ဓားနှင့်လှံတို့ သြဇာမသက်ရောက်နိုင်သောနေရာ
Vol. 4 Ch. 52
အတွင်းအားနဲ့ သွေးတွေကို အခြေတကျ ဖြစ်အောင် လုပ်ရတယ် ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ သွေးကြောတွေထဲကို အတွင်းအားတွေကို တဖြည်းဖြည်းချင်း စမ်းပို့လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ဖြစ်ပျက်နေတဲ့ အရာတွေကို လီဖူချန်းက လေ့လာလိုက်တယ်။
သူ့ခန္ဓာကိုယ်ထဲမှာ ပိတ်ဆို့နေတဲ့ သွေးကြောတွေကို သိရရင် သူ့ရဲ့ အတွင်းအားတွေကို အခြေတကျ ဖြစ်အောင် လုပ်ဖို့ ပိုလွယ်ကူ သွားမှာပါလေ။
လီဖူချန်းက အတွင်းအားတွေကို ပုံမှန် လှည့်ပတ် လိုက်ရင်းနဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို သူ့အသိစိတ်တွေ ဖြန့်ကျက် လိုက်တယ်။ လူတွေ ပြောကျတာကတော့ ကောင်းကင် ပိုးနယ်ပယ်က ပညာရှင်တွေကပဲ ကိုယ့်ရဲ့ အသိစိတ်အာရုံကို အသုံးပြုပြီး ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဆန်းစစ်လို့ ရတယ်လို့ပါပဲ။
ကောင်းကင် ပိုးနယ်ပယ်အောက်က ပညာရှင်တွေကတော့ ပတ်ဝန်းကျင်ကို အသိစိတ် အာရုံဖြန့်ကျက်ပြီး ကြည့်နိုင်ပေမဲ့ မိမိကိုယ်ကို ပြန်စစ်ဆေးဖို့အတွက်တော့ မစွမ်းဆောင် နိုင်ကျပါဘူး။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက သိုင်းတန်ခိုး စစ်သည်တော်တွေက မြေကမ္ဘာအဆင့် အထိ ရောက်ပြီးမှသာ အသိစိတ်အာရုံ ဖြန့်ကျက်တာကို လုပ်နိုင်တဲ့ စိတ်ဝိညာဉ်အင်အား ရရှိလို့ပဲ ဖြစ်ပါတယ်။
လီဖူချန်းကတော့ ခြွင်းချက်ပါပဲ။ သူ့ရဲ့ စိတ်စွမ်းအင် ပင်လယ်ထဲမှာက စိတ်ဝိညာဉ် နှစ်ခု ရှိနေတာလေ။ တစ်ခုက ဆင့်ကဲ ပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်ဖြစ်ပြီး နောက်တစ်ခုက မိုးကောင်းကင်ကနေ ကျလာတဲ့ လျို့ဝှက် ဆန်းကြယ်တဲ့ စိတ်ဝိညာဉ်ပါ။ ဒါကြောင့် လီဖူချန်းရဲ့ စိတ်ဝိညာဉ် အင်အားက အရမ်းကောင်း နေတာပါ။
လီဖူချန်းက အသိစိတ် အာရုံဖြန့်ပြီး အကြိမ်ကြိမ် အခါခါ စစ်ဆေးပြီး နောက်မှာတော့ သူက သူရဲ့ခန္ဓာကိုယ် အကြောင်းကို ပိုပြီး နားလည်လာတယ်။ စစ်ဆေးနေစဉ် အတောအတွင်းမှာ လီဖူချန်းက သူ့ရဲ့သွေးကြောတွေရဲ့ တည်နေရာတွေနဲ့ သွေးကြောဆုံမှတ်တွေကို ကောင်းကောင်းကြီး သဘောပေါက် သွားတယ်။
