ပွင့်ပွင့်လင်းလင်းပြော
Vol. 68 Ch. 938
ထိုအော်သံကြီးမှာ အစကတည်းက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေခဲ့၏။ သို့ဖြစ်ရာ အော်လံကြီး၏ အသံချဲ့ခြင်းကို ခံလိုက်ရသောအခါ ထွက်ပေါ်လာသည့် အသံလှိုင်းများမှာ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အားကောင်းလာတော့သည်။ အော်လံကြီးမှာမူ ထို အသံလှိုင်းများအား တောင့်ခံနိုင်စွမ်း မရှိသဖြင့် တစ်လက်မချင်းစီ စတင် ကြေမွပျက်စီးလာ၏။
ထို အော်လံကြီး ကြေမွပျက်စီးသွားသည့်တိုင်အောင် အသံလှိုင်းများမှာ ရှေ့သို့ ပျံ့နှံ့သွားဆဲပင်။ ထို့ကြောင့် ၎င်းတို့မှာ အားကောင်းသော လေပြင်းမုန်တိုင်းကြီးတစ်ခုကဲ့သို့ ခေါင်းလောင်းနှင့် မိန်းမပျိုလေးဆီသို့ တိုက်ခတ်သွားတော့သည်။ ထို လေပြင်းမုန်တိုင်းကြီးမှာ ခေါင်းလောင်းထဲမှ ထွက်ပေါ်လာသည့် အသံလှိုင်းများနှင့် ရိုက်ခတ်မိသွားကြသောအခါ ထို အသံလှိုင်းများမှာ သစ်ကိုင်းခြောက်များ ကျိုးသွားသကဲ့သို့ တစ်စစီ ဖြစ်သွားကြ၏။ ထို့နောက် ၎င်းမှာ ရှေ့တွင်ပိတ်နေသည့် ဖီးနစ်ငှက်လက်သည်းကြီးအား အဝေးသို့ တွန်းထုတ်ပစ်လိုက်ပြီး ခေါင်းလောင်းနှင့် မိန်းမပျိုလေးဆီသို့ ဆက်လက်ဦးတည်သွားတော့သည်။
ထိုအခါ ထို ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူမသည် ထို အသံလှိုင်းပညာရပ်အား ကြိမ်ဖန်များစွာ အသုံးပြုဖူးပါသော်လည်း ထိုကဲ့သို့သော ပညာရပ်မျိုးနှင့် ပြန်လည်ရင်ဆိုင်လိုက်ရချိန်တွင် တုန်လှုပ်ချောက်ချားသွားရဆဲပင်။ အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့၏ အော်လံထဲမှ ထွက်ပေါ်လာသော အသံလှိုင်းများမှာ အလွန်အင်မတန်မှ အားကောင်းလွန်းနေသောကြောင့် ဖြစ်ပေသည်။ ထို အသံလှိုင်းများကြောင့် ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးပင်လျှင် တွန့်လိမ်ပုံပျက်လာရပြီဖြစ်သည်။ သို့သော် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ လေပြင်းမုန်တိုင်းကြီးနှင့်တူသည့် ထို အသံလှိုင်းများထဲတွင် မြူခိုးများဖြင့် ဖန်တီးထားသော လက်ချောင်းတစ်ချောင်း ရှိနေသေးသည်။
၎င်းမှာ ဝမ်ပေါင်လဲ့ သူ၏ နတ်ဘုရားစွမ်းရည်များအား ပြန်လည်စိစစ်နေခဲ့စဉ်တုန်းက ရှာတွေ့ခဲ့သည့် အစွမ်းထက်ဆုံးသော တာအိုပညာရပ်ဖြစ်သည့် ကောင်းကင်တာအိုကျောင်း၏ တိမ်လွှာလက်ချောင်းပညာရပ် ဖြစ်ပေသည်။
