← Chapters

ယင်ကိုးပါးဝိညာဉ်များ၏ နယ်မြေအတွင်း ကျူးကျော်ခြင်း

Vol. 36 Ch. 493

ယင်ကိုးပါးဝိညာဉ်များ၏ နယ်မြေအတွင်း ကျူးကျော်ခြင်း

Vol. 36 Ch. 493

စုမင်က ခြေလှမ်းအနည်းငယ်ပင် မလှမ်းနိုင်သေးခင် သူ့နောက်ကအဆိပ်အလောင်းကောင်သည် ဟိန်းသံတိုးတိုးပြုလျက် ထိုနေရာမှ မခွဲနိုင်သည့်ခံစားချက်များနှင့် ရှုပ်ထွေးနေသေးသည်။ သူ့အော်သံထဲတွင်သတ်ဖြတ်လိုစိတ်တို့ မပါတော့သော်လည်း အခြားစကားတစ်ခု ပြောနေခြင်းသာ ဖြစ်သည်။

စုမင်က ခေါင်းလှည့်လိုက်ပြီး အဆိပ်အလောင်းကောင်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ထိုချက်ချင်းပင် အဆိပ်အလောင်းကောင်လည်း တက်ကြွသွားပြီး ချက်ချင်းပြန်လှည့်ကာ နွံကန်သို့ ပြန်ပြေးဝင်သွားသည်။ ၎င်းက ထိုနွံကန်ထဲသို့ နစ်မြုပ်သွားသည့်တိုင် စုမင်က အေးဆေးစွာပင် လေထဲတွင် ရပ်လျက် စိတ်ပူခြင်းမရှိဘဲ စောင့်နေလိုက်သည်။

အမွှေးတိုင်တစ်ဝက်စာအချိန်ကြာပြီးနောက် နွံကန်ထဲတွင် စုပ်အားတစ်ခုဖြစ်လာသည့်ဟန်ဖြင့် နွံကန်ပတ်လည်ရှိ အစိမ်းရောင်မြူခိုးတို့ စတင်လည်ပတ်လာသည်။ အချိန်ခဏကြာလျှင် နွံကန်ထဲတွင် ရေဝဲကတော့တစ်ခု ပေါ်လာပြီး ၎င်းသည် အချိန်နှင့်အမျှပိုမိုလျင်မြန်စွာလည်ပတ်နေသည်။ နောက်ဆုံးတွင် အဆိပ်အလောင်းကောင်က ထိုဝဲကတော့ထဲမှ ပျံထွက်လာတော့သည်။

စုမင်၏ မျက်လုံးတို့ ပြူးသွားသည်။ အဆိပ်အလောင်းကောင်လက်ထဲတွင် ဓားကောက်တစ်လက်ကို သူအထင်အရှားတွေ့လိုက်ရသည်။ ၎င်းဓားသည် အစိမ်းရောင်ဖြစ်ကာ တောက်ပစွာလင်းလက်နေပေသည်။ ၎င်းဓားသည် မည်သည်ပစ္စည်းမျိုးနှင့် ပြုလုပ်ထားသည်ကိုလည်း သူမပြောနိုင်ပေ။

၎င်းထံမှ ရှေးဟောင်းလွန်ခေတ်အငွေ့အသက်များလည်း ရနေသည်။ ထိုဓားသည် တည်ရှိခဲ့သည်မှာ လွန်စွာကြာမြင့်ခဲ့ကြောင်းထင်ရှားနေသည်။

စုမင်က ယင်ကိုးပါးကမ္ဘာတည်ရှိနေခဲ့သည့် အချိန်ကို ပြန်တွေးကြည့်လိုက်ရာ ထိုဓားသည် ရှေးဟောင်းရတနာတစ်ခု ဖြစ်မည်ဟု သိလိုက်သည်။ အဆိပ်အလောင်းကောင်က ၎င်းဓားအား မည်သို့ ရယူနိုင်ခဲ့ကြောင်းကိုသာ တွေးမရနိုင်ဖြစ်နေသည်။ သို့သော် ယခုသူစဉ်းစားကြည့်လိုက်ချိန်တွင်တော့ အဆိပ်အလောင်းကောင်၏ အဆိပ်မြူပြောင်းလဲမှုမှာ ထိုဓားကြောင့်ပင်ဖြစ်ရပေမည်။

