နဲ့မင်ရဲ့အရှုံး
Vol. 4 Ch. 55
" ပင်လယ်လှိုင်းကြမ်း"
ကန်ရေပြင်ပေါ်မှာတော့ နဲ့မင်က သူရဲ့ ခြေသိုင်းနဲ့ လှိုင်းတွေ ထလာအောင် လုပ်လိုက်ပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပါတယ်။
ဒီတိုက်ခိုက်မှုက နဲ့မင်ရဲ့ ခြေကန်ချက် အပြင် ရေလှိုင်းအားကိုပါ ပေါင်းစပ်ထားတာ ဖြစ်တယ်။
" နဲ့မင်က ဉာဏ်တော့ အတော်သွားတဲ့ ကောင်ပဲ။
သူလေ့ကျင့်ထားတဲ့ ငွေလှိုင်းဖြူ ကျင့်စဉ်က ရေထဲမှာဆိုရင် ပိုပြီး အားကောင်းတာကွ။ ဟိုဘက်က ကောင်လေးတော့ နဲ့မင်ရဲ့ ထောင်ချောက်ထဲ ဝင်သွားပြီ "
လီဖူချန်းတို့ တိုက်ပွဲကို ကြည့်နေတဲ့ တပည့်တွေထဲက အရပ်ရှည်ရှည်နဲ့ လူငယ်က မှတ်ချက် ချလိုက်တယ်။ သူ့ဘေးမှာ ရပ်နေတဲ့ လူငယ်ကလည်း
" ဒါက နဲ့မင်နဲ့ ရေကန်ပေါ်မှာ တိုက်ဖို့ လက်ခံတဲ့ လီဖူချန်းရဲ့ အမှားပဲ။ တစ်ဖက်ပြိုင်ဖက်က ဘယ်နေရာတွေမှာ အားသာလဲ ဆိုတာ သူသိရမှာပေါ့"
ဒီကို ရောက်နေတဲ့ လူတွေ အားလုံးက လီဖူချန်းရဲ့ အကြောင်းတွေကို သိထားပြီးပါပြီ။
လူသားနယ်ပယ် အဆင့်မှာတော့ အရိုးတည်ဆောက်ပုံက ဒီလောက်ကြီး အရေးပါတာ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်သွားရင်တော့ အရိုးတည်ဆောက်ပုံက တော်တော်လေး စကား ပြောလာပါပြီ။
လီဖူချန်းရဲ့ တိုးတက် လာမှုတွေကြောင့် လီဖူချန်းကို တော်တော်များများက ထိပ်ဆုံး၁၀ စာရင်းထဲ ဝင်နိုင်မယ်လို့ ယူဆထားကြပါသေးတယ်။
" အရိပ်မဲ့ လေပွေ "
လီဖူချန်းက နဲ့မင်ရဲ့ တိုက်ခိုက်မှုကို ပါးပါးနပ်နပ်ပဲ ရှောင်ထွက် သွားပါတယ်။ ဒီသိုင်းကွက်က လေပွေမုန်တိုင်း ခြေသိုင်းရဲ့ ပထမအကွက် ဖြစ်ပြီး ခြေအနုတ်အသိမ်း မြန်မှုကို ဦးစားပေးပါတယ်။
လီဖူချန်းက နဲ့မင်ရဲ့ တိုက်ခိုက်မှုကို ရှောင်ပြီးတာနဲ့ နဲ့မင်ကို စက်ဝိုင်းပုံသဏ္ဌာန် ပတ်ပြေးလိုက်ပြီး ဆက်တိုက် တိုက်ခိုက် ပါတော့တယ်။
နဲ့မင်ကတော့ လီဖူချန်းရဲ့ ဆက်တိုက် တိုက်စစ်ဆင်မှုတွေကို အသည်းအသန် ကာကွယ် နေရပါတယ်။ ရုတ်တရက် လီဖူချန်းက နဲ့မင်ရဲ့ အနောက်ဘက်မှာ ပေါ်လာပြီး ကျောက်ခွဲလက်ဝါးနဲ့ ကျောပြင်ကို ရိုက်ချ လိုက်တယ်။ လီဖူချန်းက လေပွေမုန်တိုင်း ခြေသိုင်းကိုကော ကျောက်ခွဲ လက်ဝါးသိုင်းကိုကော တစ်ဖက်ကမ်းခတ်တဲ့ အထိ အောင်မြင်ပြီးသား ဖြစ်တဲ့အတွက် တိုက်ခိုက်ရာမှာ အလွန် ခန့်မှန်းရ ခက်နေတယ်။ ဒါပေမဲ့ နဲ့မင်ကလည်း ခေသူတော့ မဟုတ်ပါဘူး။ လီဖူချန်းရဲ့ လက်ဝါးက ကျောပြင်ကို ထိခါနီးလေးမှာ ချက်ချင်း လှည့်လိုက်ပြီး လီဖူချန်းရဲ့ လက်ဝါးကို ခံဆောင်လိုက်တယ်။
