← Chapters

ကျီလုံရှန်း

Vol. 36 Ch. 494

ကျီလုံရှန်း

Vol. 36 Ch. 494

စုမင်က အတိတ်နှင့်အနာဂတ်တို့အား ပေါင်းစည်းခြင်းကို တတ်မြောက်ကျွမ်းကျင်လာခဲ့ပြီးနောက် ကံကြမ္မာအား သူ၏လက်ဝါးနှင့်လက်ဖမိုးကြားတွင် ထည့်သွင်းထားနိုင်ခဲ့သည်။

ထိုနည်းစနစ်သည် ထိုနှစ်လအတွင်း သူကိုယ်သူတစ်ကိုယ်တည်းပိတ်လှောင်ကာ သူ၏သန္ဓေဝိညာဉ်အား ပြန်လည်အားဖြည့်ရင်း ရရှိလာနိုင်ခဲ့သော အလင်းပွင့်မှုမှ အချိန်ကိုနောက်ပြန်စီးဆင်းအောင်ပြုလုပ်နိုင်စွမ်းရှိလာသည်။ ၎င်းသည် သူ၏ ကံကြမ္မာနည်းစနစ်ပင်။

ဤကားသူ၏ဖန်တီးမှုပင်ဖြစ်ကာ မာန်စွမ်းအားရှင်ဖျောက်ဖျက်ခြင်းနှင့် ထိုလွန်ကဲမြန်နှုန်းတို့ပြီးလျှင် တတိယဖန်တီးမှုဖြစ်သည့် ကံကြမ္မာအတိတ်နည်းစနစ်ပင်။

ထိုနည်းစနစ်သည် ရိုးရှင်းဟန်ရှိကာ အချိန်လမ်းကြောင်းကို ပြောင်းလဲနိုင်ဟန်ရှိနေသော်လည်း အမှန်တွင် ထိုသို့မဟုတ်ပေ။ စုမင်က ထိုသို့အမှန်လုပ်နိုင်ခြင်းမရှိသေးပေ။ သို့ရာတွင် သူလုပ်နိုင်သည်ကတော့ ထိုစကားလုံးကို သူ့နားလည်မှုတို့အား လေအဖြစ်ထည့်သွင်းလိုက်ပြီး ထိုနားလည်မှုမှတစ်ဆင့် လေ၏မှတ်ဉာဏ်တို့သည် ပြောင်းပြန်သွားနေသကဲ့သို့ ထင်ရအောင်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သူက ကံကြမ္မာအစစ်အဖြစ် ပြောင်းလဲနိုင်လာလျှင် သူက ထိုနည်းစနစ်၏ စွမ်းအားကို အဆုံးထိထုတ်သုံးနိုင်စွမ်းရှိလာပေမည်။ သို့သော်လည်း သူ ယခုအချိန်တွင် ထိုသို့ပြောင်းလဲနိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် သူက ထိုတိုက်ကွက်အား ထုတ်သုံးခဲ့ချိန်တွင် အရာတို့အား တစ်ခဏမျှသာ ပြောင်းပြန်လှုပ်ရှားနိုင်စွမ်းရှိခဲ့သေးခြင်းဖြစ်သည်။

သို့ရာတွင် ထိုတစ်ခဏဖြင့်ပင် ယင်ကိုးပါးဝိညာဉ်များကြား ထိတ်လန့်အံ့သြမှုများ လှုပ်ခတ်နိုင်ရန် လုံလောက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့သော နတ်အတတ်မျိုးသည် လွန်စွာနက်နဲလွန်းသည့်အဆင့်သို့ ရောက်ရှိနေသောကြောင့်ပင်။

ထိုအချိန်တွင် စတုတ္ထနန်းတော်ရှေ့တွင် ရပ်နေသည့် ပေသုံးထောင်ခန့်မြင့်သော ဝိညာဉ်ကြီးသည် ဤသို့ပင် ခစားမိနေသည်။

သူက စုမင်အား ကြည့်ရင်း မျက်နှာတွင် ပေါ်နေသည့် ရှုပ်ထွေးမှုခံစားချက်တို့ကိုပင် ဖုံးကွယ်ရန်မကြိုးစားပေ။ သူနာမည်က ..လီဟော်ပင်ဖြစ်သည်။

