ငါ့ကို စိတ်ဝင်စားနေတာလား
Vol. 68 Ch. 937
" အဲဒီ ကလေးမလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာလို့ အမှောင်ပညာရပ် အငွေ့အသက်တွေ ရှိနေရတာလဲ... " ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ စစ်မြေပြင်ကြီးထဲမှ ထွက်ခွာလာပြီဖြစ်သည်။ သူ ထိုသို့ ထွက်ခွာလာသည်နှင့် ထို မိန်းမငယ်လေး၏ ပုံရိပ်များမှာ သူ၏ အတွေးထဲ၌ ပေါ်ပေါက်လာပြီး သူသည်လည်း သံသယစိတ်များကြီးထွားလာ၏။ သို့သော် သူသည် တစ်အောင်ခန့်အကြာတွင် ထို အကြောင်းများအားလုံးကို မေ့ပျောက်ထားလိုက်တော့သည်။
သူသည် ထိုကိစ္စနှင့် ပတ်သတ်၍ စဉ်းစားနေရန် အချိန်မရှိကြောင်း သိထားပေသည်။ သူ၏နောက်တွင် ဖီးနစ်ငှက်ကိုးကောင်ဂိုဏ်းမှ ပါရမီရှင်ဖြစ်သည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေး လိုက်လာသည်မဟုတ်ပါလော။ သူမသည် ခန္ဓာကိုယ်ထဲမှ အရောင် ခုနစ်ရောင်ရှိသော အလင်းရောင်များကို ထုတ်လွှတ်နေပြီး အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် ကောင်းကင်ယံထဲ၌ သက်တံ့တစ်ခုကဲ့သို့ ဖြစ်နေ၏။
သူမသည် သူ၏နောက်သို့ လိုက်လာရင်း သူမ၏ ခါးကို လှုပ်ယမ်းနေသဖြင့် ကြည်လင်ပြတ်သားသည့် ခေါင်းလောင်းသံတစ်သံမှာ အဆက်မပြတ် ထွက်ပေါ်လာနေသည်။ ၎င်းမှာ ဘေးပတ်ပတ်လည်၌ ပဲ့တင်ထပ်နေပြီး တုန်ခါမှုလှိုင်းများကို ဖန်တီးပေးနေ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက သူမသည် ထိုတုန်ခါမှု လှိုင်းများပေါ်တွင် ဟန်အမူအရာ ကြော့မော့စွာ လမ်းလျှောက်နေသည့်အလားပင်။ သို့သော် သူမ၏ အမြန်နှုန်းမှာလည်း အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေ၏။
လေထဲတွင် တလူလူလွင့်နေသည့် သူမ၏ ခုနစ်ရောင်ခြယ် ဂါဝန်နှင့် သူမ၏ ချောမောလှပသော ရုပ်ရည်တို့ကြောင့် အခြားသူများမှာ သူမအား လူသားကမ္ဘာထဲသို့ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးဟု အထင်မှားသွားနိုင်ပေသည်။
" သူက ငါ့ကို စိတ်ဝင်စားနေတာလားဟ " ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရပြီဖြစ်သည်။ သူသည် ခေါင်းလောင်းနှင့် မိန်းမပျိုလေး သူ၏နောက်မှ လိုက်လာပြီး သူနှင့်အတူ စစ်မြေပြင်ထဲမှ ထွက်ခွာလာခဲ့သည်ကို သတိထားမိပြီးသားဖြစ်သည်။ သူမ၏ ခေါင်းလောင်းသံများမှာ တဖြည်းဖြည်းနှင့် ပို၍ကျယ်လောင်လာသောကြောင့် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ကြံရာမရတော့ဘဲ သူ၏ ညာဘက်လက်ကို မြှောက်ကာ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်တော့သည်။ ထို့နောက် သူသည် ၎င်းအား သူ၏နောက်မှ လိုက်လာသည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးဆီသို့ လှမ်းပစ်ပေးလိုက်ပြီးနောက် အော်ပြောလိုက်၏။
" ငါနောက်ကို လိုက်မလာနဲ့တော့။ ဒါ ငါ့ရဲ့ လက်ဆောင်ပစ္စည်းပဲ။ ဒီ အရည်အချင်းစမ်းသပ်ပွဲပြီးရင် နင် ငါ့ကို လက်ထပ်ခွင့်တောင်းရင် တောင်းနိုင်တယ် "
သူ၏နောက်မှ လိုက်လာသည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ ပြုံးမိသွား၏။
