← Chapters

ပြန်လည်ဆုံတွေ့ကျရာဝယ်

Vol. 4 Ch. 53

ပြန်လည်ဆုံတွေ့ကျရာဝယ်

Vol. 4 Ch. 53

ကောင်းရှုကလည်း လီဖူချန်း ရှိနေတာကို သတိပြုမိ လိုက်ပါတယ်။

အခု တွေ့မြင်ရတဲ့ လီဖူချန်းက အရင်ကနဲ့မတူပဲ တစ်မူ ထူးခြားတဲ့ အရှိအဝါတွေ ရှိနေတာကိုလည်း သူမ ခံစားမိလိုက်တယ်။

စိတ်ဝိညာဉ် ပင်လယ်ထဲမှာ ရွှေရောင် လက်ဖွဲ့အဆောင် ရောက်လာပြီးကတည်းက လီဖူချန်းရဲ့ ကိုယ်ရောင် ကိုယ်ဝါက တစ်ခြားသူတွေနဲ့ မတူတော့ပဲတစ်မူ ထူးခြားလာခဲ့ပါတယ်။ ကြည့်ရတာ ကျောင်းတော်ရဲ့ ထိပ်တန်း တပည့်တွေတောင် လီဖူချန်းရဲ့ ကိုယ်ရောင် ကိုယ်ဝါတွေကို ယှဉ်နိုင်မယ့် ပုံမရှိပါဘူး။

လီဖူချန်းကို အဝေးက ကြည့်လိုက်ရင်တောင် သူက တောက်ပနေတဲ့ ကြယ်တစ်စင်းလိုပါပဲ။ နေတစ်စင်းလိုတော့ အရမ်း ထွန်းလင်းနေတာ မဟုတ်ပေမဲ့ လျို့ဝှက် ဆန်းကြယ်မှုတွေ ပြည့်နှက်နေ့တဲ့ အလင်းရောင် မျိုးပေါ့။ ဒီလို တစ်မူထူးခြားတဲ့ အသွင်အပြင်နဲ့ လီဖူချန်းကို သတိမထားမိပဲ ကျော်သွားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခု ပါပဲလေ ။

" ဘယ်တုန်းက အပြင်စည်းဂိုဏ်းမှာ ဒီလို ဆွဲဆောင်အား ကောင်းတဲ့ ကောင်လေးတစ်ယောက် ရောက်လာတာလဲဟ"

ကောင်းရှုရဲ့ ဘေးနားမှာ ကပ်ပါလာတဲ့ ဇာမဏီ မျက်လုံးပိုင်ရှင် ကောင်မလေးက လီဖူချန်းကို သတိပြုမိ သွားတယ်။ အပြင်စည်းဂိုဏ်းရဲ့ ယောကျာ်းလေး တပည့်တွေထဲမှာ သူမရဲ့စိတ်ဝင်စားမှုကို ရတဲ့သူတွေက လက်တစ်ဖက်တောင် မပြည့်ဘူးလေ။

ပြီးတော့ အဲဒီသူတွေ အားလုံးကလည်း အပြင်စည်းဂိုဏ်းရဲ့ ထိပ်ဆုံး ၁၀ယောက်ထဲ ဝင်တဲ့ သူတွေ ချည်းပါပဲ။

" အစ်မတော်ကောင်းရှု ... ဟိုမှာ လီဖူချန်း ပဲ ...

ကောင်းရှုဘေးမှာ ပါလာတဲ့ သိမ်မွေ့ပုံရတဲ့ မိန်းမငယ်လေးက ကောင်းရှုနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

ကောင်းရှုက ခေါင်းညိတ်ပြလိုက်ပြီး လီဖူချန်းဆီကို ဦးတည်လိုက်တယ်။

" မတွေ့ရတာတောင် အတော်ကြာပြီပဲနော်"

လီဖူချန်း ထိုင်နေတဲ့ စားပွဲနားကို ရောက်တဲ့ အခါမှာတော့ ကောင်းရှုက ပြုံးပြီး လီဖူချန်းကို နှုတ်ဆက်စကား ဆိုလိုက်ပါတယ်။