စုမင်ကလည်း ရှေ့က ဝိညာဉ်ကြီးအား ကြည့်လိုက်သည်။ ထိုဝိညာဉ်ကြီးတစ်ချိန်က ပြောခဲ့သည့်စကားတို့အား နားထဲတွင် ပြန်လည်ကြားယောင်မိလာသည်။ “ငါနာမည်က လီဟောင်။ ငါတို့မျိုးနွယ်စုနဲ့ ရှာမန်မျိုးနွယ်စုတို့သဘောတူညီချက်အရ မင်းဆီမှာ တာဝန်ထမ်းဆောင်လိုပါတယ်။”

စုမင်၏ မေးခွန်းတွင် လီဟောင်မျကနှာပေါ်က ဝေခွဲမရမှုတို့ပိုမိုကြီးမားလာသည်။ သူက ခေါင်းကိုဖျပ်ခနဲမော့လိုက်ပြီး မျက်လုံးများတွင် ပြတ်သားမှုတို့ ထင်ဟပ်လာသည်။

“ယောက်ျားတစ်ယောက် လုပ်သင့်တာနဲ့ မလုပ်သင့်တာတွေရှိတယ်။ ကိုယ်ရေးကိုယ်တာအကြောင်းတွေကြောင့် မင်းကို မတားပဲ လွှတ်ပေးသင့်တယ်..ဒါပေမဲ့ မျိုးနွယ်ဝင်တစ်ဦးအနေနဲ့ တားမှဖြစ်မယ်။ မင်းက ငါ့ကို အရင်က ကယ်တင်ပေးခဲ့သေးတယ်…ငါ..”

ဝိညာဉ်က ညာလက်ကို ဖျပ်ခနဲမြှောက်လိုက်ပြီး လေသို့ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းလေထဲမှ ဧရာမပုဆိန်ကြီးတစ်လက် ဝုန်းခနဲထွက်လာသည်။ ၎င်းက ထိုပုဆိန်ကို ကိုင်လိုက်ပြီး ချက်ချင်း မြေပေါ် ချထားလိုက်သည်။

မြေပြင်တစ်ခုလုံးလှုပ်ခါသွားပြီး တဝုန်းဝုန်းမြည်လျက် အက်ကြောင်းများ ထလာတော့သည်။

“...ဒီကိစ္စမှာပြစ်မှားမိပါပြီ။”

လီဟောင်က ညာလက်ကို လွှတ်လိုက်သည်။ သူ၏တိုက်ပွဲဝင်ပုဆိန်သည် မြေပြင်တွင် ထောင်လျက်ရှိပြီး သူက ပြန်လှည့်ကာ ညာလက်ကို ရင်ဘတ်သို့ ပြင်းထန်စွာရိုက်ခတ်လိုက်သည်။ သူက နောက်သို့ခြေလှမ်းအချို့ ယိမ်းယိုင်သွားပြီး သွေးများထွေးအန်လိုက်တော့သည်။ သူ့ခေါင်းဆောင်းလည်း အစိတ်စိတ်ကွဲထွက်ကာ သစ်သားခြောက်ကဲ့သို့မျက်နှာပေါ်လာပြီး လမ်းကြောင်းဖွင့်ပေးလိုက်တော့သည်။

“သွားပါ”

လီဟောင်က အံကြိတ်ကာ ဟိန်းလိုက်သည်။

သူ့ပတ်လည်တွင် ယင်ကိုးပါးဝိညာဉ်များ နိုးထလာကြသည်။ ၎င်းတို့အားလုံးက လီဟောင်အား ကြည့်လိုက်ကြပြီး တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေလိုက်ကြသည်။

စုမင်က လီဟောင်ထံသို့ လက်သီးအုပ်ပြလိုက်ပြီး သူ့မျက်နှာတွင် ရှုပ်ထွေးသောဟန်ထင်ဟပ်လာသည်။ သူက တစ်ချက်ခုန်ကာ ပဥ္စမနန်းတော်သို့ ပြေးဝင်ရန်ပြင်လိုက်သည်။ သို့သော် သူခုန်တက်လိုက်သည့်တစ်ခဏတွင်ပင် စတုတ္ထနန်းတော်ရှိ ယင်ကိုးပါးဝိညာဉ်များအားလုံးက ခေါင်းများမော့လိုက်ကြသည်။

