အစိမ်းရောင်စိတ်ဝိညာဉ်
Vol. 4 Ch. 50
လီဖူချန်း တစ်ယောက်ကတော့ အေးအေးချမ်းချမ်းနဲ့ မိုးပြာရောင် ရေကန်မှာ ငါးမျှားနေပါတယ်။ ဒီတစ်ခါတော့ သူ့ကို အရင်လို နှောင့်ယှက်မယ့် သူတွေ မရှိတော့ပါဘူး။
လီဖူချန်းရဲ့ စိတ်ဝိညာဉ်က အခုဆိုရင် အစိမ်းရောင် ဘက်ကို ၉၀ ရာခိုင်နှုန်းလောက် အထိ ပြောင်းနေပြီ ဖြစ်သည်။ နောက်ထပ် အနည်းငယ် ဆိုရင် အစိမ်းရောင် လုံးလုံးကို ဖြစ်တော့မှာပါ။
သူ့ရဲ့ အစိမ်းရောင် စိတ်ဝိညာဉ် ပြောင်းလဲ လာတာနဲ့အမျှ လီဖူချန်းရဲ့ အသိစိတ် အာရုံကလည်း ပိုပိုပြီး အားကောင်းလာပါပြီ။
အရင်တုန်းက သူက ငါးမျှားချိတ်ကို အသိစိတ် အာရုံပို့ပြီး ၅မိနစ်လောက်သာ ငါးဖမ်းနိုင်ပေမဲ့ အခုတော့ ၈မိနစ် နီးပါးလောက် အထိကို လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
***
နေ့လယ် ရောက်တဲ့ အချိန်မှာတော့ လီဖူချန်းက ခါတိုင်းလိုပဲ ကြက်သွေးရောင်မီး ကျင့်စဉ်ကို စတင် လေ့ကျင့် ပါတော့တယ်။
ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်၄ ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် လီဖူချန်းက ဒီကျင့်စဉ်ကို လေ့ကျင့်လိုက်တိုင်းမှာ သူ့ခန္ဓာကိုယ် အတွင်းပိုင်းမှာ မီးစိတ်ဆန္ဒ တစ်ခုက ထွက်ပေါ်လာပြီး သွေးကြောတွေကို သန့်စင် ပေးနေတာကို ခံစားနေရတယ်။
ဒီကြက်သွေးရောင် မီးကျင့်စဉ်ကို အဆင့်၉ အထိသာ လေ့ကျင့်ပြီးလို့ ကတော့ ဘယ်လောက်အထိ အကျိုးကျေးဇူး ရမလဲဆိုတာသူ မမှန်းဆ နိုင်တော့ပါဘူး။
ဒီမိုးပြာရောင် ရေကန်ကို ပထမဆုံး ရောက်တဲ့နေ့မှာပဲ လီဖူချန်းက ၁၀ ကီလိုကျော်တဲ့ သာမန် ရတနာငါး တစ်ကောင်ကို ဖမ်းမိခဲ့တယ်။
ဒုတိယနေ့မှာလည်း၂၀ကီလိုကျော်တဲ့ သာမန် ရတနာငါးတစ်ကောင်ကို ထပ်ဖမ်းမိပြန်တယ်။
တတိယနေ့ကို အရောက်မှာတော့ ၁၀ကီလိုကျော်တဲ့ ပထမတန်းစား ငါးတစ်ကောင်ကို မိရုံသာမက ကြက်သွေးရောင် မီးကျင့်စဉ်ရဲ့ အဆင့်၅ကိုပါ တက်လှမ်း နိုင်ခဲ့ပါတယ်။
ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်၅ ရဲ့ မီးအသိဆန္ဒက ပိုပြီး အားကောင်း လာပါတယ်။ ကျောက်စီမ်းနီ ကျင့်စဉ် အဆင့်၇ ရဲ့ မီးစွမ်းအားလောက် မသန့်စင်သေးပေမဲ့ သိပ်အကွာကြီး တော့လည်း မဟုတ်ပါဘူး။
" ငါထင်သားပဲ။ ဒီကြက်သွေးရောင် မီးကျင့်စဉ်က ဂိုဏ်းတော်က ပေးတဲ့ ဝင်ခွင့် ကျင့်စဉ်တွေထဲက အကောင်းဆုံး ဖြစ်မယ် ဆိုတာ"