အဆိပ်အလောင်းကောင်က သူ့ဓားကို စုမင်လုယူမည်ကို စိုးသည့်အလား သူက ဓားနှင့်ပျံထွက်လာပြီးသည်နှင့် ချက်ချင်းသူ့ရင်ဘတ်အား ထိုဓားဖြင့် ထိုးစိုက်လိုက်တော့သည်။ အဆိပ်အလောင်းကောင်ကိုယ်ထဲသို့ ဝင်ရောက်သွားချိန်တွင် ဓားသည် အရည်ပျော်သွားပြီး ၎င်း၏ကိုယ်ထဲသို့ စိမ့်ဝင်သွားသည်ကို သူတွေ့လိုက်ရသည်။

အဆိပ်အလောင်းကောင်မျက်နှာတွင် နာကျင်မှုတို့ထင်ဟပ်လာသည်။ ၎င်းက ခဏတာလူးလွန့်နေပြီးနောက် စိတ်အားဖြင့် တင်းခံဖြတ်ကျော်နိုင်ခဲ့သည်။ ၎င်း၏ကိုယ်ပေါ်က ဒဏ်ရာများသည်လည်း ခဏတွင်းချင်း ပြန်လည်ပျောက်ကင်းသွားသည်။ အမှန်တွင် သူ့မျက်လုံးများသည် ယခင်ကထက်ပင် ပိုမိုတဖျပ်ဖျပ်လက်လာသည်။ ၎င်းသည် ယခင်အခြေအနေမှ များစွာတိုးတက်လာသည်ပင်။

အဆိပ်အလောင်းကောင်ကို ထိုအခြေအနေတွင် မြင်လိုက်ရချိန်တွင် စုမင်စိတ်ထဲတွင်မေးခွန်းများ ဖြစ်လာသည်။ ထိုဓားသည် ဤသို့သော သက်ရောက်မှုမျိုးရှိနေလျှင် အဆိပ်အလောင်းကောင်က အဘယ်ကြောင့် အစောပိုင်းတွင်ကြိုတင်မထုတ်ခဲ့ရသနည်း။

အဆိပ်အလောင်းကောင်က အသိဉာဏ်ရှိနေပြီဖြစ်သည့်တိုင် ပျော်ရွှင်ခြင်း၊ ဝမ်းနည်း၊ ဒေါသနှင့် ကျေနပ်ရွှင်မြူးမှုစသည့် ရိုးစင်းသော ခံစားချက်တို့ကိုသာ ဖော်ပြနိုင်စွမ်းရှိသေးသည်။ ၎င်းက စုမင်နှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိသေးပေ။ စုမင်က သူ့မေးခွန်းများအတွက် အဖြေရနိုင်ရန်မရှိသေးပေ။ ထို့ကြောင့် သူက စိတ်ထဲတွင် မှတ်ထားလိုက်ပြီး သတိဖြင့် အဆိပ်အလောင်းကောင်အား လျို့ဝှက်စွာစောင့်ကြည့်နေလိုက်တော့သည်။

သို့သော် ယခုသူက ထိုကိစ္စကို အာရုံမထားနိုင်သေးပေ။ အဆိပ်အလောင်းကောင်ပေါ်က သူ့အမှတ်တံဆိပ်သည် ပိုမိုလုံခြုံလာပြီး ၎င်းအား ချောချောမွေ့မွေ့ထိန်းချုပ်နိုင်ကြောင်းသေချာစစ်ပြီးသော် သူက အကြည့်ကိုလွှဲဖယ်လိုက်တော့သည်။ သူက ယင်ကိုးပါးဝိညာဉ်တို့ရှိရာဘက်သို့ ကြည့်လိုက်ပြီး ပျံထွက်လာခဲ့တော့သည်။

အဆိပ်အလောင်းကောင်က အစိမ်းရောင်အလင်းတန်းအဖြစ် သူ့နောက်တွင် ကပ်ရပ်လိုက်ပါလာသည်။

‘ငါနတ်အာရုံနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းနိုင်တာတောင် ကျိယွင်ဟေးရဲ့ကိုယ်က ဖြစ်လာတဲ့ ရုပ်သေးကို ရှာမတွေ့နိုင်သေးတာဆိုးတာပဲ။ မဟုတ်ရင် ငါတိုက်ပွဲစွမ်းအားက ထိပ်ဆုံးရောက်လာနိုင်တယ်။’