“လွှတ်ပေးလိုက်။”

လီဟောင်က ထပ်မံပြောလိုက်သည်။ ထိုလေသံတွင် စုမင်အားနှုတ်ဆက်ဟန်တို့လည်း ရောစွက်ပါဝင်နေသည်။ သူက စုမင်အား အချိန်ခဏသာ သိရှိခဲ့သော်လည်း ထိုသိကျွမ်းမှုခဏတာအချိန်အတွင်းဖြစ်ပျက်ခဲ့သည်တို့သည် လီဟောင်မေ့ပျောက်၍မရနိုင်သည့် ကိစ္စများဖြစ်သည်ပင်။

သူက စုမင်၏နောက်ဆုံး၏ တောင်းဆိုမှုကို မအောင်မြင်နိုင်ခဲ့ဘဲ မန်းကလေးငယ်ကိုသာ ရှာမန်မြို့သို့ ပြန်ပို့ပေးနိုင်ခဲ့သည်။ ကောင်လေးကတော့ လမ်းတွင် မတော်တဆဖြစ်စဉ်တစ်ခု ကြုံတွေ့ခဲ့ရလေသည်။

သူက ထိုကိစ္စကို အမြဲတာဝန်မကင်းဖြစ်နေမည်ပင်။

စုမင်က လခြမ်းကွေးအဖြစ် ပျံထွက်သွားပြီး ပဥ္စမနန်းတော်ထဲသို့ ပြေးဝင်လိုက်သည်။

ပဥ္စမနန်းတော်အိမ်ဝင်းအပေါ်ရှိ လေထဲသို့ သူလှမ်းလိုက်မိသည်နှင့် ပြင်းထန်ဖိနှိပ်သော လေထုကြီးတစ်ခုက သူ့ထံ ရိုက်ခတ်လာသည်။ ထိုအိမ်ဝင်းထဲတွင် ကျောက်ရုပ်တုကြီးကိုးခုရှိနေပြီး အားလုံးသည် တစ်ဦးပြီးတစ်ဦး နိုးထလာနေကြသည်။ ၎င်းဝိညာဉ်တို့သည် စုမင်အား အေးစက်စက်ကြည့်လိုက်ကြချိန်မှာပင် ပဥ္စမနန်းတော်ထဲမှ ခေါင်းဆောင်မပါသည့် ယင်ကိုးပါဝိညာဉ်တစ်ဦး လျှောက်လာထွက်လာသည်။ ၎င်းက သက်လတ်ပိုင်းဟန်ရှိသော လူကြီးတစ်ဦးဖြစ်ပြီး ၎င်း၏ သစ်သားခြောက်ဖြင့် ဖွဲ့စည်းထားသော မျက်နှာတွင် ခံစားချက်အလျင်းကင်းမဲ့နေသည်။

“ရပ်လိုက်။”

သက်လတ်ပိုင်းယင်ကိုးပါးဝိညာဉ်က လေးတွဲတွဲပြောလိုက်သည်။ သူအသံသည် ပုပ်ဆွေးနေသည့်ခံစားချက်တို့ ထုတ်လွှတ်နေသည်။ ထိုအချိန်တွင် ယင်ကိုးပါးဝိညာဉ်များထံမှ ပြင်းထန်သော ရှီန်ဝါများထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့အားလုံးသည် နှောင်းပိုင်းရှာမန်များနှင့် ညီမျှသော စွမ်းအားများပိုင်ဆိုင်သည့် ဝိညာဉ်များဖြစ်ကြသည်။

အထူးသဖြင့် နန်းတော်ထဲမှ လျှောက်ကာထွက်လာသည့် သက်လတ်ပိုင်းဝိညာဉ်ကြီးသည် အစွမ်းကြီးမားနေသည်။ ၎င်း၏ကိုယ်မှထုတ်လွှတ်နေသည့် လှုပ်ခတ်မှုများအရ ၎င်းသည် အဆုံးသတ်ရှာမန်နှင့် ညီမျှသော စွမ်းအားတို့မပိုင်ဆိုင်လျှင်ပင် အထွတ်အထိပ်သို့ရောက်နေသည့် နှောင်းပိုင်းရှာမန်တစ်ဦးနှင့် ညီမျှနေကြောင်း စုမင်သိနိုင်သည်။

