ရဲဝံ့ခြင်း
Vol. 82 Ch. 1138
‘တစ်ယောက်အားနှင့်သော်မရ၊ တစ်သောင်းအားနှင့်သော်ရ’ဟူသောဆိုရိုးတစ်ခုရှိသည်။ ထန်ရှုက ဤစာကြောင်းအား ကောင်းကောင်းနားလည်သည်။ အနာဂတ်တွင် သူ ရင်ဆိုင်ရမည့် ရန်သူများက လွန်စွာ အားကောင်းသည်၊ ကျွမ်းကျင်သူများစွာအား အချိန်မရွေးဆင့်ခေါ်နိုင်သည့် အင်မော်တယ်ကမ္ဘာ၏အန္တိမအရှင်များဖြစ်ကြ၏။ သူ၏အထွတ်အထိပ်ကျင့်ကြံခြင်းအဆင့်အား ပြန်ရလာလျှင်ပင် ရန်သူအားလုံးအား တစ်ယောက်တည်း ရင်ဆိုင်ရလျှင် သူတို့အား အပြီးတိုင်ချေမှုန်းရန် မဖြစ်နိုင်လုနီးပါးပင်။
သို့သော် သူ့တွင် နောက်လိုက်နှင့်စွမ်းအားရှင်အမြောက်အများရှိလျှင် သူ၏အနာဂတ်လက်စားချေမှုက ပို၍လွယ်ကူပေလိ့မ်မည်။ သူ့ရန်သူများတွင် စွမ်းအားရှင်နောက်လိုက်သောင်းချီရှိလျှင် သူ့ထံ၌ နောက်လိုက်သန်းရာချီရှိရပေမည်။
ပုရွက်ဆိတ်များက သေးငယ်သော်လည်း ပုရွက်ဆိတ်မရေမတွက်များစွာက ဆင်အား သတ်နိုင်ပေသည်။
ဤသို့ သဘောပေါက်ပြီးနောက် အရေးပါသောအထောက်အထားများရှိသည့်နောက်လိုက်တစ်ဖွဲ့အား စုဆောင်းရန် ဝံပုလွေခေါင်း၏အကြံပြုချက်အား ထန်ရှုက ချက်ချင်းလက်ခံလိုက်သည်။
သို့သော် ဤမစ်ရှင်အား ထမ်းဆောင်ရမည့် ပုဂ္ဂိုလ်အား သေချာဂရုစိုက်ရွေးချယ်ရန် လိုအပ်သည်။ တကယ်တော့ ၎င်းက လျှို့ဝှက်ကိစ္စတစ်ခုဖြစ်ပြီး ဘယ်လိုခြေရာလက်ရာမှ ပေါက်ကြားလို့မရပေ။
ထန်ရှု၏တွေးနေသောအမူအရာအား မြင်သောအခါ ထန်ရှုက သူ၏အကြံပြုချက်အား စဉ်းစားနေသည်ကို ဝံပုလွေခေါင်းက သိလိုက်သည်။ သူက ခဏတုံ့ဆိုင်းသွားပြီးနောက် တိုးတိုးလေးပြောလိုက်၏ “ဂိုဏ်းချုပ်၊ လက်ရှိအချိန်မှာ ဒီကိစ္စကို အလောတကြီး လုပ်စရာမလိုဘူးလို့ ကျုပ် ထင်တယ်။ အရေးပါထင်ရှားတဲ့အထောက်အထားတစ်ခုရှိတဲ့လူအချို့ကို ရွေးချယ်ဖို့ဆိုရင် ဂိုဏ်းချုပ်က ကျုပ်တို့ရဲ့သတင်းအချက်အလက်ကွန်ရက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ကျုပ်တို့တည်ဆောက်နေတဲ့သတင်းအချက်အလက်ကွန်ရက်က အခုမှ သန္ဓေသားအဆင့်ပဲ ရှိသေးတာ၊ လက်ရှိအဆောတလျင်လုပ်ရမှာက ကျုပ်တို့ရဲ့ကွန်ရက်ကို တည်ဆောက်ဖို့ပဲ။ ကျုပ်တို့ရဲ့သတင်းအချက်အလက်ကို တည်ဆောက်ပြီးမှသာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးဖြစ်လိမ့်မယ်”