ကောင်းကင်မှ မိုးများဆက်လက်ရွာကျနေပြီး ယင်ကိုးပါးကမ္ဘာ၏နယ်မြေများစွာကို ဖုံးလွှမ်းထားသည်။

နေဝင်ချိန်သို့ရောက်လာသောအခါ ပျံသန်းနေသည့် စုမင်၏ရှေ့တွင် သစ်ပင်တို့ထူထပ်သော တောအုပ်နယ်မြေတစ်ခုပေါ်ထွက်လာသည်။ ထိုတောအုပ်အတွင်းပိုင်းနက်ထဲတွင် မြင့်မားသော တောင်များစွာကို သူတွေ့မြင်နိုင်ပေသည်။ တောင်များအား နန်းတော်များစွာဝိုင်းရံထားလျက်ရှိသည်။ ထိုနန်းတော်များ၏ပြင်ပတွင် ရုပ်တုကြီးများစွာ ရပ်နေကြသည်ကိုလည်း တွေ့မြင်နိုင်ပေသည်။

ထိုနေရာရှီအရာအားလုံးသည် အိပ်မောကျနေသည့်အလားပင်။ တောအုပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ တောအုပ်အတွင်းမှ အသံဟုတစ်ခုတစ်လေပင် မကြားရပေ။ သို့ရာတွင် စုမင်က နတ်အာရုံသုံးကာ နယ်မြေအား လွှမ်းခြုံကြည့်လိုက်ရာတွင်တော့ ကြက်သွေးရောင်နဂါးသည် နာကျင်စွာတီးတိုးအော်မြည်နေသည်ကို သူခံစားနိုင်လေသည်။

ဤနေရာတွင် ယင်ကိုးပါးဝိညာဉ်များရှိရာနေရာဖြစ်သည်။ ဤနေရာသည် သူ၏ ကြက်သွေးရောင်နဂါးထံမှ လှုပ်ခတ်လှိုင်းများထွက်လာသည့်နေရာလည်း ဖြစ်သည်။

စုမင်က ထိုနယ်မြေအား ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် မြင့်မားသော တောင်ကြီးများထဲက တောင်တစ်လုံးထံသို့ အာရုံစူးစိုက်လိုက်သည်။ ထိုတောင်ကြီး၏ ထိပ်တွင် နန်းတော်တစ်ခုရှိနေပြီး ထိုနန်းတော်သည် သူ့စိတ်ထဲတွင် ခဏတာပေါ်လာခဲ့သော ပုံရိပ်ထဲက နန်းတော်ဖြစ်နေသည်။

စုမင်က လှုပ်ရှားမှုတို့အား မရပ်တန့်သေးပေ။ သူက ထိုတောင်ပေါ်မှနန်းတော်ကို စိုက်ကြည့်ရင်း ထိုနေရာသို့ ဦးတည်ပျံလာခဲ့သည်။ သူ့ကိုယ်တွင် ရွှေအလင်းရောင်တို့ တောက်ပစွာ ထွန်းလင်းလျက်ရှိသည်။

စုမင်နီးကပ်လာသည့် တစ်ခဏတွင်ပင် တောင်ခြေရှိ နန်းတော်ပြင်ပတွင် မလှုပ်မယှက်ရပ်နေသည့် ကျောက်ရုပ်တုများသည် အရည်ပျော်လာသည့်အလား လှည့်ကြည့်လာကြသည်။ ထိုရုပ်တုတို့သည် တစ်ခုပြီးတစ်ခု သက်ဝင်လှုပ်ရှားလာပြီး ပြင်းထန်သော ရှိန်ဝါအားလှိုင်းများ ထုတ်လွှတ်လာကြကာ ကောင်းကင်မှ ကျဆင်းနေသည့်မိုးများကိုပင် ခဏတာအေးခဲသွားစေသည်။ မိုးစက်တို့က အောက်သို့မကျဆင်းနိုင်တော့ဘဲ အဝေးသို့ လွင့်စဉ်သွားကြ‌တော့သည်။ ကောင်းကင်ရှိတိမ်များကလည်း ထိုရှိန်ဝါတို့ဖုံးလွှမ်းခြင်းခံရသည့်အား မှုန်ဝါးလာပြီး ပုံစံပျက်ဟန်ဖြစ်လာကြသည်။

“ဤနေရာသည် ယင်ကိုးပါးဝိညာဉ်များရဲ့ ပိုင်နက်ဖြစ်တယ်။ ကျူးကျော်သူအားလုံး သတ်ခံရမယ်။”

