← Chapters

ငါတို့က အတူတူပါပဲ

Vol. 7 Ch. Chapter 32

ငါတို့က အတူတူပါပဲ

Vol. 7 Ch. Chapter 32

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 32 - ငါတို့တွေက အတူတူပါပဲ

မက်ဒါနာ​က ပေါ်တယ်က​နေတစ်ဆင့် ဆက်တိုက်ဖို့ မဖြစ်နိုင်တော့တဲ့ အေမီကို တစ်ဖက်ခြမ်းပြန်ပို့လိုက်တယ်။ လက်ရှိအချိန်မှာ ဆိုဖီယာက ရန်သူကိုသတ်နိုင်လား မသတ်နိုင်ဘူးလား၊ မကျိန်းသေသေးပါဘူး။

မက်ဒါနာ၊ ဖလေရာ၊ လင်ဒါနဲ့ ဖရက်တို့က တွင်းဝကြီးနားကို ရောက်လာကြပြီ။

ဆိုဖီယာက တွင်းနက်ကြီးရဲ့နှုတ်ခမ်းမှာ ဒူးထောက်ကျနေပါတယ်။ နဖူးက ချွေးတွေအများကြီးစီးကျနေပြီး နတ်သူငယ်မလေးရဲ့ရင်ဘတ်က ဖောင်းလိုက်ပိန်လိုက်ဖြစ်​နေတယ်။ ကြည့်ရုံနဲ့တင် ခုနကတိုက်ကွက်ကိုသုံးဖို့ အစွမ်းကုန်အားထုတ်ထားမှန်း သိနိုင်ပါတယ်။

"ဆိုဖီယာ၊ နင်ဘာဖြစ်သွားသေးလဲ။"

မက်ဒါနာက သူ့ရင်ဘတ်လောက်ပဲရှိတဲ့ နတ်သူငယ်မလေးဆီကို ပြေးသွားရင်း ကောက်ချီဖို့လုပ်လိုက်မိပေမဲ့ လက်ကိုပြန်ရုပ်လိုက်ရတာပေါ့။ အခုသူက သံမဏိဝတ်စုံကြီးထဲမှာရောက်နေလို့ အဲဒီလိုလုပ်လိုက်ရင် ရူးကြောင်ကြောင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဆိုဖီယာရဲ့အခြေအနေကို ကြည့်ပြီးကတည်းက သူ့ပြိုင်ဘက်ဟာ လွယ်တဲ့သူမဟုတ်မှန်း သိနိုင်တယ်။

"အာကာသနတ်သူငယ်မျိုးနွယ်ရဲ့ခန္ဓာကိုယ်ကြောင့်သာမဟုတ်ရင် ငါ့ရုပ်ခန္ဓာက တစ်စစီဖြစ်နေလောက်ပြီ။ ဒါတောင်မှ..."

နတ်သူငယ်မလေးက တစ်နေရာကို လက်ညိုးညွန်ပြလိုက်တယ်။ သူတို့ကြည့်လိုက်တော့ တွင်းနက်ကြီးရဲ့အလယ်မှာ တောင်ကမူလိုဖြစ်တည်နေတဲ့ ကုန်းမြင့်တစ်ခုရှိနေတယ်။ အကြီးကြီးတော့မဟုတ်ပေမဲ့ လူတစ်ယောက် ကောင်းကောင်းရပ်နိုင်တဲ့အရွယ်ပါ။ အဲဒီမှာ အနက်ရောင်အရိပ်ကြီးတစ်ခုရပ်နေပြီး မည်းကျွမ်းနေတဲ့ သစ်ငုတ်တိုကြီးတစ်ခုလိုပဲ။

ဆိုဖီယာရဲ့တိုက်ကွက်ကြောင့်လားမသိပေမဲ့ အဲဒီအရာရဲ့ကိုယ်ကနေ မီးခိုးငွေ့တွေ တ​ထောင်းထောင်းထနေပြီး တဖြည်းဖြည်းကိုယ်ကိုဖြန့်လိုက်တယ်။

ပြန့်ကားလာတဲ့ တောင်ပံတစ်ဖက်တစ်ချပ်စီက ပေနှစ်ဆယ် အနည်းဆုံးရှိပြီးတော့ တောင်ပံပေါ်မှာခံ့ညားတဲ့ အကြောဖောင်းဖောင်းတွေကို အံ့ဖွယ်မြင်နိုင်တယ်။ အတောင်ပံဖြန့်ပြီးတဲ့နောက် အကောင်ကြီးရဲ့လက်တွေခြေတွေ ဖြန့်လာတယ်။ လက်ချောင်းတွေတစ်လျှောက် စစ်သုံးဓားအရွယ်လောက်ရှိတဲ့ ဆူးချွန်တွေထွက်နေပြီး ရင်သက်ရှုမောခြင်းနဲ့ထိတ်လန့်ခြင်းတို့က ဒွန်တွဲလို့။ ပေါင်းစပ်မျက်လုံးတွေကတော့ နက်မှောင်ကာ တောက်ပြောင်လို့ပေါ့။ ဦးခေါင်းထိပ်မှာတော့ အနီရောင်သန်းတဲ့ ပင်အပ်လို ဦးမျှင်နှစ်ချောင်းက တုတ်ခိုင်စွာရှိနေတယ်။

အရွယ်အစားက လူနှစ်ဆလောက်ပဲရှိပေမဲ့ တကယ့်ကို ကိုင်တွယ်ရခက်မယ့် အရွယ်ရောက်ပြီး ပိုးကောင်ဗိုလ်ချုပ်တစ်ကောင်ပါ။