" ဟုတ်တယ်"

လီဖူချန်းကတော့ စားနေတဲ့ တူကိုတောင်မချပဲ ခေါင်းအနည်းငယ် ဆတ်ပြီး ကောင်းရှုကို ပြန်ပြောလိုက်တယ်။

ကောင်းရှုက ကြက်သေ သေသွားတယ်။ လီဖူချန်းနေရာမှာ တခြား တပည့်ကောင်လေးတွေဆို အနည်းဆုံးတော့ သူမကို မတ်တပ်ထပြီး စကား ပြန်ပြောမှာပဲလေ။

" စေ့စပ်ပွဲ ဖျက်သိမ်း လိုက်ရတဲ့ ကိစ္စအတွက် ကျွန်မ တောင်းပန်ပါတယ်"

ကောင်းရှုက လီဖူချန်းကို ဆက်ပြောလိုက်တယ်။ လီဖူလျန်းက ခပ်သော့သော့ ရယ်မောလိုက်ပြီး

" ဒီကိစ္စက ကောင်းတဲ့ အရာတစ်ခုပါပဲ။ အနည်းဆုံးတော့ မင်းနဲ့ငါအတွက် အဆင်ပြေ သွားတာပေါ့။

" ရှင်ထင်သလိုပဲ ရှင်အဆင်ပြေပါစေလို့ ကျွန်မလည်းမျှော်လင့်ပါတယ်။"

ကောင်းရှုက လီဖူချန်းကို သေသေချာချာ အကဲခတ်လိုက်ပြီး သူဘယ်လို တုံ့ပြန်လာမလဲ ဆိုတာကို စောင့်ကြည့် လိုက်တယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ မျက်လုံးတွေက တည်ငြိမ်နေပြီး ဘာခံစားမှု အရိပ်အယောင်မှ ပြမလာ ခဲ့ပါဘူး။

နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကောင်းရှုက ဆက်ပြောလိုက်တယ်။

" ရှင့်ရဲ့ ရမှတ် တွေအများကြီး ရှာဖွေနိုင်ခဲ့တဲ့ သတင်းက ဂိုဏ်းတစ်ခုလုံးမှာ ပျံ့နှံ့နေပြီ။

ထိပ်ဆုံးတပည့် ၅၀၀ စာရင်းက လူတွေတောင် ရှင့်ကို အာရုံစိုက် နေကျပြီနော်။ တကယ်လို့ ရှင်အခက်အခဲ တစ်ခုခုကြုံခဲ့ရင် ကျွန်မဆီကို ကြိုက်တဲ့အချိန်လာပြီး အကူအညီ တောင်းခံနိုင်ပါတယ်။

စေ့စပ်ပွဲကို ဖျက်သိမ်း လိုက်တာက သူမတို့ ကောင်းကလန်ရဲ့ အမှားလို့   သူမခံယူထားပါတယ်။ သူမက အဲသည် ကိစ္စအတွက် လီဖူချန်းကို တစ်ခုခု ပြန်ပေးဆပ်ချင်နေပါတယ်။ ဒါမှ သူမဘဝ တစ်လျှောက်လုံး နောင်တမရပဲ ကောင်းကောင်း ကျင့်ကြံနိုင်မှာလေ။

မဟုတ်ရင် ဒီကိစ္စက ဆူးငြောင့် တစ်ခုလို သူမရဲ့ နှလုံးသားမှာ ခံနေမှာပါ။

" မင်းရဲ့ စေတနာ အတွက်တော့ ငါကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ့ကိစ္စကို ငါကိုယ်တိုင် ဖြေရှင်း နိုင်ပါတယ်"

လီဖူချန်းက ကောင်းရှုရဲ့ စေတနာကို ငြင်းပယ်လိုက်တယ်။ ဇာမဏီ မျက်လုံးပိုင်ရှင် မိန်းကလေးက ကြားဖြတ်ပြီး ဝင်ပြောလာခဲ့တယ်။

