← Chapters

တိုက်ပွဲ

Vol. 4 Ch. 51

တိုက်ပွဲ

Vol. 4 Ch. 51

" ပလွတ် "

ရေထဲကနေ တောက်ပတဲ့ အကြေးခွံတွေနဲ့ ငါးတစ်ကောင်က ခုန်ထွက် လာလေသည်။ ဒီငါးက မီတာဝက်လောက် ရှည်လေသည်။ နေရောင်ခြည်နဲ့ ငါးရဲ့ အကြေးခွံတွေနဲ့ ထိတွေ့တဲ့ အခိုက်မှာတော့ လှပတဲ့ သက်တန့်ရောင်လေးတွေက လေထုထဲမှာ ထွက်ပေါ်လာတယ်။

ဒါကလုံးဝ ပထမတန်းစား ရတနာငါးဆိုတာ မပြောပဲနဲ့တောင် တပည့်တွေ အားလုံးက သိကြပါတယ်။

"ကြီးလိုက်တဲ့ ပထမတန်းစားငါးကြီးဟေ့"

လီဖူချန်းနဲ့ အတူတူ မျှားနေတဲ့ အပြင်စည်း တပည့်တွေက လီဖူချန်းဖမ်းမိတဲ့ ငါးကြီးကို မြင်လိုက်ရတဲ့ အခါမှာ စိတ်မထိန်းနိုင်ပဲ အော်ဟစ် လိုက်ကြတယ်။ သူတို့ဘဝမှာ တစ်ခါမှ ဒီလောက်ကြီးတဲ့ ပထမတန်းစား ငါးကြီးကို မမြင်ခဲ့ဖူးဘူးလေ။

ပထမတန်းစားငါး တစ်ကီလိုက ရမှတ် ၁၀၀ တောင် ရမှာလေ။ ဒါကအမှတ် ၅၀၀၀ တန်ငါးကြီး။ လီဖူချန်းကတော့ သူတို့လို စိတ်မလှုပ်ရှားပဲ တည်တည်ငြိမ်ငြိမ် ပါပဲ။

လီဖူချန်းက  ဒုတိယတန်းစား ငါးတွေတောင် ဖမ်းထား ပြီးပြီလေ။ ဒုတိယတန်းစား ငါးတစ်ကီလိုက ရမှတ် ၁၀၀၀ နှင့် ညီမျှတာ ဖြစ်သည့်အတွက် ငါးကီလိုလောက် ရှိတဲ့ ငါးလေးတောင်မှ ဒီငါးနဲ့ တန်ဖိုးချင်း ညီမျှပါတယ်။

***

ဒီလိုနဲ့ နောက်ထပ် နှစ်ပတ် ကုန်ဆုံး သွားပြန်တယ်။

အခုဆိုရင် လီဖူချန်း တစ်ယောက် ဒီမိုးပြာရောင် ရေကန်ကို ရောက်လာတာ သုံးလတင်းတင်းတောင် ပြည့်ခဲ့ပြီလေ။ ဒီအတောအတွင်းမှာ လီဖူချန်းက သာမန် ရတနာငါး  ၆၉ကောင်။

ပထမတန်းစားငါး ၁၅ ကောင်နဲ့ ဒုတိယတန်း စားငါး ၃ ကောင် ဖမ်းမိခဲ့ပြီ။

လီဖူချန်းက သူ့ဘဝကိုယ်သူ အရမ်း ကျေနပ် နေမိတယ်။

" အင်း  ငါ ဂိုဏ်းကို ပြန်ဖို့ အချိန်တန်ပြီနဲ့ တူတယ်"

ကန်ရှန်းတောင်ထိပ်မှာ သူငွေနှင်းသတ္တုတွေ ရခဲ့တာက  ကြက်ကန်း ဆန်အိုးတိုးတာ ဆိုပေမဲ့ ဒီငါးဖမ်းတာက သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ ရခဲ့တာပါ။