" သွေးကြော ဆုံမှတ်တွေရဲ့ တည်နေရာက လူတစ်ယောက်ချင်း အပေါ် မူတည်ပြီး အမျိုးမျိုး ပြောင်းလဲ နေကျတာပဲ။ ဒါကြောင့် ငါ့အတွင်းအားတွေ လည်ပတ်လိုက်တိုင်း တစ်ချက်တစ်ချက် ထောက်သွား တာကိုး"
နောက်ထပ် ရက်အနည်းငယ် ကြာတဲ့အထိ လီဖူချန်းရဲ့ ပြဿနာက မပြီးသေးပါဘူး။ ဘာကိုမှ မမြင်ရသေးသလို ဘာကိုမှလည်း မကြားရ သေးပါဘူး။
ဒါပေမဲ့ လီဖူချန်းက သူ့ခန္ဓာကိုယ်ပေါ်က သွေးကြောတွေ စီးဆင်းပုံနဲ့ အတွင်းအား လည်ပတ်ပုံကိုတော့ ကောင်းကောင်းကြီး ကျွမ်းဝင်နေပါပြီ။ လီဖူချန်း အခုဖြစ်တဲ့ ပြဿနာက သူ့ရဲ့ကြေးနီရောင် ခန္ဓာကိုယ်ကျင့်စဉ်ကို စတင် တီထွင်ခဲ့တဲ့သူနဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ ကွာခြားခြင်းကြောင့် ဖြစ်နေရတာပါ။
မူလ တီထွင်တဲ့သူရဲ့ ပညာရပ်နဲ့ အတွင်းအား လည်ပတ်ပုံက ကိုက်ညီမှုရှိပြီး အဆင်ပြေပေမဲ့ လီဖူချန်းနဲ့ ကျတော့ ၁၀ ရာခိုင်နှုန်းလောက် လွဲမှားနေတာ ဖြစ်သည်။ လီဖူချန်းသူ ခန္ဓာကိုယ် သန့်စင်ပညာရပ်ကို ဆေးဝါး အကူအညီသုံးပြီး အလောတကြီးနဲ့ မလေ့ကျင့်ခဲ့ရင် ဒီပြဿနာက ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် အိမ်တစ်လုံး ဆောက်သလိုပေါ့။
လီဖူချန်းက အောက်ခြေမခိုင်ပဲ ဆောက်ခဲ့မိတဲ့ အတွက် အထက်ကို ရောက်တဲ့အခါမှာ ပြဿနာ တက်ရခြင်းပါ။ ဒါပေမဲ့ လီဖူချန်းက အခုတော့ သူ့အသိစိတ် ဝိညာဉ်အားကိုးနဲ့ သူနဲ့ လိုက်ဖက်ညီတဲ့ အတွင်းအား လည်ပတ်ပုံကို ၉၀ရာခိုင်နှုန်းလောက် ပြင်ဆင်ပြီး ဖြစ်ပါသည်။ မကြာခင်မှာပဲ ၁၀၀ ရာခိုင်နှုန်းအထိ ရောက်လာ တော့မှာပါ။
အတွင်းအားတွေ အခြေတကျ ဖြစ်ပြီးသွားရင်တော့ သူ့ခန္ဓာကိုယ်က ခံစားနေရတဲ့ ဘေးထွက်ဆိုးကျိုးတွေ အကုန်ပြန်ကောင်း သွားပါလိမ့်မယ်။
၄၀၀၀ ကီလိုဂရမ်။
၄၂၀၀ ကီလိုဂရမ်။
၄၅၀၀ ကီလိုဂရမ်။
လီဖူချန်းက သူနဲ့ လိုက်ဖက်တဲ့ အတွင်းအား ပတ်လမ်းကြောင်းကို တည်ဆောက်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ် ပြင်ပအားတွေက ကန့်သတ်ချက်ကို ကျော်လာကြတယ်။ သူရဲ့အရိုး သိပ်သည်းဆတွေ ကလည်း ပိုများလာပြီး အလေးချိန်လည်း ပိုများလာပါတယ်။ မူလက ၆၅ ကီလိုလောက်ပဲ လေးသည့် လီဖူချန်းက အခု ၇၀ကီလို ဖြစ်လာပါပြီ။