ပို၍ တိတိကျကျ ဆိုရမည်ဆိုပါက ခေါင်းလောင်းနှင့် မိန်းမပျိုလေး မျက်နှာအမူအရာ ပြောင်းလဲသွားရခြင်းမှာ ထို လက်ချောင်းကြောင့် ဖြစ်ပေသည်။ သူမသည် ထို တိုက်ကွက်နှင့် ဝမ်ပေါင်လဲ့ မကြာသေးမီတုန်းက ထုတ်သုံးခဲ့သည့် နတ်ဘုရားစွမ်းရည်၏ ကြားမှ ခြားနားချက်ကို ချက်ချင်းသတိထားမိသွားသည်။
" ဒီ လက်ချောင်းထဲမှာ တာအိုစိတ်ဆန္ဒတွေ ပါနေတာပဲ " ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ အသက်ရှုသံများ မြန်ဆန်လာရပြီ ဖြစ်သည်။ ထိုကဲ့သို့သော သေရေးရှင်ရေး အခိုက်အတန့်တွင် သူမသည် လက်နှစ်ဖက်စလုံးကို မြှောက်ကာ အားပါပါ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူမ၏ ပတ်ပတ်လည်တွင် ရှိနေသည့် ဟင်းလင်းပြင်ကြီးထဲမှ ဖီးနစ်ငှက်အော်သံများ ထွက်ပေါ်လာ၏။ ထို့နောက် ဖီးနစ်ငှက်ရှစ်ကောင် ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာသည်။ ထို့အပြင် နောက်ဆုံးတွင် သူမ၏ နဖူးပေါ်၌ ဖီးနစ်ငှက် အမှတ်အသားတစ်ခု ပေါ်ပေါက်လာသဖြင့် စုစုပေါင်း ဖီးနစ်ငှက် ကိုးကောင်းအထိ ရှိသွားတော့သည်။
၎င်းမှာ ဖီးနစ်ငှက်ကိုးကောင်ဂိုဏ်း၏ ပင်ကိုအမှတ်တံဆိပ် နတ်ဘုရားစွမ်းရည်ဖြစ်သော ဖီးနစ်ငှက်ကိုးကောင်အော်သံ ပညာရပ် ဖြစ်ပေသည်။
သူမ၏ နဖူးပေါ်၌ ထို ဖီးနစ်ငှက် အမှတ်အသား ပေါ်ပေါက်လာသည်နှင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ပါးစပ်ဟကာ ညည်းညူလိုက်သဖြင့် ထိုညည်းသံမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ သူမ၏ ဘေးတွင်ရှိနေသည့် ဖီးနစ်ငှက်ရှစ်ကောင်မှာလည်း ထိုနည်းတူပင်။ ထိုညည်းသံများ အားလုံး စုပေါင်းသွားရာမှ ထွက်ပေါ်လာသည့်အသံမှာ အထူးတလည် ကျယ်လောင်နေခြင်း မရှိပါသော်လည်း ကြည်လင်ပြတ်သားနေပြီး အရာအားလုံးကို သန့်စင်ပေးနိုင်စွမ်း ရှိနေ၏။ ၎င်းမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့် တိမ်လွှာလက်ချောင်းနှင့် အားကောင်းသော အသံလှိုင်းများဆီသို့ ပျံ့နှံ့သွားသည်။
အကယ်၍ အော်လံကြီးထဲမှ ထွက်ပေါ်လာသည့်အသံအား တဟုန်းဟုန်း တောက်လောင်နေသည့် မီးတောက်ကြီးနှင့် ယှဥ်လိုက်မည်ဆိုပါက ဖီးနစ်ငှက်ကိုးကောင်ဆီမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာနေသည့် ညည်းသံမှာ နူးညံ့သိမ်မွေ့ကာ အေးချမ်းမှု အပြည့်ရှိသော စမ်းရေများကဲ့သို့ပင်။ ၎င်းတို့ ရိုက်ခတ်သွားကြချိန်တွင် ရေနှင့်မီး အတူတကွ ပေါင်းစည်းသွားသကဲ့သို့ ဖြစ်သွား၏။ ထို ရိုက်ခတ်မှုကြောင့် ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများမှာမူ အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွားတော့သည်။
