← Chapters

အပြင်စည်းဂိုဏ်းရဲ့ နာမည်ကျော်အသစ်

Vol. 4 Ch. 49

အပြင်စည်းဂိုဏ်းရဲ့ နာမည်ကျော်အသစ်

Vol. 4 Ch. 49

" မင်းကို ပြောပြစရာ ဘာအကြောင်းမှ မရှိဘူး"

လီဖူချန်းရဲ့ အရှေ့မှာ ရပ်နေတဲ့ လျိုဇောင်ထန်က သူ့ထက် နည်းနည်းလေး ပိုသန်မာနေတာတော့ ဟုတ်သည်။ ဒါပေမဲ့ ဒီကောင်က လီဖူချန်းအတွက် ကြောက်စရာ မဟုတ်ပေ။ လီဖူချန်းရဲ့ အားသာချက်က အနီးကပ် တိုက်ခိုက်မှုတွေနဲ့ ဓားသိုင်း ဖြစ်သည်လေ။

လီဖူချန်းက ခန္ဓာကိုယ်ကို လေပွေ မွေ့သလို လည်လိုက်ပြီး လျိူဇောင်ထန်ကို ၁၀ချက်တိတိ ဆက်တိုက် ကန်လိုက်သည်။

" သံမဏိ ချပ်ဝတ် တန်ဆာသိုင်း"

လျိုဇောင်ထန် ကလည်း သူ့ရဲ့ ခန္ဓာကိုယ် ကျင့်စဉ်ကို ထုတ်သုံး လိုက်ပြီး လီဖူချန်းရဲ့ ကန်ချက်တွေကို ခုခံလိုက်သည်။ လီဖူချန်းရဲ့ ကန်ချက်တွေက လက်သီးထက်ပိုပြီး ထက်မြက် နေတယ်။ ခြေကန်ချက်တွေက လျိုဇောင်ထန်ရဲ့ အားနည်းတဲ့ နေရာတွေကိုပဲ ဦးတည်နေတာ ဖြစ်သည်။  နောက်ဆုံးမှာတော့ လျိုဇောင်ထန်က ရှောင်လို့ မရတော့သဖြင့် လီဖူချန်းရဲ့ ကန်ချက်ကို လက်နှစ်ဖက်ယှက်ပြီး ခုခံလိုက်ရတယ်။

" ဖုန်း"

ဒါပေမဲ့ လီဖူချန်းရဲ့ ခြေကန်ချက်တွေက မာယာ များလွန်းလှပါတယ်။

ခြေကန်ချက် တစ်ချက်က လမ်းတစ်ဝက်မှာ လမ်းကြောင်း ပြောင်းသွားပြီး လျိုဇောင်ထန်ရဲ့ ခံစစ်ဟန်ချက်ကို ပျက်ပြား သွားစေခဲ့တယ်။

ထို့နောက်မှာတော့ လစ်ဟာနေတဲ့ ညာဘက် ရင်ဘတ်ထဲကို

လီဖူချန်းရဲ့ ကန်ချက်တွေက ဆက်တိုက် ဝင်လာခဲ့တယ်။ လျိုဇောင်ထန် အနောက်ကို လွင့်ထွက်သွားပြီး လည်ချောင်းထဲက ထွက်လာတဲ့ သွေးအရသာကိုတောင် မြည်းစမ်း မိလိုက်တယ်။

" ကြည့်ရတာ မင်းကျင့်စဉ်က  သံမဏိ ချပ်ဝတ်တန်ဆာ ကျင့်စဉ်ပဲ"

လီဖူချန်းက တစ်ဖက်လူရဲ့ ကျင့်စဉ်ကို သိသွားခဲ့ပြီ။

ဒီသံမဏိ ချပ်ဝတ်တန်ဆာ ကျင့်စဉ်က တိုက်ပွဲဝင် ကြေးနီရောင် ခန္ဓာကိုယ်ကျင့်စဉ်နဲ့ နှိုင်းယှဉ်လို့ မရပေမဲ့ ဒါကလည်း ခန္ဓာကိုယ် သန့်စင်စေတဲ့ နည်းစနစ်ပဲလေ။

ဒီကျင့်စဉ်ကို အသုံးပြုလိုက်ရင် ခန္ဓာကိုယ် တစ်ခုလုံးက သံတွေနဲ့ လုပ်ထားသလို မာကျော သွားနိုင်ပါတယ်။