ဒါပေမဲ့ ပြဿနာက သူ့အရပ်က ၁.၇ မီတာလောက်ပဲ ရှိသေးတာဖြစ်သည်။ လီဖူချန်းကို ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင် ကီလို၆၀လောက်ပဲ ရှိမယ်လို့ ထင်ရမှာပါ။
ဒီအဓိပ္ပာယ် လီဖူချန်းရဲ့ အရိုးသိပ်သည်းဆတွေက သာမန်လူတွေ ထက်ကို အများကြီး များနေပြီ ဆိုတာပါပဲ။ ၄၈၀၀ ကီလိုဂရမ် ... ၅၀၀၀ ကီလိုဂရမ်။
လီဖူချန်းဆီမှာ ခန္ဓာကိုယ် သန့်စင်ဆေးလုံး ၂၀ပဲကျန်တော့တဲ့ အချိန်မှာတော့ ကြေးနီရောင် ခန္ဓာကိုယ်ကျင့်စဉ် တတိယအဆင့်ကို အောင်မြင် သွားပါပြီ။
"ထန်"
လီဖူချန်းက သူ့ကိုယ်သူ ဓားနဲ့ ခုတ်ကြည့်လိုက်ရာ သတ္တုအချင်းချင်း ရိုက်မိတဲ့ အသံပဲ ထွက်လာတယ်။ (လီဖူချန်း လီကလန်မှာ ရှိတုန်းကကိုင်တဲ့ သံမဏိဓားနော် ဂိုဏ်းတော်ထဲမှာတော့ သစ်သားဓားပဲ ကိုင်ရတာ)
လီဖူချန်းက ဒီဓားချက်ထဲမှာ ၃၀၀ကီလို အားထည့်ပြီး ခုတ်လိုက်တာ ဖြစ်သည်။ ဒီမိုးကြိုးသွားလို ထက်တဲ့ ဓားသွားက သူ့ရဲ့ အရေပြားကို လှီးဖြတ်နိုင်စွမ်းတော့ မရှိပါဘူး။
၄၀၀၀ကီလိုဂရမ် အားအထိ မြှင့်ပြီး ခုတ်ကြည့်တဲ့ အခါမှာလည်း ဘာမှ မထူးလာပါဘူး။
နောက်ဆုံး ၅၀၀၀ ကီလိုဂရမ်အားနဲ့ ခုတ်ကြည့် လိုက်မှသာ အရေပြားပေါ်မှာ ခြစ်ရာ သေးသေးလေးတစ်ခု ပေါ်လာပါတယ်။
ဒါပေမဲ့ အဲဒီ ဒဏ်ရာလေးကလည်း ချက်ခြင်းပဲ ပျောက်သွားပြီး နဂိုအတိုင်း ပြန်ဖြစ် သွားပါတယ်။ လီဖူချန်းက ဓားနဲ့ခုတ်ပြီး နောက်မှာတော့ ဓားဦးချွန်နဲ့ သူ့ကိုယ်သူ ပြန်ထိုးကြည့်တယ်။ ပထမဦးဆုံး ၄၀၀၀ ကီလိုဂရမ် အားနဲ့ ထိုးကြည့်တယ်။ သူ့အရေပြားက ဘာမှ မဖြစ်သွားပါဘူး။
လီဖူချန်းက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်၈ကို ထုတ်ဖော်လိုက်တယ်။ ထို့နောက်မှာတော့ အတွင်းအားတွေနဲ့ တစ်ကိုယ်လုံးကို ကာကွယ် ထားလိုက်တယ်။
" ထန် "
လီဖူချန်းက သူ့ခန္ဓာကိုယ်ကို ဓားနဲ့မညှာမတာ ခုတ်ချလိုက်တယ်။ ဒီဓားချက်က ကီလို ၆၀၀၀ အားလောက်ရှိပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ် ပေါ်မှာ အဖြူရောင် အစင်းလေး တစ်ကြောင်း ပေါ်လာတာက လွဲပြီး ဘာမှ မဖြစ်လာပါဘူး။ ၇၀၀၀ ကီလိုအားနဲ့လည်း ခုတ်ကြည့်တယ်။ ထူးမခြားနားပါပဲ။ နောက်ဆုံး ၈၀၀၀ ကီလိုအားနဲ့ ခုတ်လိုက်တော့မှပဲ သွေးတွေက ပန်းထွက် လာခဲ့တယ်။