အေးစက်သော အသံတစ်ခုလည်း လေထဲတွင် ပဲ့တင်မြည်ဟိန်းလာပြီး ထိုအသံထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပြင်းစွာပါဝင်နေသည်။ ၎င်းအသံထဲတွင် ကြားရသမျှသက်ရှိအားလုံး စိတ်နှလုံးများ တုန်လှုပ်စေနိုင်သည့် ဥပဒေသတစ်မျိုးပါရှိသည့်အလားပင်။

စုမင်ပတ်လည်တွင် စူးရှသော ရွှေအလင်းရောင်လက်နေဆဲပင် သူ့ကိုယ်ထဲတွင် တဝုန်းဝုန်းမြည်သံများ ပဲ့တင်လာသည်။ ဤကား သူမသေမပျက်လောကထဲမှ ထွက်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ် အစွမ်းများကို အဆုံးထိသုံးစွဲခြင်းဖြစ်သည်။ ရွှေချည်မျှင်လင်းနို့ကို သတ်ဖြတ်ခဲ့ချိန်တွင်ပင် သူက အစွန်းကုန်မသုံးခဲ့ပေ။ သို့သော် ယခုသူ့ကိုယ်တစ်ခုလုံးတွင် ရွှေအလင်းရောင်လင်းလက်နေပြီး တဝုန်းဝုန်းမြည်သံတို့ မြည်ဟိန်းကာ ဆံပင်တို့သည်လည်း ရွှေရောင်ပြောင်းလာဟန်ရှိသည်။

စုမင်၏မျက်နှာပေါ်တွင် နက်မှောင်တောင်အမှတ်အသားထွက်ပေါ်လာပြီး သူ့နောက်တွင် ဖြန့်ထားသည့် အခြေတည်ဝိညာဉ်သည် ဧရာမအရိပ်ကြီးအဖြစ် ပြောင်းလဲလာသည်။ ထိုအရိပ်သည် သူနှင့် ဆင်တူသော်လည်း ပေထောင်ချီမြင့်နေပေသည်။ ၎င်းက သဏ္ဌာန်ဖြစ်တည်လာသည်နှင့် လက်တစ်ဖက်ဖြင့် လက်ဟန်တစ်ခုပြုလိုက်ပြီး စုမင်းနောက်တွင် ထီမထင်ဟန်လျှောက်လာသည်။

ဤကား ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ပြီးနောက် သူ့အခြေတည်ဝိညာဉ်၏ သွင်ပြင်အစစ်ဖြစ်သည်။ ကျီယွင်ဟေးသည် ဤနေရာတွင် မရှိသည်က ဆိုးလှသည်။ မဟုတ်လျှင် စုမင်က အင်မော်တယ်ကျင့်စဉ်များကို ကျင့်သုံးချိန်တွင် လက်ရှိကျင့်ကြံခြင်းစွမ်းအားများထက်ပိုကြီးအား အင်အားတို့ ခေါ်ယူသုံးစွဲနိုင်ဦးမည်ဖြစ်သည်။ သို့ရာတွင် သူ့အခြေတည်ဝိညာဉ်က ဤလောကတွင် ထိုအဆင့်သာ ရှိနေသည့်တိုင် သူ့စွမ်းအား၏ ကြီးမားသော အစိတ်အပိုင်းကို ထုတ်သုံးနိုင်သေးသည်ပင်။

အ‌ဆိပ်အလောင်းကောင်သည်တော့ နောက်ဆုံးတွင် ပါလာသည်။ ၎င်း၏မျက်လုံးများတွင် စူးရှပြင်းထန်သော အလင်းများလက်နေပြီး အသက်ရှူလိုက်တိုင်း အနက်နှင့် အစိမ်းရောင်မြူခိုးတို့က သူ့ကိုယ်အား ဝိုင်းရံလည်ပတ်နေကာ မိစ္ဆာဝိညာဉ်တစ်ကောင်အလား ဖြစ်နေတော့သည်။