"မကောင်းတော့ဘူး၊ ဒီကောင်က Gauromydas အမျိုးအစားယင်ကောင်ကို အတုယူထားတာပဲ။"

မက်ဒါနာရဲ့ဝတ်စုံစနစ်က တတီတီမြည်လာပြီး ကမ္ဘာပေါ်က ဖြစ်နိုင်ခြေအရှိဆုံး ပိုးကောင်ရဲ့အချက်အလက်တွေကို ဖော်ပြပေးလိုက်တယ်။ မက်ဒါနာကိုယ်တိုင်လည်း အဲဒီအချက်အလက်တွေကို လိုက်ဖတ်ရင်းနဲ့ သတင်းကောင်းမဟုတ်မှန်း သတိထားမိလာပါတယ်။

[အချက်အလက်: Gauromydas Herosမှာ ယင်ကောင်စစ်မျိုးနွယ်ဝင်များအနက် အကြီးဆုံးဖြစ်သည်။ ဦးနောက်အာရုံကြောကို ထိခိုက်စေနိုင်သည့် အဆိပ်တစ်မျိုးကို အရွယ်မှထုတ်လွှတ်ပေးပြီး အရွယ်တူ လိပ်ပြာများ၊ နှံကောင်များနှင့် ဝတ်ရည်စုပ်ငှက်ငယ်များကို ဖမ်းဆီးစားသောက်နိုင်သည်။ ဆူးချွန်ပါလက်တံများက အလွန်အမင်းစေးကပ်ပြီး ရန်သူကို မလွတ်တမ်းဖမ်းဆွဲထားနိုင်သည်။

အင်းဆက်ယင်ကောင်များအနက် စွမ်းအားအကြီးဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး အမဲလိုက်ယင်ကောင်ဖြစ်သည်။]

ငွေရောင်စစ်သည်က စေဘာစတိန်းနဲ့ပေါင်းစပ်ထားဆဲဖြစ်ပြီး ပိုမိုပြင်းထန်လာနိုင်တဲ့ အနာဂတ်တိုက်ပွဲအတွက် အသင့်ပြင်ထားတယ်။ ဖရက်လည်း အခုအ​ခြေအနေကို ပေါ့ပေါ့တန်တန်မစဥ်းစားနိုင်တော့ဘဲ မိုးကြိုးနယ်မြေကို ဆင့်ခေါ်လိုက်တယ်။ ယင်ကောင်ရဲ့ပျံသန်းနိုင်စွမ်းကို ကန့်သတ်နိုင်လေမလားလို့ပေါ့။

ဖလေရာကတော့ တူကိုလက်ပြောင်းကိုင်လိုက်ပြီး လင်ဒါကတော့ အခွင့်ကောင်းရရင် စိတ်ညို့နိုင်ဖို့ အသင့်ပြင်တယ်။ မက်ဒါနာက ဆိုဖီယာကို ပြောလိုက်တယ်။

"နင်ဆက်တိုက်နိုင်သေးလား..."

ဆိုဖီယာရဲ့မျက်နှာမှာ အပြုံးတစ်ပွင့်ပေါ်လာတယ်။ နတ်သူငယ်မလေးက ပြန်ထရပ်လိုက်ပြီး ဒူးမှာပေကျံနေတဲ့ ဖုန်မှုန့်တွေကို လက်နဲ့ပုတ်ကာ ဖယ်ရှားလိုက်တယ်။ အခုသူတို့အားလုံးက ယင်ကောင်ကိုရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ ယင်ကောင်ကတော့ သူ့လက်တွေကို ယင်ကောင်ဆန်ဆန်ပွတ်သပ်နေရင်း ပြောပါတယ်။

"ဟေး၊ မင်းတို့က ငါ့ငယ်သားနှစ်ယောက်ကို သတ်လိုက်တယ်မဟုတ်လား။ မင်းတို့မြို့ထဲမှာရှိနေတဲ့ လူနှစ်သောင်းကျော်ကို သတ်ပစ်လိုက်ရင် ကျေပြီလို့ သတ်မှတ်လို့ရတယ်မဟုတ်လား။" သူ့လေသံက အက်ကွဲနေပြီး လှိုင်းနှုန်းညိနေတဲ့ ရေဒီယိုလိုင်းက ထုတ်လွှင့်တဲ့အစီအစဥ်တစ်ခုကို နားထောင်နေရသလိုပဲ။

မက်ဒါနာတို့အဖွဲ့ ခေါင်းပေါ်ကို မိုးကြိုးပစ်ချခံရသလို ခံစားလိုက်မိတယ်။ ယင်ကောင်က အတောင်စခတ်တယ်။ အကောင်အတော်ကြီးပေမဲ့ နှေးမယ့်ပုံမရဘဲ အသံမြန်နှုန်းကို ချက်ချင်းချိုးဖောက်သွားတဲ့အတွက် ဖရက်က မိုးကြိုးဓားနဲ့ချက်ချင်းဝင်ခုတ်တယ်။

ထန်း...

