လက်ထဲသို့ အလိုအလျောက်ရောက်လာခြင်း
Vol. 82 Ch. 1136
ခိုင်မြဲစွာ ချည်နှောင်ထားခြင်းခံရသော လီယုချွမ်က ဖုန်းပြောသံကို ကြားလိုက်ရသည်။ ဝမ်လျန်၏ခွန်အားကြောင့် သူက ထိတ်လန့်တုန်လှုပ်မိကာစဖြစ်၏၊ သို့သော် ဝမ်လျန်ပါးစပ်မှ ခေါင်းဆောင်ဟူသောနှုတ်ဆက်စကားက သူ့အား ကြောက်ရွံ့မိသွားစေသည်။
“အဲဒီလူက ဘယ်သူလဲ။ ဒီလူရဲ့ခေါင်းဆောင်ဖြစ်ဖို့ ဘယ်သူက အရည်အချင်းရှိတာလဲ။
သူက ရေဝဲတစ်ခုထဲသို့ ကျရောက်သွားသလို လီယုချွမ်က ရုတ်တရက် ခံစားမိလိုက်သည်။ ဝမ်လျန်ဖုန်းချသည်ကို မြင်ပြီးနောက် သူက ထပ်မေးလိုက်၏ “ခင်ဗျားက အတိအကျဘယ်သူလဲ”
“ငါလား၊ ဟမ့်”ဝမ်လျန်က ပြုံးကာ ပြောလိုက်သည် “ဒါက မင်း သိဖို့ အရည်အချင်းပြည့်မှီတဲ့အရာတစ်ခု မဟုတ်ဘူး။ မင်းကို ဖော်ထုတ်ဖို့ တစ်ယောက်ယောက်က အမြန်ဆုံးရောက်လာလိမ့်မယ်။ မင်းအသက်ကို ထိန်းထားနိုင်သရွေ့ မင်း ကံကောင်းမှုအချို့ ရှိတယ်လို့ မျှော်လင့်ထားလိုက်၊ ငါ့ကောင်”
လီယုချွမ်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြန်ပြောသည် “ဘယ်လိုအဆုံးသတ်မျိုးနဲ့ ငါ ရင်ဆိုင်ရမလဲဆိုတာ ငါ အမြဲတမ်း သိတယ်၊ သေဖို့ကလွဲပြီး ငါ့အတွက် အခြားမရှိဘူး။ ဒါပေမယ့် ငါ မသေခင် မင်းကို တစ်ခု ပြောလို့ရမလား”
“မင်း ဘာပြောချင်တယ်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် ငါ တောင်းပန်ပါတယ်”ဝမ်လျန်က ခေါင်းခါယမ်းလိုက်သည် “ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင်တာဝန်ရှိတယ်၊ ဒါကြောင့် ငါ မင်းမိသားစုကို မကယ်နိုင်ဘူး”
ချက်ချင်းပင် ဝမ်လျန်မျက်နှာက အသက်ရှင်ရန် စိတ်ဝိညာဉ်တို့ ဆုံးရှုံးသွားပုံရ၏၊ စိတ်ပျက်မှုက သူ့ထံ မြင့်တက်လာတော့သည်။ သို့သော် သူက ဒါကို လက်မခံနိုင်ပေ။ သူ့ဇနီးနှင့်ကလေးအား ပြန်ပေးဆွဲခဲ့သည့် ထိုအကောင်အား မသတ်နိုင်လျှင်ပင် သူ့ဇနီးနှင့်ကလေးဘေးကင်းသည်ကို သူ လိုချင်သည်။ မလိုလားဆန္ဒမရှိစွာနှင့် သူက တောင်းပန်လိုက်၏ “ကျေးဇူးပြုပြီး ငါတို့နှစ်ယောက်လုံးက လင်းယုန်ပြာအထူးတပ်ဖွဲ့ရဲ့အဖွဲ့ဝင်တွေပဲ၊ မင်းက ငါ့ရဲ့စီနီယာပဲ။ ခိုးတယ်ဆိုတာ မှားယွင်းမှန်း ငါ သိပါတယ်၊ ဒါကလဲ ငါက ဘာမှမတတ်နိုင်တော့လို့ပါ”