စုမင်က ရှေ့သို့ ဆက်ပျံသွားသည်။ ဤနေရာနှင့် တောင်ထိပ်က နန်းတော်ကြားတွင် နန်းတော်ရှစ်ခုရှိနေသည်။ ထိုနန်းတော်တစ်ခုချင်းစီပြင်ပတွင် ကျောက်တုံးရုပ်တုများစွာ စောင့်ကြပ်နေကြပြီး ထိုအချိန်တွင် တောအုပ်၏အပြင်ဘက်ဆုံးရှိ ပထမနန်းတော်၏ ကျောက်ရုပ်တုများအားလုံး နိုးထသက်ဝင်လာကြသည်။

ထိုနေရာတွင် သဏ္ဌာန်မဲ့တားမြစ်မန္တာန်တစ်ခုရှီနေပြီး သူလေဟာနယ်ထိုးဖောက်၍မရနိုင်ပေ။ မန္တာန်က လေဟာနယ်အား တင်းကြပ်စွာဖိနှိပ်ထားသည့်အလားပင်။ သူက အတင်းလေဟာနယ်ထိုးဖောက်လျှင် သူက မလှမ်းမကမ်းတွင် သွေးသားများတစ်စစီဖြစ်လျက် ပြန်ပေါ်လာနိုင်ခြေများနေသည်။

စုမင်၏မျက်နှာတွင်လည်း ထီမထင်ဟန်ဖြစ်နေပြီး မျက်လုံးများတွင်တော့ ပြတ်သားသည့်အရိပ်တို့ လင်းလက်နေသည်။ သူက ရှေ့သို့ပျံတက်လာရင် မျက်စိတမှိတ်အတွင်း လမ်းပိတ်ထားသည့် ပထမဆုံးနန်းတော်သို့ ရောက်ရှိလာခဲ့သည်။ သူချဉ်းကပ်လိုက်သည်နှင့် ပထမနန်းတော်ပြင်ပတွင် စောင့်ကြပ်နေသည့် ကျောက်ရုပ်တုများစွာ နိုးထလာကြပြီးဖြစ်ကာ အားလုံးက စုမင်ထံ အေးစက်စက်ကြည့်လိုက်ကြသည်။ သူရောက်ရှိလာသည်နှင့် ဟိန်းသံများကောင်းကင်သို့ မြည်ဟိန်းလာတော့သည်။

စုမင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ ထိုယင်ကိုးပါးဝိညာဉ်များ သူထံသို့ ချဉ်းကပ်လာသည်နှင့် သူ့ကိုယ်ပေါ်တွင် လျှပ်စီးကြောင်းများစွာ ချက်ချင်းပေါ်လာတော့သည်။ တစ်ချိန်တည်းမှာပင် မိုးများရွာကျနေသည့် ကောင်းကင်တွင် လျှပ်စီးမိုးကြိုးများစွံာ ထွက်ပေါ်လာကြသည်။ စုမင်က ညာလက်ကိုမြှောက်လိုက်ပြီး သူရှေ့တွင် ယမ်းလိုက်ရာ လျှပ်စီးမိုးကြိုးများက အဆက်မပြတ်အောက်သို့ ပစ်ခွင်းလာကြသည်။

အဝေးမှကြည့်လျှင် ပထမနန်းတော်သို့ မိုးကြိုးများရွာကျနေသည့်အလားပင်။ လေထဲတွင် မိုးချိန်းသံများစွာ ဟိန်းထွက်နေပြီး နေဝင်ချိန်ဖြစ်သည့်တိုင် ထိုနေရာတစ်ခုလုံး လင်းလက်လာတော့သည်။

စုမင်က သူ၏ လျှပ်စီးမိုးကြိုးအမွေအနှစ်သလင်းကျောက်ဖြင့် ထိုလျှပ်စီးမိုးကြိုးတို့အား ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။ မိုးကြိုးတို့သည် ထိုနေရာတစ်ခုလုံးဖုံးလွှမ်းနေပြီး ချဉ်းကပ်လာနေသည့် ယင်ကိုးပါးဝိညာဉ်တို့အား ခဏတာအေးခဲသွားစေသည်။ ၎င်းတို့ ထိုသို့အေးခဲရပ်တန့်သွားသည့် တစ်ခဏတွင် စုမင်က ပထမနန်းတော်၏ တံခါးပေါက်သို့ ရောက်ရှိလာခဲ့သည်။ သူဝင်ရောက်ရန်ပြင်လိုက်စဉ်မှာပင် နန်းတော်ထဲမှ ဟိန်းသံတစ်ခုထွက်လာပြီး ပေတစ်ရာခန့်မြင့်သော ကိုယ်ရိပ်ကြီးတစ်ခု အတွင်းမှ ပျံထွက်လာသည်။