ယင်ကောင်က လက်တစ်ဖက်ကိုမြှောက်ပြီး ဓားကိုတားတယ်။ တခြားလက်တစ်ဖက်ကတော့ ဖရက်ပေါ်ကို အန္တရာယ်ရှိစွာကျရောက်လာတယ်။ မြန်လွန်းလို့ ဖရက်ကိုယ်တိုင်သာဆိုရင် တုံ့ပြန်နိုင်မှာမဟုတ်ပေမဲ့ ဆိုဖီယာက သူ့စိတ်စွမ်းအားနဲ့ ဖရက်ကိုချက်ချင်းနောက်ဆွဲလိုက်တဲ့အတွက် လွတ်လာတယ်။

ယင်ကောင်ကတော့ မက်ဒါနာတို့အုပ်စုကို လစ်လျူရှု​ပြီး မြို့ထဲကိုသွားဖို့ကြိုးစားနေတယ်။ ငွေရောင်စစ်သည်က အတောင်ပံဖြန့်ပြီး တိုက်ပွဲမဝင်ခင် လင်ဒါကို ​ပြောလိုက်ပါတယ်။

"လင်ဒါ၊ ဟိုကောင်မလေးရဲ့ပေါ်တယ်ကိုသုံးပြီး မြို့ထဲကလူတွေကို အမြန်ပြောင်းရွေ့ပေးတော့။ ဖလေရာ၊ နင်လည်းသွားကူချေ။"

သူတို့နှစ်ယောက်က ခေါင်းညိတ်လိုက်ပြီး မြို့ထဲကို ပြန်သွားတယ်။ မက်ဒါနာကတော့ စိတ်ကိုသေချာ ပြင်ဆင်ပြီး တိုက်ပွဲထဲပြန်ဝင်ပါတယ်။ ဒါပေမဲ့ အခုတိုက်ပွဲက ရန်သူကိုအနိုင်ရဖို့မဟုတ်ဘဲ အချိန်ဆွဲဖို့ပါ။ လက်ရှိသူတို့အင်အားနဲ့ ယင်ကောင်ကိုနိုင်ဖို့မဖြစ်နိုင်သေးပါဘူး။ အထူးသဖြင့် သူတို့နားမှာ ကိုင်းတိုလို

စောင့်ရှောက်သူတစ်ယောက်ရှိမနေရင်ပေါ့။

ဆိုဖီယာကိုယ်တိုင်လည်း စိတ်စွမ်းအားကိုသုံးပြီး လေပေါ်ပျံတက်လိုက်တယ်။ ဘေးပတ်ဝန်းကျင်က ပစ္စည်းတွေလည်း သူနဲ့အတူမြောက်တက်လာပြီး သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေလို လှုပ်ရှားနေပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်တယ်။ ဘာလုပ်ရမလဲဆိုတာ နှစ်ယောက်လုံး နားလည်မှုချင်း ဖလှယ်ပြီးနေပါပြီ။

ဖရက်ကလည်း နောက်ကိုတစ်ဆုတ်တည်းဆုတ်နေရာကနေ လက်ကိုမြှောက်လိုက်တယ်။ မိုးကြိုးလျှပ်စီးများစွာက ကောင်းကင်ပေါ်ကနေ ကျဆင်းလာပြီး ပိုးကောင်ပေါ်ကိုပစ်ချတယ်။ ယင်ကောင်က သူ့ရဲ့အမြန်နှုန်းကိုသုံးပြီး တချို့မိုးကြိုးတွေကို ရှောင်လိုက်နိုင်ပေမဲ့ သုံးလေးချက်တော့ ထိသွားတယ်။ ဒါတောင်မှာ ကြီးမားတဲ့ထိခိုက်မှုမျိုးကို မဖြစ်စေခဲ့ပါဘူး။ ပြီးတော့ ဖရက်က ပိုးကောင်နားကို ကပ်လို့မရဘူး။

"လာခဲ့စမ်း..." တစ်ဖက်မှာတော့ မက်ဒါနာက တည့်တည့်ကို တိုးဝင်သွားတယ်။ ယင်ကောင်တောင်မှ အတော်လေးအံ့ဩသွားပုံပဲ။

"သေချင်နေတာလား၊ ငါနဲ့ထိပ်တိုက်ရင်ဆိုင်ရလောက်အောင် မင်းအားမကောင်းဘူး။"

ယင်ကောင်က အော်ဟစ်ပြီး လက်တံတွေနဲ့ ငွေရောင်စစ်သည်ကို ခုတ်ချလိုက်တယ်။ မက်ဒါနာကရှောင်ပေမဲ့ ယင်ကောင်က ပိုမြန်ပါတယ်။ ကံကောင်းစွာနဲ့ သစ်လုံးတစ်လုံးက ကြားဝင်ခံပေးလိုက်လို့ သစ်လုံးကြောင့် လက်တံနှေးသွားတုန်း မက်ဒါနာရှောင်လိုက်နိုင်တယ်။ အဲဒီသစ်လုံးကို လှမ်းပစ်လိုက်တဲ့သူက ဆိုဖီယာပါ။

"နင်က ယင်ကောင်သွားနိုင်တဲ့နေရာတွေကို မိုးကြိုးနဲ့ပိတ်ထား၊ ငါက မက်ဒါနာကိုကာကွယ်မယ်။"

ဆိုဖီယာက ပြောလိုက်တော့ ဖရက်ခေါင်းညိတ်ပြီး ​ပြောတဲ့အတိုင်းစလုပ်တယ်။ မက်ဒါနာကတော့ မိုက်ရူးရဲစွာနဲ့ ယင်ကောင်ကို တိုက်ရိုက်ယှဥ်ပြီးခုတ်တယ်။ သူတို့နှစ်ယောက်က နောက်ထပ်တိုက်ကွက်များစွာ ဖလှယ်မိပြီး ငွေရောင်စစ်သည်ရဲ့ဓားသွားက