" ဒီက မောင်လေးက လီဖူချန်းထင်တယ် ... ဟုတ်တယ်မလား ... မောင်လေး အရမ်းမာန မကြီးပြနေပါနဲ့။ မောင်လေးက ဝမ်ယူကို ဘယ်လို အနိုင်ရသွားသလဲ ဆိုတာတော့ အစ်မ မသိလိုက်ဘူး။ ဒါပေမဲ့သူက အဆင့်၄၈၅ ပဲရှိတဲ့ သူတစ်ယောက်နော်။ ဘာပါရမီမှ မရှိတဲ့မင်းရဲ့ ဂိုဏ်းတူအစ်မ ဖြစ်တဲ့ ငါတောင် အဆင့်၄၅၂ မှာ ရှိတယ်ဆိုတာ မောင်လေးသိရဲ့လား။ ဒါပေမဲ့ ကောင်းရှုကတော့ မတူဘူး။ သူမက အဆင့် ၃၆၆ နော်"

သူမရဲ့ မျက်လုံးထဲမှာ လီဖူချန်းက နှစ်လိုဖွယ် ကောင်းပေမဲ့လည်း လီဖူချန်းရဲ့ အလားအလာက ကောင်းရှုလောက်တော့ ကောင်းဖို့မရှိဘူးလို့ သတ်မှတ် ထားမိတယ်လေ။

" အခုလိုပြောပြတဲ့ ကျေးဇူးတင်ပါတယ်။ ကဲကျွန်တော်လည်း စားပြီးသွားပြီ ဆိုတော့ သွားတော့မယ်။ အေးအေးဆေးဆေး စားသောက် လိုက်ကြပါဦး"

လီဖူချန်းက ဘာမှ ဆက်မပြော တော့ပဲ တူကိုချပြီး ထွက်သွားဖို့ ပြင်လိုက်တယ်။

" ဒီကောင် ..."

ဇာမဏီမျက်လုံးနဲ့ ကောင်မလေးက လီဖူချန်းကို မျက်မှောင်ကြုတ်ပြီး အလိုမကျဟန်ဖြင့် ကြည့်လိုက်သည်။ ကောင်းရှုက လက်ကာ ပြလိုက်ပြီး

" ထားလိုက်ပါတော့ အစ်မ ... သူက အရင်ကတည်းက ဒီလိုပဲ"

" ကြည့်ရတာ ညီမက သူ့အကြောင်း အရမ်းသိနေသလိုပဲနော်"

ဇာမဏီမျက်လုံးနဲ့ မိန်းမပျိုက ရယ်မောပြီး ကောင်းရှုကို စလိုက်တယ်။ ကောင်းရှုရဲ့ အမူအရာတွေက အေးစက်သွားပြီး

" သူ့အကြောင်း သိတော့လည်း ဘာဖြစ်လို့လဲ ... သူက ကျွန်မတို့နဲ့ မတူညီပါဘူးလေ။ သူက သာမန်အရိုး တည်ဆောက်ပုံပဲ ရှိတာလေ "

" သာမန်အရိုးတည်ဆောက်ပုံလား"

နူးညံ့ သိမ်မွေ့ပုံရတဲ့ မိန်းမငယ်လေးက အံ့သြသွားတယ်။

သူမတို့ အားလုံးက အထူးပြု အရိုးတည်ဆောက်ပုံ ရှိတဲ့ သူတွေချည်းပဲလေ။ ကောင်းရှုရဲ့ အရိုးတည်ဆောက်ပုံ ကတော့ အကောင်းဆုံးပေါ့။ သူမက ကြယ်လေးပွင့် အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင်လေ။

ဒါကြောင့် သူမတို့ သုံးယောက်ကို အမြဲတစ်ပူးပူး တစ်တွဲတွဲ တွေ့နေရတာ ဖြစ်တယ်။

" ဒါက မဖြစ်နိုင်ဘူး ထင်တယ်နော် ... ဘယ်လိုလုပ် သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်က ဒီလောက်အထိ တိုးတက်နှုန်း မြန်နေရတာလဲ"