" ဂြိုဟ်ခုနစ်လုံး ဓားသိုင်း"

လျိုဇောင်ထန်က ပါးစပ်ထဲက သွေးတွေကို ထွေးထုတ် လိုက်ပြီး သူရဲ့ ခါးပေါ်က ဓားကို ဆွဲထုတ်လိုက်တာ လီဖူချန်းကို ခုတ်ပိုင်းလိုက်တယ်။ ဓားချက်က ဘယ်လောက်တောင် ပြင်းထန်လဲ ဆိုတာ စကားနဲ့တောင် ဖော်ပြလို့ မရတော့ပါဘူး။

ခရမ်းရောင် စွမ်းအင်တွေက သစ်သားဓား ပတ်ပတ်လည်မှာ ရစ်ပတ်နေပြီး ကြည့်ရတာ အရမ်းကို ကြောက်စရာ ကောင်းနေပါတယ်။

သစ်သားဓား ပေါ်မှာတော့ ခရမ်းရောင် မီးပွားလေး ၆ခုက ပေါ်နေပါတယ်။

" မင်းပြောတော့ ဂြိုဟ်ခုနစ်လုံး ဓားသိုင်းဆို။ အခုတော့ မီးပွားလေး ခြောက်ခုပဲ ပေါ်နေပါလား။ ကြည့်ရတာ မင်းဒီဓားသိုင်းကို ကောင်းကောင်း မကျွမ်းသေးဘူးနဲ့ တူတယ်"

လီဖူချန်းက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ကျောက်စိမ်းနီ ဓားသိုင်းထဲက တတိယအကွက် ဖြစ်တဲ့ ကျောက်စိမ်းနီ မရဏခေါ်သံ ဓားကွက်ကို ထုတ်လိုက်လေသည်။

ဓားချက်ရဲ့ အရှိန်နဲ့အတူ လေဟာနယ် တစ်ခုလုံးက တုန်လှုပ်သွားတယ်။ ပြီးတော့ လီဖူချန်းရဲ့ ကျောက်စိမ်းနီ ဓားသိုင်းက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီးသားလေ။

" ရွှစ်"

လီဖူချန်းရဲ့ ဓားချက်က လျိုဇောင်ထန်ရဲ့ ဓားသိုင်းကို ခုခံနိုင်ရုံမက ဓားဦးက လျိုဇောင်ထန်ရဲ့ ရင်ဘတ်ထဲကိုပါ စိုက်ဝင် သွားခဲ့တယ်။ သွေးစိမ်းရှင်ရှင်တွေက လျိုဇောင်ထန်ရဲ့ ရင်ဘတ်ပေါ်ကနေ စီးကျလာတယ်။

ဓားကို ဆွဲထုတ်လိုက်ပြီး လီဖူချန်းက ဓားပြားဖြင့် လျိုဇောင်ထန် မျက်နှာကို အားကုန် လွှဲရိုက်လိုက်တယ်။ လျိုဇောင်ထန်က ရှောင်တိမ်း ချင်ပေမဲ့လည်း သူ့ခန္ဓာကိုယ်က မလှုပ်ရှား နိုင်တော့ပေ။

" လျိုခိုင် ... မင်းအလှည့် ရောက်ပြီ"

လီဖူချန်းက လျိုခိုင်ကို ဓားနဲ့ ညွှန်လိုက်ပြီး ပြောလိုက်တယ်။

" လီ ... လီဖူချန်း ... ဒီနေရာက မိုးပြာရောင် ဂိုဏ်းကွ။ မင်းစိတ်ကြိုက် လုပ်လို့ရတဲ့ နေရာ မဟုတ်ဘူး"

လျိုခိုင်က ကြောက်ကြောက်လန့်လန့်နဲ့ နောက်ဆုတ်ပြီး ထွက်ပြေးဖို့ ကြိုးစားနေတယ်။ သူ့စိတ်ထဲမှာလည်း ဒီနှစ်လ အတွင်းမှာ လီဖူချန်းတစ်ယောက် ဒီလောက်အထိ တိုးတက် လာရတာလည်း ဆိုတာကို တွေးနေပါတယ်။