" ငါက နင့်ကို လက်ထပ်ခွင့်တောင်းရမယ် ဟုတ်လား " သူမ၏ စကားသံမှာ ချိုသာမှုအပြည့် ရှိပါသော်လည်း သူမ၏ မျက်ဝန်းများမှာမူ အေးစက်စွာတောက်ပသွားဆဲပင်။ သူမသည် ဝမ်ပေါင်လဲ့အား အမှန်တကယ် စိတ်ဝင်စားနေသောကြောင့် သူ၏နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်ပေသည်။ သို့သော် ထို စိတ်ဝင်စားမှုမှာ မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်ယောက်ကြားမှ စိတ်ဝင်စားမှုမျိုး မဟုတ်ပေ။ သူမသည် ဤ အခွင့်အရေးအား အမိအရ အသုံးချကာ သူမ၏ ပြိုင်ဘက်အား ဖမ်းချုပ်ပြီး သူ့အား သူမ၏ တာအိုအစေခံအဖြစ် ပြောင်းလဲ၍ ရနိုင်မရနိုင် သိချင်နေခြင်း ဖြစ်သည်။ သူ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ဖူးသည့် အချက်မှာ လုံးဝ အဓိပ္ပာယ်မရှိပေ။ ထူးဆန်းအံ့ဖွယ် အကြောင်းရင်း တစ်ခုခုကြောင့်သာ ထိုကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်မည်ဟု သူမက မှတ်ယူထားသည်။ သို့ဖြစ်ရာ ထိုအချက်ပေါ် မူတည်၍ သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားကို ဆုံးဖြတ်၍ မဖြစ်ပေ။
သူမ သိထားသလောက်ဆိုလျှင် သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအား အပြစ်လုပ်ခဲ့ပြီးမှ ဝင်ခွင့်နေရာ တစ်နေရာအား ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူသည် တမူထူးခြားသည့် နောက်ခံအင်အားများကိုလည်း ပိုင်ဆိုင်ထားခြင်းမရှိပေ။ သို့သော် သူ သူမ၏ တာအိုအစေခံ ဖြစ်သွားသည်နှင့် လွတ်လပ်မှုများအားလုံး ဆုံးရှုံးလိုက်ရမည် ဖြစ်သည့်တိုင်အောင် အခြားအကျိုးကျေးဇူးအမြောက်အမြား ပြန်လည်ရရှိသွားမည်သာဖြစ်သည်။
ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ ထို့နောက် သူမသည် သူမ၏ ညာဘက်လက်ကိုမြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူမ၏ ပတ်ပတ်လည်တွင် ရှိနေသည့် အသံလှိုင်းများမှာ တွန့်လိမ်ပုံပျက်သွားကြပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့ သူမဆီသို့ လှမ်းပစ်လိုက်သည့် ကျောက်စိမ်းပေလွှာဆီသို့ ဦးတည်သွားကြခြင်း ဖြစ်သည်။ ၎င်းတို့ ထိပ်တိုက်ဆုံတွေသွားကြချိန်တွင် ကျောက်စိမ်းပေလွှာမှာ တစ်စစီ ကြေမွှပျက်စီးသွား၏။
ထို ကျောက်စိမ်းပေလွှာ ကြေမွပျက်စီးသွားသည်နှင့် ၎င်းထဲမှ အနက်ရောင်မြူခိုးများ ထိုးထွက်လာ၏။ ထို့နောက် ၎င်းမှာ လက်သီးတစ်လုံးအဖြစ် စုစည်းသွားပြီး ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား လှမ်း၍ ထိုးနှက်လိုက်တော့သည်။
အပေါ်ယံတွင် ထို ကျောက်စိမ်းပေလွှာမှာ တမူထူးခြားနေခြင်း မရှိပါသော်လည်း ၎င်းထဲတွင် ဝမ်ပေါင်လဲ့၏ အသက်စွမ်းအားအချို့ ကိန်းအောင်းနေ၏။ ထို့ကြောင့်လည်း သူသည် သူ၏ပြိုင်ဘက် ထို ကျောက်စိမ်းပေလွှာအား ခြေမွှပစ်ချင်စိတ်များ ပေါက်လာစေရန် ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးများကို ဆိုခဲ့ခြင်း ဖြစ်သည်။ ထို ကျောက်စိမ်းပေလွှာ ကြေမွှသွားသည်နှင့် သူသည် သူမအား တားဆီးနိုင်မည့် အခွင့်အရေးတစ်ခုကို ဖန်တီးလိုက်မည်ဖြစ်သည်။