“မင်း ဒီနေရာကို မလာသင့်ဘူး၊ မင်းရဲ့စွမ်းရည်အရ မင်းအနေနဲ့ ယွမ်နှစ်သန်းကို ရဖို့က အရမ်းလွယ်ပါတယ်”ဝမ်လျန်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “မင်းမှာ အချိန်မရှိတော့တဲ့အတွက်ကြောင့် ဖိအားဖြစ်နေခဲ့တာမလား။ မင်း ပြန်ရွေးဖို့အတွက် ချန်ကျောက်က မင်းမိသားစုဝင်တွေထဲကတစ်ယောက်ကို တကယ် သတ်ပစ်မှာကို ကြောက်နေတာမလား”
လီယုချွမ်က ပျော်ရွှင်မှုကင်းမဲ့စွာ ပြုံးလိုက်သည် “သူ ရင်ဆိုင်ချင်တာ ငါ ဖြစ်တာကြောင့် ချန်ကျောက်က အချိန်တိုအတွင်းမှာ ဒါကို လုပ်မှာမဟုတ်ဘူး။ သူ ယွမ်နှစ်သန်းလိုချင်တဲ့အကြောင်းပြချက်ကတော့ သူက ငါ့ကို စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ချင်လို့ပဲ။ အချိန်မရှိဘူးလို့ ဖိအားဖြစ်နေရတာက ငါ လုပ်ခဲ့တဲ့ နောက်ထပ်အမှားတစ်ခုကြောင့်ပဲ”
“မင်း တစ်ယောက်ယောက်ကို သတ်ခဲ့တာလား”ဝမ်လျန်က ခပ်ဖျော့ဖျော့ပြုံးလျက် မေးလိုက်သည်။
“အဲဒီထက် ပိုလေးနက်တယ်”လီယုချွမ်က ခေါင်းခါယမ်းလိုက်သည်။
အံ့အားသင့်သောအကြည့်တစ်ခုနှင့်အတူ ဝမ်လျန်က ပြောလိုက်သည် “ဒါဆို အဲဒါနဲ့ ပတ်သက်ပြီး ငါ့ကို ပြောပါ။ မင်းအဖြေက ငါ့ကို အံ့အားသင့်စေနိုင်ရင် ငါ ခေါင်းဆောင်ကို မင်းအတွက် တောင်းဆိုပေးမယ်။ အဲဒါက သူ့ရဲ့ကြင်နာမှုကို ထိသွားပြီး သူ မင်းကို ထွက်သွားခွင့်ပြုနိုင်လောက်တယ်”
လီယုချွမ်၏မျက်လုံးများက လင်းလက်သွားပြီးနောက် ပြန်ကာ မှေးမှိန်သွား၏။ ထို့နောက် သူက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ကျုပ် ပြောလို့မရဘူး။ ကျုပ် ပြောလိုက်တာနဲ့ သေခြင်းအဆုံးသတ်တစ်ခုပဲ ရှိတယ်။ စီနီယာဝမ်လျန်၊ ကျုပ်ရဲ့ဘဝမှာ တစ်ယောက်ယောက်ကို အကူအညီတောင်းခဲပါတယ်၊ ဒါပေမယ့် ကျေးဇူးပြုပြီး ကျုပ်ဇနီးနဲ့ကလေးကို ကယ်ပေးဖို့ ကျုပ် တောင်းဆိုပါတယ်။ နောက်ဘဝဆိုတာ ရှိခဲ့ရင် ကျုပ်၊လီယုချွမ်က ခင်ဗျားရဲ့ကြင်နာမှုကို သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်”
“ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင်တာဝန်ရှိတယ်လို့ ငါ ပြောခဲ့ပြီးမလား။ သူတို့ကို ကယ်ပေးဖို့ ငါ့မှာ သေချာပေါက် အချိန်မရှိဘူး”ဝမ်လျန်က ခေါင်းခါယမ်းလိုက်သည် “ဒါပေမယ့် မင်း ခေါင်းဆောင်ကို ပြောလို့ရတယ်။ သူ ခွင့်ပြုရင် ငါ လှုပ်ရှားပေးမယ်”
“ခင်ဗျားရဲ့ခေါင်းဆောင်က ဘယ်သူလဲ”လီယုချွမ်က အလျင်စလို မေးလိုက်သည်။
“သူ့အထောက်အထားက မင်း သိနိုင်တဲ့အရာတစ်ခုမဟုတ်ဘူး”ဝမ်လျန်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒါပေမယ့် ငါ မင်းကို အကြံပေးမယ်၊ ကောင်လေး။ ‘မင်း ဘယ်သူလဲ’ဆိုတဲ့မေးခွန်းကို ထပ်မမေးတော့နဲ့၊ အဲဒါက မင်းအတွက် အကျိုးရှိစေလိမ့်မှာမဟုတ်ဘူး၊ အဲအစား မင်း သေဖို့ အခွင့်အရေးကို ပိုမြန်ဆန်စေလိမ့်မယ်”
“ဆန်းကြယ်တဲ့အဖွဲ့အစည်းတစ်ခုခုများလား’
ထိုကဲ့သို့သောဖြစ်နိုင်ချေတစ်ခုအား လီယုချွမ်က ရုတ်တရက် သဘောပေါက်သွားသည်။ ယခု ဝမ်လျန်အား ကြည့်လိုက်ချိန်တွင် သူ့တောက်ပသောမျက်လုံးများက လုံးဝကွဲပြားသွားတော့၏။
ဆယ်မိနစ်ကြာပြီးနောက် တံခါးက အပြင်ဘက်မှ တွန်းဖွင့်လိုက်ပြီး အေးစက်သောမျက်နှာနှင့် သက်လတ်ပိုင်းအရွယ်ယောကျ်ားတစ်ယောက်က အထဲသို့ ဝင်လာသည်။ အထဲရှိ လီယုချွမ်အား မြင်လိုက်ချိန်တွင် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
“ခင်ဗျားက…”
ထိုလူကို မြင်ပြီး လီယုချွမ်၏မျက်ခုံးများက ရုတ်တရက် ကျုံ့သွားကာ ကြောက်ရွံ့တုန်လှုပ်သွားလေသည်။ ထိုလူက သေပြီးဟု တွေးထားသောကြောင့် သူ့မျက်လုံးကိုပင် မယုံကြည်နိုင်ပေ။ သို့သော် လက်ရှိတွင် ထိုလူက အကောင်းပတိအတိုင်း သူ့ရှေ့၌ ထွက်ပေါ်လာသည်။ ထိုလူက ဝမ်လျန်က ခေါင်းဆောင်အဖြစ် မိတ်ဆက်ခဲ့သူဖြစ်၏။
ဒါက…ဒီနေရာမှာ အတိအကျ ဘာဖြစ်နေတာလဲ။ ဘယ်လိုလုပ်ပြီး စစ်တပ်ရဲ့ယခင်ဝိညာဉ်နဲ့စစ်သားတွေရဲ့တုန်လှုပ်ခြင်းမဲ့ဘုရင်တို့က ဒီနေရာမှာ ထွက်ပေါ်လာတာလဲ။