" ဒီကြေးနီရောင် ခန္ဓာကိုယ်ကျင့်စဉ်က အညွှန်းအတိုင်းပဲ အရမ်းကို စွမ်းလွန်းတာပဲ။ ဒီဓားဆိုရင် ငါ့ကို ဓားတွေ လှံတွေနဲ့ ထိခိုက်အောင် လုပ်ဖို့ဆိုတာ သိပ်လွယ်ကူတော့မှာ မဟုတ်ဘူး။ လူသားနယ်ပယ် အဆင့်မှာတော့ ငါ့ကို နိုင်မဲ့သူ ရှိပါဦးမလား"
လီဖူချန်းက စဉ်းစား နေတယ်။ ၈၀၀၀ ကီလိုဂရမ် အားဆိုတာ လူသားနယ်ပယ်က စစ်သည်တော်တွေ ပိုင်ဆိုင်နိုင်တဲ့ ခွန်အား မဟုတ်ဘူးလေ။ ဇူဟွာလောင်နဲ့ လျိုဇောင်ထန်တို့လို လူသားနယ်ပယ် အဆင့်၉က လူတွေတောင် ခွန်အား စုစုပေါင်းမှ ၆၀၀၀ ကီလိုဂရမ် လောက် ရှိတာလေ။
ဝမ်ဟူကတော့ ၇၀၀၀ ကီလိုဂရမ် အားလောက် ရှိတယ်။ လီဖူးချန်းသာ အားကုန် ထုတ်လိုက်မယ် ဆိုရင် ၁၀၀၀၀ ကီလိုဂရမ် ကတော့ အနည်းဆုံး ရှိပေမည်။
ဒီ၁၀၀၀၀ ကီလိုဂရမ်အားနဲ့ ခုတ်လိုက်တဲ့ ဓားချက်ကို မည်သူက ခံနိုင်ပါမည်နည်း။ ပြီးတော့ လီဖူချန်းက ခွန်အားသာမက အနီးကပ် တိုက်ခိုက်မှု ဓားသိုင်းတို့မှာပါ အထွတ်အထိပ် ရောက်နေပြီလေ။
လူသားနယ်ပယ် အဆင့်မှာတော့ လီဖူချန်းကို နိုင်ဖို့ဆိုတာကတော့ တကယ်မဖြစ်နိုင်တော့ပါဘူး။
***
" မင်းကြားပြီးပြီလား ... လီဖူချန်းက ဝမ်ဟူကို အိပ်ယာထဲမှာ နလန် မထူနိုင်အောင် ဆော်ထည့် လိုက်တာတဲ့"
" မင်းသတင်းက ဟုတ်လို့ လားကွ။ ဝမ်ဟူက ထိပ်ဆုံး၅၀၀ စာရင်းထဲက ကောင်နော်။ သူက ဇူဟွားလောင်တို့ လျိုဇောင်ထန်တို့ မဟုတ်ဘူးဟ။
" ငါလည်း အဲဒါကိုပဲ စဉ်းစား နေတာကွ။ ဒါပေမဲ့ အဲနေ့က အဖြစ်အပျက်ကို ကိုယ်တိုင် ကြုံလိုက်ရတဲ့ ကောင်တွေ ပြောတာတော့ လီဖူချန်းက ဝမ်ဖူကို ကလေးတစ်ယောက် လူကြီးတစ်ယောက်က အနိုင်ကျင့် နေသလို ဆော်သွားတာတဲ့"
" လခွီး ဒါသတင်းအတုပဲ ဖြစ်ရမယ်။ ဘယ်သူက ဒီလောက် တိုးတက်တာ မြန်နိုင်မှာလဲ။ ဒီကောင် ဒီကို ရောက်လာတာတောင် တစ်နှစ် မပြည့်သေးဘူးကွ။
ဘယ်လို ဖြစ်ဖြစ်ငါတော့ ဒီကိစ္စကို ကောလဟာလလို့ပဲ ထင်တယ်။"
ရက်အနည်းငယ် အတွင်းမှာပဲ လီဖူချန်းက ဝမ်ဟူကို တစ်ဖက်သတ် ထိုးကြိတ် အနိုင်ယူလိုက်တဲ့ သတင်းက အပြင်စည်း ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားတယ်။
ဒါပေမဲ့ ဒီသတင်းကို ကြားရတဲ့ သူတိုင်းက မယုံကျပါဘူး။ အဲဒီ အဖြစ်အပျက်ကို မြင်ခဲ့ရတဲ့ တပည့်အချို့ကတော့ ဒီသတင်းကို အခိုင်အမာဖြစ်ကြောင်း ရှင်းပြ နေကျပါတယ်။ လီဖူချန်းက ကျင့်စဉ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြင်ဆင်ပြီး အပြင်ကို ထွက်လာတဲ့ အချိန်မှာတော့ သတင်းက ကျောင်းတော် တစ်ခုလုံးရဲ့ ရေပန်းအစားဆုံး သတင်းတစ်ပုဒ် ဖြစ်နေပါပြီ။