ထိုယင်ကိုးပါးဝိညာဉ်တို့သည် စုမင်အား ဤနေရာတွင် လှောင်ပိတ်ကာ အချိန်တို့အတွင်း ဆဌမနန်းတော်သို့ မရောက်ရှိနိုင်အောင် ဟန့်တားရန်လုံလောက်နေပေသည်။

ထိုခြံဝင်းအတွင်းရှိ ယင်ကိုးပါးဝိညာဉ်များအားလုံးအစွမ်းပြည့်ထုတ်လွှတ်ကာ ခေါင်းများ‌မော့လာပြီး လေထဲမှ ချဉ်းကပ်လာသည့် စုမင်ထံသို့ ပျံဝင်ရန်အသင့်ပြင်လိုက်သည့် တစ်ခဏတွင်ပင် စုမင်၏ မျက်လုံးများထဲတွင် အရောင်တစ်ခု လက်သွားပြီး သူပခုံးပေါ်က မြွေငယ်လေးက ခေါင်း‌မော့ကာ စူးရှစွာ အော်မြည်လိုက်တော့သည်။

မြွေငယ်လေးက အော်ဟစ်ရင်း ပျံထွက်လာသည်။ ၎င်းက လေထဲတွင် ကိုယ်တစ်ပတ်လိမ်လိုက်ရာ ကောင်းကင်တွင် မီးတောက်နဂါးအရိပ်ကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

ထိုမီးတောက်နဂါးအရိပ်ကြီးက ဟိန်းအော်လိုက်ပြီး ပါးစပ်ကို ဖွင့်ဟလျက် အောက်မြေပြင်သို့ ခေါင်းကြီးဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် စုမင်က လျှပ်စီးကွေးအဖြစ် ပြောင်းလဲကာ မီးတောက်နဂါးအရိပ်ကြီးအား ထိုးဖောက်ပျံထွက်လာသည်။

မြွေငယ်လေးပြုလုပ်လိုက်သည့် မီးတောက်နဂါးအရိပ်ကြီးသည် အောက်ရှိ နန်းတော်မှ ယင်ကိုးပါးဝိညာဉ်တို့အား ပိတ်ဆို့ကာ စုမင်အား အချိန်ခဏဆွဲပေးလိုက်သည်။ ထိုအချက်ကြောင့် သူက ပဥ္စမနန်းတော်မှ လျင်မြန်စွာ ပျံထွက်လာနိုင်ခဲ့ပြီး ဆဌမနန်းတော်သို့ ချက်ချင်း‌အပြေးသွားနိုင်ခဲ့သည်။

မြွေငယ်လေး၏ မီးတောက်နဂါးအဖြစ်စွမ်းအားသည် အားနည်းသည်မဟုတ်သော်လည်း ၎င်းသည် အရွယ်မရောက်သေးပေ။ ၎င်းက ပဥ္စမနန်းတော်ထဲက ယင်ကိုးပါးဝိညာဉ်တို့အား တစ်ခဏမျှသာ ပိတ်လှောင်နိုင်မည်ဖြစ်ကာ ကြာရှည်လုပ်နိုင်မည်တော့မဟုတ်ပေ။

သူ…အချိန်သိပ်မရှိတော့ကြောင်း စုမင်သိနေသည်။

သူက အရှိန်ပြည့်တင်ကာ ဆဌမနန်းတော်သို့ လှမ်းဝင်လိုက်ပြီး ထိုခဏတွင် နှောင်းပိုင်းအထွတ်အထိပ်ရှာမန်နှင့် ညီမျှသော ရှိန်ဝါခုနစ်ခုက သူ့ထံပျံဝင်လာကြသည်။ စုမင်သည် လေထဲတွင်ဝဲနေဆဲဖြစ်သဖြင့် နောက်ဆုတ်ခြင်း၊ ရှောင်တိမ်းခြင်းတို့ မပြုနိုင်ဖြစ်နေသည်။