" ဝုန်း"
ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ပတ်ဝန်းကျင်က ရေတွေ အားလုံးက အပေါ်ကို မြှောက်တက် လာကျတယ်။ နဲ့မင်က အနောက်ကို အရှိန်ပြင်းစွာ လွင့်ထွက်သွားပြီး ရေထဲ နစ်လုလုတောင် ဖြစ်သွား ပါတယ်။
လီဖူချန်းကတော့ အနောက်ကို ခုနစ်လှမ်းလောက် ဆုတ်ပြီးတာနဲ့ ကိုယ်ဟန် ပြန်ထိန်း လိုက်နိုင်ပါတယ်။ နဲ့မင်က လီဖူချန်းရဲ့ တိုက်စစ်ကနေ လွတ်ပြီဟု ထင်နေတုန်းမှာပဲ လီဖူချန်းက ကန်ရေပြင်ကို လက်ဝါးနဲ့ ရိုက်ချ လိုက်ပါတယ်။ ရေစက် ရေပေါက်လေးတွေက လက်နက်ပုန်းတွေနဲ့ ပစ်ခတ် လိုက်သလို အရှိန်အဟုန် ပြင်းစွာနဲ့ နဲ့မင်ဆီကို ပြေးဝင် လာကျတယ်။
နဲ့မင်က သူ့ရဲ့ သစ်သားဓားကို ဆွဲထုတ်ပြီး ကာကွယ်ရုံမှအပ တခြား လုပ်စရာ မရှိတော့ပါဘူး
" ဖတ် ဖတ် ဖတ် "
နဲ့မင်ရဲ့ ဓားချက်အောက်မှာ ရေစက်ရေပေါက်တွေ အားလုံးက ပျောက်ကွယ် သွားပါတယ်။
" မင်း ရဲ့လက်နက်မဲ့ တိုက်ခိုက်မှုက ငါ့ထက် ကောင်းတယ် ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမဲ့ ငါက မင်းကို လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ဘူး"
ခြေနှစ်ဖက် စလုံးကို စုံခုန်လိုက်ပြီး နဲ့မင်က လီဖူချန်းကို ဓားနဲ့ ဆက်တိုက် ပိုင်းလိုက်တယ်။ ဒီဓားချက်က ရေလှိုင်းတွေ လိုပဲ ... တစ်လှိုင်းပြီး တစ်လှိုင်း ဆင့်ကာဆင့်ကာ ရောက်လာပြီး လီဖူချန်းကို ဖိအားပေးလိုက်တယ်။
လီဖူချန်းကလည်း ငြိမ်ပြီး ရပ်ကြည့် မနေပါဘူး။ သူရဲ့ ဓားကို အမြန် ထုတ်လိုက်ပြီး ကျောက်စိမ်းနီ ဓားသိုင်းရဲ့ ပထမအကွက် ဖြစ်တဲ့ "ကျောက်စိမ်းနီထိချက်" နဲ့ ခုခံလိုက်တယ်။
လီဖူချန်းက လေထုထဲမှာ စက်ဝိုင်းလေးတွေ တစ်ခုပြီးတစ်ခု ဝိုင်းလိုက်တယ်။ နဲ့မင်ရဲ့ လှိုင်းလုံးကြီးတွေလို ဆင့်ကဲဆင့်ကဲ ရောက်လာတဲ့ ဓားချက်တွေက လီဖူချန်းရဲ့ ထိန်းချုပ်မှုအောက်ကို လုံးဝ ရောက်သွားပါတယ်။ ထို့နောက်မှာတော့ လီဖူချန်းရဲ့ သစ်သားဓား ပတ်ပတ်လည်မှာ အနီရောင် မီးတောက် ပုံသဏ္ဌာန် ပေါ်လာပြီး နဲ့မင်ရဲ့ ရင်ဘတ်ကို တိုက်လိုက် လိုက်တယ်။
" မကောင်းတော့ဘူး"
နဲ့မင်က ကြက်သေ သေသွားတယ်။ အနီရောင် အရိပ်တွေက သူ့ရဲ့ ထွက်ပေါက်တွေကို ပိတ်ဆို့ထားပြီး မီးမုန်တိုင်း အတွင်းမှာ ရောက်နေသလို သူခံစား နေရပြီလေ။ အခုချိန်မှာ သူနောက်ဆုတ် ချင်ရင်တောင် ဆုတ်ဖို့လမ်းက မရှိတော့ပါဘူး။