လီဖူချန်းက လေထဲကို လက်သီးတစ်ချက် လှမ်းထိုး လိုက်လေသည်။ အပူလှိုင်းကြီး တစ်ခုက လေထုကို ဖြတ်သန်းသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို အိုက်စပ်စပ် ဖြစ်သွားစေသည်။
အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်သွားတာနဲ့အမျှ လီဖူချန်း ဖမ်းမိတဲ့ ငါးတွေကလည်း များသထက် များလာပေသည်။ ၁၀ ရက်မြောက်နေ့ မှာတော့ လီဖူချန်းက ၅ကီလိုရှိတဲ့ ဒုတိယတန်းစား ရတနာငါး တစ်ကောင်ကို ဖမ်းမိပါတယ်။ ၂၂ ရက်မြောက်နေ့မှာတော့ လီဖူချန်းက နောက်ထပ် ဒုတိယတန်းစား ရတနာငါး တစ်ကောင်ကို ထပ်မိပြန်တယ်။
ရက် ၃၀ ပြည့်မှာတော့ လီဖူချန်းက ၁၀၀ ကီလိုကျော်တဲ့ သာမန်ရတနာငါးကြီး တစ်ကောင်ကို ဖမ်းမိတယ်။ ဒီငါးကြီးရဲ့ ရုန်းအားက အရမ်းကောင်းတာ ဖြစ်တဲ့အတွက် လီဖူချန်း ကိုယ်တိုင် ကန်ထဲဆင်းပြီး ဖမ်းခဲ့ရတာ ဖြစ်သည်။ ၃၁ ရက်မြောက်နေ့ မှာတော့ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
လီဖူချန်းရဲ့ စိတ်ဝိညာဉ်က လုံးဝကို အစိမ်းရောင် ဖြစ်သွားခဲ့ပါပြီ။ ဒီလိုဖြစ်ဖို့ကို နှစ်ဝက်လောက် နီးပါးကြာခဲ့ပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်က အစိမ်းရောင် ဖြစ်သွားတာနဲ့ လီဖူချန်းရဲ့ ကျင့်ကြံနှုန်းတွေကလည်း ပိုမိုပြီး မြန်ဆန်လာပါပြီ။ လီဖူချန်း လေ့ကျင့်ခဲ့တဲ့ သိုင်းတွေကလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ အဆင့်တွေကို ရောက်ကုန်ပါတယ်။
အစွန်းရောက်ဓားသိုင်း - တစ်ဖက်ကမ်းခတ်အဆင့်
ကျားစွယ်ဓားသိုင်း - တစ်ဖက်ကမ်းခတ်အဆင့်
ကျောက်ခွဲလက်ဝါး- တစ်ဖက်ကမ်းခတ်အဆင့်
လေပြေဓားသိုင်း- တစ်ဖက်ကမ်းခတ်အဆင့်
ခြောက်ထောင့်ချိုးဓားသိုင်း - တစ်ဖက်ကမ်းခတ်အဆင့်
တောင်ဖြိုလက်ဝါး - တစ်ဖက်ကမ်းခတ်အဆင့်
ကျောက်စိမ်းနီဓားသိုင်း - အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့် စသည်ဖြင့် သိုင်းပညာ အမျိုးမျိုးမှာ အဆင့်တက် သွားခဲ့တယ်။
" ဖတ် ဖတ်"
သူ့ရဲ့ စိတ်စွမ်းအင် ပင်လယ်ထဲမှာတော့ အစိမ်းရောင် အလင်းတန်းတွေနဲ့ စိတ်ဝိညာဉ်က လီဖူချန်းရဲ့ စိတ်ခံစားချက်တွေနဲ့ ခန္ဓာကိုယ်ကို ငြိမ်းချမ်းမှုတွေ ပေးစွမ်းနေတယ်။
ထို့နောက်မှာတော့ လီဖူချန်းရဲ့ ကျောက်စိမ်းနီ ကျင့်စဉ်က အဆင့်၇ ကနေ အဆင့်၇ အထွတ်အထိပ်ထိ ရောက်သွားတာကို ခံစားလိုက်ရတယ်။
နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ အသိစိတ်ထဲမှာ မီးလျှံတိမ်တိုက် တစ်ခု ဖြစ်ပေါ် လာပါတယ်။ လီဖူချန်းက ဒီဟာက ဘယ်နေရာမှာ အသုံးဝင်လဲ ဆိုတာကိုတော့ မသိပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ဒါက မကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။