ထိုနောက်တစ်ခဏတွင် ရှိန်ဝါခုနစ်ခုသည် သူ့ထံသို့ ရောက်ရှီတော့မည်ဖြစ်သည်။ စုမင်၏ မျက်လုံးများထဲတွင် အရောင်တစ်ခုလက်သွားသည်။ သူကညာလက်ကို မြှောက်လိုက်ပြီး လေသလင်းကျောက်အမွေအနှစ်၏ စွမ်းအားပြည့်သည် သူ့ကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ သူကိုယ်ပတ်လည်တွင် လေပွေတစ်ခုလည်ပတ်လာပြီး ထိုလေပွေသည် လည်ပတ်နေရင်း လေပူလှိုင်းများထွက်လာကာ လေပွေသည် ပူပြင်းသော လေပွေမုန်တိုင်းတစ်ခု အဖြစ်ပြောင်းလဲလာတော့သည်။

ထိုလေတို့ထွက်လာသည်နှင့် စုမင်က ကောင်းကင်အား ညာလက်ဖြင့် ချိန်ရွယ်လိုက်သည်။

“လမြှုပ်နှံခြင်း။”

ထိုစကားလုံးတို့ သူပါးစပ်မှထွက်လာသည်နှင့် ကောင်းကင်တွေလည်း လေပွေမုန်တိုင်းကြီးတစ်ခု ဖြစ်လာသည်။ ထိုလေပွေမုန်တိုင်း၏ အပူချိန်ကတော့ မြေပြင်ရှိ လေပူမုန်တိုင်းမှ ကွဲပြားနေပြီး အေးခဲသော အအေးဓာတ်များပါရှိနေသည်။ ၎င်းတို့အားလုံးသည် ကြာရှည်စွာဖြစ်နေသည်ဟု ထင်ရသော်လည်း တစ်ခဏအတွင်းသာ ဖြစ်နေခြင်းပင်။

အေးခဲလေပွေနှင့် မြေပြင်ရှိ လောင်မြိုက်လေပွေတို့သည် အဆက်မပြတ်မွေ့လည်နေရင်း အချင်းချင်းတိုက်ခတ်သွားကြပြီး မူလဘူတနေမင်းအတတ်ဖြင့် ဆင့်ခေါ်သည့် လေထက်ပင် ပြင်းသော လေပြင်းတစ်ခု ဖြစ်လာသည်။ ထိုလေပြင်းသည် တဟုန်းဟုန်းတိုက်ခတ်နေရင်း အသက်တို့အား မှုတ်ထုတ်ဖျက်စီးနိုင်စွမ်းတို့ ပါရှိနေသည်။ …ဤကား လမြှုပ်နှံခြင်းအတတ်ပင်။

လေခွဲဖြာခြင်းဒုတိယနည်းစနစ် လမြှုပ်နှံခြင်းပင်တည်း။

အသက်တို့အား မြှုပ်နှံရန်တိုက်ခတ်နေသည့် လေပြင်းအောက်တွင် စုမင်းထံသို့ချဉ်းကပ်လာနေသည့် ယင်ကိုးပါးဝိညာဉ်ခုနစ်ဦးသည် အလောင်းများကဲ့သို့ဖြစ်သွားကြသည်။ လေတို့တိုက်ခတ်ခြင်းတွင် ၎င်းတို့၏ကိုယ်များသည် လျင်မြန်စွာခြောက်ကပ်လာပြီး ၎င်းတို့၏ကိုယ်များထဲမှ အသက်စွမ်းအားများစွာ အလျင်အမြန်စီးထွက်ကုန်ကြသည်။ ထိုလေသည် တဟူးဟူးတိုက်ခတ်ရင်း နေရာအနှံသို့တိုက်ခတ်သွားသည်။ စုမင်က လေပြင်းထဲတွင် ရပ်နေရင် သူ၏ဆံပင်တို့လှုပ်ခတ်နေပြီး ဝတ်ရုံသည်လည်း လေတွင် တဖျပ်ဖျပ်လူးလွန့်ကာ သူမျက်လုံးတို့လည်း တစေအလားနက်မှောင်နေတော့သည်။