" ညီမတော်ကောင်းရှု ... ကြည့်ရတာ ငါတို့ အားလုံးက သူ့ကို လျော့တွက် မိလိုက်ပုံ ရတယ်"
"သူက ဒါကြောင့် အရမ်းကို ယုံကြည်မှု ရှိနေတာကိုး"
ဘယ်အချိန် ကတည်းက ရေကန်ရဲ့ တစ်ဖက်ခြမ်းမှာ ကောင်းရှုရယ် ဇာမဏီမျက်လုံးနဲ့ မိန်းမပျိုလေးရယ် နူးညံ့သိမ်မွေ့ပုံရတဲ့ မိန်းမငယ်လေးတို့ ရောက်နေကျမှန်း မသိပါဘူး။ ဒီမိန်းကလေး သုံးယောက်စလုံးက လီဖူချန်းကို မမှိတ်မသုန် စိုက်ကြည့် နေကျတယ်။ အချိန် အတန်ကြာမှ ကောင်းရှုက
" ကြည့်ရတာ ညီမတို့ နှစ်ယောက်စလုံးမှာ ကောင်းကင်ဘုံက သတ်မှတ် ပေးထားတဲ့ ကိုယ်ပိုင် လမ်းကြောင်း ရှိနေပြီးသားနဲ့ တူပါတယ်"
သူမက လီဖူချန်းရဲ့ စွမ်းရည်တွေကို ကြည့်ပြီး အံ့သြသလို ရှိပေမဲ့ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့တဲ့ သူမ လုပ်ရပ်ကိုတော့ လုံးဝ နောင်တ မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူမကလည်း သူမရဲ့ စွမ်းရည် အစစ်အမှန်တွေကို မထုတ်ပြပဲ လျှိုထားသေးတာ ဖြစ်ပါတယ်။
ငွေလှိုင်းဖြူ ကျင့်စဉ် အထောက်အကူပြု ဆေးလုံးကို သောက်သုံးပြီးတဲ့နောက် သူမရဲ့ ငွေလှိုင်းဖြူ ကျင့်စဉ်ကလည်း အဆင့်၈ ကိုရောက်ရှိ သွားပါပြီ။
ဒါပေမဲ့ သူမ ဒီကိုရောက်ပြီး တစ်နှစ်ကြာတာတောင် အဆင့်၉ကို မရောက်နိုင်သေးတဲ့အတွက် ဆုကြေးရမှတ် ၃၀၀၀၀ ပဲ ရရှိခဲ့ပါတယ်။
သူမရဲ့ ငွေလှိုင်းဖြူ ကျင့်စဉ် အဆင့်၈ချည်း သက်သက်နဲ့တောင် ထိပ်ဆုံး တပည့် ၃၀၀ ကနေ ၄၀ဝ အတွင်းကို ဝင်နိုင်ပါတယ်။
သူမရဲ့ ရေဓာတ် အထူးပြု ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံနဲ့ ဆိုရင်တော့ ထိပ်ဆုံး၁၅၀ အတွင်းကို ရောက်နိုင်မယ်လို့ သူမ ခန့်မှန်း ထားပါတယ်။ နဲ့မင်နဲ့ လီဖူချန်းတို့ နှစ်ယောက် တိုက်တာကို ကြည့်ပြီး နောက်မှာတော့ သူမက လီဖူချန်းကို အနိုင်ရဖို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု ရှိတယ်လေ။ အဲဒီ ယုံကြည်မှုက ဘာကြောင့် ဖြစ်လာတာလဲ ဆိုတော့ သူမရဲ့ ဓားသိုင်း ပါရမီက ကျင့်ကြံခြင်း ပါရမီထက်ကို ပိုကောင်းနေလို့ ဖြစ်ပါတယ်။
နူးညံ့ သိမ်မွေ့ပုံရတဲ့ မိန်းကလေးက မနေနိုင်တော့ပဲ ကောင်းရှုကို မေးလိုက်တယ်။
"အစ်မတော် ကောင်းရှု ... လီဖူချန်း ငယ်တုန်းကတည်းက အခုလို ထူးချွန်တာလားဟင်"