"အစ်ကိုဝမ်းကွဲ ... အဲကောင်ပဲ။ အဲကောင်ပဲ။ ကျွန်တော်ရထားတဲ့ သတင်းအတိုင်း ဆိုရင် ဒီကောင်က မိုးပြာရောင် ရေကန်နဲ့ သတ္တုရိုင်း တောင်ပေါ်ကနေ အနည်းဆုံး အမှတ် ၃၀၀၀၀ ရခဲ့တာတဲ့”

အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ လူငယ် တစ်ယောက်က လီဖူချန်းကို လက်ညှိုးထိုးပြီး သူ့ဘေးက လူငယ်ကို လှမ်းပြော လိုက်တယ်။ တစ်ချက် ကြည့်လိုက်တာနဲ့ လီဖူချန်းက ထိုလူငယ် ဘယ်သူလည်း ဆိုတာ မှတ်မိလိုက်သည်။

လွန်ခဲ့တဲ့ ၃လတုန်းက ဇူဟွားလောင် လျိုဇောင်ထန်တို့နဲ့ မတိုက်ခင်တုန်း လာလုတဲ့ လူငယ်၈ယောက် အဖွဲ့ထဲက ခေါင်းဆောင်ဘူငယ်။ သူမှတ်မိ ရသလောက်ဆို သူ့နာမည်က စွန်းယန်ပေါင် ဖြစ်မည်။

" ဒါဆိုမင်းက လီဖူချန်းဆိုတဲ့ ကောင်လေးပေါ့လေ"

စွန်းယန်ပေါင်၏ သတိပေးခြင်း ခံလိုက်ရတဲ့ လူငယ်က လီဖူချန်းရဲ့ သွားလမ်းကို ပိတ်ပြီး ပြောလိုက်တယ်။ လီဖူချန်းက အေးစက်စက် လေသံဖြင့် ပြန်ပြော လိုက်တယ်။

" ငါစိတ်မတိုခင် မင်းငါ့ရှေ့က အမြန် ထွက်သွားစမ်း"

လူတွေအားလုံးက သူ့ကို ရတနာသိုက်ကြီးလို သဘောထားပြီး ခနခန လာလုယက်နေတာကို သူစိတ်ကုန် နေပါပြီ။ သူက သည်းခံခြင်း တရားနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓလမ်းစဉ်က ပစ္စေကဗုဒ္ဓါလည်း မဖြစ်သေးပါဘူး။ ဒါကြောင့် သူ့ကို လာနှောင့်ယှက်တဲ့ လူတွေကို မီးကုန်ယမ်းကုန် ပြန်ချဖို့ လီဖူချန်းက အစောကြီး ကတည်းက ဆုံးဖြတ်ချက် ချထားပြီးပါပြီ။

" စိတ်ဝင်စားစရာပဲ။ ငါဆိုတဲ့ ဝမ်ဟူကို ဒီလိုလေသံနဲ့ ပြောတာ မင်းက ပထမဆုံးပဲ"

ဝမ်ဟူက လီဖူချန်းက သေသေချာချာ အကဲခတ် လိုက်သည်။ ဒီကောင်လေးက စွန်းယန်ပေါင် ပြောထားတာ ထက်တောင် ပိုပြီး အစွမ်းထက်မည့် ပုံပင်။ ဒါပေမဲ့ သူကလည်း ထိပ်ဆုံး၅၀၀ စာရင်းထဲက တပည့် တစ်ယောက်လေ။ သူ့ရဲ့နံပါတ်စဉ်က အောက်ဆုံးနားက ဖြစ်ပေမဲ့လည်း ဇူဟွားလောင်နဲ့ လျိုဇောင်ထန် ထက်တော့ အများကြီး သာပါသေးတယ်။

" အပိုတွေ လုပ်မနေနဲ့ကွာ။ မင်းအရမ်း ဇောင်းထနေရင်လည်း ငါ့ဆီ အမြန်လာခဲ့စမ်း"

လီဖူချန်းက တစ်ဖက်လူနဲ့ စကားအကြာကြီး ပြောချင်စိတ် မရှိပါဘူး။ သူရဲ့ငါးတွေကို ရမှတ်နဲ့ သွားလဲဖို့ ရှိသေးတယ်လေ။