သို့ရာတွင် ဤနေရာသည် ယင်ကိုးပါးဝိညာဉ်တို့၏ ဆဌမမြောက်နန်းတော်ဖြစ်သည်။ ထိုလေပြင်းဖြစ်ပေါ်လာသည့် တစ်ခဏတွင် ဆဌမနန်းတော်အတွင်းမှ ဝိညာဉ်အိုကြီးတစ်ဦး လျှောက်လာထွက်လာသည်။ ထိုဝိညာဉ်အိုကြီးသည်လည်း စုမင်ရင်းနှီးနေသူတစ်ဦးဖြစ်သည်။

ထိုဝိညာဉ်အိုကြီးသည် ယခင်က စုမင်ငှားရမ်းခဲ့သော အဆုံးသတ်ရှာမန်နှင့် ညီမျှသည့် စွမ်းအားပိုင်ဆိုင်သူဖြစ်သည်။ ၎င်းသည် ကြက်သွေးရောင်နဂါးကို အမျိုးအမည်မသိနည်းလမ်းများဖြင့် ဖမ်းယူသွားပြီး ဤနေရာတွင် ပိတ်လှောင်ထားခံရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

၎င်းသည်လည်း မျက်နှာတွင် ရှုပ်ထွေးသောဟန်မူရာဖြစ်နေသည်။ သို့သော် ဘေးသို့လမ်းဖယ်ပေးသော လီဟောင်နှင့်မတူဘဲ သူကရှေ့သို့တစ်လှမ်းတက်လာသည်။ လေပြင်းတို့တိုက်ခတ်နေရာ သူက ညာလက်ကိုမြှောက်လိုက်ပြီး လေပြင်းထံသို့ ချိန်ရွယ်လိုက်သည်။

ထိုအကွက်သည် ရတနာလောင်ကစားပွဲတွင် ရှာမန်နတ်ဘုရားကျောင်းကို စုမင်းအားကူညီတိုက်ခိုက်ပေးရာတွင် သုံးခဲ့သော အကွက်ပင်ဖြစ်သည်။

“ကျီလုံရှန်း…”

စုမင်က လေပြင်းကြားတွင်ရပ်နေပြီး ဝင်ရောက်လာနေသည့် ထိုဆုံမှတ်တစ်ခုတိုက်ကွက်ကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူထံသို့ မကြာခင်က ချဉ်းကပ်လာနေခဲ့သော ရှိန်ဝါခုနစ်ခုလုံး ထွက်ပေါ်လာကြသည်။ သို့သော် ၎င်းတို့သည် စုမင်ထံသို့ ချဉ်းကပ်နိုင်စွမ်းမရှိကြပေ။ အသက်ကိုမြှုပ်နှံရန် ရည်ရွယ်နေသည့် ထိုလေပြင်းများကြားတွင် ၎င်းတို့ကအစွမ်းကုန်ခုခံနေရသည်။

သာမန်စွမ်းအားရှိသူက ထုတ်သုံးခဲ့လျှင် ဤလေပြင်းသည် ထိုမျှအားပြင်းနေမည်မဟုတ်ပေ။ သို့သော် စုမင်က သူ၏ မာန်စွမ်းအားအရိုးများအားလုံးအစွမ်းကုန်ထုတ်သုံးခဲ့သဖြင့် ထိုလမြှုပ်နှံခြင်းသည် လွန်စွာအစွမ်းထက်သည့် အဆင့်သို့ရောက်ရှိနေပေသည်။

“အရင်ကတော့ ကျုပ်က ခင်ဗျားကို ယှဉ်ပြိုင်ဖို့ စိတ်တောင်မကူးနိုင်ခဲ့သေးဘူး။….အခုတော့ ကျုပ်တို့က ဘယ်လောက်ကွာသေးလဲ စမ်းကြည့်ချင်သေးတယ်။”

စုမင်၏ မျက်လုံးများထဲတွင် အရောင်တစ်ခုလက်သွားပြီး သူက ရှေ့သို့တစ်လှမ်းတက်လိုက်ကာ အသက်မြှုပ်နှံခြင်းလေပြင်းလေပွေထဲမှ ထွက်လာခဲ့သည်။ သူက ညာလက်ကိုမြှောက်လိုက်ပြီး မသေမပျက်လောကထဲတွင် ဆင့်ကဲ့တိုးတက်မှုများစွာ ဖြစ်ခဲ့သော သူဖန်တီးထားသည့် လက်ချောင်းကွက်ဖြင့် သူက ရှေ့သို့ ထိုးချလိုက်ရာ ထိုလက်ချောင်းကွက်သည် လျှပ်စီးကဲ့သို့ ပျံထွက်သွားလေသည်။ ၎င်းးက လေထဲတွင် ယင်ကိုးပါးဝိညာဉ်အိုကြီး၏ လက်ချောင်းတိုက်ကွက်အား ရင်ဆိုင်တိုးဝင်သွားသည်။