ပိုးကောင်ရဲ့ကိုယ်ပေါ်ကျတယ်။ ဒါပေမဲ့ ပိုးကောင်ကို ဒုက္ခပေးနိုင်မယ့်အစား ဓားသွားတွေပဲ ပဲ့ကြွေလာတယ်။ ပိုးကောင်ကတော့ ရှေ့တိုးမြဲတိုးလာနေဆဲပါ။

ပြီးတော့ ဆိုဖီယာတို့က ကာကွယ်ပေးနေပေမဲ့ အချိန်တိုင်းတော့ အလုပ်မဖြစ်ပါဘူး။ ဖရက်က မိုးကြိုးတွေဆက်တိုက်ပစ်ချပေးနေပြီး ဆိုဖီယာက သစ်လုံးတွေ ကျောက်တုံးတွေနဲ့ ကာကွယ်ပေးနေပေမဲ့ တစ်ကြိမ်မှာတော့ ပိုးကောင်ရဲ့လက်က မထင်မှတ်ထားတဲ့

ရှုထောင့်ကနေ ဝင်လာပြီး မက်ဒါနာရဲ့ညာဘက်ပခုံးကို ပင့်တင်ပြီးခုတ်နိုင်သွားတယ်။

ခလွမ်း....

စေဘာစတိန်းရဲ့အနက်ရောင်သံ​ချပ်ကာတွေ ပဲ့သွားပြီး ငွေရောင်စစ်သည်ရဲ့မူလသံချပ်ကာ ပေါ်လာတယ်။ ဒါတောင်မှ အဆူးချွန်တချို့ကြောင့် အခြစ်ရာတွေထင်နေသေးတယ်။

"မင်းဖယ်နေလိုက်တော့၊ နောက်တစ်ခါငါမင်းကိုခုတ်မိရင် သေလိမ့်မယ်။"

ယင်ကောင်က ပြောလိုက်ပေမဲ့ မက်ဒါနာကတော့ အခွင့်အရေးကို အရဖမ်းပြီးတော့ အလင်းဒြပ်စင်တန်းနဲ့ပစ်ဖို့လုပ်တယ်။ ကံကောင်းတာက တိုက်ပွဲစတာမကြာသေးလို့ သူ့မှာအဲဒီလိုလုပ်ဖို့ စွမ်းအင်ကျန်နေပါသေးတယ်။ ဒါပေမဲ့ ယင်ကောင်က ဒီအကွက်ကိုကြိုမြင်ပြီးသား...

ဘုန်း....

အပြာရောင်အလင်းတန်းက သစ်တောထဲကိုတိုးဝင်သွားပြီး သစ်ပင်တွေကို မီးလောင်လျက်ကနေ အမြစ်က ကျွတ်ထွက်သွားစေခဲ့ပေမဲ့၊ မြေကြီးတွေပါလွင့်ပါသွားပြီး စက်ဝိုင်းခြမ်းပုံ မြေလမ်းကြောင်းကြီးကို ဖြစ်ကျန်စေခဲ့ပေမဲ့ ယင်ကောင်က သူ့တိုက်ကွက်တွေအားလုံးကို သိမြင်နေသလိုမျိုး ရှောင်လိုက်နိုင်ပါတယ်။

"မဆိုးတဲ့တိုက်ကွက်ပဲ၊ ဒါက ပိုးကောင်ဗိုလ်ချုပ်တချို့ကို အနာတရဖြစ်စေဖို့လုံလောက်တယ်။ ဒါပေမဲ့ ငါ့ကိုသတ်ဖို့အတွက် အားကိုးရတဲ့လက်နက်တော့မဟုတ်ဘူး။"

ယင်ကောင်က မက်ဒါနာရှေ့မှာပြန်ပေါ်လာပြီး သူ့ကိုယ်လုံးနဲ့ ဝင်တိုက်ပစ်လိုက်တယ်။ စေဘာစတိန်းရဲ့ချပ်ဝတ်ကို လက်တံတွေက တွယ်ကပ်ထားပြီဖြစ်တဲ့အတွက် မက်ဒါနာလှုပ်လို့မရတော့ဘူး။ ဖရက်ရော ဆိုဖီယာပါ မက်ဒါနာအတွက်စိုးရိမ်လာပြီး နှစ်ယောက်စလုံး ပြေးဝင်လာကြတယ်။ ယင်ကောင်လိုချင်နေတာကလဲ ဒါကိုပါပဲ။ သူ့ဆီကနေ ရယ်သံထွက်လာတယ်။

"လွယ်လိုက်တဲ့ကောင်တွေ...."

အင်းဆက်လက်ချောင်းတွေကြားမှာ ချုပ်နှောင်ခံထားရတဲ့ မက်ဒါနာတစ်ယောက် မယုံနိုင်စရာမြင်ကွင်းကို ​မြင်လိုက်ရတယ်။ သူ့ကိုချုပ်ထားတဲ့ လက်တွေက ယင်ကောင်ဆီကနေ ပြုတ်ထွက်လာပြီး နောက်ထပ်လက်တွေ ချက်ချင်းအသစ်ပေါက်လာတယ်။ ဝတ်စုံဆိုးဆိုးဝါးဝါးထိခိုက်ထားတဲ့ မက်ဒါနာက မြေပေါ်ကိုပြုတ်ကျနေပြီဖြစ်ပြီး ယင်ကောင်ရဲ့လက်ချောင်းသစ်တွေကတော့ သူ့ကိုကယ်ဖို့လာနေတဲ့ ဖရက်နဲ့ဆိုဖီယာဆီ တိုးဝင်သွားတယ်။

မဖြစ်နိုင်တာ....