အကယ်၍ သူမဘက်မှ ထို ကျောက်စိမ်းပေလွှာအား လျစ်လျူရှုလိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့အတွက် ပို၍ပင်ကောင်းပေသည်။
သို့သော် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ဖီးနစ်ငှက်ကိုးကောင်ဂိုဏ်း၏ ပါရမီရှင် ဖြစ်သောကြောင့် ဉာဏ်ပညာမြင့်မားပေသည်။ သူမသည် ထို ကျောက်စိမ်းပေလွှာအား တစ်ချက်ကြည့်လိုက်ရုံနှင့် ၎င်းမှာ ထူးဆန်းနေသည်ဖြစ်ကြောင်း ရိပ်မိလိုက်၏။ ယခုတွင် ထို ကျောက်စိမ်းပေလွှာမှာ တစ်စစီ ကြေမွပျက်စီးသွားပြီးနောက် ၎င်းထဲတွင် ကိန်းအောင်းနေသည့် အနက်ရောင်ချီများမှာ လက်သီးတစ်လုံးအသွင် ပြောင်းလဲသွားပြီး သူမအား လှမ်း၍ ထိုးနှက်လိုက်ပြီဖြစ်သည်။ သို့သော် ၎င်းမှာ သူမအား မထိုးမိဘဲ သူမ၏ ခန္ဓာကိုယ်အား ကျော်ဖြတ်သွား၏။
၎င်းမှာ သူမအား ထိခိုက်ဒဏ်ရာရသွားအောင် မလုပ်နိုင်ခဲ့ပေ။ သို့ဖြစ်ရာ သူမ၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင် တစ်ခုကဲ့သို့ပင်။ တစ်အောင်ခန့်အကြာတွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ဝမ်ပေါင်လဲ့၏ ညာဘက်၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။
" ဒါ နင့်ရဲ့ အစွမ်းကုန်ပဲလား " ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ထိုသို့မေးလိုက်ပြီးနောက် သူမ၏ ညာဘက်လက်ကို ထပ်မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်ပြန်သည်။ ထိုအခါ သူမ၏ ပတ်ပတ်လည်တွင် ရှိနေသည့် အသံလှိုင်းများမှာ ပေါက်ကွဲသွားကြ၏။ ၎င်းတို့မှာ မျက်လုံးဖြင့်မမြင်နိုင်သည့် အမျှင်အတန်းများကဲ့သို့ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ရစ်ပတ်နေကြပြီ ဖြစ်သည်။
ထို အသံလှိုင်းများမှာ အသွားထက် ဓားများကဲ့သို့ပင်။ ၎င်းတို့ လေထုကြီးအား ထိုးခွင်းသွားချိန်တွင် တရွှီးရွှီးမြည်သံများ ထွက်ပေါ်လာ၏။ တစ်ဖက်တွင် ၎င်းတို့မှာ အလွန်အင်မတန်မှ မြန်ဆန်နေသလို အခြားတစ်ဖက်တွင် လေထုကြီးမှာ အပိုင်းပိုင်း ဖြတ််ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။
အကယ်၍ သာမန် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ထိုကဲ့သို့သော တိုက်ကွက်မျိုးနှင့် ရင်ဆိုင်လိုက်ရမည်ဆိုပါက ချက်ချင်း သေဆုံးသွားမည်သာ ဖြစ်သည်။ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထို တိုက်ကွက်အား ခုခံတွန်းလှန်နိုင်ရန် သူ၏ ဂြိုဟ်ထဲမှ စွမ်းအားများကို ထုတ်သုံးလိုက်ရမည်ဖြစ်သည်။ ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်မှာ တမူထူးခြားနေသလို သူမ၏ ခါးတွင် ချိတ်ဆွဲထားသော ခေါင်လောင်လေးမှာလည်း ထိပ်သီးအဆင့်ရတနာတစ်ခု ဖြစ်နေ၏။