လမ်းတစ်လျှောက် မှာတော့ လီဖူချန်းကို တွေ့လိုက်ရတဲ့ တပည့်အားလုံးက လီဖူချန်း လာတာနဲ့ လမ်းဘေးကို ကပ်ကာ လမ်းဖယ် ပေးနေကျပါတယ်။
" လီဖူချန်း ... မင်းယုံဝူးမြို့မှာတုန်းက ရှန်းတုလျှန်နဲ့ ပြဿနာ ဖြစ်ဖူးတယ်ဆို"
ဒီမေးခွန်းကို မေးလိုက်တဲ့ သူက ရှန်းတုကျူး ဖြစ်သည်။ လက်ရှိမှာတော့ ရှန်းတုကျူးက လူသားနယ်ပယ် အဆင့်၇ ကို ရောက်နေပါပြီ။
"ဖြစ်ဖူးတော့ ဘာဖြစ်လဲ"
လီဖူချန်းက မျက်ခုံးပင့်ပြီး မေးလိုက်တယ်။
" ငါအခု ခန္ဓာကိုယ် သန့်စင်ဆေး အလုံး၅၀ လောက် လိုနေတယ်။ မင်းအခု ငါ့ကိုပေးမယ်ဆိုရင် အရင်က ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ငါလျော်ပေးလိုက်မယ်"
လီဖူချန်းက ဂိုဏ်းထဲမှာ နာမည် ကျော်ကြား လာပေမဲ့လည်း လီကလန်နဲ့ ရှန်းတုကလန်က မနှိူင်းယှဉ် သာလောက်အောင် အဆင့် ကွာခြား နေသေးတယ်လေ။ လီဖူချန်းက ရယ်လိုက်တယ်။
" ငါက မင်းကို ပေးမယ်လို့ ထင်နေတာလား"
" ဘာလဲ မင်းက ရှန်းတုကလန်ရဲ့ အမိန့်ကို လွန်ဆန်ချင်နေ တာလား"
ရှန်းတုကျူးက လီဖူချန်းကို လေသံခပ်မာမာနဲ့ မေးလိုက်တယ်။
" ငါက မိုးပြာရောင်ဂိုဏ်းရဲ့ ပထမအဆင့် အပြင်စည်း တပည့်ကွ။ မင်းက ငါနဲ့ စကား လာပြောရအောင် အဆင့်အတန်းချင်း တူလို့လား"
လီဖူချန်းက ပြောပြီးတာနဲ့ ရှန်းတုကျူးကို အဖက်မလုပ်ပဲ လှည့်ထွက် သွားတော့တယ်။
" နေနှင့်ဦးပေါ့ လီဖူချန်းရာ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် ရောက်တဲ့အခါမှ သာမန်အရိုး တည်ဆောက်ပုံတွေနဲ့ အထူးအရိုးတည်ဆောက်ပုံ ဘာကွာခြားသလဲ ဆိုတာ ကောင်းကောင်းကြီး ပြရသေးတာပေါ့။ မင်းလိုမျိုး သာမန်အရိုး တည်ဆောက်ပုံနဲ့ ကောင်ကို အဲအချိန်ရောက်ရင် အရိုးပဲ ကိုက်ခိုင်းထားမယ်"
ရှန်းတုကျူးက မကျေမနပ်ဖြင့် ကြိမ်းဝါးပြီး ကျန်နေခဲ့တယ်။ သူခန္ဓာကိုယ် သန့်စင်ဆေးတွေ လိုအပ်ရတဲ့ အကြောင်းအရင်းက သူက သံမဏိ ချပ်ဝတ်တန်ဆာ ကျင့်စဉ်ကို ရရှိခဲ့လို့ပဲ ဖြစ်တယ်။
ဒီသံမဏိ ချပ်ဝတ် တန်ဆာကျင့်စဉ်ကို လေ့ကျင့်ရာမှာ ဆေးဝါး အထောက်အကူ မရှိလို့ကတော့ နှစ်ပေါင်းများစွာ ကြာအောင် လေ့ကျင့်ရမှာလေ။