***
တစ်ညလုံး မအိပ်ပဲ လေ့ကျင့်နေရင်းနဲ့ တစ်မိုးသောက်ခဲ့ ပြန်ပါပြီ။ လီဖူချန်းက ပြူတင်းပေါက်နားမှာ နေရောင်ခြည်ကို ခံရင်းနဲ့ ကြက်သွေးရောင် မီးကျင့်စဉ်ကို လေ့ကျင့် လိုက်တယ်။ အရင်တုန်းက ကျင့်ရင်း နာကျင်မှု အရမ်းပေးတဲ့ ကြက်သွေးရောင် မီးကျင့်စဉ်က ဒီနေ့တော့ ချောချောမွေ့မွေ့ပါပဲ။
အတွင်းအားတွေကို သွေးကြောတွေထဲ အစီအစဉ်တကျ ၃၆ခါ ပတ်ပြီးတဲ့ အခါမှာတော့ ကြက်သွေးရောင် မီးကျင့်စဉ်ကလည်း အဆင့်၆ ကိုရောက်သွားပါတော့တယ်။ ကြက်သွေးရောင် မီးကျင့်စဉ်ရဲ့ အဆင့်၆ က မီးစွမ်းအားကတော့ ကျောက်စိမ်းနီ ကျင့်စဉ် အဆင့်၇ အထွတ်အထိပ်က မီးစွမ်းအားက ဘယ်နေရာမှာမှ မနိမ့်ကျပါဘူး။
နောက်ထပ် နှစ်ပတ် အကြာမှာတော့ လီဖူချန်းက ကြက်သွေးရောင် မီးကျင့်စဉ်ရဲ့ အဆင့်၇ ကို သာသာယာယာပဲ ရောက်သွားပြန်တယ်။ တစ်လကြာပြီး နောက်မှာတော့ သူက အဆင့်၈ကို ထပ်ရောက် သွားပြန်တယ်။
လီဖူချန်းရဲ့ အသိစိတ်ထဲမှာ ရွှေရောင်လက်ဖွဲ့ အဆောင် ရောက်လာကတည်းက အရာအားလုံးက အဆင်ပြေ ချောမွေ့လွန်း နေပါတယ်။
ဒီလိုနဲ့ပဲ ဆောင်းရာသီကို ရောက်လာခဲ့ပါပြီ။ မိုးပြာရောင် ဂိုဏ်းတစ်ဝိုက်မှာတော့ နှင်းပွင့်လေးတွေက ကောင်းကင်ကနေ ကျဆင်းနေတယ်။ ကြက်သွေးရောင် အဆင့်၈ အစွမ်းတွေကို ထုတ်သုံးထားတဲ့ လီဖူချန်းရဲ့ ကိုယ်ပေါ်မှာတော့ မမြင်ရတဲ့ အပူလွှာ တစ်ထပ်က လွှမ်းခြုံ ပေးထား နေပါတယ်။
လီဖူချန်း မတ်တတ် ရပ်နေတဲ့ တစ်မီတာ ပတ်ဝန်းကျင်မှာတော့ နှင်းပွင့်တွေ အားလုံးက အရည်ပျော်ပြီး အငွေ့အဖြစ်တောင် ပြန်ပြောင်း နေပါပြီ။
သူ့ရဲ့ ညာဘက်လက်ကို ဆုပ်လိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ လက်သီး ပတ်ပတ်လည်မှာ မီးလျှံတွေ တောက်လောင် နေပါတယ်။
ဒါက စိတ်တန်ခိုး စွမ်းအင် ပုံဖော်ခြင်းပါပဲ။ ကြက်သွေးရောင် မီးကျင့်စဉ်ရဲ့ အဆင့်၈ ကိုရောက်နေပြီ ဖြစ်တဲ့အတွက်လီဖူချန်းက ဒီစွမ်းအင်ကို ကောင်းကောင်းကြီး အသုံးချတတ် နေပါပြီ။ ဒါတောင်သူက လူသားနယ်ပယ် အဆင့်၇ ပဲ ရှိပါသေးတယ်။
သူ့ရဲ့စိတ်တန်ခိုးမီးလျှံတွေက လူသားနယ်ပယ် အဆင့်၉ မှာ ရောက်နေတဲ့ ဇူဟွားလောင် လျိုဇောင်ထန်တို့နဲ့ တစ်တန်းစားထဲပါပဲ။
" ယား"