ထိုကိုယ်ရိပ်ကြီးက အနီးသို့ရောက်မလာခင်ပင် ပြင်းထန်သောဖိအားကြီးတစ်ခုက စုမင်၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့အပေါ် ဖိကျလာသည်။ သို့သော် သူက ထိုနေရာတွင် တစ်ခဏတွင် တုန့်ဆိုင်းခြင်းမရှိဘဲ ညာလက်သီးကို ဆုပ်လိုက်ပြီး တဟုန်ထိုးဝင်လာနေသည့် ကိုယ်ရိပ်ကြီးထံ ထိုးလွှတ်လိုက်တော့သည်။

ထိုကိုယ်ရိပ်ကြီးကလည်း စုမင်ထံ လက်သီးတစ်ချက်ပြန်လည်ပစ်လွှတ်လိုက်သည်။ ၎င်းတို့၏လက်သီးများ ချက်ချင်းရင်ဆိုင်တွေ့သွားကြသည်။ ၎င်းတို့ထဲတွင် တစ်ဦးက ခန်းမထဲတွင် ရပ်နေပြီး ကျန်တစ်ဦးက ခန်းမပြင်ပတွင် ရပ်နေသည်။ အလယ်တွင်တော့ နန်းတော်တံခါးကြီးရှိနေသည်။

တစ်ဦးက ပေတစ်ရာခန့်မြင့်မားနေပြီး ကျန်တစ်ဦးကတော့နှိုင်းယှဉ်ကြည့်ရာတွင် သေးငယ်နေပုံဖြစ်နေသည်။

တစ်ဦးက ကြမ်းတန်းခက်ထန်နေပြီး တစ်ဦးက အေးစက်စွာရှိနေသည်။

ထိုခဏတွင် အချိန်သည်အေးခဲရပ်တန့်သွားသည့်ဟန်ရှိသည်။ ကောင်းကင်တွင်လျှပ်စီးများလက်သွားပြီး အရာအားလုံးလင်းလက်သွားသည်။ ၎င်းတို့၏လက်သီးများရင်ဆိုင်တွေမိသည့်ခဏတွင် နန်းတော်ထဲရှိ ယင်ကိုးပါးချပ်ဝတ်ထပ်ဝိညာဉ်သည် ပြင်းထန်စွာတုန်ခါသွားပြီး ဝုန်းခနဲမြည်လျက် ချပ်ဝတ်မှာ တစ်စစီပေါက်ကွဲပျက်စီးသွားတော့သည်။ ၎င်း၏ သစ်သားခြောက်ပမာမျက်နှာ ပေါ်ထွက်လာသည်။ ၎င်းက သွေးတစ်ပွက်ကြီးမှုတ်ထုတ်လိုက်ပြီး နောက်သို့ ခြေလှမ်းအချို့ဆုတ်လိုက်ရသည်။

စုမင်းကတော့ နောက်သို့တစ်လှမ်းပင် မရွေ့ချေ။ သူက တစ်ကွက်တည်းဖြင့် ပထမနန်းတော်ကို ထိုးဖောက်ခုန်ထွက်လိုက်ပြီး ဒုတိယနန်းတော်သို့ ပျံဝင်လိုက်သည်။

“ဘယ်သူလဲ။”

ပထမနန်းတော်ထံမှ ထိတ်လန့်နေသည့် ဝိညာဉ်၏အသံက စုမင်နောက်သို့ လိုက်လာသေးသည်။ ၎င်းတို့၏ ရုပ်ပိုင်းကိုယ်အားတို့သည် ယင်ကိုးပါးဝိညာဉ်တို့ အမြဲဂုဏ်ယူစရာဖြစ်နေခဲ့သည်။ ၎င်းတို့၏ ကျင့်ကြံဆင်သည် ရန်သူထံမှ များစွာကွာခြင်းမရှိသည့် အချိန်များတွင်ပင် ၎င်း၏ ကိုယ်အားတို့ကို သုံးကာ ရန်သူတို့ကို ချုပ်ထိန်းဖိနှိပ်နိုင်ခဲ့ကြသည်ပင်။