ဇာမဏီ မျက်လုံးပိုင်ရှင်နဲ့ မိန်းမပျိုက မယုံကြည် နိုင်သလို မေးလိုက်တယ်။ ကောင်းရှုက

" သူကံကောင်းမှု တစ်ခုခု ကြုံပြီး ဒီလို တိုးတက်သွားပုံ ရပါတယ်။

ဒါပေမဲ့ မြေကမ္ဘာ အဆင့် ဆေးဝါးတစ်ခုခု မရပဲနဲ့တော့ သူ့အရိုး တည်ဆောက်ပုံက ဘာမှ ပြောင်းလဲ သွားစရာ အကြောင်း မရှိပါဘူး"

လို့ပြောလိုက်တယ်။ အဝါရောင် အဆင့် ဆေးဝါးတွေက ပေါပါတယ်။ ဆန်းကြယ်အဆင့် ဆေးဝါးတွေ ကတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ အစွမ်းတွေ ပါဝင်တာ ဖြစ်ပြီး နည်းနည်း ရှားပါတယ်။

ဒါပေမဲ့ လူတစ်ယောက်ရဲ့ အရိုးတည်ဆောက်ပုံကို ပြောင်းနိုင်ဖို့ ဆိုရင်တော့  မြေကမ္ဘာအဆင့် ဆေးဝါးတွေ လိုအပ်ပါတယ်။

***

အပြန်လမ်းမှာတော့ လီဖူချန်းက ဟီပင်းကို တွေ့လိုက်ရပါတယ်။ ဟီပင်းကို ကြည့်ရတာ ပြဿနာ တက်နေတဲ့ ပုံပါပဲ။

တပည့်တစ်အုပ်က ဟီပင်းကို ဝိုင်းထားပါတယ်။

" ညီလေး ဟီပင်း ... ရှက်မနေပါနဲ့ကွာ ။ ဂိုဏ်းတူအစ်ကိုက ညီလေးကို ဖိတ်ခေါ်တာ ဂုဏ်ယူစရာ ကောင်းတဲ့ ကိစ္စတစ်ရပ်ပဲ။ အစ်ကိုကြီးဖန်ရဲ့ နောက်လိုက် ဖြစ်ရတာ ဘယ်လောက် ကောင်းလဲဆိုတာ ညီလေးနောက်ဆို သိလာမှာပါ။ လူငယ် တစ်ယောက်က ဟီပင်းပခုံးကို ပုတ်ပြီး ရှင်းပြနေပါတယ်။ ဟီပင်းက နှာခေါင်းရှုံ့လိုက်ပြီး

" နောက်လိုက်ဆိုတာ ဘာကောင်းလို့လဲကွ ။ ပြီးရင် မင်းတို့က ငါရတဲ့ ထောက်ပံ့ရေး ရမှတ်တွေကို ယူမှာပဲ မဟုတ်လား"

မိုးပြာရောင် ဂိုဏ်းမှာ တပည့် အရေအတွက်က အရမ်းများတာ ဖြစ်တဲ့အတွက် အစွမ်းအစရှိတဲ့ တပည့်တွေက အဖွဲ့တွေ တည်ထောင်ပြီး နောက်လိုက်တွေ ရှာလေ့ ရှိပါတယ်။