လက်တံတစ်ချောင်းက ဖရက်ရဲ့ဝမ်းဗိုက်ကို ထိုးဖောက်သွားပြီး တခြားတစ်ဖက်ကတော့ ဆိုဖီယာရဲ့ဘယ်ဘက်မျက်လုံးထဲ တည့်တည့်ဝင်သွားပြီး နောက်စေ့ကနေ ပြန်ထိုးထွက်လာတယ်။

"မဖြစ်နိုင်တာ..."

ဒီလိုတွေးမိတဲ့အချိန်မှာတော့ မက်ဒါနာက မြေပြင်နဲ့ပြင်းပြင်းရိုက်မိသွားပြီး သူ့မြင်ကွင်းတွေ ပြောင်းပြန်လန်ကုန်တယ်။ ပြန်အသိဝင်လာချိန်မှာတော့ ကားတစ်စီးရဲ့ခေါင်မိုးပေါ်မှာ ရောက်နေမှန်းသိလိုက်ရပြီး ကုန်းထလိုက်တယ်။

အီ... အီ... အီ....

စေဘာစတိန်းဆီကနေ ဝမ်းနည်းနေတဲ့ အူသံထွက်လာပြီး ငြိမ်ကျသွားတယ်။ မကြာခင်မှာပဲ သူ့ကိုယ်ပေါ်က ခေါင်းသုံးလုံးခွေးပုံစံက သတ္တုအပိုင်းအစပုံကြီးအဖြစ် မြေပေါ်ကိုပုံကျသွားတယ်။ ယင်ကောင်ရဲ့တိုက်ကွက်က ပြင်းလွန်းလို့ စေဘာစတိန်းတစ်စစီဖြစ်သွားခဲ့တာပါ။ ဒါကြောင့် ငွေရောင်စစ်သည်ကလည်း သူ့ရဲ့အမာခံပုံစံကို ဆက်မထိန်းထားနိုင်တော့ဘူး။ အဲဒီပုံစံသာမရှိခဲ့ရင် အစောပိုင်းတိုက်ကွက်မှာတင် မက်ဒါနာတစ်ခါတည်း အသက်ပျောက်သွားလောက်ပါပြီ။

မက်ဒါနာက ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ပတ်ဝန်းကျင်မှာ လူတွေရွေ့ပြောင်းဖို့ လုပ်နေကြတုန်းပဲ။ လူနှစ်သောင်းရှိတဲ့မြို့က နယူးယောက်လိုနေရာမျိုးနဲ့ယှဥ်ရင် ဘာမှမဟုတ်ပေမဲ့ ပြောင်းရွေ့ဖို့လွယ်တဲ့ အရာမျိုးတော့မဟုတ်ဘူး။ မြို့လယ်မှာ ပေါ်တယ်တစ်ခုပွင့်နေပြီး လင်ဒါနဲ့ဖလေရာက လူတွေကို ကူညီပေးနေတယ်။ ဒါပေမဲ့ လူအများစုက ပြေးဖို့တောင် စိတ်မဝင်စားနိုင်တော့ဘဲ မြို့လယ်ပေါ်ကို ပြုတ်ကျလာတဲ့ ငွေရောင်စစ်သည်ကိုပဲ အံ့ဩတကြီးကြည့်နေကြပါတယ်။

"အင်းဟုတ်တယ်၊ ငါ့ရဲ့အခုပုံစံက နည်းနည်းရှက်စရာကောင်းနေတယ်။"

သာမန်လူသားတွေအတွက်တော့ ငွေရောင်စစ်သည်လို S rank ဟီးရိုးတွေက မရှုံးနိမ့်နိုင်တဲ့ ဖြစ်တည်မှုတစ်ခုပါ။ ဒါပေမဲ့ အခုတော့ အဲဒီလိုပြရုပ်ဖြစ်တဲ့ လူတစ်ယောက်က အရှက်တကွဲအကျိုးနည်းနဲ့ ပြုတ်ကျလာခဲ့တယ်လေ။

ဝုန်း....

ရုတ်တရက် အတောင်ပံခတ်သံနဲ့အတူ အရုပ်ဆိုးဆိုးယင်ကောင်ကြီးလည်း မြို့ထဲကိုရောက်လာပြီဖြစ်ပြီး

အဖိုးမတန်တော့တဲ့ လူနှစ်ယောက်ကို မက်ဒါနာဆီ ပစ်ထုတ်ပေးလိုက်တယ်။

"မင်းတို့က တကယ်ပဲ သစ်ဆွေးပိုးကို သတ်ခဲ့တဲ့ အုပ်စုဟုတ်ရဲ့လား။ ဖက်ဒရေးရှင်းတပ်တွေနဲ့ယှဥ်ရင်တောင် အားနည်းလွန်းတယ်။"

သစ်ဆွေးပိုးဆိုတဲ့ စကားကိုကြားတော့ ငွေရောင်စစ်သည်က အားလုံးရှေ့မှာပဲ ခါးသီးစွာရယ်မောလိုက်ရင်း လက်ထဲမှာကိုင်ထားတဲ့ အသုံးမဝင်တော့တဲ့ အသွားတုံးဓားကို ပစ်ချလိုက်တယ်။ ဓားပိုရော ဓားအစစ်ရော သုံးလို့မရတော့ဘူး။ သူဘယ်လောက်ပြင်ဆင်ထားပြင်ဆင်ထား သူ့ရန်သူတွေက အကြိမ်တိုင်း ပိုအားကောင်းလာတယ်။ နောက်ပြီး အရင်တစ်ခါကတည်းက သူသေခဲ့သင့်တာပါ။