“အစ်ကိုဝမ်းကွဲ ... ဒီစောက်ကလေးကို ကောင်းကောင်း ဆုံးမလိုက်စမ်းပါ။

စွန်းယန်ပေါင် လီဖူချန်းကို ကြောက်စရာကောင်းတဲ့ အကြည့်နဲ့ ကြည့်ပြီး ဝမ်ဟူကို အားပေးအားမြှောက် လုပ်လိုက်သည်။

ဝမ်းဟူက ပြုံးရင်းနဲ့ လီဖူချန်းအနားကို လမ်းလျှောက် လာလေသည်။ သူ့ရဲ့ မျက်လုံးတွေ ကတော့ ရက်စက်တော့မည့် ပုံပင်။ သူ့ရဲ့အတွင်းအားတွေ ထုတ်လိုက်တဲ့ အခါမှာတော့ ဝမ်ဟူရဲ့ မျက်ဆံအနက်က ပျောက်သွားပြီး မျက်ဖြူ သားတွေချည်း ဖြစ်လာပါတယ်။

သူရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အတွင်းအား အရှိန်အဝါတွေက ရစ်သိုင်းလာပြီး  လက်မောင်းမှာတော့ အစိမ်းရောင် အတွင်းအား အလွှာတစ်ခု ဖြစ်ပေါ်လာပါတယ်။ သူ့ကို ကြည့်ရတာ သစ်ပင်အိုကြီး တစ်ပင်အဖြစ် ပြောင်းလဲ သွားသလိုပါပဲ။

အဲဒါက ဝမ်ဟူရဲ့  'အမြဲစိမ်း 'ပညာရပ်ဖြစ်တယ်။ သူ မိုးပြာရောင်ဂိုဏ်းကို ဝင်စတုန်းက ဒီပညာရပ်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်။ ဒီပညာရပ် သစ်သားဓာတ်ကို အထူးပြုတဲ့ ပညာရပ် ဖြစ်ပါတယ်။ ဒဏ်ရာတွေကို ပြန်ကောင်းစေနှုန်း မြင့်ယုံသာမက  မယုံကြည်နိုင် လောက်အောင် သန်မာတဲ့ ခွန်အားကိုလည်း ပေးစွမ်းပါတယ်။

ဒီလို 'အမြဲစိမ်း' ပညာရပ်ကို လေ့ကျင့်တဲ့ သူတွေနဲ့ တွေ့ရင် တိုက်ပွဲကို မြန်နိုင်သထက် မြန်အောင် တိုက်မှ တော်ကာ ကျမှာပါ။ တိုက်ပွဲ အချိန် ကြာလာတာနဲ့ အမျှ ဒီပညာရပ်က ပိုပိုပြီး အားကောင်း လာတတ်ပါတယ်။

"ပင်စည် လက်သီး"

ဝမ်ဟူက သူရဲ့အစွမ်း ၁၀၀ ရာခိုင်နှုန်းအထိ ထုတ်ရုံသာမက  သူအကျွမ်းကျင်ဆုံး လက်သီးသိုင်း ဖြစ်တဲ့ " ပင်စည်" လက်သီးသိုင်းကိုပါ ထုတ်သုံးပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပါတယ်။

ဒီလက်သီးသိုင်းမှာ ပါလာတဲ့ အရှိန်တွေက လီဖူချန်းရဲ့ အဝတ်အစားတွေကိုတောင် လေထဲမှာ လူးလွန့် နေစေပါတယ်။