" နှယ်နှယ်ရရတော့ မဟုတ်ဘူးပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရ၏။ သူ၏ ပြိုင်ဘက် သူ၏ အကြံအစည်အား ရိပ်မိသွားခြင်းမှာ ရေးကြီးခွင်ကျယ် မဟုတ်ပါသော်လည်း သူမသည် ချက်ချင်းဆိုသလိုပင် ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည် မဟုတ်ပါလော။ သူသည် အသံလှိုင်း အမျှင်အတန်းများကြောင့် အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသလို ခံစားလိုက်ရ၏။ တစ်ချိန်ထဲမှာပင် သူမ၏ ကျင့်ကြံခြင်းစွမ်းအား အငွေ့အသက်များကြောင့် ဝမ်ပေါင်လဲ့မှာ သူမသည် သာမန် ပြိုင်ဘက်တစ်ယောက် မဟုတ်ကြောင်း နားလည်သွားသည်။ သို့ဖြစ်ရာ သူမအား အချိန်တိုလေးအတွင်း အနိုင်ယူနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
အပြန်အလှန် အသေအကျေ တိုက်ခိုက်မှသာလျှင် သူတို့၏ တိုက်ပွဲကြီးမှာ အဖြေပေါ်မည်ဖြစ်သည်။ သို့သော် ထိုသို့ တိုက်ခိုက်ရခြင်းမှာ သူ့အတွက် အကျိုးမရှိပေ။
" သူ ငါနဲ့ အသေအကျေ တိုက်ခိုက်ရလောက်တဲ့အထိ စိတ်မပါလောက်ဘူးလို့ ယူဆလိုက်ရမလား " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်ပါသော်လည်း ထိုအတွေးအား ချက်ချင်းမေ့ပျောက်ထားလိုက်၏။ သူသည် ပိုကောင်းသည့် အကြံအစည်တစ်ခုကို စဉ်းစားမိသွားခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီး အသံလှိုင်းများ အရပ်မျက်နှာအနှံ့မှနေ၍ သူ့ဆီသို့ ဦးတည်လာနေသည်ကို စိုက်ကြည့်နေလိုက်သည်။ သို့သော် ထိုအသံလှိုင်းများ သူ၏အနီးသို့ ရောက်လာသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ အသံအကျယ်ကြီးမြည်အောင် ပေါက်ကွဲသွားပြီး အနက်ရောင် မီးခိုးလုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားတော့သည်။
ထို အသံလှိုင်း အမျှင်အတန်းများမှာ အရပ်မျက်နှာအနှံ့မှ ဝန်းရံထားပါသော်လည်း ၎င်းတို့မှာ အပေါက်လုံးဝမကျန်အောင် ပိတ်ဆို့ထားနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မြူခိုးများအဖြစ် ပြောင်းလဲသွားလိုက်ပြီး ထို အသံလှိုင်း အမျှင်အတန်းများ သူ၏ အနီးသို့ရောက်လာသည်နှင့် ထို အပေါက်များထဲမှ အပြင်ဘက်သို့ ထိုးထွက်သွားလိုက်၏။ သူသည် အဝေးသို့ ထွက်ပြေးသွားခြင်းမဟုတ်ဘဲ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ လမ်းခုလတ်တွင် ရုပ်လုံးပြန်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ပေါ်ပေါက်လာပြီဖြစ်သလို နတ်ဆိုးမျက်လုံးကြီးမှာလည်း သူ၏နောက်တွင် ထွက်ပေါ်လာပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဆွေ့ရှင်းပေါင်ပညာရပ်ဖြင့် လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တော့သည်။
ဆွေ့ရှင်းပေါင်ပညာရပ်မှာ ကျင့်ကြံခြင်းစွမ်းအားများကို အားဖြည့်ပေးနိုင်စွမ်း မရှိပါသော်လည်း လူတစ်ယောက်၏ ကျင့်ကြံစွမ်းအားများ အားလုံးကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ပေးရာ၌ အလွန်အင်မတန်မှ အသုံးဝင်၏။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ ကြယ်တာရာယွမ်ယင်ဝိညာဉ်၏ စွမ်းအားများကိုလည်း ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလော။ ယခုတွင် သူသည် ပုံရိပ်ယောင်ဂြိုဟ်ပေါ်တွင် ရှိနေသည်ဖြစ်ရာ သူ၏ ဆွေ့ရှင်းပေါင်ပညာရပ်မှာ ဂြိုဟ်များကိုပင် ဖောက်ခွဲပစ်နိုင်စွမ်းရှိလောက်အောင် အားပြင်းနေပြီဖြစ်သည်။ ထို့ကြောင့် ထို ပညာရပ် ထွက်ပေါ်လာသည်နှင့် အာကာသတွင်းနက်ကြီးတစ်ခုနှင့် တူသည့် ဝဲကြီးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ ဟင်းလင်းပြင်ကြီးအား တစ်စစီ ဆုတ်ဖြဲကာ အရာအားလုံးကို အဝေးသို့ တွန်းထုတ်ရင်း အနက်ရောင် ဘောလုံးကြီးတစ်လုံးကဲ့သို့ ခေါင်းလောင်းနှင့် မိန်းမပျိုလေးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