ထို့ကြောင့် မြေပြင်ကြီးမှာ တုန်ရီလာရသလို တောင်တန်းများမှာလည်း ပြိုကျလာကြပြီး သစ်ပင်ပန်းမန်များ အားလုံးမှာလည်း ပြာကျသွားကြ၏။ ထို့ကြောင့် ဖုန်များထလာရပြီး မည်သည့်အရာကိုမှ ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိတော့ပေ။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထို နေရာကြီးမှာ မှုန်ဝါးဝါး ဖြစ်နေ၏။
အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် ကုန်ဆုံးပြီးသွားသောအခါမှ ထို ဖုန်မှုန့်များ လွင့်စင်ပျောက်ကွယ်သွားကြသဖြင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ လူရိပ်မှာ မြင်ကွင်းထဲ၌ ပြန်လည်ပေါ်ပေါက်လာသည်။ သူမ၏ အဝတ်အစားများပေါ်တွင်မူ ယခင်တုန်းကအတိုင်း အစွန်းအထင်းရာ တစ်ခုပင် မရှိပေ။ သူမ၏ ခါးတွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းလေးမှာလည်း ပျက်စီးသွားခြင်း မရှိသေးသလို ဖီးနစ်ငှက်ရှစ်ကောင်မှာလည်း သူမ၏ ဘေးတွင် ငွားငွားစွင့်စွင့် ရှိနေကြဆဲပင်။ သူမ၏ နဖူးပေါ်ရှိ ဖီးနစ်ငှက် အမှတ်အသားတစ်ခုသာလျှင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ သူမ၏ ကျင်ကြံခြင်းစွမ်းအင် အငွေ့အသက်များအား တည်ငြိမ်အောင် ထိန်းသိမ်းပေးထားရန် ကြိုးစားနေသည့်ပုံပင်။
သူမ၏ မျက်နှာအမူအရာမှာမူ ပြုံးရွှင်နေခြင်း မရှိတော့ဘဲ အနည်းငယ််ခန့် သုန်မှုန်နေပြီ ဖြစ်သည်။
အဘယ်ကြောင််ဆိုသော် သူမသည် ဘေးပတ်ဝန်းကျင်၌ ဝမ်ပေါင်လဲ့အား မမြင်ရတော့သောကြောင့်ပင်။
" ဟို ကျောက်စိမ်းပေလွှာလေးက... " ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ နောက်သို့လှည့်ကာ သူမ ရှဲ့တလုအား လိုက်လံဖမ်းဆီးခဲ့သည့် လမ်းကြောင်းအား ပြန်ကြည့်ရင်း မျက်ဝန်းများထဲ၌ တိုက်ခိုက်လိုစိတ်များ ပေါ်ပေါက်လာတော့သည်။ သူမသည် မကြာသေးမီတုနိးက ရှဲ့တလု ပစ်လွှတ်ခဲ့သည့် ကျောက်စိမ်းပေလွှာမှာ လှည့်ကွက်တစ်ခုဖြစ်ကြောင်း ရိပ်မိသွားပြီဖြစ်သည်။ သူမ လိုက်လံဖမ်းဆီးနေခဲ့သည့် ရှဲ့တလုမှာ သူ၏ ခန္ဓာကိုယ်အစစ်ပင် မဖြစ်နိုင်ပေ။
" ငါက ကိုယ်ပွားတစ်ခုကိုတောင် အချိန်အကြာကြီး လိုက်ဖမ်းနေခဲ့ရတာပါလား။ အဲဒီကိုယ်ပွား ပျောက်သွားတဲ့အချိန်မှပဲ ငါ လိုက်ဖမ်းနေခဲ့တာ ခန္ဓာကိုယ်အစစ်မဟုတ်မှန်း သိလိုက်ရတယ်လို့.... " ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ထိုသို့တွေးမိလိုက်သောအခါ ပို၍ပင် မျက်စိမျက်နှာ ပျက်သွားရတော့သည်။
" ရှဲ့တလု... "