သူ့အစ်ကို လျိုဇောင်ထန်က မိုးပြာရောင်ဂိုဏ်းကို လွန်ခဲ့တဲ့ လေးနှစ်ထဲက ဝင်ရောက်ခဲ့တာလေ။ လူသားနယ်ပယ် အဆင့်၉ကိုရောက်နေရုံတင် မကသေးဘူး။

သံမဏိ ချပ်ဝတ်တန်ဆာ ကျင့်စဉ် အဆင့်၇ကို ရောက်နေတဲ့ သူလည်းဖြစ်တယ်။ သာမန်လူသားနယ်ပယ် အဆင့်၉က စစ်သည်တော် တစ်ယောက်ကတောင် သူ့အစ်ကိုရဲ့ လက်သီးတစ်ချက်ကို ခံနိုင်တာ မဟုတ်ဘူးလေ။

" မင်းက အခုတော့ဒါက မိုးပြာရောင်ဂိုဏ်း နယ်နိမိတ်ဆိုတာ သတိရသွားပြီလား။ နှမြောစရာပဲကွာ။ မင်းအသိ နောက်ကျသွားပြီ"

လီဖူချန်းက ဓားပြားဖြင့် လျိုခိုင်ရဲ့ ခေါင်းကို ရိုက်လိုက်သည်။

"ဖောင်း"

လျိုဇောင်ထန်လိုပဲ သူလည်း လေပေါ်ကို မြှောက်တက် သွားတယ်။ ပြန်အကျမှာတော့ သတိမေ့နေပါပြီ။ လီဖူချန်းက ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လိုက်ပြီး ဘေးနားက လူတွေ အားလုံးကို သတိပေးတဲ့ အနေနဲ့ ကြည့်လိုက်တယ်။

ဘယ်သူမှ သူ့ကို စေ့စေ့ ပြန်မကြည့်ရဲပါဘူး။ လူအုပ်ကြီးက အသံတစ်သံတောင် မထွက်ပဲ တိတ်ဆိတ် နေပါတယ်။ လီဖူချန်း ထွက်သွားပြီး နောက်မှာမှ သူတို့လည်း အသက်ကောင်းကောင်း ရှူရဲ ပါတော့တယ်။

"ဒီကလေးက ရိုင်းလှချည်လား ငါတို့လို အကြီးတွေ ရှိနေတာကိုတောင် စိန်ခေါ်တဲ့ အကြည့်နဲ့ ကြည့်သွား သေးတယ်"

" ဟိတ်ကောင် သူခိုးပြေးမှ ထိုးကွင်းထ မနေနဲ့ ။ အစောပိုင်းတုန်းက ဒီလိုဘာလို့ ဝင်မပြောတာလဲ"

" အစောပိုင်းက ငါဝင်ပြောရင် ငါပါမြေကြီးပေါ်မှာ အိပ်နေရမှာ ပေါ့ကွ။ မင်းမတွေ့ဘူးလား ။ ဇူဟွားလောင်နဲ့ လျိုဇောင်ထန်တောင် အခုဘာဖြစ်နေလဲဆိုတာ"

" တော်စမ်းပါကွာ။ လီဖူချန်းက ခွေးရူးလို မဲမဲမြင်ရာ ကိုက်မယ့် ကောင်ကွ။ ဒီကောင့်ကို ရန်သွားမစတာပဲ ကောင်းတယ်။  မင်းဒီကောင့်ကို အပြတ် မရှင်းနိုင်ရင် မင်းကို တစ်ချိန်မှာ ဒီကောင်က ပြန်လာ ဆော်မှာပဲ"

" ဒါတော့ ဟုတ်တယ်ဟေ့။ ဒီလိုကိစ္စမှာ ငါတို့လို သာမန်တပည့်တွေ ဝင်မပါတာပဲ ကောင်းမယ်ဟေ့။ ဒီကောင့်ကို နာမည်ကျော်တွေ ကြည့်လုပ်လိုက်လေ့မယ်။ ပြောသာ ပြောရတာ ဒီကောင်က နာမည်ကျော်တွေကိုပါ ခေါင်းကိုက်အောင် လုပ်မဲ့ကောင်ကွ။ ငါတို့ အပြင်စည်း ဂိုဏ်းမှာတော့ နောက်ဆို ပွဲကြီးပွဲကောင်းတွေ ဆက်တိုက် လာတော့မှာပဲဟေ့”