နောက်လိုက် အဖွဲ့ဝင်တွေ ပေါများလာတာနဲ့ အမျှ အဖွဲ့ကလည်း ပိုမို တောင့်တင်း လာပါတယ်။

အဖွဲ့ဝင်တွေကို ခေါင်းဆောင်ဖြစ်သူက စောင့်ရှောက်ခ အဖြစ် လစဉ်ရတဲ့ ရမှတ်တွေထဲက ပြန်ပြီး တောင်းပါတယ်။ ဒါက မိုးပြာရောင်ဂိုဏ်းမှာ အဖွဲ့တွေ လှုပ်ရှားပုံဖြစ်ပါတယ်။ အားနည်းတဲ့ တပည့်တွေ အတွက်တော့ ဒီအဖွဲ့တွေထဲကို ဝင်လိုက်ရင် ရမှတ်တွေ ခွဲပေးလိုက်တာနဲ့ ကျင့်ကြံမှုကို အေးအေးဆေးဆေး ကျင့်လို့ ရပါတယ်။

သူတို့ ပိုအနိုင်ကျင့်တဲ့သူ ပေါ်လာရင်တော့ အဖွဲ့ခေါင်းဆောင်က လာပြီး ပြန်ကလဲ့စား ချေပေးမှာပါ။ ဒီနည်းက ရုတ်တရက်ဆိုရင် ကောင်းတယ် ထင်ရပေမဲ့ သေချာ စဉ်းစားကြည့်ရင်တော့ အဖွဲ့ခေါင်းဆောင်ကပဲ သူတို့ ရမှတ်တွေကို အလွယ်တကူ ရရှိသွားပြီး အစွမ်းပို ထက်မြက်သွားတာပဲ အဖတ် တင်ပါတယ်။

ဒါကြောင့်မို့ အဖွဲ့ခေါင်းဆောင်တွေက တပည့်အသစ်တွေ ရောက်လာရင် သူတို့ အဖွဲ့ထဲကို ဝင်ဖို့ အမျိုးမျိုး စည်းရုံးလေ့ ရှိပါတယ်။ ပြီးတော့ မိုးပြာရောင်ဂိုဏ်းမှာ အဖွဲ့ထောင်ရတာလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မိုးပြာရောင်ဂိုဏ်းက အဖွဲ့ကြီးတွေကလည်း အဖွဲ့ငယ်တွေကို မကြာခဏ တိုက်ခိုက်ပြီး ဝါးမျိုလေ့ ရှိပါသေးတယ်။

ဒါကြောင့် အဖွဲ့ခေါင်းဆောင်တွေက များသောအားဖြင့် နောက်ခံ အင်အားကောင်းတဲ့ မိသားစုကြီးတွေက လာတဲ့သူတွေပဲ ဖြစ်လေ့ ရှိကြပါတယ်။

ဒါမှမဟုတ် အတွင်းစည်း အကြီးအကဲတွေကို ကျောထောက် နောက်ခံပြုထားတဲ့ သူတွေပေါ့။ ပြီးတော့ မင်းရဲ့ အလားအလာနဲ့လည်း ဒီကိစ္စတွေက သက်ဆိုင် နေပါသေးတယ်။ ဥပမာ ပြောရရင် ကြယ်လေးပွင့် အရိုး တည်ဆောက်ပုံနဲ့ သူကိုဆိုရင် အခြားကြယ်လေးပွင့် တည်ဆောက်ပုံရှိတဲ့ အဖွဲ့ခေါင်းဆောင်က လာရောက် သိမ်းသွင်းလေ့ မရှိပါဘူး။

ကြယ်ငါးပွင့် ဒါမှမဟုတ် ကြယ်ခြောက်ပွင့် အဆင့်ရှိတဲ့ သူတွေကပဲ လာရောက် သိမ်းသွင်းခွင့် ရှိပါတယ်။

ဒါပေမဲ့ မိုးပြာရောင်ဂိုဏ်းထဲမှာတော့ ကြယ်ငါးပွင့် အရိုးတည်ဆောက်ပုံ ရှိတဲ့တပည့်တွေက အရမ်း ရှားပါးတယ်လေ။ ကြယ်ခြောက်ပွင့် အဆင့်ဆိုရင်တော့ ပြောမနေပါနဲ့တော့    ။

