အမှောင်ပညာရပ်
Vol. 68 Ch. 936
သို့သော် ထိုနေရာတွင် လူအများကြီး ရှိနေသလို ဝမ်ပေါင်လဲ့မှာ ကြယ်သုဿာန်အင်ပါယာသည် ဤ နေရာကြီးအား စောင့်ကြည့်မနေဘဲ လွှတ်ထားပေးလိမ့်မည် မဟုတ်ဟု ယုံကြည်နေ၏။ ထို့အပြင် သူ၏နောက်မှ ကပ်လိုက်လာသည့် လူပုံစံစက္ကူရုပ်မှာလည်း ဤ နေရာတစ်ဝိုက်တွင် ရှိနေလောက်ပေသည်။ ထို့ကြောင့် အကျိုးသင့်အကြောင်းသင့် စဉ်းစားကြည့်လိုက်မည်ဆိုလျှင် အမှောင်ပညာရပ်အား ထုတ်သုံးရန်မှာ မသင့်တော်ပေ။
သူ ခန့်မှန်းထားသည့် အတိုင်းပင်။ ထို ပုံရိပ်ယောင်ဂြိုဟ်ထဲ၌ အစွမ်းထက် ထာဝရကြယ်အဆင့် ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာခြင်းကြောင့် ကြယ်သုဿာန်အင်ပါယာမှာလည်း သတိထားမိသွား၏။ ကြယ်သုဿာန်မြို့တော်ထဲရှိ လူပုံစံစက္ကူရုပ် ငါးရုပ်မှာ မန္တန်များ အသုံးပြုလိုက်ကြသဖြင့် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ထို ပြောင်းလဲမှုများ အားလုံး၏ အဓိက တရားခံမှာ ဝမ်ပေါင်လဲ့ဖြစ်ကြောင်းကိုလည်း သိရှိထားကြပြီးဖြစ်သည်။
အကယ်၍ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့သာ အမှောင်ပညာရပ်အား ထုတ်သုံးလိုက်မည်ဆိုပါက ပေါ်ပေါက်လာမည့် နောက်ဆက်တွဲအကျိုးဆက်များမှာ မှန်းဆ၍ မရနိုင်လောက်အောင် ရှုပ်ထွေးသွားမည် ဖြစ်သည်။ သို့ဖြစ်ရာ သူ သတိကြီးကြီးထား၍ ထိုကဲ့သို့ ထုတ်မသုံးခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုရပေမည်။
သို့သော် စစ်မြေပြင်ထဲရှိ ပါရမီရှင်များမှာမူ စောဒကတက်နေကြပြီ ဖြစ်သည်။ လူ ရာပေါင်းများစွာမှာ မရေမတွက်နိုင်လောက်အောင် များပြားသည့် ပုံရိပ်ယောင်များနှင့် ရင်ဆိုင်နေရသည်မဟုတ်ပါလော။ ၎င်းတို့ထဲမှ ကိုးဆယ့်ကိုး ရာခိုင်နှုန်းခန့်မှာ အားအင်ချည့်နဲ့နေသည့် ပုံရိပ်ယောင်များ ဖြစ်နေကြသည့်တိုင်အောင် ဂြိုဟ်အဆင့် ကျင့်ကြံသူ ပုံရိပ်ယောင် အခုငါးဆယ်ကျော် ရှိနေသည့်အချက်ကြောင့် သူတိုအားလုံးမှာ စိုးရိမ်တကြီး ဖြစ်နေကြရ၏။ ထို့အပြင် ထာဝရကြယ်အဆင့် ကျင့်ကြံသူ ပုံရိပ်ယောင်တစ်ခုလည်း ရှိနေသေးသည် မဟုတ်ပါလော။
သို့ဖြစ်ရာ လက်ရှိအနေအထားအတိုင်းသာ ဆိုပါက သူတို့မှာ မလွဲမသွေ ရှုံးနိမ့်သွားကြရတော့မည်သာဖြစ်သည်။
ထို ပုံရိပ်ယောင်များ၏ တိုက်ကွက်များမှာ မှန်းဆ၍ မရနိုင်ပေ။ ထို့ကြောင့် သူတို့မှာ အရင်ဆုံး သူတို့အတွက် အန္တရာယ်အရှိဆုံးဖြစ်သည့် ထာဝရကြယ်အဆင့် ပုံရိပ်ယောင်ကြီးအား ဖိနှိပ်ချုပ်တည်းနိုင်အောင် ကြိုးစားရန်လိုအပ်ပေသည်။