ခေါင်းလောင်းနှင့် မိန်းမပျိုလေး သူမ၏ အရှုံးကို လက်မခံနိုင်လောက်အောင် ဖြစ်နေစဉ်မှာပင် အဝေးတစ်နေရာ၌ ပြေးလွှားနေသည့် ဝမ်ပေါင်လဲ့မှာ နှာချေလိုက်၏။
" တစ်ယောက်ယောက်တော့ ငါ့ မကောင်းကြောင်း ပြောနေပြီထင်တယ်။ ဟို ခေါင်းလောင်းနဲ့ ကောင်မလေးပဲ နေမှာ။ သူက ငါ့ရဲ့ နာမည်အစစ်ကို မသိဘူးဆိုတော့ ငါ့ကို ရှဲ့တလုလို့ ခေါ်နေလောက်တယ်... " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် သူ့ကိုသူ ကျေနပ်နေသည့် မျက်နှာအမူအရာဖြင့် ခေါင်းမော့လာသည်။ သို့သော် ထိုမျက်နှာအမူအရာမှာ ချက်ချင်းပျောက်ကွယ်သွားပြီး သူသည် မျက်လုံးများ မှေးသွား၏။
အမှန်တွင် သူ ပစ်လွှတ်လိုက်သည့် ပထမဆုံး ကျောက်စိမ်းပေလွှာထဲ၌ သူ၏ အသက်စွမ်းအားအချို့ ပါနေခဲ့သောကြောင့် သူသည် အလွယ်တကူ ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယ ကျောက်စိမ်းပေလွှာထဲတွင်မူ သူ၏ အသက်စွမ်းအား တစ်ဝက်ကျော် ပါဝင်နေခဲ့၏။ အကယ်၍ သူ၏ ပြိုင်ဘက်သာ ထို ကျောက်စိမ်းပေလွှာအား ထပ်၍ ခြေမွှဖျက်ဆီးပစ်လိုက်မည်ဆိုပါက သူသည် ထိုအခွင့်အရေးကို အသုံးချကာ သူမအား တိုက်ခိုက်လိုက်မည် ဖြစ်သည်။ သို့သော် အကယ်၍ သူမဘက်မှ ထို ကျောက်စိမ်းပေလွှာအား လျစ်လျူရှုထားလိုက်မည် ဆိုလျှင်ပင် သူသည် ၎င်းအား အသုံးပြုကာ ထွက်ပြေးနိုင်ပေသည်။
ထိုကဲ့သို့ ထွက်ပြေးလိုက်မည်ဆိုပါက သူ၏ အသက်စွမ်းအား အချို့ကို ဆုံးရှုံးလိုက်ရမည်ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အကောင်းအဆိုး အကျိုးအပြစ်များကို ချင့်ချိန်သုံးသပ်ကြည့်လိုက်ပြီးနောက် ထိုသို့ စတေးလိုက်ရခြင်းမှာ သူ၏ပြိုင်ဘက်နှင့် သူသေကိုယ်သေ တိုက်ခိုက်နေရခြင်းထက် ပို၍ကောင်းသည်ဟု မှတ်ယူလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုတိုက်ပွဲထဲ၌ အနိုင်ရရှိသွားခဲ့သည်ဖြစ်စေ ရှုံးနိမ့်သွားခဲ့သည်ဖြစ်စေ နောက်ဆုံးတွင် အချိန်အတိုင်းအတာ တစ်ခုအထိ နောက်ထပ်တစ်ကြိမ် ထပ်၍ တိုက်ခိုက်နိုင်စွမ်း မရှိလောက်အောင် ခြေကုန်လက်ပန်းကျသွားမည်သာ မဟုတ်ပါလော။
အရေးကြီးဆုံးအချက်မှာ သူသည် မှော်ဝိညာဉ်သစ်သီးအား စားခဲ့ပြီးနောက် သူ၏ အသက်စွမ်းအားများ ပြန်လည်ပြည့်ဝလာသည့် အမြန်နှုန်းမှာ ယခင်တုန်းကထက် ပို၍ မြန်ဆန်လာခြင်းပင်။ သူ၏ တွက်ချက်မှုများအရဆိုလျှင် အနည်းဆုံး သုံးရက်မှ အများဆုံး ငါးရက်အတွင်းတွင် သူ ဆုံးရှုံးလိုက်ရသည့် အသက်စွမ်းအားများမှာ ပြန်လည်ပြည့်ဝလာမည် ဖြစ်သည်။