" ဘာလဲ မင်းက အဖွဲ့ထဲ မဝင်ချင်ဘူးပေါ့။ ငါမင်းကို သေချာ ပြန်စဉ်းစားပါဦးလို့ အကြံပေးချင်တယ်။ ဂိုဏ်းတူ အစ်ကိုဖန်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာက မင်းဘဝအတွက် ကောင်းစေနိုင်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးနော်။ "

လူငယ် တစ်ယောက်က ဟီပင်းကို သတိပေးလိုက်တယ်။ ဟီပင်းက -

" တောင်းပန်ပါတယ်။ ငါဘယ်အဖွဲ့ထဲကိုမှ မဝင်နိုင်လို့ပါ"

" မင်းက ကောင်းစေချင်လို့ နတ်ပြည် တင်တာကို ဖင်အေးတယ် ဆိုပြီး ခုန်ချတဲ့ကောင်ပဲ။"

ထိုလူငယ်က ဟီပင်းအပေါ် တင်ထားတဲ့ သူ့လက်ကို ညှစ်လိုက်တယ်။

" ခရက် ခရက်"

ထိုလူငယ်က လူသားနယ်ပယ် အဆင့်ရှစ်ကို ရောက်နေပြီးသားလေ။ ဟီပင်းက လူသားနယ်ပယ် အဆင့် ၇ ပဲရှိပါသေးတယ်။ ထိုလူငယ်ရဲ့ ညှစ်အားကြောင့် ဟီပင်း မျက်နှာပေါ်မှာ ချွေးသီးချွေးပေါက်တွေ ကျလာပါတယ်။ သူကကြိုးစားပြီး လွတ်မြောက်အောင် ရုန်းကန်နေပေမဲ့ လက်ငါးချောင်း လက်အောက်ကနေ ရုန်းမထွက် နိုင်ပါဘူး။

လီဖူချန်းက ခေါင်းခါလိုက်ပြီး ထိုနေရာကို လမ်းလျှောက် သွားလိုက်တယ်။ သူဆက်ပြီး ကြည့်မနေ နိုင်တော့ဘူးလေ။

" ဟေး  မင်းတို့ကောင်တွေ အရမ်းမလွန်ခင် ရပ်လိုက်ရင် ကောင်းမယ်"

လီဖူချန်းရဲ့ အသံက ထိုလူငယ်တွေ နားထဲကို ရောက်သွားတယ်။ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ လူငယ်က လီဖူချန်းကို ကြည့်လိုက်ပြီး

" ဟေ့ ကလေး ... မင်းက ဘယ်သူလဲ ။ မင်းလောကကြီးမှာ နေရတာ ငြီးငွေ့နေပြီလား"

လို့မေးလိုက်တယ်။ လီဖူချန်းကို မှတ်မိပုံရတဲ့ လူငယ်တစ်ယောက်က သူ့ကို ခပ်တိုးတိုး သတိပေး လိုက်တယ်။

" အစ်ကိုကြီး ... အဲဒါလီဖူချန်းပဲ ... "

ခေါင်းဆောင်လူငယ်က ထိုစကားကို ကြားလိုက်တာနဲ့ ဟီပင်းပခုံးပေါ်က လက်ကို ရုတ်လိုက်ပြီး လီဖူချန်းကို သေသေချာချာ ကြည့်လိုက်တယ်။

"မင်းက လီဖူချန်း ဆိုတာလား ... မင်းကို ဒီကိစ္စနဲ့ ဝေးဝေးနေဖို့ ငါအကြံပေးလိုက်မယ်"

လီဖူချန်းက ဒီလို ကောင်မျိုးကို ခဏခဏ ကြုံဖူးပါတယ်။ သူ့နောက်မှာ ကျောထောက်နောက်ခံ မရှိလို့ကတော့ ဒီလို ကောင်မျိုးက လီဖူချန်းကို လေသံမာမာတောင် ပြောရဲမယ့် လူမျိုးမဟုတ်။

" အခုချက်ခြင်း ငါ့ရှေ့က ထွက်သွားစမ်း ... ငါမင်းကို နောက်တစ်ခါ ထပ်မပြောဘူး"

လီဖူချန်းက ငေါက်လိုက်တယ်။

" မင်း ... မင်း ..."