"ဟုတ်တယ်၊ ငါတို့အဖွဲ့က သစ်ဆွေးပိုးကို သတ်ခဲ့တာမဟုတ်ဘူး။" သန်မာပြီး အများအတွက် ကိုယ့်အသက်ကို ပြတ်သားစွာစတေးပေးခဲ့တဲ့ လူတစ်ယောက်ရဲ့ပုံရိပ်ကို သူပြန်မြင်ယောင်လာတယ်။

"သစ်ဆွေးပိုးကို ငါတို့နိုင်ခဲ့တာ ငါ့သူငယ်ချင်းမယ်လီရဲ့ပေးဆပ်မှုကြောင့်ပဲ။ သူမရှိရင် ငါတို့လုပ်နိုင်ခဲ့မှာမဟုတ်ဘူး။ ပြီးတော့...."

မက်ဒါနာက လက်နက်မရှိပေမဲ့ ပိုးကောင်ဆီကို စလျှောက်သွားတယ်။ ယင်ကောင်ကတော့ သူ့ရှေ့မှာရှိနေတဲ့ ငွေရောင်ပုံရိပ်ကို စိတ်ဝင်စားစွာကြည့်နေဆဲပါ။ ရုတ်တရက် နောက်က​နေ ဧရာမတူကြီးပျံလာတဲ့အတွက် ငွေရောင်စစ်သည်က လေပေါ်မှာပဲဖမ်းလိုက်တယ်။

"ကောင်လေး၊ ငါ့ကိုကျေးဇူးမတင်နဲ့။ အဲဒီကောင်ကို ငါ့အစား ကောင်းကောင်းဆုံးမပေး။"

ဖလေရာရဲ့ဝတ်စုံစနစ်က အင်တာကွန်းကနေ လှမ်းအော်တယ်။ ငွေရောင်စစ်သည်ကတော့ နောက်ကို လက်မထောင်ပြလိုက်တယ်။ ယင်ကောင်ဆီကနေ ရယ်သံထွက်လာပါတယ်။

"မင်းရဲ့အစွမ်းအထက်ဆုံးပုံစံနဲ့တောင် ငါ့ကိုအနိုင်မယူနိုင်ခဲ့တာ။ ဘာလို့အပင်ပန်းခံနေဦးမှာလဲ။ ငါပြောသလို ဒီမြို့က လူနှစ်သောင်းကို ပေးအသေခံလိုက်။ မင်းတို့ကိုအသက်ချမ်းသာပေးမယ်။ ခါတိုင်းလည်း စစ်ပွဲတွေမှာ မင်းတို့လူသားတွေက ဒီလောက်ပမာဏကို အချင်းချင်းပြန်သတ်နေကြမဟုတ်လား။"

ယင်ကောင်က လူသားတွေကို အထင်သေးနေတဲ့ လေသံမျိုးနဲ့ပြောလိုက်တာပါ။ တစ်ဖက်မှာတော့ ငွေရောင်စစ်သည်က လက်မကိုချလိုက်ပြီး စစ်သုံးတူကို ပုံစံပြောင်းကိုင်ကာ ယင်ကောင်ဆီကို အားကုန်​​ပြေးဝင်တယ်။ ခေတ်ဟောင်းနေပြီဖြစ်ပေမဲ့ တခြားရွေးစရာမရှိတဲ့အတွက် ငွေရောင်စစ်သည်က Void Stream Rushကို စစ်သုံးတူကြီးနဲ့ထုတ်သုံးတယ်။

ယင်ကောင်ကတော့ သူ့ကိုအန္တရာယ်မပေးနိုင်မှန်းသိတဲ့အတွက် ဒီအတိုင်းပဲရပ်တယ်။ တူရဲ့ဗဟိုချက်ကလည်း စတင်လည်ပတ်ပြီး ယင်ကောင်ရဲ့ခေါင်းကို ဘေးတစ်စောင်းရိုက်ချပစ်တယ်။

ဘုန်း....

ငွေရောင်စစ်သည်နဲ့ယင်ကောင်ရပ်နေတဲ့ ကွန်ကရစ်ကြမ်းပြင်တွေ အက်ကွဲကုန်ပြီ။ ဒါပေမဲ့ ယင်ကောင်ကတော့ ဘာမှမဖြစ်ဘူး။ အဲဒီအစား ပျင်းရိနေတဲ့ပုံစံနဲ့ ငွေရောင်စစ်သည်ကို ရိုက်ချလိုက်တယ်။ ချပ်ဝတ်ရဲ့ပခုံးတစ်ခြမ်းပျက်စီးသွားပြီး သွေးတွေစီးကျလာတယ်။

"မက်ဒါနာ..."