အစပိုင်းမှာတော့ လီဖူချန်းကို ဘယ်သူမှ အရေးတယူ မရှိခဲ့ပေမဲ့ အခုတော့ အားလုံးရဲ့ အမြင်မှာ လီဖူချန်းက အတောင် ပေါက်လာမဲ့ မြွေလေးတစ်ကောင် ဖြစ်လာခဲ့ပါပြီ။ ဒီမြွေလေးက တစ်ချိန်မှာ ကောင်းကင်တစ်ခွင်ကို အုပ်စိုးမယ့် နဂါးတစ်ကောင် ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါတွေကိုတော့ အချိန်ကပဲ ဆုံးဖြတ် ပေးသွားမှာပါ။

သူတို့ပြောတဲ့ နာမည်ကျော်တွေ ဆိုတာကတော့ အပြင်စည်း ထိပ်ဆုံးတပည့် ၅၀၀  စာရင်းက လူတွေကို ရည်ရွယ်တာပါ။

ဇူဟွားလောင်နဲ့ လျိုဇောင်ထန် နှစ်ယောက်စလုံးက အစွမ်းထက်တာတော့ မှန်ပါတယ်။ သို့သော်လည်း  ထိပ်ဆုံး ၅၀၀  စာရင်းက တပည့်တွေနဲ့ ယှဉ်မယ်ဆိုရင် အတော်လေး လိုအပ် နေပါသေးတယ်။

" သေလိုက်ပါတော့ကွာ"

ဇူဟွားလောင်နဲ့ လျိုဇောင်ထန်က မြေကြီးပေါ်ကနေ ကုန်းရုန်းပြီး ထလာကျတယ်။ သူတို့နှစ်ယောက်စလုံးက လီဖူချန်းနဲ့ ပက်သက်မိတဲ့အတွက် နောင်တ ရနေကျပါပြီ။

ဒီတိုက်ပွဲသတင်းက အပြင်စည်း ဂိုဏ်းတစ်ခုလုံးကို တောမီးလောင်သလို ပျံ့နှံ့သွားတဲ့ အခါမှာတော့ လီဖူချန်းရဲ့ နာမည်က ဂိုဏ်းသားအားလုံးရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေ ပါတယ်။ သူ့ရဲ့ ဂုဏ်သတင်းက ထိပ်ဆုံး၅၀၀ စာရင်းက တပည့်တွေ နားထဲအထိကို ရောက်သွားတဲ့ အထိပါပဲ။

ပထမအဆင့် အပြင်စည်း တပည့်တွေရဲ့ အရှေ့ပိုင်း နယ်မြေမှာတော့ ... ဒီခြံဝင်းလေးကတော့ တခြား နေရာတွေနဲ့မတူပဲ ချယ်ရီပန်းလေးတွေ အများကြီး ဖူးပွင့်နေပြီး အရမ်းကိုလှပနေပါတယ်။

တချို့ ပန်းရောင် ချယ်ရီပန်းလေးတွေက လေအဝှေ့မှာ ချယ်ရီပင်တွေ ပေါ်က ကြွေကျလာပြီး မြေကြီးပေါ်ကို လှပစွာ ဆင်းသက် သွားကျတဲ့ အခိုက်အတန့်လေးတွေ ကလည်း လူကို အရမ်း လွမ်းဆွတ် တမ်းတစေတဲ့ ခံစားချက်တွေ ပေးစွမ်းနေပါတယ်။

ဆန်းသစ်စ လကလေးလို မျက်ခုံးရယ် ... ဆင်စွယ်လို ဖြူဖွေးပြီး

ကျောက်စိမ်းလေးတွေလို ကြည်လဲ့နေတဲ့ အသားအရေနဲ့ မိန်းမချောလေး တစ်ယောက်ကတော့ ခြံဝင်းထဲမှာ ဓားသိုင်း လေ့ကျင့်နေပါတယ်။

သူမရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရတာ ဓားသိုင်း လေ့ကျင့်နေတာနဲ့ မတူပဲ လနတ်သမီး တစ်ပါး လူ့ပြည်ကို အလည်အပတ် ရောက်လာပြီး ကကြိုး အသွယ်သွယ် ကပြနေသည့်အတိုင်း အလွန်ကို မျက်စိပနံ ရလွန်းလှတယ်။