အရင်ဆုံး လှုပ်ရှားလိုက်သည့်သူမှာ ဝမ်ပေါင်လဲ့ ဖြစ်၏။ ထို ထာဝရကြယ်အဆင့် ပုံရိပ်ယောင်ကြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာသည်နှင့် သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေရင်း မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား သူ၏ ခန္ဓာကိုယ်ပေါ်၌ ချက်ချင်း လွှမ်းခြုံသွားစေလိုက်သည်။ ထို့နောက် သူသည် နောက်သို့လှည့်ကာ သူ၏ နတ်ဘုရားလက်နက်ကြီးဖြင့် ထို ထာဝရကြယ်အဆင့် ပုံရိပ်ယောင်ကြီးအား လှမ်း၍ ခုတ်လိုက်တော့သည်။
သူတစ်ယောက်တည်းသာ ထိုသို့တိုက်ခိုက်လိုက်ခြင်း မဟုတ်ပေ။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီး၊ ပညာရှိပုံစံ ကျင့်ကြံသူ၊ ခေါင်းလောင်းနှင့် မိန်းမငယ်လေး၊ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့အပြင် အခြား ပါရမီရှင် အယောက်တစ််ရာကျော်ခန့်မှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ သူတို့မှာ ထို ထာဝရကြယ်အဆင့် ပုံရိပ်ယောင်အား သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပါသော်လည်း ၎င်းအား တစ်ခဏမျှ ဖိနှိပ်ချုပ်တည်းထားနိုင်လောက်ပေသည်။
ထိုအချိန်တွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ လက်စွပ်ပုံစံ မှော်အဆောင်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သဖြင့် ၎င်းမှာ အချုပ်အနှောင်ကြီးတစ်ခုပုံစံ ပြောင်းလဲသွားပြီး ထို နေရာကြီး တစ်ခုလုံးအား လွှမ်းခြုံသွား၏။ ထို့နောက် ၎င်းမှာ လူတိုင်း၏ စွမ်းအားများကို စုစည်းလိုက်ပြီးနောက် ရေခဲအသွင် ပြောင်းလဲသွားသဖြင့် ထာဝရကြယ်အဆင့် ပုံရိပ်ယောင်ကြီး၏ ပတ်ပတ်လည်ရှိ အပူချိန်မှာ သိသိသာသာ ကျဆင်းသွားတော့သည်။
ထို ပါရမီရှင်များ အားလုံးမှာ သာမန် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ မဟုတ်ကြပေ။ သူတို့မှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ရည်ခိုက်ရည် စွမ်းအားများကို အနည်းနှင့်အများ ပိုင်ဆိုင်ထားသည်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။
ထို့ကြောင့် လူအယောက်တစ်ရာကျော် တစ်ပြိုင်နက်တည်း ပူးပေါင်းတိုက်ခိုက်လိုက်ကြသဖြင့် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသည့် ထာဝရကြယ်အဆင့် ပုံရိပ်ယောင်ကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး ရပ်တန့်သွားရတော့သည်။ ထို့နောက် ၎င်းမှာ ဘေးပတ်ပတ်လည်ရှိ လေအေးများကြောင့် အေးခဲသွားပြီး အရောင်ခုနစ်ရောင်ရှိသော အလင်းတန်းများကို ထုတ်လွှတ်နေသည့် ရေခဲရုပ်တုကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