အနှီလူက ဝံပုလွေခေါင်းလန်ထုန်ဖြစ်ပြီး သတင်းအချက်အလက်ကွန်ရက်တည်ဆောက်ရန်အတွက် ကျင်းရှီအား ကူညီရန် တရုတ်သို့ လာခဲ့ခြင်းဖြစ်၏။ ကြိုးချည်ထားသောလီယုချွမ်ကို မြင်ပြီးနောက် သူက ဝမ်လျန်အား စိုက်ကြည့်လိုက်သည် “မင်း ငါ့ကို အရှုပ်အထုပ်ထဲ ခေါ်လိုက်တာပဲ”
“ပြဿနာလား။ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”ဝမ်လျန်က ခေါင်းရှုပ်သွား၏။
ဝံပုလွေခေါင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “ဟမ့်။ သူ ငါ့ကို သိတယ်လေ။ ဟုတ်တယ်မလား၊ ယုချွမ်ကောင်လေး”
နှုတ်ခမ်းတွန့်လိမ်သွားလျက် လီယုချွမ်က တုန်ယင်စွာ ပြောလိုက်သည် “ဝံပုလွေ…မဟုတ်ဘူး…ညွှန်ကြားသူ၊ ပြည်ပမှာ မစ်ရှင်တစ်ခုကို ထမ်းဆောင်ရင်း ခင်ဗျား အသတ်ခံလိုက်ရတာမလား”
“ဒါက စစ်တပ်ရဲ့ ထုတ်ပြန်ချက်တစ်ခုမျှပဲ”ဝံပုလွေခေါင်းက ခေါင်းခါယမ်းကာ ပြောလိုက်သည် “တကယ်တော့ ငါ စစ်တပ်ကနေ ထွက်လာခဲ့တာ။ ဒါပေမယ့်…ဘယ်လိုလုပ်ပြီး မင်းက ဒီနေရာကို ရောက်လာတာလဲ”
“သူ ပစ္စည်းအချို့ ခိုးဖို့ ဝင်လာတာ၊ ခေါင်းဆောင်၊ ပြီးနောက် ငါ သူ့ကို လက်ပူးလက်ကြပ်မိခဲ့တယ်”ဝမ်လျန်က ဖြေလိုက်သည် “ဒါနဲ့ သူက မင်းရဲ့အသိအကျွမ်းဟောင်းလား၊ ဒါဆို မင်းရဲ့အထောက်အထားကို မဖော်ထုတ်ဖို့ ငါ့ကို သတ်ဖြတ်ခွင့်ပေးလိုက်ပါ။ ငါ သူ့ရဲ့အလောင်းကို ဖျက်ဆီးပြီး ခြေရာလက်ရာမကျန်စေရဘူး”
ဝံပုလွေက သူ့အား ရပ်တန့်ကာ လီယုချွမ်အား မယုံကြည်နိုင်စွာနှင့် ကြည့်လိုက်သည် “မင်းက ခိုးနေတာလား။ ပစ္စည်းတွေ ခိုးဖို့အတွက်နဲ့ မင်းက ဒီနေရာကို လာခဲ့တာလား”
“ငါ့ဇနီးနဲ့ကလေးကို ပြန်ပေးဆွဲထားတာကြောင့် ငါ ပိုက်ဆံ အရေးတကြီးလိုအပ်တယ်။ သူတို့ကို ပြန်ပေးဖို့ ငါ ယွမ်နှစ်သန်းလိုအပ်တယ်”လီယုချွမ်က ခါးသီးစွာ ပြောလိုက်သည်။
ဝံပုလွေခေါင်းက ခဏနှုတ်ဆိတ်သွားပြီး သူ့နားထင်အား ပွတ်လိုက်သည်၊ သူက အနည်းငယ် ခေါင်းကိုက်သွားပုံရ၏။ သူ၏လက်ရှိသရုပ်မှန်အား လုံးဝလျှို့ဝှက်ထားရမည်၊ သို့သော် ယခု သူ့အား လီယုချွမ်က မှတ်မိသွားခဲ့ပြီ။ သူက ထိုအကောင်ကို မသတ်လျှင် ဘာလုပ်ရမလဲ တကယ် မသိတော့ပေ။
ခိုးယူခြင်းက အသေးအဖွဲ့ကိစ္စတစ်ခုသာ။