" အော်လံကြီးကတော့ နှမြောစရာပဲ " ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းလိုက်ပြီး နောက်ထပ် အော်လံတစ်လုံးအား ထပ်၍ ဖန်တီးသန့်စင်ရန်သာ ဆုံးဖြတ်လိုက်သည်။
" ပြီးတော့ စောစောတုန်းက တိုက်ပွဲထဲမှာ အဲဒီ ကောင်မလေး ပိုင်ဆိုင်ထားတဲ့ အငွေ့အသက်တစ်မျိုးက ငါ့ကို စိတ်မသိုးမသန့်ဖြစ်အောင် လုပ်နိုင်စွမ်းရှိနေတဲ့ပုံပဲ... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးကာ အတွေးများထဲ၌ နစ်မျောသွား၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရား အာရုံခံနိုင်စွမ်းကို ထုတ်လွှတ်ကာ အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်လိုက်ပြီးနောက် ပုံရိပ်ယောင်သလင်းကျောက်များကို စတင်ရှာဖွေနေလိုက်တော့သည်။ ခုနစ်ရက်ဆိုသည့် အချိန်မှာ အများကြီး မဟုတ်ကြောင်းနှင့် မည်သူကမှ ထို ပုံရိပ်ယောင်သလင်းကျောက်များ၏ တည်နေရာအတိအကျကို သိရှိထားကြခြင်းမရှိကြောင်း သူက နားလည်ထားပြီးဖြစ်သည်။ သို့ဖြစ်ရာ သူသည် သူ၏ ကံတရားပေါ်တွင်သာ အားကိုးရမည်ဖြစ်သည်။ သို့မဟုတ် အခြားသူများ ထို ပုံရိပ်ယောင်သလင်းကျောက်များ ရှာတွေ့သွားသည့်အချိန်အထိ စောင့်ဆိုင်းကာ သူတို့ဆီမှ လုယူ၍လည်း ရပေသည်။
" အဲဒီ ပုံရိပ်ယောင်သလင်းကျောက်တွေကို ရှာနိုင်မယ့် တခြားနည်းလမ်းတွေရှိဦးမှာပါ.... ဒါပေမဲ့ အဲဒီ နည်းလမ်းတွေက အင်အားကြီး အဖွဲ့အစည်းတွေထဲက ပါရမီရှင်တွေရဲ့ လက်ထဲမှာပဲ ရှိနေလောက်တယ်။ သူတို့က အဲဒီအကြောင်းတွေ သိထားပြီးသား ဖြစ်ပေမဲ့ ငါက ဘာကိုမှ သိထားတာမဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ ဆက်လက်စဉ်းစားတွေးတောနေလိုက်၏။ သူ ပုံရိပ်ယောင်သလင်းကျောက်များ လိုက်လံရှာဖွေနေစဉ် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာလည်း သူ့အား လိုက်လံရှာဖွေနေခြင်း မရှိတော့ဘဲ ထို သလင်းကျောက်များကိုသာ ရှာတွေ့နိုင်ရန် အာရုံစိုက်နေလိုက်တော့သည်။
တစ်ချိန်ထဲမှာပင် နောက်ကျောတွင် ဓားရှည်ကြီးတစ်လက် လွယ်ထားသည့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် အမှောင်ပညာရပ်အား အသုံးပြုခဲ့သည့် မိန်းမငယ်လေးတို့မှာလည်း ထိုနည်းတူပင်။ သူတို့မှာ သူတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုကာ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် ပညာရှိပုံစံ ကျင့်ကြံသူတို့၏ လက်များထဲမှ လွတ်မြောက်လာခဲ့ပြီး ပုံရိပ်ယောင်သလင်းကျောက်များကို ရှာဖွေနေကြပြီဖြစ်သည်။