၎င်းမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ပုံရိပ်ယောင်တစ်ခုနှင့် ခန္ဓာကိုယ်အစစ်တစ်ခု၏ ကြား၌ ကွဲပြားခြားနားချက်များ ရှိနေဆဲပင်။ သို့သော်ငြားလည်း ထို အချုပ်အနှောင်ကြီးမှာ အချိန်အကြာကြီး တောင်းခံနိုင်မည့်ပုံ မပေါ်ပေ။ ထို့ကြောင့် ထို ရေခဲ အချုပ်အနှောင်ကြီးပေါ်၌ အက်ကွဲကြောင်းများ ချက်ချင်းပေါ်ပေါက်လာ၏။ သို့ဖြစ်ရာ ၎င်းမှာ အမွေးတိုင်တစ်ဝက် လောင်ကျွမ်းရန် လိုအပ်သည့် အချိန်အတွင်းတွင် တစ်စစီ ကြေမွပျက်စီးသွားတော့မည့်ပုံပင်။
ထို အခိုက်အတန့်တွင် လူတိုင်းမှာ ထို ပုံရိပ်ယောင်ကြီး အေးခဲနေသည့်အချက်ကို အခွင့်ကောင်းယူကာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြ၏။ သူတို့မှာ ထို ပုံရိပ်ယောင်ကြီးနှင့် ဝေးနိုင်သမျှ အဝေးဆုံးသို့ ရောက်ရှိသွားနိုင်ရန်နှင့် အခြား ပုံရိပ်ယောင်များဖြင့် ပြည့်နှက်နေသည့် နေရာထဲမှ ဖောက်ထွက်နိုင်ရန် အစွမ်းကုန်ကြိုးစားနေကြသည်။
သူတို့မှာ ခုနစ်ရက်အတွင်း ပုံရိပ်ယောင် သလင်းကျောက်များ ရှာဖွေနိုင်ရန်ပင် မဆိုထားနှင့် ခုနစ်ရက်တိတိပင် တောင့်ခံနိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ သူတို့မှာ မည်ကဲ့သို့ ဆက်၍ တိုက်ခိုက်ရပါမည်နည်း။ မျက်နှာဖုံးတပ်ထားသည့်အမျိုးသမီးနှင့် သူမနည်းတူ အစွမ်းထက်သည့် အခြားသုံးယောက်ပင်လျှင် ယခုကဲ့သို့သော အခက်အခဲများနှင့် ကြုံတွေ့လိုက်ရသဖြင့် မျက်နှာအမူအရာများ ပျက်နေကြပြီဖြစ်သည်။ သူတို့မှာ လျင်မြန်စွာ ရွှေ့လျားနေကြပြီး စစ်မြေပြင်ကြီးအား ဤနေရာတစ်ဝိုက်တွင်သာ မဟုတ်ဘဲ တစ်ဂြိုဟ်လုံးသို့ ဖြန့်ကြက်နိုင်ရန် ကြိုးစားနေကြ၏။
သို့မှသာ သူတို့မှာ နောက်ဆုံးတွင် အနိုင်ရရှိနိုင်မည့် အခွင့်အရေးများကို ပိုင်ဆိုင်နိုင်ခြေ ရှိမည်ဖြစ်သည်။
သို့သော် သူတို့အားလုံး ထိုကဲ့သို့ တွေးတောကာ အရပ်မျက်နှာအနှံ့သို့ လူစုခွဲသွားကြရန် ပြင်နေစဉ်မှာပင် ခပ်လှမ်းလှမ်းမှနေ၍ စူးရှကျယ်လောင်သည့် အော်ဟစ်မြည်တမ်းသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအော်သံကြီးမှာ အလွန်အင်မတန်မှ သနားစရာကောင်းလွန်းနေ၏။ စစ်မြေပြင်ကြီးပေါ်တွင် အခြား ဆူညံသံများ ရှိနေသည့်တိုင်အောင် လူတိုင်းမှာ ထိုအသံကြီးအား ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသဖြင့် ထို အသံကြီး ထွက်ပေါ်လာသည်နေရာသို့ လှမ်းကြည့်မိလိုက်ကြသည်။ ထိုအခါ သူတို့မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း သူ၏လက်ထဲမှ နတ်ဘုရားလက်နက်ကြီးအား အဆက်မပြတ် ဝှေ့ယမ်းကာ သူ့ဆီသို့ ပြေးလာနေသည့် ပုံရိပ်ယောင်များကို သတ်ဖြတ်ရင်း နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားနေ၏။ သူသည် ထိုအသံကြီး ထွက်ပေါ်လာသည့် နေရာသို့ လှည့်ကြည့်မိလိုက်ချိန်တွင် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရသည်။