သို့သော် လီယုချွမ်အား လွှတ်လိုက်လျှင် သူ့သရုပ်မှန်က ဖော်ထုတ်ခံရဖို့ များသည်၊ သူက ဒီလိုရလဒ်တစ်ခုဖြစ်ပေါ်လာမည်ကို မမြင်ချင်ပေ။ ဂိုဏ်းချုပ်ထန်ရှုကလည်း မြင်ချင်မည်မဟုတ်ဟု သူ ယုံကြည်သည်။
ဝံပုလွေခေါင်းက စီးကရက်တစ်လိပ်ယူထုတ်ကာ မီးညှိလိုက်သည်။ ဓားမြှောင်တစ်လက်လက်သွားပြီး လီယုချွမ်အား ချည်နှောင်ထားသောကြိုးအား ဖြတ်တောက်လိုက်၏။ ထို့နောက် သူက အဖွာအနည်းငယ်ရှိုက်ပြီးနောက် ပြောလိုက်၏ “ငါ တစ်ယောက်ယောက်ကို အရင်ခေါ်ရမယ်”
ရေလက်ဝါးပြာစံအိမ်တွင်။
အိပ်ပျော်ကာစဖြစ်သောထန်ရှုအား ဖုန်းသံက နိုးလိုက်သည်။ သူက စခရင်ပေါ်ရှိ ခေါ်သူနာမည်အား ကြည့်ပြီးနောက် ဖုန်းကိုင်လိုက်သည်။ “ဘာဖြစ်လို့လဲ၊ ဝံပုလွေခေါင်း”
“ဒီနေရာမှာ အနေအထားတစ်ခုရှိတယ်၊ ဂိုဏ်းချုပ်။ ငါ့သရုပ်မှန်ကို ငါ့ရဲ့အသိအကျွမ်းတစ်ယောက်က ရှာတွေ့သွားတယ်”ဝံပုလွေခေါင်း၏အသံအား ဖုန်းမှ ကြားလိုက်ရသည်။
“ဒီကိစ္စလောက်ကို မင်း ငါ့ကို တင်ပြဖို့ လိုတာလား။ မင်း အမြဲလုပ်နေကျအတိုင်း သူ့ပါးစပ်ကို ပိတ်လိုက်။ ဒါမှ မရသေးရင် သူ့ကို တန်းဖယ်ရှားပစ်လိုက်”
“ဂိုဏ်းချုပ်၊ သူက စစ်တပ်ထဲမှာ ငါ့ရဲ့ဗိုလ်လောင်းတစ်ယောက်ဖြစ်ခဲ့တယ်၊ ငါ အမြဲမျှော်လင့်ခဲ့ရတဲ့ထူးချွန်တဲ့စစ်သားတစ်ယောက်ပဲ။ ငါ လုပ်ချင်ရင်တောင် သူ့ကို မသတ်နိုင်ဘူး။ ပြီးတော့ အနေအထားကလဲ အနည်းငယ်ထူးခြားတယ်၊ သူက လက်ရှိမှာ နတ်ဘုရားဝတ်ရည်ဝိုင်စတိုးဆိုင်၀၆မှာ ရှိတယ်”ဝံပုလွေခေါင်းက ခါးသီးသောအသံနှင့် ရှင်းပြလိုက်သည်။
“ဟမ့်။ သူ အဲနေရာကို ဘယ်လိုလုပ် ရောက်လာတာလဲ’ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“သူ ပစ္စည်းခိုးဖို့လာတာ၊ သူ့ကို ဝမ်လျန်က နေရာမှာတင် ဖမ်းမိသွားတာ”ဝံပုလွေခေါင်းက ပြောလိုက်၏။
“သူက စစ်သားကောင်းတစ်ယောက်၊ မင်း အကောင်းမြင်ထားတဲ့တစ်စုံတစ်ယောက်လို့ ပြောခဲ့တယ်မလား။ ဘာလို့ သူက ငါတို့ပစ္စည်းတွေကို လာခိုးရတာလဲ”ထန်ရှုက ထူးဆန်းသောအသံနှင့် မေးလိုက်သည်။