ဒီရက်ပိုင်း အတွင်းမှာ ကောင်းရှုက သူမတို့ကို လီဖူချန်း အကြောင်းတွေ အကုန် ပြောပြ ပြီးပါပြီ။ အရင်တုန်းက လီဖူချန်းက သိုင်းပညာ ဘက်မှာ ပါရမီအနည်းငယ် ပါတယ် ဆိုရုံလောက်ပဲ ရှိတာပါ။ အခုလို ရူးချင်စရာ ကောင်းလောက်အောင် ချွန်ထွက်ပြီး တော်နေတာမျိုး မဟုတ်ပါဘူး။
အခုလက်ရှိ လီဖူချန်းက ဘယ်လောက် ထူးချွန်သလဲ ဆိုရင် ထိပ်တန်း၁၀ ယောက်နဲ့တောင် နှိုင်းယှဉ်လို့ ရနေပါပြီ။ ဒီထက် အချိန်အနည်းငယ် ကြာရင် ထိပ်တန်း၁၀ ယောက်ထက်တောင် ပိုအစွမ်းထက်မဲ့ အလားအလာ ရှိပါတယ်။ သူတို့အားလုံး သိထားကတော့ တချို့ ပါရမီကောင်းတဲ့ သာမန်အရိုး ပိုင်ရှင်တွေက အရိုးတည်ဆောက်ပုံ စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး မြေကမ္ဘာအဆင့်အထိ ရောက်နိုင်တယ် ဆိုတာပဲ။
ဒီလို ခြွင်းချက်နဲ့သူတွေက အစောပိုင်း နယ်ပယ်တွေမှာ ကြယ်သုံးပွင့်အရိုး တည်ဆောက်ပုံနဲ့ လူတွေထက်ကို ကျင့်ကြံမှုနှုန်းမှာ ပိုမြန်လေ့ ရှိတတ် ကျပါတယ်။
ဒါပေမဲ့ လီဖူချန်းက သူတို့နဲ့ မတူချေ။ လီဖူချန်းရဲ့ ကျင့်ကြံမှုနှူန်းက ကြယ်လေးပွင့်အဆင့် အရိုးတည်ဆောက်ပုံနဲ့ သူတွေ ထက်တောင် သာနေပါသေးတယ်။ ကြယ်လေးပွင့်အဆင့် အရိုး တည်ဆောက်မှုနဲ့ သူအများစု ကတောင် လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းကို လိုက်မီမှာ မဟုတ်ပါဘူးလေ။
သူမတို့ မသိတဲ့ အချက် တစ်ချက်ကတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ် အစိမ်းရောင်လုံးလုံး မပြောင်းခင် ကတည်းကကို လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းက ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံနဲ့ သူတွေထက် သာနေပြီ ဆိုတာပါပဲ။
ကောင်းရှန်က ဘာမှ ဆက်မပြောတော့ပဲ တိုက်ပွဲကို အာရုံစိုက်ပြီး ပြန်ကြည့် နေပါတော့တယ်။
" ဒီနဲ့မင်က ဓားသိုင်းမှာလည်း မဆိုးဘူးပဲ။ ငါနဲ့ မို့လို့သာ သူအစွမ်း မပြနိုင်တာ"
လီဖူချန်ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို သွက်လက် လွန်းနေပါတယ်။ သူရဲ့ တကယ့်စွမ်းအားက ဘယ်အဆင့်ထိ ရောက်နေပြီလဲ ဆိုတာကိုတောင် သူမခန့်မှန်းနိုင်တော့ပါဘူး။
နဲ့မင်နဲ့ ရင်ဆိုင် တိုက်တာတောင် သူက လက်ရှိ စွမ်းအားရဲ့ ၅၀ ရာခိုနှုန်းလောက်ကိုပဲ ထုတ်သုံး ထားပါသေးတယ်။ နဲ့မင်အတွက်ကတော့ ဒီ၅၀ရာခိုင်နှုန်းက အတော်လေးကို များနေပါတယ်။ အခုတောင် နဲ့မင်တစ်ယောက် လီဖူချန်းနဲ့ တိုက်ရတာ လေကို ဓားနဲ့ ခုတ်နေရသည့် အလား ခံစားနေရပြီး ဒီကို လာခဲ့မိတဲ့ အတွက် အတော်ကလေး နောင်တ ရနေပါပြီ။