လီဖူချန်းက သူရဲ့အားတွေကို လက်သီးထဲ ပို့လိုက်ပြီး လေထုထဲကို အားရပါးရ ထိုးချလိုက်သည်။ အနီရောင် မီးလုံးကြီး တစ်လုံးက လက်သီးဆီကနေ ထွက်ပေါ်လာပြီး သူသွားရာ လမ်းကြာင်း တစ်လျှောက်က နှင်းထုတွေကို အရည်ပျော်ကျ သွားစေတယ်။
ပြီးတော့ နှင်းပွင့်လေးတွေ လုံးဝမရှိတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။
"ရွှေရောင်လက်ဖွဲ့ အဆောင်လေး ... မင်းရဲ့ မူရင်းဇာတိက ဘယ်ကများလဲကွာ"
ကြက်သွေးရောင် မီးကျင့်စဉ် စွမ်းအားတွေကို ပြန်သိမ်းလိုက်ပြီး နောက်မှာတော့ လီဖူချန်းက သူ့စိတ်အာရုံကို အသိစိတ် စွမ်းအင် ပင်လယ်ထဲကို ပို့လွှတ်လိုက်တယ်။
စွမ်းအင် ပင်လယ်ထဲမှာတော့ အစိမ်းရောင် အလင်းတွေ ဖြာထွက်နေတဲ့ အလုံးတစ်လုံးရယ် ၊ ရွှေရောင် အလင်းတွေ ဖြာထွက်နေတဲ့ အဆောင် လက်ဖွဲ့ တစ်ခုက ရှိနေတယ်လေ။
ဒီရွှေရောင် အဆောင်လက်ဖွဲ့လေးက တကယ်ကို လျို့ဝှက် ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက် လွန်းနေတယ်။
သူသေချာ အာရုံစိုက်လိုက်တဲ့ အခါမှာတော့ ရွှေရောင် လက်ဖွဲ့ဆီက အပြာရောင် အလင်းမှိန်မှိန်လေး တစ်ခုက သူ့ရဲ့ မူလစိတ် ဝိညာဉ်ဆီကို ဆက်သွယ်နေတာကို တွေ့လိုက်ရတယ်။
သူ့ရဲ့ မူလစိတ်ဝိညာဉ်ဖြစ်တဲ့ အစိမ်းရောင် အလုံးလေးရဲ့ ဗဟိုတည့်တည့်မှာတော့ အပြာရောင် အလင်းတန်းလေး တစ်ခု စတင် ထွက်ပေါ်နေတာကိုလည်း လီဖူချန်းက သတိပြုလိုက် မိပါတယ်။
" ကြည့်ရတာ ငါ့စိတ်ဝိညာဉ်က နောက်တစ်ဆင့် ပြောင်းရင် အပြာနုရောင် ဖြစ်မယ်နဲ့ တူတယ်”
လီဖူချန်းက သူ့စိတ်ဝိညာဉ်ဆီကနေ လေနုအေးလေးတွေ တိုက်ခတ် လာတာကိုတောင် ခံစားမိနေ ပါတယ်။
ဒီဆင့်ကဲ ပြောင်းလဲမှုတွေက သူ့ရဲ့ လေ့ကျင့်နှုန်းတွေကို ပြောင်းလဲ ပေးနိုင်တယ် ဆိုတာကို အရင် အတွေ့အကြုံတွေ အရ လီဖူချန်းက သိပြီးပါပြီ။ ဒီအစိမ်းရောင် စိတ်ဝိညာဉ်က အပြာနုရောင်ကို အရင်ပြောင်းသွားမယ်။ ပြီးတာနဲ့ တစ်ခုလုံး အပြာရောင် စစ်စစ်ကို ထပ်ပြောင်း သွားဦးမှာလေ။
စိတ်ဝိညာဉ်က အပြာရောင်ဖြစ်ပြီး သွားရင်ကော ဆက်ပြီး ပြောင်းလဲ နေဦးမှာလား ဆိုတာကိုလဲ လီဖူချန်းက သိချင်နေမိတယ်။ အဲအချိန် ရောက်ရင် သူ့ရဲ့ စိတ်အာရုံ နယ်ပယ်နဲ့ သိုင်းပညာ အပေါ် ထိုးထွင်းသိမြင် နိုင်မှုတွေက ဘယ်လောက်အထိ ရောက်သွားမလဲ ဆိုတာကိုတောင် လီဖူချန်း တစ်ယောက် မခန့်မှန်းရဲတော့ပါဘူး။
ကြယ်ခြောက်ပွင့် အဆင့်ရှိတဲ့ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင် သူ့ကို ယှဉ်နိုင်ပါ့မလား ဆိုတာကိုတောင် သံသယ ဝင်မိလာတယ်။
"ဟူး ..."