နောက်ကနေ ကြည့်နေတဲ့ ဖလေရာနဲ့လင်ဒါလည်း ကြည့်မနေနိုင်တော့ဘဲ ပြေးဝင်လာတယ်။ ဒါပေမဲ့ သူတို့လုပ်နိုင်တာက ဘာမှမရှိသလောက်ပဲ။ ဖလေရာက

ဝတ်စုံစနစ်နဲ့ပေါင်းစပ်ပြီး တိုက်ခိုက်ပေမဲ့ သူလည်းပဲ

ယင်ကောင်ကြောင့် မြောက်တက်သွားပြီး မြေပေါ်ကို အားအင်မဲ့စွာ ပြုတ်ကျလာတယ်။ လင်ဒါကတော့ စိတ်စွမ်းအားနဲ့ ​ညို့ဖို့ကြိုးစားပေမဲ့ ယင်ကောင်ကို အကြာကြီးထိန်းချုပ်မရတဲ့အတွက် ဝှက်ယူလာတဲ့ရိုးရိုးသေနတ်နဲ့စပစ်တယ်။ ဒါပေမဲ့ ဘာဆိုဘာမှမဖြစ်ဘဲ ယင်ကောင်ရိုက်တာနဲ့ပဲ မြေပေါ်လဲကျသွားပြီး မလှုပ်ရှားနိုင်တော့ပါဘူး။

ယင်ကောင်က အားလုံးပြီးသွားပြီအထင်နဲ့ တစ်ဖက်ကိုလှည့်လိုက်ပေမဲ့ လက်သီးတစ်လုံးက သူ့ပေါင်းစပ်မျက်လုံးကို လာထိတယ်။ ဒါပေမဲ့ လက်သီးချက်က သိပ်ကိုအားလျော့လွန်းပြီး ဘာမှမဖြစ်စေဘူး။

"အခုထိ လက်မလျှော့သေးဘူးလား၊ ငမိုက်သား။"

ယင်ကောင်က ဒေါသနဲ့လက်ပြန်ရိုက်လိုက်တယ်။ ငွေရောင်စစ်သည်ရဲ့ခေါင်းဆောင်းက ပျက်စီးသွားပြီး ပေါ်လီယာနာအဖြစ်ရုပ်ဖျက်ထားတဲ့ မက်ဒါနာရဲ့မျက်နှာတစ်ခြမ်းပေါ်လာတယ်။ ပါးပေါ်မှာတော့ ရှရာတစ်ခုရှိနေပြီး သွေးတွေစီးကျနေတယ်။

အနီးအနားမှာရှိနေတဲ့ လူတွေအကုန်လုံး ငွေရောင်စစ်သည်ထဲကလူက မိန်းကလေးတစ်ယောက်ဆိုတာသိရတော့ အကုန်လုံးအံ့ဩကုန်ကြတယ်။ အရင်ကလည်း ဒီလိုသီအိုရီထုတ်ဖူးကြပေမဲ့ မင်းသမီးနောက်ကိုလိုက်ပြီး ရဲမေတစ်ယောက်နဲ့လည်းဇာတ်ရှုပ်ရှိဖူးလို့ ယောက်ျားပဲဖြစ်မယ်ထင်ထားကြတာပါ။ ဒါပေမဲ့... သူတို့ရှေ့က စစ်သည်က မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ အခုလိုအခြေအနေမှာ ကမ္ဘာပေါ်မှာရှိသမျှ ယောက်ျားတွေအားလုံးထက် ပိုပြီးရဲရင့်ပြနေတယ်။

"နင့်အဆိပ်က သောက်ရမ်းနာတာပဲ သောက်ယင်ကောင်ရေ။ ဒါပေမဲ့ နင်ငါ့ကို သေအောင်မသတ်မချင်းတော့ ငါက နင့်ကိုယှဥ်တိုက်နေရမှာပဲ။"

ယင်ကောင်က မက်ဒါနာနားကို ပိုတိုးကပ်လာပြီး မေးလိုက်တယ်။ "ဘာကြောင့်လဲ။"

"ငါက လူတွေကိုကာကွယ်ပေးရမယ့် ဟီးရိုးမလို့ပဲကွ။" မက်ဒါနာက လက်သီးကိုဆုပ်ပြီး ယင်ကောင်ရဲ့မျက်နှာကို ထပ်ထိုးတယ်။ ယင်ကောင်လည်းသည်းမခံနိုင်တော့ဘဲ ခြေချောင်းတစ်ချောင်းနဲ့ငွေရောင်စစ်သည်ရဲ့ခြေထောက်ကို ရိုက်ချိုးပစ်လိုက်တယ်။

ဘောင်း....

မက်ဒါနာကို ခြေစုံရပ်နိုင်အောင် ကူညီပေးထားတဲ့ အကူအရိုးတုပျက်သွားပြီး ဒူးထောက်ကျသွားပါတယ်။ ဒါပေမဲ့ သူက မီရာပိုးကောင်ရဲ့ခြေထောက်ကို ဆက်ပြီးထိုးနှက်နေတယ်။ ကြည့်နေတဲ့ မြို့သားတွေလည်း မခံစားနိုင်တော့ဘဲ နှုတ်ခမ်းကိုကိုက်ထားတဲ့သူက ကိုက်၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့သူက ဆုပ်ထားနဲ့ပါ။ ဘယ်သူက စလိုက်မှန်းမသိပေမဲ့ ငွေရောင်စစ်သည်ကို အားပေးတဲ့အသံက တဖြည်းဖြည်းကျယ်လောင်လာလာတယ်။

"Silver Knight..."