နှမြောစရာ ကောင်းတာက သူက လီဖူချန်း လေ့ကျင့်ထားတဲ့ ပညာရပ်ကို မသိတာပါပဲ။

သစ်သားဓာတ်ကို အခြေပြုတဲ့ ပညာရှင်တွေ အကြောက်ရဆုံး ရန်သူက မီးဓာတ်ကို အခြေပြု လေ့ကျင့်ထားတဲ့ ပညာရှင်တွေပါ။ သူ့လက်သီးသိုင်းက အရမ်းကောင်းပေမဲ့ လီဖူချန်းက မီးဓာတ်ကို အခြေပြုတဲ့ ကြက်သွေးရောင် မီးကျင့်စဉ်ကို လေ့ကျင့်ထားတဲ့ ပညာရှင်လေ။ ကြက်သွေးရောင်မီး အဆင့်၈ ကို ရောက်ပြီးကတည်းက လီဖူချန်းရဲ့ အနီးကပ် တိုက်ခိုက်ရေး အဆင့်က အရင်ကထက်ကို နှစ်ဆလောက် ပိုကောင်းမွန်လာပြီ ဖြစ်တယ်။

လီဖူချန်းရဲ့ ဘယ်ဘက်လက်က ဝူဟောင်ရဲ့ လက်သီးကို ဆွဲဖမ်း လိုက်တယ်။ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ရဲ့ လက်သီးကို ဆွဲဖမ်း လိုက်သလိုပါပဲ။

အဲဒီနောက်မှာတော့ လျှပ်ပြက်သလို မြန်တဲ့ လီဖူချန်းရဲ့ ညာဘက်လက်သီးက ဝမ်ဟူရဲ့ မျက်နှာနဲ့ မိတ်ဆက် သွားပါတော့တယ်။

" ဘုန်း"

သွေးတွေက ဖြာထွက် လာခဲ့တယ်။ ဝမ်ဟူက သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းတောင် မသိပဲ ကြောင်ပြီး ရပ်နေမိတယ်။ မျက်လုံးထဲမှာလည်း ကြယ်တွေလတွေကို မြင်နေရပါပြီ။ လီဖူချန်းရဲ့ လက်သီး ကတော့ ရပ်မနေပါဘူး။

သူ့ရဲ့ နောက်ထပ် လက်သီးတစ်ချက်က ဝမ်ဟူရဲ့ မှေးစေ့အောက်ကို ပြေးဝင်သွားပြီး နောက်မှာတော့ ဝမ်ဟူက လေထဲကို ၂ မီတာလောက် မြှောက်တက် သွားပါတယ်။ ပြန်အကျမှာတော့ လီဖူချန်းရဲ့ မြင်းကန်သလို ကန်ချက်က ထပ်ပြီးတော့ စောင့်ကြိုနေပြီး သူ့ကိုလောကကြီးနဲ့ အဆက်အသွယ် ပြတ်သွား စေပါတော့တယ်။ ထို့နောက်မှာတော့ လီဖူချန်းက စွန်းယန်ပေါင်ဆီကို တစ်လှမ်းချင်း အေးဆေးစွာ သွားလိုက်တယ်။

" နောက်တစ်ခါ မင်းငါ့ဒေါသကို လာစမ်းရင် ဒီထက် ဆယ်ဆမက နာမယ်ဆိုတာ မှတ်ထား"

ပြောပြီးတာနဲ့ လီဖူချန်းက စွန်းယန်ပေါင်ရဲ့ ဝမ်းဗိုက်ကို ပင့်ထိုး လိုက်တယ်။ သူ့ရဲ့ လက်သီးချက်ကို ခံလိုက်ရတဲ့ စွန်းယန်ပေါင်က အွတ်ခနဲ ဖြစ်သွားပြီး မျက်နှာတစ်ခုလုံး စိမ်းသွားကာ အစာအိမ်ထဲက အစာချေရည်တွေတောင် အန်ထွက် လာပါတယ်။

လီဖူချန်းကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ခြင်းတောင်းကို သယ်လျက် အဝေးကို ထွက်ခွာ သွားပါပြီ။

လီဖူချန်းရဲ့ နောက်ကျောပြင်ကို ကြည့်ရင်းနဲ့ ကျန်ခဲ့တဲ့ စွန်းယန်ပေါင်ရဲ့ မျက်နှာထက်မှာတော့ ကြောက်ရွံ့မှုတွေက အထင်းသားပင်။