ယခင်က စုမင်သည် အားအင်နိမ့်ကျနေခဲ့ပြီး ဝိညာဉ်အိုကြီးအား ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိခဲ့ပေ။

ယခုတော့ သူက ထိုဝိညာဉ်အိုကြီးအား စစ်မှန်စွာရင်ဆိုင်တိုက်ခိုက်နိုင်လာပြီပင်။

‘နှမြောစရာက…အချိန်ကမကိုက်ဘူးဖြစ်နေတယ်။’

စုမင်က ရှေ့သို့ထိုးညွှန်လိုက်သည့် တစ်ချိန်တည်းမှာပင် သူ့ကိုယ်ကလည်း အနည်းငယ်လှုပ်ရှားသွားသည်။ သူက ကျိတ်ကာ သက်ပြင်းချလိုက်ပြီး သူလက်ချောင်းတိုက်ကွက်က ဝိညာဉ်အိုကြီး၏ လက်ချောင်းတိုက်ကွက်ဖြင့် တိုက်ခိုက်မိချိန်တွင် ကောင်းကင်တစ်ခုလုံးလှုပ်ခါသည့် အသံတို့မြည်ဟိန်းသွားသည်။

ထိုပေါက်ကွဲသံများကြားတွင် စုမင်၏နှုတ်ခမ်းထောင့်များမှ သွေးများစီးကျလာသည်။ သူ့ကိုယ်က နောက်သို့ ယိမ်းယိုင်သွားပြီး နေရာပြောင်းလဲထားမှုကြောင့် သူက လာခဲ့သော နေရာသို့ပြန်ကျခြင်းတော့မရှိပေ။ ထိုအစား သူက ဝိညာဉ်အိုကြီး၏ စွမ်းအားကို အငှားယူသုံးလိုက်သည့်အလား သတ္တမမြောက် နန်းတော်ထံသို့ တန်းပြေးဝင်သွားလိုက်သည်။

ယင်ကိုးပါးဝိညာဉ်အိုကြီး၏ ကိုယ်သည် တုန်ခါသွားတော့သည်။ ထိုလက်ချောင်းကွက်တွင် စုမင်က အစွမ်းကုန်မထုတ်ခဲ့သေးကြောင်း သူပြောနိုင်ပေသည်။ စုမင်က သတ္တမနန်းတော်သို့ ပြေးဝင်သွားသည်ကို မြင်လျှင် ၎င်း၏ မျက်လုံးများအရောင်လက်သွားသည်။ သူက လိုက်ရန်ပြင်လိုက်စဉ်မှာပင် စုမင်နောက်တွင် ကပ်ရပ်လိုက်လာဆဲဖြစ်သော စုမင်၏ အခြေတည်ဝိညာဉ်သည် ဖျပ်ခနဲလှည့်ကြည့်လိုက်သည်။

အခြေတည်ဝိညာဉ်က ခေါင်းလှည့်ကြည့်လိုက်သည့်တစ်ချိန်တည်းမှာပင် သူက ညာလက်ကိုမြှောက်လိုက်ပြီး ကောင်းကင်သို့ ဝှေ့ယမ်းလိုက်တော့သည်။ ထိုလက်ယမ်းချက်တွင် သွေးနီရောင်တစ်ခု ပြန့်ထွက်သွားပြီး ကောင်းကင်တစ်ခုလုံးအား သွေးရောင်ခြယ်လိုက်သကဲ့သို့ဖြစ်သွားသည်။