သို့သော် ယခုဖြစ်ပျက်သွားသည်တို့တွင် ဝိညာဉ်၏စိတ်နှလုံးတွင် ဖော်မပြနိုင်သည့် ထိတ်လန့်မှုတို့ဖြင့် ပြည့်လာတော့သည်။ ထိုလူက နတ်အတတ်သုံးခြင်းမပြုခဲ့ဘဲ သူကဲ့သို့ပင် ရုပ်ပိုင်းကိုယ်အားကိုသာ သုံးခဲ့ကြောင်း သူကောင်းစွာ ခံစားမိသည်။ ဤသို့သော အခြေအနေမျိုးတွင် သူက အရှုံးကြီးရှုံးခဲ့ရပေသည်။

“ငါက စုမင်ပဲ။ မင်းတို့ ယင်ကိုးပါးဝိညာဉ်တွေ ခေါ်ယူသွားတဲ့ ဝိညာဉ်တွေကို ပြန်လာခေါ်လာပဲ။”

စုမင်က ဒုတိယနန်းတော်ထဲသို့ ခြေချလိုက်မိသည်နှင့် ဒုတိယနန်းတော်ပြင်ပရှိ ကျောက်ရုပ်တုများသည် အရည်ပျော်ကာသက်ဝင်လှုပ်ရှားလာသည်။ ၎င်းတို့အားလုံးသည် မျက်နှာထားတို့ နက်မှောင်လျက် စကားပြောခြင်းမပြုဘဲ စုမင်ထံ ပြေးဝင်လာကြသည်။

ဤတစ်ကြိမ်တွင် စုမင်က တိုက်ခိုက်ခြင်းမပြုပေ။ သူ့အဆိပ်အလောင်းကောင်သာ တိုက်ခိုက်လိုက်တော့သည်။ အလောင်းကောင်က ဟိန်းသံတစ်ချက်ပြုလိုက်ရာ အစိမ်းနှင့် အနက်ရောင်အဆိပ်မြူခိုးများ လျင်မြန်စွာပြန့်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည်နယ်မြေတစ်ခုလုံးအား ဖုံးလွှမ်းသွားတော့သည်။ ကြက်သွေးရောင်နဂါးကို သူကယ်တင်လိုလျှင် လျင်မြန်စွာလုပ်ရမည်ဖြစ်ကြောင်း စုမင်သိထားသည်။

သူက အမြန်ဆုံးနှုန်းဖြင့် ကြက်သွေးရောင်နဂါးချုပ်နှောင်ခံထားရည့် နေရာသို့ ထိုးဖောက်ဝင်ရမည်ပင်။

သူကရပ်နားခြင်းမပြုဘဲ ဒုတိယနန်းတော်၏ တံခါးသို့ ရောက်ရှိလာသည်။ သူခြေလှမ်းကာ ဝင်လိုက်သည်နှင့် ဒုတိယနန်းတော်ထဲမှ ဝိညာဉ်ကြီးတစ်ကောင်လျှောက်ကာ ထွက်လာသည်။ ၎င်းသည် လက်ထဲတွင် လှံတံရှည်ကြီးတစ်လက်ကိုင်ဆောင်ထားပြီး အပြင်သို့လျှောက်လာသည်နှင့် ထိုလှံကြီးအား စုမင်၏မျက်နှာသို့ တန်းကာထိုးလွှတ်လိုက်သည်။ ၎င်းက လေကိုတဟူးဟူးခွင်းဖောက်သွားပြီး နားအူးမတတ်ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။

၎င်းသည် ထိုတိုက်ကွက်အား အချိန်များစွာကြာရှည်ပြင်ဆင်ထားခဲ့ပြီး ထိုအချိန်တွင် ထုတ်လွှတ်လိုက်သည့်အလားပင်။

လှံတံက စုမင်အားထိလုအချိန်တွင် သူက ညာလက်ကိုမြှောက်လိုက်သည်။ သူ့လက်ထဲတွင် ဟန်းတောင်တန်းခေါင်းလောင်ဖြစ်တည်လာပြီး သူ့လက်သီးက ခေါင်းလောင်းအသွင်ပြောင်းလဲသွားဟန်ပင်။ ခေါင်းလောင်က လှံတံရှည်ကြီးထံသို့ ချက်ချင်းဝင်ရောက်ရိုက်ခတ်သွားကာ ကောင်းကင်အားလှုပ်ခတ်သော ခေါင်းလောင်းသံကြီးတစ်ခု လောကအနှံ့မြည်ဟိန်းသွားတော့သည်။