"မင်းလုပ်နိုင်ပါတယ်ကွ။"

"အဲဒီယင်ကောင်ဖင်ကို ပိတ်ကန်ပစ်လိုက်။"

တစ်ဖက်မှာတော့ မက်ဒါနာ့စိတ်ထဲမှာ လူတွေကိုကယ်ဖို့အတွက် အသက်ပေးခဲ့တဲ့ ဟီးရိုးတွေအားလုံးရဲ့မျက်နှာကို တစ်ယောက်ချင်းစီ မြင်ယောင်လာတယ်။ သူ့ဆီမှာ လိုအပ်နေတဲ့ အစိတ်အပိုင်းလေးတစ်ခုက အဲဒါဆိုတာကို သူသိနားလည်နေတယ်။

"ငါငယ်ငယ်လေးကတည်းက လူတွေကိုကာကွယ်ပေးတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တာ။ ကပ္ပတိန်စတိတ်မန်း၊ ငါ့အဖေ သူတို့အားလုံးကို ငါသဘောကျခဲ့တာ။ အခုမှပဲ ငါသဘောပေါက်တော့တယ်။ လူသားတွေကို ကာကွယ်ဖို့အတွက်ဆိုရင် ငါ့အသက်ကိုငါ စတေးရရင်တောင်တန်တယ်။"

ငွေရောင်စစ်သည်က သူ့ရင်ဘတ်မှာကျန်နေသေးတဲ့ ပင်မစွမ်းအင်ဗဟိုချက်ကို ဆုပ်ကိုင်လိုက်တယ်။ သူ့စွမ်းအင်အူတိုင်ကို ဖောက်ခွဲပစ်ရင်လည်း နောက်ဆုံးအနေနဲ့ ကြီးမားတဲ့စွမ်းအားကို ထုတ်ဖော်နိုင်တယ်ဆိုပေမဲ့ အနားကလူတွေကိုပါ ထိခိုက်မိလိမ့်မယ်။

ယင်ကောင်ကတော့ သူ့လက်ချောင်းနဲ့ မက်ဒါနာကို ဆွဲမြှောက်လိုက်တယ်။ ငွေရောင်စစ်သည်ရဲ့ခြေက မြေကြီးနဲ့လွတ်သွားပြီး ယက်ကန်ယက်ကန်ဖြစ်နေတယ်။

"မင်းအရှုံးပေးတော့မလား။ ကောင်းပြီလေ၊ မင်းအရှုံးပေးပေး မပေးပေး ဘာမှတော့မထူးပါဘူး။ ဒီလူတွေကို မင်းမှမကာကွယ်နိုင်တော့တာ။"

ဒါပေမဲ့ မက်ဒါနာကတော့ ယင်ကောင်ရဲ့စကားတွေကို လစ်လျူရှုထားပြီး လက်သီးကိုဆန့်တန်းလိုက်ပြီး

ယင်ကောင်ရဲ့မျက်နှာကို နောက်တစ်ကြိမ်ထိုးလိုက်ပါတယ်။

"မင်းရဲ့မျိုးနွယ်တူတွေကို ကာကွယ်ပေးချင်သလို ငါလည်း လူသားတွေကို ကာကွယ်ပေးချင်တာပဲ။ ဒီတော့ ငါတို့ကြားမှာ ဘာကွာခြားချက်မှမရှိဘူး။"

မက်ဒါနာက လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။ သူ့လက်က အားအင်ကင်းမဲ့စွာ ပြုတ်ကျသွားတယ်။ သွေးဆုံးရှုံးမှုပမာဏများလွန်းတာကြောင့် သူဆက်ပြီးတောင့်မခံနိုင်တော့ပါဘူး။

"ကွာခြားချက်၊ ဟုတ်လား။ ပိုးကောင်တွေက ပိုးကောင်တွေကို မသတ်ဘူးကွ။" ယင်ကောင်က ရယ်သံပါပါပြောလိုက်တယ်။ ဒါပေမဲ့ နောက်တော့ သူ့လေသံ ပြောင်းသွားပြီး...

"မဟုတ်သေးဘူး၊ ငါတို့ကိုယ်တိုင်မသတ်ပေမဲ့ သူ​တို့ကို စစ်ပွဲတွေထဲလွှတ်ပြီး အမြောက်အမြားကို သေစေခဲ့တယ်မဟုတ်လား။ ပြီးတော့ အင်ပါယာတွင်း အာဏာလုပွဲတွေမှာလည်း ငါတို့ချင်းသတ်ကြသေးတယ်မဟုတ်လား။"

ယင်ကောင်က ငွေရောင်စစ်သည်ကို ပစ်ချတယ်။ သူ့ပုံစံက လူသားပုံစံအဖြစ်ပြန်ပြောင်းသွားပြီး သူ့ခေါင်းကိုသူ ဆုပ်ကိုင်ထားတယ်။ နောက်တော့ သူ့အကြည့်တွေ ပြောင်းလဲသွားပြီး ပြုံးလိုက်တယ်။

"ဟုတ်တယ်၊ ငါတို့မှာ တူတာတွေရှိနေသေးတာပဲ။ ငါတို့လည်း မပြီးပြည့်စုံသေးပါဘူး။" အဲဒီနောက် သူက မက်ဒါနာကိုငုံကြည့်ပြီး ပြောလိုက်တယ်။

"သိပ်ကောင်းတယ်၊ ဒီနေ့ကစပြီး မင်းကိုငါနဲ့အဆင့်တူလို့ သတ်မှတ်တယ်။"

နောက်တော့ ယင်ကောင်ဗိုလ်ချုပ်က ဘယ်တုန်းကမှ မရှိဖူးသလိုမျိုး ပျောက်ကွယ်သွားတယ်။ ဟီးရိုးတွေကတော့ လမ်းပေါ်မှာတင် လဲကျလို့ရယ်။

All Chapters