ဒီကောင်က လူကော ဟုတ်ရဲ့လားလို့ တွေးနေမိရင်းနဲ့ပေါ့။ ပြောရမယ်ဆိုရင် သူ့ဝမ်းကွဲ အစ်ကိုက ထိပ်ဆုံးတပည့် ၅၀၀ စာရင်းထဲက တပည့်တစ်ယောက်လေ။ ဒါပေမဲ့ လီဖူချန်းနဲ့ အတွေ့မှာတော့ ကလေးနဲ့ လူကြီးချသလို တစ်ဖက်သတ် ဆော်ခံ လိုက်ရတယ်။

***

မိုးပြာရောင်ဂိုဏ်းရဲ့ထောက်ပံ့ရေးဌာန ...

တာဝန်ကျ အကြီးအကဲက လီဖူချန်း သယ်လာတဲ့ ခြင်းတောင်းကို ကြည့်ပြီး အံ့ကိုမသြတော့ပါဘူး။ ဒီခြောက်လ အတွင်းမှာ လီဖူချန်းက သူ့ကို အမျိုးမျိူး အံ့သြစေခဲ့ ပြီးပြီလေ။ သူလည်း လီဖူချန်းကြောင့် ကျင့်သား ရသွားပါပြီ။ ဒီတစ်ခါ လီဖူချန်းရတဲ့ ရမှတ်ကတော့ ၅၅၀၀၀  ဖြစ်ပါတယ်။

ဒီပမာဏက အပြင်စည်း အကြီးအကဲတစ်ယောက် တစ်နှစ်ပတ်လုံး လုပ်ရင်တောင် မရတဲ့ ပမာဏလေ။ ဒါပေမဲ့ ဒီလူငယ်လေး ကတော့ လအနည်းလေးပဲ အချိန်ယူ လိုက်ရတယ်။ သူ့ရဲ့ဖြောင့်မတ်တဲ့ နှလုံးသားထဲ ကတောင် လီဖူချန်းကို နည်းနည်း မနာလိုချင် ဖြစ်လာတယ်။ သူက ဒီအမှတ်တွေ ရခဲ့ရင် သူ့အစွမ်းတွေလည်း နောက်တစ်ဆင့်လောက် တိုးတက် လာနိုင်တယ်လေ။ ဒါပေမဲ့လည်း အကြီးအကဲက အဲလို မလုပ်ပါဘူး။

အရင်တစ်ခါတုန်းက ကျန်တဲ့ အမှတ်တွေနဲ့ ဆိုရင် လီဖူချန်းဆီမှာ အမှတ်ပေါင်း ၉၁၈၀၀ တောင် ရှိနေပါပြီ။ ခန္ဓာကိုယ်သန့်စင်ဆေး အလုံး ၃၀၀ ဝယ်လိုက်ပြီး နောက်မှာတော့ လီဖူချန်းဆီမှာ အမှတ်ပေါင်း ၁၆၈၀၀ ပဲ ကျန်ပါတော့တယ်။

" ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်တွေက လူတိုင်း လေ့ကျင့်လို့ မရတာလည်း မပြောနဲ့လေ။  ကုန်ကျတဲ့ စရိတ်ကလည်း နည်းတာမှ မဟုတ်တာကိုး"

လီဖူချန်းသာ လီကလန်မှာပဲ ရှိနေသေးရင်တော့ လီကလန်တစ်ခုလုံးရဲ့ ကြွယ်ဝမှုတွေ ပေါင်းရင်တောင် ဒီကြေးနီရောင် ခန္ဓာကိုယ်ကျင့်စဉ်ကို လီဖူချန်း တစ်သက် လေ့ကျင့်လို့ ပြီးမှာ မဟုတ်ပေ။ ခန္ဓာကိုယ်သန့်စင် ဆေးတစ်လုံးက ရွှေပြား၅၀၀လောက် ပေးရတာ ဖြစ်သည်။