လှံတံကိုင် ဝိညာဉ်၏ကိုယ်က ရှေ့သို့ တိုးဝင်လာပြီး သူ့လက်ထဲက လှံတံသည် တစ်လက်မချင်းကြေမွပျက်စီးလာသည်။ ၎င်းက နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရပြီး နှုတ်ခမ်းထောင့်များမှ သွေးများယိုစီးကျတော့သည်။ စုမင်က တုန့်ဆိုင်းခြင်းအလျင်းမရှိဘဲ ထိုနန်းတော်ကို ဖြတ်ကျော်သွားပြီး တတိယနန်းတော်ထံသို့ ပြေးဝင်လိုက်ပြန်သည်။

သို့တိုင်အောင် တတိယနန်းတော်သို့ သူခြေချလိုက်မိသည်နှင့် နန်းတော်ပြင်ပရှိရုပ်တုအားနိုးထနေရုံမက နန်းတော်၏ အစောင့်အရှောက်သည်ပင် လှံရှည်တစ်လက်ကိုင်လျက် လျှောက်ထွက်လာပြီဖြစ်သည်။ ထိုဝိညာဉ်က လှံတံကို မြှောက်လိုက်ရာ ယင်ကိုးပါးဝိညာဉ်အားလုံး လှံတံများမြှောက်လိုက်ကြပြီး တပြိုင်နက်ပစ်လွှတ်လိုက်ကြသည်။ စုမင်ထံသို့ တလှစ်လှစ်လေခွင်းသံများ တိုးဝင်တိုက်ခိုက်လာကြသည်။

စုမင်သည် ယခင်အတိုင်းအေးဆေးလျက်ပင်။ သူထံသို့တိုးဝင်လာနေသည့် လှံတံရှည်များအားလုံးရှေ့တွင် သူက ဘယ်လက်ကိုမြှောက်လိုက်ပြီး သူ့ရှေ့က လေနေရာကိုအသာ ဖိတွန်းလိုက်သည်။

“ငါဘယ်လက်သည် လွန်လေပြီးသည့်အချိန်ကို ကိုယ်စားပြုသည်..သင်တို့၏ကိုယ်ခန္ဓာအားလုံးသည် အချိန်အမှတ်အသားကို ရှာနေသည်အလား…နောက်ဆုတ်ကြ..”

စုမင်က တိုးညင်းစွာ ရေရွတ်လိုက်သည်။

ထိုစကားတို့ဆုံးသွားသည်နှင့် သူက လေကိုတွန်းလိုက်ရာ သူထံသို့ပျံဝင်လာနေသည့် လှံတံများစွာမှာ ရှေ့သို့တိုးလာခြင်းမရှိတော့ဘဲ နောက်ပြန်သွားကြတော့သည်။ တစ်ချိန်တည်းမှာပင် ယင်ကိုးပါးဝိညာဉ်တို့မှာ ရှေ့သို့တက်လှမ်းနိုင်ခြင်းမရှိသေးခင် ၎င်းတို့၏ လှုပ်ရှားမှုအားလုံးပြောင်းပြန်ဖြစ်နေသကဲ့သို့ နောက်တစ်လှမ်းဆုတ်လိုက်ကြမိတော့သည်။

ထိုတစ်လှမ်းဆုတ်လိုက်မိချိန်တွင် ၎င်းတို့၏ထိတ်လန့်မှုတို့သည် ထိုမြင်ကွင်းတွင် ကြောင်အိမ်းနေရသည်အထိပင်။

ထို့နောက် လျှပ်စီးအလား စုမင်က တတိယနန်းတော်အား ခုန်ကျော်လိုက်ပြီး စတုတ္ထနန်းတော်သို့ ပြေးဝင်လိုက်တော့သည်။

ထူးဆန်းစွာပင် စတုတ္ထနန်းတော်ရှိ ယင်ကိုးပါးဝိညာဉ်တို့သည် နိုးထလာခြင်းမရှိကြသေးပေ။ ပေသုံးရာခန့်မြင့်သော ဝိညာဉ်တစ်ဦးတည်းသာ နန်းတော်ရှေ့တွင် စောင့်ကြပ်နေပြီး စုမင်အား စိတ်ရှုပ်ထွေးစွာကြည့်နေတော့သည်။

“မင်းကလည်း ငါ့ကို တားဦးမှာပဲလား။”

စုမင်က တည်ငြိမ်အေးဆေးစွာပြောလိုက်သည်။

All Chapters