အဝေးကို ရောက်ရှိသွားပြီ ဖြစ်တဲ့ လီဖူချန်းကတော့ ရှန်းတုကျူရဲ့ စကားတွေကို အဖက်ကို မလုပ်တော့ပါဘူး။ သူ့ရဲ့လက်ရှိ အခြေအနေကို သူကိုယ်တိုင်သာ အသိဆုံး ဖြစ်သည်လေ။ သူ့ရဲ့ အရိုးတည်ဆောက်ပုံက သာမန်ဖြစ်ရင်တော့ ဖြစ်လိမ့်မယ်။
ဒါပေမဲ့ သူ့ရဲ့ ဆင့်ကဲ ပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်နဲ့ ရွှေရောင်လက်ဖွဲ့ အဆောင် ရှိနေသရွေ့ကတော့ ကျင့်ကြံမှုနှုန်းကတော့ အထူးအရိုး တည်ဆောက်ပုံတွေနဲ့ လူတွေထက်ကို မြန်နေဦးမှာပါပဲ။
***
လမ်းလျှောက်ရင်းနဲ့ အနည်းငယ် ဆာသလို ရှိလာသည်နှင့် လီဖူချန်းက စားသောက်ဆောင်ရဲ့ တတိယထပ်ကို တက်သွားပြီး အကောင်းစား ဟင်းလျာ အစုံလိုက်ကို မှာလိုက်လေသည်။
ကြေးနီရောင် ခန္ဓာကိုယ် ကျင့်စဉ်ကို အောင်မြင် ပြီးသွားကတည်းက လီဖူချန်းရဲ့ အစာအိမ်က အစာချေနှုန်းကလည်း အရမ်းကို ကောင်းလာတာ ဖြစ်သည်။ သာမန် အဟာရပါဝင်တဲ့ အစားအစာ တွေက သူ့ခန္ဓာကိုယ် အတွက် လုံလောက်တဲ့ စွမ်းအင်ကို မပေးစွမ်း နိုင်တော့ပါဘူး။
အကောင်းစား ဟင်းလျာအစုံလိုက်မှာ ပါတဲ့အသားတွေက မိစ္ဆာသားရဲ အသားတွေ ဖြစ်ပါတယ်။ ဒီအသားတွေကို အစာအိမ်က ချေဖျက်ဖို့ အချိန် တော်တော်ကြာကြာ လုပ်ဆောင်ရတာ ဖြစ်တယ်။
ပြီးတော့ ဒီမိစ္ဆာသားရဲ အသားတွေကို ဆေးတွေနှင့် အချိန်အတော်ကြာ ပေါင်းထားပြီး မိစ္ဆာဓာတ်တွေကို ဖယ်ထုတ် ထားတာမို့ ဒီအသားတွေက အရမ်းကို ကောင်းမွန်တဲ့ အမျိုးအစား ဖြစ်လာပါတယ်။
လွတ်နေတဲ့ ခုံတစ်လုံးမှာ ထိုင်ပြီးတော့ လီဖူချန်းက အစားအသောက်ကို ဖြည်းဖြည်းနဲ့ မှန်မှန် အရသာခံပြီးစားနေပါတယ်။ ထိုအချိန်မှာပဲ ဒုတိယထပ်ကနေ တက်လာတဲ့ လူတစ်အုပ်ရဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။ လီဖူချန်းက ခေါင်းကိုမော့ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ သူ့မျက်လုံးအစုံက ကျဉ်းမြောင်း သွားတယ်။
သူတွေ့လိုက်ရတာက ကောင်းရှုလေ။ သန့်ရှင်း သပ်ရပ်တဲ့ အပြင်စည်း တပည့်ဝတ်စုံက သူမဝတ်လိုက်တဲ့ အခါမှာ အရမ်းကို ကျက်သရေရှိပြီး လှပနေပါတယ်။
ဒါပေမဲ့ သူမရဲ့ မျက်လုံးထဲမှာတော့ မာနရဲ့ အရိပ်အယောင်တွေ ပေါ်နေပါတယ်။
သူမတို့ သုံးယောက် တတိယထပ်ကို ရောက်လာတာနဲ့ လူအများစုရဲ့ အကြည့်တွေက သူမတို့ဆီကို ရောက်သွား ပါတော့တယ်။
***