ထိုလူငယ်က လီဖူချန်းကို ဒေါသတကြီးနဲ့ ကြည့်လိုက်တယ်။ ဒါပေမဲ့ လီဖူချန်းစကားကို သူနားမထောင်ရဲပဲနဲ့တော့ မနေပါဘူး။

" သွားကြစို့ ..."

ဒီလူငယ်က အသိဉာဏ်ရှိပုံတော့ ပေါ်ပါတယ်။သူ့လူတွေကို ဦးဆောင်ပြီး ထွက်သွားလိုက်တယ်။ သွားခါနီး မှာတော့ လီဖူချန်းကို ခြိမ်းခြောက် သွားပါသေးတယ်။

" လီဖူချန်း ဒီကိစ္စ အတွက် နောင်တမရပါစေနဲ့"

ပခုံးကိုပွတ်ရင်းနဲ့ ဟီပင်းက လီဖူချန်းကို ပြောလိုက်တယ်။

" ငါ့အတွက်နဲ့ မင်းရန်များရပြီ။ မင်းဝင်မပါသင့်ဘူး"

လီဖူချန်းက မမှုသည့်ပုံဖြင့် ရယ်လိုက်ပြီး "မင်းကဘာလို့ သူတို့အဖွဲ့ထဲကို မဝင်တာလဲ"လို့ ပြန်မေးလိုက်တယ်။ ဟီပင်းက

" ဂိုဏ်းတူ အစ်ကိုဖန်ရဲ့ အဖွဲ့ထဲ ဝင်လိုက်ရင် ငါ့အတွက် ကောင်းမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါက ငါ့ရဲ့ အမှတ်တွေကို သူ့ကို ခွဲဝေမပေးချင်ဘူး။ ဒါက ငါ့ကျင့်ကြံနှုန်းကို နှေးသွားစေနိုင်တယ်" လို့ပြန်ဖြေတယ်။

" ဒီလိုဆိုရင်လည်း အပြင်စည်းဂိုဏ်းမှာ ကျောထောက်နောက်ခံ မရှိတဲ့ တပည့်တွေ စုပေါင်း တည်ထောင် ထားတဲ့ မဟာမိတ် အဖွဲ့ ရှိတယ်လေ။ မင်းအဲအဖွဲ့နဲ့ သွားပေါင်းပါလား " လီဖူချန်းက အကြံပေးလိုက်တယ်။

“မင်းကကျတော့ရော " ဟီပင်းက လီဖူချန်းကိုမေးလိုက်တယ်။ လီဖူချန်းက တစ်ချက် ပြုံးလိုက်ပြီး

" ငါက တစ်ကိုယ်တော်ပဲ ပိုကောင်းပါတယ်"

ဟီပင်းက သူ့ကြောင့်နဲ့တော့ လီဖူချန်းကို ဒုက္ခ မရောက်စေချင်ပါဘူး။ ဒါကြောင့် လီဖူချန်းကို သတိထပ်ပေးလိုက်တယ်။

" ဂိုဏ်းတူ အစ်ကိုဖန်က တခြားလူ မဟုတ်ဘူးနော်။သူက အပြင်စည်း ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း၁၀ ယောက်ထဲက ၁ ယောက်ပဲ။ ထိပ်ဆုံးတပည့် ၅၀၀ စာရင်းထဲမှာ တောင် နံပါတ် ၁၀ ချိတ်ထားတာ။ သူကတော့ မင်းကို ပြဿနာ သေချာပေါက် လာရှာမှာပဲ"

လီဖူချန်းကတော့ ဂရုစိုက်သည့် ပုံမပြပဲ ဟီပင်းကို လက်ပြ နှုတ်ဆက်ပြီး ထွက်သွားတော့တယ်။

" သူအရှက်ကွဲ ချင်ရင်တော့ ငါ့ကို လာရှာပါစေလေ"

***

All Chapters