကြိမ် အနည်းငယ်ခန့် ကုန်ဆုံးသွားသောအခါမှ သူသည် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားတော့သည်။
သူသည် ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးအား လုံးဝမသိသလို သူ့အား သတ်ဖြတ်ဖူးခဲ့ခြင်းလည်း မရှိကြောင်း သေချာသွား၏။ သို့သော် သူ၏ သက်တမ်းတစ်လျှောက်တွင် သူ သတိလစ်မေ့မျောနေခဲ့သည့် အချိန်ကာလ အပိုင်းအခြားတစ်ခု ရှိနေခဲ့သည် မဟုတ်ပါလော။ ထိုစဉ်တုန်းက သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းမှာ သူ့အား ခေါင်းတလားကြီး တစ်လုံးထဲ၌ ထည့်ထားခဲ့ပြီးနောက် ထိုခေါင်းတလားကြီးနှင့်အတူ စကြဝဠာကြီးအား ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
" မဟုတ်မှလွဲရော... " ဝမ်ပေါင်လဲ့မှာ အချက်တစ်ချက်အား ခန့်မှန်းမိသွားသဖြင့် ရင်ခုန်နှုန်းများ မြန်ဆန်လာရ၏။ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ထို ခေါင်းတလာကြီးအား စကြဝဠာကြီးထဲ၌ သယ်ဆောင်သွားနေခဲ့စဉ်တုန်းက ကံဆိုးမိုးမှောင်ကျသွားခဲ့သည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား အပြစ်လုပ်မိခဲ့သဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်နိုင်ပေသည်။
" ငါ့ရဲ့ ဂိုဏ်တူအစ်ကိုကြီးကြောင့် သေသွားတာ ငါ့ အမှားမှ မဟုတ်ပဲဟ။ မဟုတ်မှလွဲရော ဂိုဏ်တူအစ်ကိုကြီးက ငါ ဝင်အိပ်နေခဲ့တဲ့ ခေါင်းတလားကြီးနဲ့ သူ့ကို ရိုက်သတ်ခဲ့တာများလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရ၏။
" ဂိုဏ်တူအစ်ကိုကြီးရေ... " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ငိုကြွေးမြည်တမ်းနေရပါသော်လည်း ဤ ပြဿနာကြီးအား မည်ကဲ့သို့ ဖြေရှင်းရမှန်း မသိလောက်အောင် ဖြစ်နေရ၏။ ထာဝရကြယ်အဆင့် ကျင့်ကြံသူ ပုံရိပ်ယောင်ကြီး၏ အငွေ့အသက်များမှာ အားအကောင်းဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထိုအချိန်တွင် ထို ပုံရိပ်ယောင်ကြီး အပါအဝင် ၎င်း၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် ပုံရိပ်ယောင်များအားလုံးမှာ ဝမ်ပေါင်လဲ့နှင့် ရာပေါင်းများစွာသော ပါရမီရှင်များဆီသို့ သွေးရူးသွေးတန်းနှင့် ပြေးလာကြတော့သည်။
လက်တုံ့ပြန်လိုသည့် ရည်ရွယ်ချက်တစ်ခုတည်းကြောင့်သာ ဆိုပါက ထို ပုံရိပ်ယောင်များမှာ ၎င်းတို့အား သတ်ဖြတ်ခဲ့သည့် လူများကိုသာ ပစ်မှတ်ထားနေရမည်ဖြစ်သည်။ သို့သော်...
ပုံရိပ်ယောင်ဂြိုဟ်ပေါ်တွင်မူ ထိုကဲ့သို့ မဟုတ်ပေ။ ပုံရိပ်ယောင်များမှာ ၎င်းတို့အား သတ်ဖြတ်ခဲ့သည့် လူများကို မုန်းတီးနေကြသည့်တိုင်အောင် တိုက်ခိုက်လိုက်သည့်အချိန်တွင် ရှိသမျှ လူတိုင်းအား ပစ်မှတ်ထားလိုက်ကြသည်သာ ဖြစ်သည်။
ထို့ကြောင့် စစ်မြေပြင်ကြီးတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်သွားရတော့သည်။ ကံကောင်းစွာဖြင့် ထို ပုံရိပ်ယောင်များမှာ ၎င်းတို့ သက်ရှိထင်ရှား ရှိနေခဲ့စဉ်တုန်းကလောက် အစွမ်းထက်နေကြခြင်း မရှိပေ။ ဤ နေရာတွင် ရှိနေသည့် စည်းမျဉ်းစည်းကမ်းများကြောင့်လားတော့ မသိပေ။ ၎င်းတို့မှာ အသိဉာဏ်များ ပိုင်ဆိုင်ထားကြခြင်း မရှိဘဲ အလိုအလျောက် တုံ့ပြန်နိုင်စွမ်းများကိုသာ ပိုင်ဆိုင်ထားကြသည်ပုံပင်။ ထို့ကြောင့် လေထုထဲ၌ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ နောက်သို့ ချက်ချင်းဆုတ်ခွာသွားလိုက်၏။ သူသည် စိုးရိမ်တကြီး ဖြစ်နေရပါသော်လည်း သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် ပုံရိပ်ယောင်များအား စိုက်ကြည့်ရင်း ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာတော့သည်။
" ဒီ ပုံရိပ်ယောင်တွေက.... ဝိညာဉ်တွေများလား " ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ တွေးမိလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားရ၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပသွားတော့သည်။