လီဖူချန်း အခုသုံးထားတဲ့ ငွေတွေက  ရွှေပြား ၂၅၀၀၀၀ ပြား လောက်ကို ရှိနေပါပြီ။

လီဖူချန်းက အခုချိန် သူ့ခြံဝင်းကို မပြန်ချင် သေးတာကြောင့် သိုင်းကျမ်းဆောင်ကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီတစ်ခါတော့ သူက ဓားသိုင်းတွေကို ကြည့်ဖို့ လာခဲ့တာပါ။

သုံးရောင်ခြယ်ဓားသိုင်း

ခရမ်းရောင်ဓားသိုင်း

မြွေဟောက်မျက်လုံးဓားသိုင်း

ဓားမြန်ဓားသိုင်း

သွေးနီရောင်ဓားသိုင်း

နှင်းစက်ဓားသိုင်း

ရွှေမြွေဓားသိုင်း

စိတ်ဝိညာဉ်ဓားသိုင်း

နဂါးဝိညာဉ်ဓားသိုင်း

လိပ်ပြာဓားသိုင်း

မိစ္ဆာတိမ်နီဓားသိုင်း

ကြက်သွေးရောင်မီးဓားသိုင်း

ရေလှိုင်းဓားသိုင်း

ရေငွေ့ဓားသိုင်း ... ရှိသမျှ ဓားသိုင်းကျမ်း စာအုပ်အညွှန်းတွေကို ဖတ်ပြီးနောက်မှာတော့ လီဖူချန်းက ကြက်သွေးရောင် မီးဓားသိုင်းကိုပဲ ရွေးလိုက်ပါတယ်။

ကြက်သွေးရောင် မီးဓားသိုင်းနဲ့ ကြက်သွေးရောင် မီးကျင့်စဉ်က တစ်ဆက်တည်း ဖြစ်ပါတယ်။ ဒီကြက်သွေးရောင် မီးဓားသိုင်းကို အမှတ် ၁၃၀၀ ပေးခဲ့ရပါတယ်။ ကျန်တဲ့ အမှတ်ကိုတော့ လီဖူချန်းက အနာဂတ်အတွက် ချန်ထားလိုက်ပါတယ်။

***

လီဖူချန်းက သူ့ခြံဝင်းကို ပြန်ရောက်တဲ့ အခါမှာတော့ တံခါးပိတ်ပြီး လေ့ကျင့် တော့တယ်။ ခန္ဓာကိုယ် သန့်စင်ဆေး တစ်လုံးကို သောက်ပြီး နောက်မှာတော့ လီဖူချန်းက သူ့ရဲ့အရေပြားတွေက ပိုပြီး မာကျောလာတာကို သိလိုက်ရတယ်။

လီဖူချန်းက ကျင့်စဉ် ကျင့်နေရင်းနဲ့ ရုတ်တရက် သူ့ဗိုက်က ကိုယ်ဝန် ခြောက်လလောက် ရှိတဲ့ မိန်းမတစ်ယောက်လို ဖြစ်လာတာကို သတိပြုမိလိုက်တယ်။

နောက်တစ်ရက် မှာတော့ သူ့မျက်လုံးတွေက အမြင်အာရုံ ချို့ယွင်းလာပါတယ်။ နောက်တစ်ရက် မှာတော့ သူ့ရဲ့ အကြား အာရုံတွေပါ ချို့ယွင်း လာပြန်ပါတယ်။ လီဖူချန်းက ဒီအဖြစ်တွေက ကျင့်စဉ်တွေကို အလျင်အမြန် လေ့ကျင့်ခဲ့လို့ ဖြစ်လာတဲ့ ဆိုးကျိူးတွေ ဆိုတာကို သိလိုက်တယ်။

ဒီဖြစ်ရပ်ကို အမြန်ဆုံး ကုသနိုင်မဲ့ နည်းလမ်းကတော့  သူ့ရဲ့ အတွင်းအားတွေကို အမြန် အခြေတကျ ဖြစ်အောင် လေ့ကျင့်ဖို့ပဲ ရှိပါတော့တယ်။

***

All Chapters