“လီယုချွမ်ရဲ့မိသားစုဝင်တွေက ပြန်ပေးဆွဲခံထားရတယ်၊ ဒါကြောင့် ပြန်ရွေးဖို့အတွက် သူ ပိုက်ဆံလိုအပ်နေတာ”ဝံပုလွေခေါင်းက ရှင်းပြလိုက်သည် “သူ ကျုပ်တို့ရဲ့စတိုးဆိုင်ကို ခိုးဖို့လာတာ တိုက်ဆိုင်မှုတစ်ခုမျှပဲ။ ကျုပ်တို့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ ထင်လဲ”
ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမ၊ သူ့ရဲ့ပါးစပ်ကို အပြီးတိုင်ပိတ်လိုက်၊ မင်း ကြိုက်တဲ့နည်းလမ်းကို သုံးလို့ရတယ်။ ဒုတိယ၊ မင်းက နဂါးကိုးကောင်ကျွန်းကနေ ဆယ်နှစ်ထွက်ခွာခွင့်မရှိဘူး”
ထိုသို့ပြောပြီးနောက် သူက ဖုန်းတန်းချလိုက်သည်၊ ထို့နောက် ဖုန်းအား အိပ်ရာဘေးပစ်ကာ ပြန်အိပ်လိုက်၏။
ရုတ်တရက် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အမည်တစ်ခုက သူ့စိတ်ထဲ၌ ထွက်ပေါ်လာသည်…လီယုချွမ်။
ချက်ချင်းလျှင်ပင် သူက ဖုန်းပြန်ကိုင်ကာ ဝံပုလွေခေါင်း၏နံပါတ်အား ခေါ်ပြီး လျင်မြန်စွာ မေးလိုက်သည် “ဝံပုလွေခေါင်း၊ မင်း ဖမ်းမိတဲ့လူနာမည်ကို ဘယ်လိုခေါ်တာလဲ”
“လီယုချွမ်”
ဝံပုလွေခေါင်းက စိတ်ထဲ၌ ခါးသီးသလို ခံစားမိနေ၏။ သူက တုံ့ဆိုင်းနေချိန်တွင် ထန်ရှုက သူ့အား ဖုန်းပြန်ခေါ်လာပြီး သူက ချက်ချင်း ပြန်ဖြေလိုက်၏။
“လီယုချွမ်လား။ ဒီနှစ်ကမှ စစ်တပ်ကနေ အနားယူသွားတဲ့လူလား”ထန်ရှုက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။
ဝံပုလွေခေါင်းက အခန်းထဲသို့ ဝင်လာကာ လီယုချွမ်အား မေးလိုက်သည်၊ ထို့နောက် သူက ပြန်ဖြေလိုက်၏ “ဟုတ်ပါတယ်။ သူ ဒီနှစ်ကမှ အနားယူခဲ့တာ”
“စစ်တပ်ကနေ လေဂလိုက်ဒါကို ခိုးခဲ့တာ သူလားလို့ မေးလိုက်ပါ”ထန်ရှုက နက်ရှိုင်းသောအသံနှင့် အမိန့်ပေးလိုက်သည်။
လေဂလိုက်ဒါက ဘာလဲ သူ မသိပေ၊ သို့သော် ဝံပုလွေခေါင်းက လီယုချွမ်အား မေးလိုက်၏ “ငါ့ကို မေးခွန်းတစ်ခုဖြေပါ။ စစ်တပ်ကနေ လေဂလိုက်ဒါကို ခိုးသွားတဲ့သူက မင်းလား”
လေဂလိုက်ဒါလား။
လီယုချွမ်က တုန်လှုပ်သွားပြီး စိတ်ပျက်ခြင်းက သူ့တစ်ကိုယ်လုံး ပြည့်သွား၏။ သူက လုံးဝဖော်ထုတ်ခံလိုက်ရသည်ကို သိ၏။ သူ၏တစ်ခုတည်းသောမျှော်လင့်ချက်က ဝံပုလွေခေါင်းမှ သူ့ဇနီးနှင့်ကလေးအား ကယ်ပေးရန်အတွက် တောင်းဆိုရန်ဖြစ်၏၊ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်ပါတယ်။ ငါပဲ ခိုးပြီး လေလံတင်ဖို့ ပို့လိုက်တာ”