သူသည် သူ မြင်ဖူးနေသည့် ပါရမီရှင်တစ်ယောက် ပုံရိပ်ယောင်ပေါင်း မြောက်များစွာ၏ အောက်သို့ ရောက်နေသည်ကို မြင်လိုက်ရခြင်း ဖြစ်သည်။ ထို ပုံရိပ်ယောင်များမှာ လောဘတက်နေသည့် မျက်နှာအမူအရာများဖြင့် သူ၏ အသွေးအသားများကို သွေးရူးသွေးတန်း ဝါးမျိုစားသောက်နေကြသည်။
ထို ပါရမီရှင်မှာ အသွေးအသားများ ဝါးမျိုခံနေရသဖြင့် နာကျင်မှုများ ခံစားနေရသောကြောင့်သာ အော်ဟစ်နေခြင်းမဟုတ်ပေ။ သူသည် သူ၏ ဝိညာဉ် တစ်စစီဆုတ်ဖြဲခံလိုက်ရသည့် ဝေဒနာအား ခံစားလိုက်ရသဖြင့် ထိုကဲ့သို့ အော်ဟစ်လိုက်ရခြင်းလည်း ဖြစ်သည်။ ဝမ်ပေါင်လဲ့အား တုန်လှုပ်ချောက်ချားသွားစေခဲ့သည့် မြင်ကွင်းမှာ ထိုအချိန်တွင် မိန်းမငယ်လေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဂြိုဟ်အဆင့်ပုံရိပ်ယောင်တစ်ခုမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လာခြင်းပင်။ ထို့နောက် ၎င်းမှာ ထို ပါရမီရှင်၏ ခန္ဓာကိုယ်အား ဖောက်ထွင်းသွားလိုက်ပြီးနောက် သူ၏ဝိညာဉ်အား ဆွဲထုတ်လိုက်တော့သည်။
ထို ပုံရိပ်ယောင်မှာ သူ၏ ဝိညာဉ်အား ဆွဲထုတ်ပြီးသွားသည်နှင့် လောဘမီးတောက်များ တောက်လောက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ထိုဝိညာဉ်အား ၎င်း၏ ပါးစပ်ထဲသို့ထည့်ကာ တစ်စစီ ကိုက်ဖြတ်ပစ်လိုက်၏။ ထိုအခါ ထို ပါရမီရှင်၏ အော်ဟစ်မြည်တမ်းသံများမှာလည်း ရုတ်ခြည်းဆိုသလို ရပ်တန့်သွားတော့သည်။ သူ၏ နတ်ဘုရားဝိညာဉ်မှာ ဝါးမျိုခံလိုက်ရပြီဖြစ်သလို သူ၏ ခန္ဓာကိုယ်မှာလည်း တစ်စစီ ဆုတ်ဖြဲခံလိုက်ရပြီ မဟုတ်ပါလော။
ထိုမြင်ကွင်းမှာ အလွန်အင်မတန်မှ ဝမ်းနည်းစရာ ကောင်းလှပေသည်။ ပုံရိပ်ယောင်များ၏ ကြား၌ ပိတ်မိသွားသည့် လူတိုင်း ထိုကဲ့သို့ အဆုံးသတ်သွားရမည်သာ ဖြစ်သည်။
သို့သော် လူတစ်ယောက် သေဆုံးသွားသဖြင့် သူတို့အားလုံး မျက်စိမျက်နှာ ပျက်သွားကြစဉ်မှာပင် ထိုနေရာတစ်ဝိုက်ရှိ ပုံရိပ်ယောင်များထဲမှ အချို့အဝက်မှာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွား၏။ သို့ဖြစ်ရာ ၎င်းတို့မှာ လေပြင်းများ ဖြတ်တိုက်ခံလိုက်ရသည့် မြူခိုးငွေ့များကဲ့သို့ပင်။
အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထိုကဲ့သို့ ပျောက်ကွယ်သွားသည့် ပုံရိပ်ယောင်များမှာ မကြာသေးမီတုန်းက သေဆုံးသွားခဲ့သည့် ပါရမီရှင် သတ်ဖြတ်ခဲ့သော ပုံရိပ်ယောင်များဖြစ်ကြောင်း သိနိုင်ပေသည်။ ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ အခြေအနေများကို ရိပ်စားမိသွားသဖြင့် မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားကြတော့သည်။
" စည်းမျဉ်းက ဒီလိုကိုးကွ "
" ဒီ ပုံရိပ်ယောင်ဂြိုဟ် အရည်အချင်းစမ်းသပ်ပွဲထဲမှာ လျှို့ဝှက် စည်းမျဉ်းတစ်ခု ရှိနေတာပဲ "
" လူတစ်ယောက်ကို သတ်လိုက်ရင် သူ့ကြောင့် ပေါ်လာရတဲ့ ပုံရိပ်ယောင်တွေ ပျောက်သွားမှာ။ အဲတာဆိုရင် ငါတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကလည်း လျော့နည်းသွားမှာပဲလေ "
ဝမ်ပေါင်လဲ့မှာ ထို အခြင်းအရာများကို မြင်လိုက်ရသည်နှင့် ချက်ချင်း အမူအရာ ပြောင်းလဲသွားပြီး နောက်သို့ ထွက်ပြေးဆုတ်ခွာသွား၏။ သို့သော် သူ ထိုသို့ လှုပ်ရှားလိုက်သည်နှင့် သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည် ပါရမီရှင် အားလုံးနီးပါးမှာ လျှို့ဝှက်စည်းမျဉ်းအား နားလည်သွားကြသဖြင့် သူ့အား စိုက်ကြည့်လိုက်ကြတော့သည်။
သူတို့၏ မျက်ဝန်းများမှာ အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် ထိုကဲ့သို့ စိုက်ကြည့်ခံနေရ သည်မဟုတ်ပေ။ ဂြိုဟ်အဆင့် ကျင့်ကြံသူများအား သတ်ဖြတ်ခဲ့ကြသည့် အခြားခြောက်ယောက်မှာလည်း ထိုကဲ့သို့ စိုက်ကြည့်ခံနေရသည်သာ ဖြစ်သည်။
သို့သော် ပညာရှိပုံစံကျင့်ကြံသူ၊ ခေါင်းလောင်းနှင့် မိန်းမပျိုလေးနှင့် ကောင်းရှုံ့တို့အား စိုက်ကြည့်နေကြသည့် လူများမှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားကြပြီနောက် အကြည့်များ ပြန်လွှဲသွားကြသည်သာ ဖြစ်သည်။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးအား စိုက်ကြည့်နေသည့် လူအချို့မှာလည်း ထိုနည်းတူပင်။ သို့သော် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် ကလေးမလေးတို့မှာမူ ဝမ်ပေါင်လဲ့ပြီးလျှင် အာရုံအစိုက်ခံရဆုံးလူများ ဖြစ်လာကြတော့သည်။
သူတို့မှာ အထင်ကြီးလေးစား အံ့ဩဖွယ်ရာ နောက်ခံအင်အားများကို ပိုင်ဆိုင်ထားကြခြင်း မရှိပေ။ သို့ဖြစ်ရာ သူတို့မှာ တိုက်ခိုက်ရေးအပိုင်းတွင် အစွမ်းထက်နေသည့်တိုင်အောင် အကျိုးအမြတ်များကို ထည့်တွက်လိုက်မည်ဆိုပါက အသင့်တော်ဆုံး ပစ်မှတ်များ ဖြစ်နေကြဆဲပင်။
" ငါတို့တွေ သူတို့ကိုသတ်နိုင်ရင် ထာဝရကြယ်အဆင့် ပုံရိပ်ယောင်တစ်ခု၊ ဂြိုဟ်အဆင့် ပုံရိပ်ယောင် အခုသုံးဆယ်ကျော်နဲ့ တခြား ပုံရိပ်ယောင်တွေ အများကြီး ပျောက်သွားမှာ "