လီဖူချန်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး အသိစိတ် စွမ်းအင် ပင်လယ်ထဲကနေ ပြန်ထွက် လာခဲ့တယ်။
" ဒီရွှေရောင် အဆောင်လက်ဖွဲ့ ရှိတယ် ဆိုပြီး ငါ့ရဲ့ ဝီရိယတွေကိုတော့ လျော့ချလိုက်လို့ မဖြစ်ဘူး။ ဒီအဆောင် လက်ဖွဲ့က ငါ့ကို ကျင့်ကြံရာမှာ ကူညီတယ် ဆိုပေမဲ့ ငါကိုယ်တိုင် မကြိုးစားရင်တော့ ငါ့ထက်သာတဲ့ သူတွေ ပေါ်လာမှာပဲ"
နှင်းတွေက တဖြည်းဖြည်း ပိုမို ဆိုးရွားစွာ ကျဆင်းလာတယ်။ ဒါပေမဲ့ မိုးပြာရောင် ရေကန်ကတော့ လုံးဝ အေးခဲသွားမယ့်ပုံ မရှိပါဘူး။
ဒီကတပည့်တွေ ပြောသံ ကြားရတာတော့ မိုးပြာရောင် ရေကန်က ဘယ်တော့မှ အေးခဲသွားလေ့ မရှိပါဘူးတဲ့။ အလွန် ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေ တိုက်ရင်တောင် ဒီရေကန်က မအေးခဲသွားပါဘူး။
ငါးမျှားတံကို ကိုင်ထားရင်းနဲ့ လီဖူချန်းက ငါးမျှားတဲ့ အလုပ်မှာ ဈာန်ဝင်သွားခဲ့ပါပြီ။ သူရဲ့ စိတ်ဝိညာဉ်က အစိမ်းရောင်လုံးလုံး ပြောင်းသွားကတည်း လီဖူချန်းက သူ့အသိစိတ် အာရုံကို ၁၅ မိနစ်အထိ သုံးနိုင်လာပြီ ဖြစ်သည်။
အခုဆိုရင် လီဖူချန်းက အရင်လို သူ့ငါးမျှားချိတ် နားကပ်လာတဲ့ ငါးမှန်သမျှကို မဖမ်းတော့ပဲ သေသေချာချာ စိစစ်ပြီးမှ ဖမ်းတာပါ။ ပြီးတော့ သူ့အသိစိတ် အာရုံနယ်ပယ်ကိုလည်း ၁၅ မီတာလောက်အထိ ဖြန့်ကျက် နိုင်နေပါပြီ။
အသိစိတ်အာရုံကို ဖြန့်ကျက်ပြီး နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ ပစ်မှတ်ကို တွေ့လိုက်ပါပြီ။ အဲဒါက ကီလို၅၀ လောက်ရှိတဲ့ ပထမတန်းစား ရတနာငါးကြီး ဖြစ်ပါတယ်။ ငါးဖမ်းတာ ဝါရင့်လာပြီ ဖြစ်တဲ့အတွက် လီဖူချန်းက ငါးတစ်ကောင်ကို မြင်လိုက်တာနဲ့ အလေးချိန်နဲ့ ရုန်းအားကို ချက်ချင်း တွက်ချက်နိုင်ပါပြီ။
ဒီ၅၀ ကီလိုဂရမ်ရှိတဲ့ ပထမတန်းစား ငါးရဲ့ ရုန်းအားက ၂၀၀၀ ကီလိုဂရမ်အားထက် လုံးဝ မလျော့နိုင်ပါဘူး။ အရင်တုန်းက လီဖူချန်းသာ ဆိုရင် ဒီငါးကို ဘယ်လိုမှ ဖမ်းနိုင်မှာ မဟုတ်ပါဘူး။
***