လေအဝှေ့မှာ ကြွေကျလာတဲ့ ချယ်ရီပန်းလေး တွေရယ် သူမရဲ့ ကဗျာဆန်တဲ့ လှုပ်ရှားမှုတွေက သူမရဲ့ ဓားသိုင်းကို အများနဲ့မတူပဲ တစ်မူ ထူးခြားတဲ့ ခံစားမှုရသကို ပေးစွမ်း နေသလိုပင်။

ဒါပေမဲ့ သူမရဲ့ နူးညံ့တဲ့ လှုပ်ရှားမှုတွေ အနောက်မှာ ကြောက်စရာ ကောင်းလွန်းတဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ပါနေတာကိုတော့ ငြင်းဆိုလို့ မရနိုင်ပါဘူး။

" အဆိပ်ပေါ်မှာ ဆမ်းထားတဲ့ ပျားရည်လိုပေါ့"

" ဂိုဏ်းတူအစ်မ ကောင်းရှု ... ဂုဏ်ယူပါတယ်နော်။ နောက်ဆုံးတော့ ပန်းပွင့် ဓားသိုင်းကို အောင်မြင်သွားခဲ့ပြီပဲ"

သိမ်မွေ့ပုံရတဲ့ ကောင်မလေး တစ်ယောက်က ခြံဝင်းထဲကို ဝင်လာပြီး လေးစား အားကျတဲ့ အသံဖြင့် ဂုဏ်ပြုစကား ဆိုလိုက်တယ်။

ဒီပန်းပွင့် ဓားသိုင်းက မိုးပြာရောင် ဂိုဏ်းရဲ့ အဝါရောင် ထိပ်တန်းအဆင့် ဓားသိုင်းတစ်ခု ဖြစ်သည်။ စိတ်တန်ခိုး နယ်ပယ်က ပညာရှင်တွေပဲ ဒီပညာကို လေ့ကျင့်နိုင်တာ ဖြစ်သည်။

ကောင်းရှုကတော့ ဂိုဏ်းတော်ရဲ့ ထောက်ပံ့မှု အပြည့် ရထားတာ ဖြစ်သည့် အတွက် ဒီဓားသိုင်းကို လေ့ကျင့်ခွင့် ရတာဖြစ်သည်။

" ဒါက အကြိုပြီးပြည့်စုံခြင်း အဆင့်ပဲရှိပါသေးတယ်”

ကောင်းရှုက တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။ သူမကို ကြည့်ရတာက တခြား ပါရမီရှင်တွေလို အရမ်းမာန ထောင်လွှားဟန်တော့ မရှိပါဘူး။

လွန်ခဲ့တဲ့ ခြောက်လတုန်းက သူမ မိုးပြာရောင်ဂိုဏ်းကို စရောက် တုန်းကတောင် သူမက ကောင်းကလန်ရဲ့ ရေလဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့် နိုင်ခဲ့ပြီးသား ဖြစ်သည်လေ။

သူမက ဒီပန်းပွင့်ဓားသိုင်းကို လေ့ကျင့်ရဖို့အတွက် ရမှတ် ၁၅၀၀ တောင် ပေးခဲ့ရတာ ဖြစ်သည်။

" ဒီအဆင့်လောက် ကျင့်နိုင်တာကိုက အစ်မတော်က အရမ်းကို တော်လွန်း နေပါပြီ။ ညီမဆို အခုထိ အဝါရောင် အဆင့်မြင့် သိုင်းကျမ်းကိုတောင် ပြည့်စုံခြင်း အဆင့်အထိ မကျင့်နိုင် သေးဘူးလေ”

မိန်းမငယ်လေးက သူမအကြောင်း စဉ်းစားရင်း စိတ်ဓာတ်တောင် ကျသလို ဖြစ်သွားတယ်။

" နေစမ်းပါဦး။ ညည်းက ငါ့ဆီ လာလည်ရုံ သက်သက် ရောက်လာတာလား"

ကောင်းရှုက မေးလိုက်တယ်။ မိန်းမငယ်လေးက ပြန်ဖြေလိုက်တယ်။

"အစ်မတော်ကောင်းရှု ... အခုကျောင်းတော်မှာ နာမည်ကျော်နေတဲ့ လူသစ်တပည့် အကြောင်း ကြားပြီးပြီလား။ သူကဒီကိုရောက်တာ လေးလလောက်ပဲ ရှိသေးတယ်။