လီဖူချန်းက ပွဲကို အမြန်သိမ်းဖို့ ဆုံးဖြတ် လိုက်တယ်။
"ကျားစွယ်ဓားသိုင်း"
ဒီရိုးရှင်းလှတဲ့ ဓားသိုင်းကလည်း လီဖူချန်းရဲ့ လက်ထဲမှတော့ နတ်ဘုရားတို့ ဖန်ဆင်းထားတဲ့ ဓားသိုင်းသဖွယ် အစွမ်းထက်လွန်း နေပါသည်။ အနီရောင် အလင်းတန်းကြီးက နဲ့မင် တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားပါတော့တယ်။
နဲ့မင်က နောက်ကို ဆုတ်ရင်း ဆုတ်ရင်းနဲ့ တစ်ကိုယ်လုံးက သွေးတွေ ဆူပွက်လာတယ်။
" မဖြစ်တော့ဘူး ... ဒီအတိုင်းဆို ငါရှုံးတော့မှာပဲ။ ငါရဲ့ နောက်ဆုံး ဓားကွက်ကို ထုတ်သုံးမှ ဖြစ်တော့မယ်"
နဲ့မင်က သူ့ရဲ့ ရှိသမျှ အတွင်းအားတွေကို ဓားထဲကို ပို့ဆော လိုက်တယ်။ ကန်ရေပြင်ထဲက ရေတွေက လှိုင်းလုံးကြီးတွေ ထလာပြီး နဲ့မင်ရဲ့ ဓားနားမှာ လှည့်ပတ်ပြီး စီးဆင်း နေကျတယ်။
"ပင်လယ်ပြာရဲ့ ငိုကြွေးသံ"
နဲ့မင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ဓားကို ရေပြင်ညီ အတိုင်း ခုတ်ချ လိုက်တော့သည်။ ကန်ရေပြင် တစ်ခုလုံးကလည်း မုန်တိုင်းကြီးတစ်ခု တိုက်ခတ် လာသကဲ့သို့ လှိုင်းထန် လေထန် ဖြစ်လာပါပြီ။ ဒီဓားချက်ကို မြင်လိုက်တာနဲ့ လီဖူချန်းကလည်း အမူအရာ ပြောင်းသွားပါတယ်။ ဒီဓားချက်ရဲ့ အနောက်က လျှို့ဝှက်ဆန်းကြယ်တဲ့ အရှိန်အဝါတွေကို သူခံစား မိနေတယ်လေ။ ဒီဓားချက်ကို သူက ပေါ့ပေါ့တန်တန် သဘောထားပြီး ခုခံလိုက်မယ် ဆိုရင် သူတောင် အရှုံးကြီး ရှုံးသွားနိုင်ပါတယ်။
ဒီဓားချက်ကိုခုခံဖို့ လီဖူချန်းက ကျောက်စိမ်းနီ ဓားသိုင်းရဲ့ ဒုတိယအကွက်ဖြစ်တဲ့ " ကျောက်စိမ်းနီ သတ်ဖြတ်ခြင်း" ကို ထုတ်သုံး လိုက်ပါတယ်။ ဒီဒုတိယ ဓားကွက်က ပထမဓားကွက်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကျောက်စိမ်းနီ ထိချက်က တစ်ဖက်လူရဲ့ ဓားကွက်တွေကို ချုပ်ထိန်းတာ ဖြစ်ပေမဲ့ ကျောက်စိမ်းနီ သတ်ဖြတ်ခြင်း အကွက်ကတော့ နာမည်နဲ့လိုက်အောင် ရက်စက် လွန်းပါတယ်။
လီဖူချန်းရဲ့ ဓားအဝှေ့မှာ လေဟာနယ် တစ်ခု ဖြစ်ပေါ်လာပြီး နောက်မှာတော့ လီဖူချန်းရဲ့ ဓားဦးက ရေလှိုင်းတွေ အကြားက ဖြတ်သန်းသွားပြီး နဲ့မင်ရဲ့ ရင်ဘတ်ကို ထိုးစိုက် သွားပါတယ်။ ဓားကို ပြန်နှုတ်လိုက်တဲ့ အခါမှာတော့ နဲ့မင်ရဲ့ မျက်နှာတစ်ခုလုံးက သွေးမရှိသည့် အလား ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး ရင်ဘတ်ကနေလည်း သွေးတွေက ရေပန်းအလား ပန်းထွက်လာပါတော့တယ်။
***