ဤကား ဟောင်လောင်၏ ကျင့်ကြံမှုအတတ်များထဲက တစ်ခုဖြစ်သော ကောင်းကင်ဘုံသန့်စင်ခြင်းအတတ်ပင်ဖြစ်သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်စုမင်အတွက်  ထိုအတတ်တွင် စွမ်းအားများစွာထုတ်သုံးရန် ခက်ခဲနေခဲ့သည်။ သူက အခြေတည်ဝိညာဉ်အတွင်း ရှိသမျှစွမ်းအားအကုန်ထုတ်သုံးလျှင်ပင် ထိုအတတ်၏ တစ်ဝက်မျှသာ ထုတ်သုံးနိုင်ဦးမည်ဖြစ်သည်။ သို့သော်လည်း ထိုတစ်ဝက်ဖြင့်ပင် သုတ်သင်ရှင်းလင်းမှုကြီးတစ်ခု ပြုနိုင်မည်ပင်။

ကောင်းကင်သည် သွေးပင်လယ်ဖြစ်လာသည့်အလား ကြက်သွေးရောင်နီရဲလာသည်။ ပင်လယ်သည် အရပ်ရပ်သို့ ဖြာထွက်လာပြီး စုမင်းနောက်တွင် တံတိုင်းပမာ ပေါ်လာကာ စုမင်နောက်သို့လိုက်ရန်ပြင်နေသည့် ယင်ကိုးပါးဝိညာဉ်အိုကြီးအား ပိတ်ဆို့ထားလိုက်သည်။ သွေးပင်လယ်သည် လှိုင်းများထန်နေပြီး ကောင်းကင်တစ်ခုလုံး ပြိုကျတော့မည့်ပမာ ကောင်းကင်ရှိအနီရောင်အားလုံးသည် စုမင်၏ အခြေတည်ဝိညာဉ်ထဲသို့ ပေါင်းစည်းသွားကြသည်။ ထို့နောက် သူ၏ အခြေတည်ဝိညာဉ်သည် ယင်ကိုးပါးဝိညာဉ်အိုကြီးထံသို့ တိုးဝင်သွားတော့သည်။

စုမင်က နောက်ပြန်လှည့်မကြည့်ပေ။ ထိုဆုံမှတ်တစ်ခုတိုက်ကွက်မှ ငှားယူထားသည့် စွမ်းအားတို့ကို သုံးခြင်းနှင့် အခြေတည်ဝိညာဉ်အတတ်ကိုသုံးကာ ဝိညာဉ်အိုကြီးအား ဟန့်တားခြင်းတို့သည် သူဆဌမနန်းတော်တွင် ပိတ်မိနေခြင်းမရှိရန်အတွက်ဖြစ်သည်။ ထိုအချိန်တွင် သူက ရှေ့သို့ လျှပ်စီးပမာ ပျံထွက်နေရင်း သတ္တမနန်းတော်ခြံဝင်းထဲသို့ ရောက်ရှိလာတော့သည်။

သူ့မျက်နှာသည့် အနည်းငယ်ဖြူရော်နေသည်။ ထိုဝိညာဉ်အိုကြီး၏ လက်ချောင်းတိုက်ကွက်သည် အဆုံးသတ်ရှာမန်တစ်ဦး၏တိုက်ကွက်နှင့် ညီမျှသည်ပင်။ သူ့ရုပ်ပိုင်းကိုယ်က လုံလောက်စွာသန်မာနေပြီး တိုက်ကွက်အားကို ခံနိုင်ရည်ရှိခြင်းကြောင်းသာ မဟုတ်လျှင် စုမင် ပေါက်ကွဲသွားလောက်ပြီဖြစ်သည်။

သို့ရာတွင် နန်းတော်များကို စောင့်ရှောက်နေကြသည့် ယင်ကိုးပါးဝိညာဉ်များသည် အဆင့်အလိုက်ပိုမို အစွမ်းထက်လာကြသည်ပင်။

သူက ပိတ်လှောင်ခံထားရသည့် ကြက်သွေးရောင်နဂါးရှိရာ တောင်ထိပ်သို့မရောက်ခင် နန်းတော်နှစ်ခုကျန်သေးကာ ထိုသတ္တမနှင့် အဌမနန်းတော်တို့နှစ်ခုလုံးသည် လွန်စွာဘေးအန္တရာယ်များနေသေးသည်။

သို့သော်လည်း စုမင်နောင်တရခြင်းမရှိပေ။

All Chapters