" လူသုံးယောက်ကို သတ်လိုက်ရုံနဲ့ ဒီ အရည်အချင်းစမ်းသပ်ပွဲရဲ့ အခက်အခဲက ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို လျော့ကျသွားမှာကွ "
လူအချို့ ထိုသို့ဆိုလိုက်ကြသည်နှင့် အခြားသူများမှာလည်း ဂနာမငြိမ် ဖြစ်လာကြ၏။ အချို့မှာဆိုလျှင် လမ်းကြောင်းပြောင်းကာ နောက်သို့ ပြန်လှည့်လာကြပြီး သူတို့ သုံးယောက်အား ဝိုင်းထားလိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားသည်။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နောက်သို့ ချက်ချင်း ထွက်ပြေးဆုတ်ခွာသွားလိုက်တော့သည်။ နောက်ကျောတွင် ဓားရှည်ကြီးတစ်လက်အား လွယ်ထားသည့် လူငယ်လေးမှာလည်း ထိုနည်းတူပင်။
ထို လူငယ်လေးမှာ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထုတ်လွှတ်ရင်း အဝေးသို့ ပြေးထွက်သွား၏။ အားအင်နုံးချည့်ကာ အန္တရာယ်ပြုနိုင်မည့်ပုံ မပေါ်သော မိန်းမငယ်လေးမှာမူ အခြားသူများ သူမအား ပစ်မှတ်ထားနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ မျက်ဝန်းများ အေးစက်စွာတောက်ပသွားသည်။ သို့သော် သူမ၏ တုံ့ပြန်ပုံမှာ ဝမ်ပေါင်လဲ့နှင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့၏ တုံ့ပြန်မှုများနှင့် မတူပေ...
သူမသည် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားခြင်းဖြစ်ပါသော်လည်း လူတိုင်း၏ ကြိုးစားအားထုတ်မှုကြောင့် ချုပ်နှောင်ခံထားသည့် အစွမ်းထက် ပုံရိပ်ယောင်ကြီးဆီသို့ ဦးတည်သွားလိုက်ခြင်းဖြစ်သည်။ သူမသည် ၎င်း၏ အနီးသို့ ရောက်ရှိသွားသည်နှင့် ခုနစ်ရောင်ခြယ် ရေခဲရုပ်တုကြီးအား အားပါပါ ထုနှက်လိုက်တော့သည်။ ထိုအခါ ထို ရေခဲရုပ်တုကြီးမှာ ချက်ချင်း ပေါက်ကွဲသွား၏။ ထို့နောက် ၎င်းထဲမှ ထာဝရကြယ်အဆင့် စွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ထိုမိန်းမငယ်လေး မည်သို့မည်ဖုံ ပြုလုပ်လိုက်မှန်း မသိပါသော်လည်း သူမ၏ မျက်ဝန်းများမှာ ဖျတ်ခနဲ အရောင်လက်သွားသည်။ ထိုအခါ ထို ထာဝရကြယ်အဆင့် ပုံရိပ်ယောင်ကြီးမှာ သူမအား လျစ်လျူရှုကာ သူမ၏ဘေးမှ ဖြတ်ပျံသွားလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများအား သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် အခြားပါရမီရှင်များဆီသို့ ထုတ်လွှတ်လိုက်တော့သည်။
အခြားသူများမှာ နားမလည်နိုင်လောက်အောင်ဖြစ်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။