" အကြမ်းစား နတ်ဘုရားစွမ်းရည်တစ်ခုပဲ။ အားပြင်းတာ မှန်ပေမဲ့ မယ်မယ်ရရ တာအိုစိတ်ဆန္ဒ နည်းနည်းပါးပါးလေးတောင် မပါဘူး " ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ထိုသို့ရေရွတ်ကာ မျက်လုံးများ မှေးသွားပြီး ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များဖော်၍ ရှေ့သို့ လက်ညှိုးထိုးလိုက်သည်။ ထိုအခါ သူမ၏ အထက်တွင် ရှိနေသည့် ကောင်းကင်ယံကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားပြီး ပရမ်းပတာ ဖြစ်လာတော့သည်။ ထို့နောက် ဖီးနစ်ငှက်တစ်ကောင်၏ အော်သံတစ်သံအား ခပ်သဲ့သဲ့ ကြားလိုက်ရ၏။ သို့ဖြစ်ရာ ဧရာမ ဖီးနစ်ငှက်ကြီးတစ်ကောင်မှာ ဟင်းလင်းပြင်ကြီးထဲ၌ ပုန်းကွယ်နေသကဲ့သို့ပင်။
တစ်အောင့်ခန့် အကြာတွင် ဖီးနစ်ငှက်လက်သည်း ပုံရိပ်ယောင်ကြီးတစ်ခု ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာပြီး အောက်သို့ ကျဆင်းလာ၏။ ၎င်းမှာ တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်းတွင် ပေထောင်ပေါင်းများစွာ ရှည်လျားသွားသည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ရှိရာသို့ ဦးတည်လာပြီး သူ၏ ဆွေ့ရှင်းပေါင်ပညာရပ် လက်သီးချက်ကြီးအား ဝင်တိုက်သွားတော့သည်။
ထိုအခါ လေထဲတွင် အုန်းခနဲ မြည်သံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ ဆွေ့ရှင်းပေါင်ပညာရပ်ကြောင့် ပေါ်ပေါက်လာသည့် အာကာသတွင်းနက်ကြီးမှာ ပျက်စီးပျောက်ကွယ်သွားပြီး ဖီးနစ်ငှက်လက်သည်းကြီးမှာလည်း အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။ သို့သော် ခဏအကြာတွင် ဖီးနစ်ငှက်အော်သံတစ်သံ ထပ်၍ ထွက်ပေါ်လာပြီး ဒုတိယမြောက် ဖီးနစ်ငှက်လက်သည်းကြီးမှာ မိုးကောင်းကင်ပေါ်မှ ကျဆင်းလာပြန်သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မျက်လုံးများ မှေးသွား၏။ သူသည် ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့သဖြင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်သည်။ တစ်ချိန်ထဲမှာပင် သူသည် နောက်ထပ် ကျောက်စိမ်းပေလွှာတစ်ခုအား ထုတ်ယူလိုက်ပြီး ခေါင်းလောင်းနှင့် မိန်းမပျိုလေးဆီသို့ လှမ်းပစ်ပေးလိုက်ပြန်သည်။
" လက်ဆောင်တစ်ခုနဲ့ မလောက်သေးလို့လား။ ထားပါတော့လေ။ ငါကိုက တော်လွန်းနေတာကို။ နင် ငါ့ကို အခုထိ မယုံသေးမှတော့ နောက်ထပ်တစ်ခု ထပ်ပေးရတာပေါ့။ သေချာမှတ်ထား။ ဒီ ကျောက်စိမ်းပေလွှာကို ယူသွား။ အရည်အချင်းစမ်းသပ်ပွဲပြီးရင် ငါ့ကို လက်ထပ်ခွင့်လာတောင်းလှည့် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ချောင်းဟန့်ကာ ကျောက်စိမ်းပေလွှာတစ်ခုအား လှမ်းပစ်ပေးလိုက်ပြီး ပို၍ပင် မြန်ဆန်သည့် အမြန်နှုန်းမျိုးဖြင့် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားတော့သည်။