ထိပ်သီးအဆင့် ပါရမီရှင်များအားလုံးမှာ ပုံရိပ်ယောင်သလင်းကျောက်များကိုသာ လိုက်လံရှာဖွေနေကြ၏။ အခြားပါရမီရှင်များထဲတွင် အချို့မှာ ပုံရိပ်ယောင်များ၏ ကြား၌ ပိတ်မိနေကြဆဲ ဖြစ်ပါသော်လည်း အများစုမှာမူ အရပ်မျက်နှာအနှံ့သို့ ခွဲထွက်သွားကြပြီး ပုံရိပ်ယောင်များကို ရှောင်တိမ်းကာ သလင်းကျောက်များကို ရှာဖွေနေကြပြီဖြစ်သည်။
ထိုသို့ဖြင့် တစ်ရက်တိတိ ကုန်ဆုံးသွား၏။ ယခုအချိန်အထိ ပုံရိပ်ယောင်သလင်းကျောက်အား ရှာတွေ့သည့် ပါရမီရှင် တစ်ယောက်တလေပင် မရှိသေးပေ။ ဝမ်ပေါင်လဲ့မှာလည်း တဖြည်းဖြည်းနှင့် စိတ်သောကရောက်လာရပြီ ဖြစ်သည်။ သူသည် သူ၏ နတ်ဘုရားအာရုံအား အစွမ်းကုန် ဖြန့်ကြက်၍ ပျံသန်းနေခဲ့သည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီ ဖြစ်သလို လမ်းတစ်လျှောက်လုံးတွင်လည်း ပါရမီရှင် အချို့နှင့် ကြုံတွေ့ခဲ့ရသည့်တိုင်အောင် ပုံရိပ်ယောင်သလင်းကျောက်အား အစနအနပင် အာရုံမခံမိသေးပေ။
" ဒီခံစားချက်ကြီးက.... မဟုတ်မှလွဲရော ကြယ်သုဿာန်အင်ပါယာက ငါတို့ကို အချိန်ခုနစ်ရက်ပေးမယ်လို့ ပြောခဲ့ပြီးတော့ အချိန်ပြည့်ခါနီးမှ အရိပ်အမြွက်တွေ ပြောပြမှာများလား။ အဲတာမှ ပြိုင်ပွဲဝင်တွေ အကုန်လုံးကလည်း တစ်ယောက်နဲ့ တစ်ယောက် အသေအကျေ တိုက်ခိုက်ကြပြီးတော့ ဇောနဲ့ လိုက်ရှာကြမှာလေ " ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီးအား မော့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူသည် တစ်ကိုယ်တည်း ရေရွတ်နေသည့်ပုံ ပေါ်ပါသော်လည်း သူ၏ မျက်ဝန်းများမှာမူ အရောင်တောက်ပနေသည်။
သူသည် အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းလိုက်ပါသော်လည်း သူ၏ ဘေးပတ်ဝန်းကျင်၌ မည်သည့်တုံ့ပြန်မှုမှ ပေါ်ပေါက်လာခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာမူ မသိချင်ယောင်ဆောင်ကာ ဆက်၍ ရေရွတ်နေလိုက်၏။
" တကယ်လို့ အဲလိုသာဆိုရင် ကြယ်သုဿာန်အင်ပါယာရဲ့ ရည်ရွယ်ချက်က ထင်ထားသလောက် မရိုးရှင်းဘူးပဲ... "
" ဟူး။ ရှာရတာ ခက်လိုက်တာနော်။ အဲဒီ ပုံရိပ်ယောင်သလင်းကျောက်တွေက ဘယ်ကိုများရောက်နေတာလဲ။ တကယ်ပဲ နောက်ဆုံးအချိန်အထိ စောင့်နေရမှာလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် တစ်ခဏမျှ ရပ်တန့်သွား၏။ သူသည် သူ၏ ဘေးဘီဝဲယာအား နောက်ထပ်တစ်ကြိမ် ထပ်၍ အလျင်အမြန် အကဲခတ်လိုက်ပြီးမှ မျက်စိပေကလပ်ပေကလပ်လုပ်ကာ ထပ်၍ ရေရွတ်လိုက်ပြန်သည်။
" ငါ နောက်ဆုံးမှာ ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ "
" ဘယ်လိုလုပ်ရပါ့ကွာ။ ငါ့ကို ကူညီပေးနိုင်တဲ့လူများ မရှိတော့ဘူးလား။ တစ်ခုခု ပြန်လုပ်ပေးရမယ်ဆိုရင်တောင် လုပ်ပေးပါ့မယ်ကွာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ သက်ပြင်းအရှည်ကြီးချလိုက်ပြနောက် ညည်းတွားရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူ၏ ဘေး၌ သူ ကြားဖူးနေသည့် စကားသံတစ်သံ ထွက်ပေါ်လာတော့သည်။
" မင်း ငါ့ဆီကနေ အကူအညီတောင်းချင်ရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်။ ဘာမှ ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့ " ထိုစကားသံကြီး ထွက်ပေါ်လာသည်နှင့် သူ၏ရှေ့ရှိ ဟင်းလင်းပြင်ကြီးမှာ တွ့န်လိမ်ပုံပျက်သွားသည်။ ထို့နောက် လူပုံစံစက္ကူရုပ်တစ်ရုပ် ပေါ်ပေါက်လာပြီး ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာ၏။
ထို လူပုံစံစက္ကူရုပ်ကြီး နှင့်အတူ အေးစက်စက် အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာသဖြင့် ဝမ်ပေါင်လဲ့မှာ ဆောင်းရာသီသို့ ရောက်သွားသည့်အလား ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး ဆတ်ခနဲတုန်ရီသွားပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ၏ရှေ့ရှိ လူပုံစံစက္ကူရုပ်အား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" မင်္ဂလာပါ လူကြီးမင်း "
ထို လူပုံစံစက္ကူရုပ်မှာ သူ၏ သိုလှောက်လက်စွပ်ထဲ၌ ရှိနေခဲ့သည့် လူပုံစံစက္ကူရုပ် ဖြစ်ပေသည်။ ၎င်းမှာ အပြင်ဘက်သို့ ထွက်ခွာသွားခဲ့ပြီးနောက် လက်စွပ်ထဲသို့ ပြန်မရောက်လာခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းသည် သူ၏ဘေးတွင်သာ ရှိနေလိမ့်မည်ဟု ခန့်မှန်းခဲ့၏။
ဝမ်ပေါင်လဲ့မှာ ထို လူပုံစံစက္ကူရုပ်သည် သူ ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ ကျရှုံးသွားမည်ကို လိုလားမည် မဟုတ်ကြောင်း အလိုလိုသိနေသည်။ ထိုသို့သာမဟုတ်ပါက နောက်ဆုံးအကြိမ်တုန်းက ၎င်းမှာ သူ့အား သတိပေးခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ထို လူပုံစံစက္ကူရုပ် သူ့အား ကူညီပေးနိုင်ခြေမှာ အလွန်အင်မတန်မှ မြင့်မားနေလိမ့်မည်ဟု ကောက်ချက်ချလိုက်၏။
ထို့ကြောင့်လည်း သူသည် တစ်ရက်တိတိ လိုက်လံရှာဖွေခဲ့ပြီးနောက် မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့သဖြင့် ထို လူပုံစံစက္ကူရုပ်အား တွေးမိသွားခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ယခုလို တစ်ယောက်တည်း စကားပြောနေခဲ့ခြင်း ဖြစ်ပေသည်...