" အမှောင်ပညာရပ်လားဟ " ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ ထိုကလေးမလေး၏ ခန္ဓာကိုယ်ပေါ်ရှိ အမှောင်ပညာရပ် အငွေ့အသက်များမှာ အလွန်အင်မတန်မှ အားနည်းနေပါသော်လည်း သူသည် အမှောင်ကလေးငယ်တစ်ယောက်ဖြစ်ရာ ၎င်းအား ချက်ချင်း အာရုံခံမိလိုက်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သံသယဝင်သွားရ၏။ သို့သော် သူသည် အတွေးလွန်နေရန် အချိန်မရှိသဖြင့် အရှိန်မြှင့်တင်ကာ စစ်မြေပြင်ထဲမှ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။ သို့သော် ထိုအချိန်တွင်.... ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ အဝေးမှနေ၍ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ပြီးနောက် ပြုံးလိုက်၏။ ထို့နောက် သူမသည် ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ သူ၏ နောက်သို့ ပြေးလိုက်လာတော့သည်။
တစ်ချိန်ထဲမှာပင် ပညာရှိပုံစံ ကျင့်ကြံသူမှာလည်း လှုပ်ရှားလိုက်၏။ သူ၏ ပစ်မှတ်မှာ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေး ဖြစ်ပေသည်။ မျက်နှာဖုံး တပ်ထားသည့် အမျိုးသမီးမှာလည်း အလားတူပင်။ သူမသည် ကလေးမလေး၏ နောက်သို့ ပြေးလိုက်သွား၏။
သူတို့ သုံးယောက်သာ ထိုကဲ့သို့ လှုပ်ရှားလိုက်ကြသည် မဟုတ်ပေ။ သူတို့၏ ဘေးနားတစ်ဝိုက်တွင် ရှိနေသည့် လူများမှာလည်း အရပ်မျက်နှာအနှံ့သို့ ခွဲထွက်သွားကြပြီး သူတို့နှင့်အတူ ပူပေါင်းဆောင်ရွက်လိုက်ကြ၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့နှင့် အခြားနှစ်ယောက်အား အရပ်မျက်နှာအနှံ့မှနေ၍ ဝိုင်းထားလိုက်ကြတော့သည်။
သို့သော် ထာဝရကြယ်အဆင့် ပုံရိပ်ယောင်ကြီး လွတ်မြောက်သွားခဲ့သည့်အပြင် ဂြိုဟ်အဆင့် ပုံရိပ်ယောင် အခုငါးဆယ်ကျော်မှာလည်း တိုက်ခိုက်နေသည်ဖြစ်ရာ စစ်မြေပြင်ကြီးမှာ ပရမ်းပတာ ဖြစ်နေရပြီဖြစ်သည်။ သို့ဖြစ်ရာ ထို သုံးယောက်အား ဝိုင်းထားလိုသည့် အကြံအစည်မှာ ကောင်းမွန်ပါသော်လည်း ၎င်းအား လက်တွေ့အကောင်အထည်ဖော်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းပေသည်။ ထို့အပြင် သူတို့အားလုံးမှာ တစ်ယောက်နှင့်တစ်ယောက် အချိတ်အဆက် မမိကြပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အရှိန်ကုန် မြှင့်တင်လိုက်ပြီးနောက် စစ်မြေပြင်ကြီးထဲမှ ထွက်ခွာလာနိုင်ခဲ့ပြီး သူ့အား တားဆီးရန် ကြိုးစားခဲ့သည့် လူများကို မျက်ခြည်ဖြတ်နိုင်ခဲ့၏။ သို့သော် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာမူ လျှပ်စီးကဲ့သို့ မြန်ဆန်နေဆဲဖြစ်သောကြောင့် သူ၏နောက်မှ လိုက်လာပြီး သူနှင့်အတူ စစ်မြေပြင်ထဲမှ ထွက်ခွာလာတော့သည်။