" နင် တော်တော် စကားတတ်နေတယ်ပေါ့ " ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာမူ မျက်ဝန်းများထဲ၌ စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာပါသော်လည်း တစ်ချိန်ထဲမှာပင် သတိကြီးကြီး ထားမိလိုက်၏။ မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့ ထုတ်သုံးခဲ့သည့် နတ်ဘုရားစွမ်းရည်မှာ အပေါစားဆန်သည့်ပုံ ပေါ်ပါသော်လည်း သူမသည် ၎င်း၏ ပြင်းအားများကို လျှော့မတွက်နိုင်ခဲ့ပေ။ ယခုတွင် သူမသည် ဝမ်ပေါင်လဲ့ လှမ်းပစ်ပေးလိုက်သည့် ကျောက်စိမ်းပေလွှာအား လျစ်လျူရှုလိုက်ပြီးနောက် ကောင်းကင်ပေါ်မှနေ၍ ကျဆင်းလာသည့် ဖီးနစ်ငှက်လက်သည်းပေါ်သို့ ချက်ချင်း တက်သွားလိုက်ပြီး ဝမ်ပေါင်လဲ့၏နောက်သို့ ထပ်လိုက်သွားပြန်သည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ စိန်ပြေးတမ်း ကစားနေသကဲ့သို့ ဖြစ်နေတော့သည်။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ နတ်ဘုရားစွမ်းရည် အမြောက်အမြားကို ပိုင်ဆိုင်ထား၏။ သူမသည် နတ်ဖီးနစ်ငှက် နှစ်ကောင်အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့သေးသည်။ ဝမ်ပေါင်လဲ့မှာမူ သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကိုသာ အားကိုး၍ သူမ၏ နတ်ဘုရားစွမ်းရည်များကို ရှောင်တိမ်းကာ သူတို့နှစ်ယောက်၏ ကြားမှ အကွာအဝေးကို များသည်ထက်များလာအောင်သာ လုပ်နေ၏။
သို့သော်.... သူသည် ထို မိန်းမပျိုလေး၏ ခါးတွင် ချိတ်ဆွဲထားသော ခေါင်းလောင်းကြောင့် ခေါင်းခဲနေရ၏။ ထို ခေါင်းလောင်း အဆက်မပြတ် တုန်ရီနေရာမှ ထွက်ပေါ်လာသည့် အသံလှိုင်းများမှာ ဝမ်ပေါင်လဲ့အား အနှောင့်အယှက်ပေးနေသောကြောင့် သူ၏ အမြန်နှုန်းမှာလည်း တဖြည်းဖြည်းနှင့် လျော့ကျလာရ၏။ သို့ဖြစ်ရာ သူသည် နွံအိုင်တစ်အိုင်ထဲ၌ နစ်ကာ အသံလှိုင်းများ၏ ဝန်းရံခြင်းကို ခံထားရသကဲ့သို့ ခံစားနေရတော့သည်။
ထို့ကြောင့် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်ဆုံးသွားပြီးနောက် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ဝမ်ပေါင်လဲ့အား လိုက်မီသွားတော့မည့်ပုံ ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာမူ အပေါ်ယံတွင် စိုးရိမ်သောကရောက်နေသည့်ပုံ ပေါ်ပါသော်လည်း စိတ်ထဲတွင်မူ အေးစက်စက် လေသံဖြင့် ရယ်မောနေ၏။ ထို့နောက် သူသည် အချိန်ကျပြီဖြစ်ကြောင်း ဆုံးဖြတ်ကာ ချက်ချင်း ခေါင်းမော့လာပြီး ညာဘက်လက်ကို မြှောက်၍ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည့် အော်လံကြီးတစ်လုံးကို ထုတ်ယူလိုက်တော့သည်။
" ငါ့ဆီမှာလည်း အသံလှိုင်း ဓမ္မရတနာတစ်ခု ရှိတယ်ကွ " ဝမ်ပေါင်လဲ့မှာ သူ ပြန်လည်ပြုပြင်ထားသည့် အော်လံကြီးအား သူ၏ရှေ့တွင်ထား၍ အစွမ်းကုန်ထုတ်ကာ အသံကုန် အော်ဟစ်လိုက်တော့သည်။