ဖုန်းမှတစ်ဆင့် ထန်ရှုက လီယုချွမ်၏အဖြေအား ကြားလိုက်ရသည်။ ဤအချိန်တွင် သူက ငိုရမလားရယ်ရမလားမသိ ဖြစ်မိ၏။ သွမ်မုလင်က လီယုချွမ်အား အစွမ်းကုန်ရှာဖွေနေသော်လည်း ထိုလူက သူ့လူလက်ထဲသို့ ကျရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အရယ်ရဆုံးအရာကတော့ နတ်ဘုရားဝတ်ရည်စတိုးဆိုင်၏ပိုင်ဆိုင်မှုအား ခိုးယူနေချိန်တွင် ထိုလူအား ဖမ်းမိသွားခြင်းဖြစ်၏။
သူ့မိသားစုက ပြန်ပေးဆွဲခံထားရတာလား။
ဖုန်းမှ ဝံပုလွေခေါင်း၏တင်ပြချက်ကို နားထောင်ပြီးနောက် ထန်ရှုက ခဏတွေးလိုက်သည်။ အတွေးအမျိုးမျိုးက သူ့စိတ်ထဲ၌ ပြည့်လာသည်။ သူက လီယုချွမ်အား သွမ်မုလင်ထံ တိုက်ရိုက်မလွှဲချင်ပေ။ သွမ်မုလင်က အဆက်အသွယ်များစွာသုံးကာ လီယုချွမ်အား ဖမ်းရန် ကြိုးစားနေသည်၊ ထို့ကြောင့် သူက သူတို့ထက် ဉီးစွာ ဖမ်းမိသွားသည်ကို သိလျှင် သူ၏သတင်းအချက်အလက်ကွန်ရက်က အစိုးရ၏သတင်းအချက်အလက်အေဂျင်စီထက် သာလွန်သည်ကို သွမ်မုလင်က သေချာပေါက် သံသယရှိလာပေလိမ့်မည်။
သူ၏လက်ရှိစွမ်းအားအရ နောက်ဆက်တွဲအကျိုးဆက်များကို ကြောက်ရွံ့သောကြောင့် သွမ်မုလင်က သူ့အား မဖိနှိပ်ပေ။ သို့သော် သူ့တွင် ကြောက်စရာကောင်းသောသတင်းအချက်အလက်ကွန်ရက်တစ်ခုရှိသည်ကို သိသွားသည်နှင့် ထိုလူက သူ့အား သေချာပေါက် သတိထားပေလိမ့်မည်၊ ဒင်းက သူ၏သတင်းအချက်အလက်ကွန်ရက်အား စုံစမ်းပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူက မလိုချင်သောလှည့်ကွက်အချို့အား အသုံးပြုရပေလိမ့်မည်။
ခဏကြာပြီးနောက် ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဝံပုလွေခေါင်း၊ ဒီလီယုချွမ်ကို ရေလက်ဝါးပြာစံအိမ်ကို လျှို့ဝှက်ခေါ်လာခဲ့။ လက်ရှိမှာ တရုတ်အစိုးအရရဲ့ထောက်လှမ်းရေးတွေအားလုံးက သူ့ကို ရှာနေတယ်ဆိုတာ စိတ်ထဲမှာ မှတ်ထား။ မင်းက သူတို့ရဲ့ရေဒါအောက်ကနေ လွတ်အောင် ခေါ်လာရမယ်”
“နားလည်ပါပြီ”