ဒါပေမဲ့ ဂိုဏ်းတူအစ်ကို ဇူဟွားလောင်နဲ့ ဂိုဏ်းတူအစ်ကို လျိုဇောင်ထန်တို့ကို အနိုင်ယူလိုက်ပြီးပြီ။ အခုဆိုသူက အပြင်စည်းဂိုဏ်းမှာ နာမည်ကျော်တောင် ဖြစ်နေပြီလေ"

" အိုး ... ဟုတ်လား။ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ"

မိန်းမငယ်လေးက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး

"ညီမကြားတာကတော့ သူ့နာမည်က လီဖူချန်းတဲ့။ သူကလည်း အစ်မတော်လိုပဲ ယုံဝူးမြို့က လာတာတဲ့လေ။ အစ်မတော် သူ့ကို မသိဘူးလား"

" လီဖူချန်းတဲ့လား ..."

ကောင်းရှုရဲ့မျက်နှာပေါ်မှာ အံ့အားသင့်တဲ့အမူအရာ ပေါ်လာတယ်။

" အစ်မတော် ကောင်းရှု ... အစ်မတော်က သူ့ကို သိတယ်ပေါ့လေ”

မိန်းမငယ်လေးက ကောင်းရှုရဲ့ မျက်နှာပေါ်က ဖြစ်သွားတဲ့ အမူအရာကို ကြည့်လိုက်တာနဲ့ ကောင်းရှုနဲ့ လီဖူချန်းသိတယ် ဆိုတာကို သဘောပေါက်သွားတယ်။

ကောင်းရှုက ခေါင်းညိတ်ပြလိုက်တယ်။

" ငါသူ့ကို သိပါတယ်။ ငါနဲ့သူက တစ်ချိန်တုန်းက လက်ထပ်ဖို့ အတွက် စေ့စပ် ထားခဲ့ဖူးတယ်။ ဒါပေမဲ့ ငါမိုးပြာရောင် ဂိုဏ်းကို ဝင်ကတည်းက ငါတို့ စေ့စပ်ထားတာကို ဖျက်သိမ်းပြီး သွားခဲ့ပြီ"

" ဒါဆိုသူက အစ်မတော် ကောင်းရှုရဲ့ သတို့သားလောင်းပေါ့။ ဒါကြောင့်သူက ဒီလောက် တော်နေတာကိုး"

မိန်းမငယ်လေးက အကြောင်းစုံကို သိပြီးတဲ့နောက်မှာ အံ့သြသွားတယ်။ ကောင်းရှုက ခေါင်းခါလိုက်ပြီး

" သူက အရင်တုန်းက ဒီလောက် မတော်ဘူး ထင်တာပဲ"

လီဖူချန်းက အရင်တုန်းကတည်းက တော်တာ မှန်ပေမဲ့ ဒီလောက်အထိ ထူးချွန်တဲ့သူ မဟုတ်ဘူးလေ။ လီဖူချန်းက သာမန်လူထက် နည်းနည်း ပိုတော်ရုံလောက်ပဲ ရှိတာ။ လီဖူချန်းရဲ့ အကြောင်းကို ကြားပြီးတဲ့နောက် ကောင်းရှုရဲ့ နှလုံးသားက နည်းနည်း လှုပ်ရှားသွားသလို ဖြစ်ပေမဲ့ မကြာခင်မှာပဲ အဲဒီ ခံစားချက်က ပြန်ပျောက် သွားပါတယ်။

သူမက ဓားတာအို လမ်းကြောင်းကိုပဲ အဆုံးထိ လျှောက်လမ်းချင်တဲ့ သူတစ်ယောက်ပါ။ လီဖူချန်းရဲ့ ပါရမီက သူမထက် သာစရာ အကြောင်းလည်း မရှိဘူးလေ။

ဒါကြောင့် ဒီကိစ္စက သူမအတွက်တော့ သာမန်သတင်း တစ်ပုဒ်လိုပါပဲ။

" မင်းငါ့ဆီကို လာပြီး အကူအညီ မတောင်းဖို့ ငါမျှော်လင့်ပါတယ်"

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှန်းတုကျူးနဲ့ ကောင်းဖန်က သူမဆီလာပြီး  အကူအညီတွေ လာတောင်းပါတယ်။ တကယ်လို့ လီဖူချန်းကလည်း သူတို့လို လုပ်ခဲ့မယ် ဆိုရင်

သူမက လီဖူချန်းကို အထင်သေးမိမှာပါ။

***

All Chapters