“မင်း ပြောတာ အဓိပ္ပါယ်ရှိတယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် မင်းက ကိစ္စအချို့ကို မေ့ကျန်ခဲ့တယ်။ သတင်းအချက်အလက်ကွန်ရက်ကို လူအဖွဲ့အစည်းရဲ့အောက်ခြေမှာပဲ တည်ဆောက်လို့မရနိုင်ဘူး။ ငါတို့က လူအဖွဲ့အစည်းအလွှာတိုင်းက လူတွေကို လိုအပ်တယ်။ ဟုတ်ပြီလေ၊ ရှန်းဟိုင်ကို ချက်ချင်း ထွက်လာဖို့ ကျင်းရှီနှင့် ဆက်သွယ်လိုက်ပါ။ ဒီကိစ္စကို စီမံဖို့ ငါ သူ့ကို တာဝန်ပေးလိုက်မယ်”
အမိန့်ကို ကြားပြီးနောက် ဝံပုလွေခေါင်းက ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်သည် “ငါ သူ့ကို ချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်”
နောက်တစ်နေ့ မနက်စောစောတွင်။
သာမန်ကားတစ်စီးက ကြယ်ပြာအိမ်ယာသို့ ဝင်လာပြီး လူငယ်နှစ်ယောက်က ထန်ရှု၏စံအိမ်သို့ ကမန်းကတန်း အပြေးရောက်လာသည်၊ မကြာမီ သူတို့က မနက်စာစားနေသောထန်ရှုအား မြင်လိုက်ရ၏။
“သူဌေး…”
လူငယ်နှစ်ယောက်က ထန်ရှုနှင့်အတူ မနက်စာစားနေသာမုဝမ်ရင်အား ကြည့်လိုက်သည်၊ ထို့နောက် သူတို့ထဲမှတစ်ယောက်က ရိုသေလေးစားစွာ ခေါ်လိုက်၏။
ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည် “မုဝမ်ရင်ရဲ့အရှေ့မှာ မင်းတို့ ဘာမဆို တင်ပြလို့ရတယ်။ သူမဆီကနေ ဘာတစ်ခုမှ ဖုံးကွယ်နေစရာမလိုဘူး။ မနေ့ညက ငါ မင်းတို့ကို စုံစမ်းခိုင်းတဲ့ကိစ္စ ဘယ်လိုလဲ။ ရလဒ်က ဘယ်လိုရှိလဲ”
လူငယ်တစ်ယောက်က သူ့လက်ဆွဲအိတ်မှ စာရွက်စာတမ်းတစ်ပုံယူထုတ်ကာ ထန်ရှုထံ ကမ်းပေးလိုက်သည် “ချန်ကောရှင်းက တောင်ပိုင်းစစ်တပ်ရဲ့ဗိုလ်ချုပ်ပဲ။ သူက ပေကျင်းက ချန်တွေရဲ့ခေါင်းဆောင်ဆိုလဲ ဟုတ်တယ်။ သူ့ရဲ့နောက်ခံကတော့ ပေကျင်းရဲ့ထန်ပဲ၊ တောင်ပိုင်းစစ်တပ်ရဲ့စွမ်းအားချင်းယှဉ်ပြိုင်မှုမှာ ထန်တွေက သူ့ကို ကူညီပေးခဲ့တယ်။ ချန်ကျောက်ကတော့ သူ့မှာ သားမရှိတာကြောင့် ချန်ကောရှင်းက သူ့တူကို သူ့ရဲ့သားအဖြစ် တင်မြှောက်ခဲ့တယ်။ သူ့အတွက် သနားစရာကောင်းတာကတော့ ချန်ကျောက်က စစ်သားတစ်ယောက်ဖြစ်ဖို့အတွက် မသင့်တော်တာပဲ၊ ဒင်းက သူ့ဉီးလေးရဲ့အဆက်အသွယ်နဲ့ သူ့အဖေကုမ္ပဏီရဲ့အထောက်အပံ့ကို အားကိုးပြီး ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အချို့ကို ကျူးလွန်ခဲ့တယ်။ ဒါပေမယ့် …”
“ရပြီ။ စာရွက်စာတမ်းတွေကို နောက်ကျမှ ငါ့ရာငါ ဖတ်လိုက်မယ်”ထန်ရှုက သူ့အား တားကာ ပြောလိုက်သည် “ငါ သိချင်တာက လီယုချွမ်ရဲ့ဇနီးနဲ့ကလေးကို ဘယ်နေရာမှာ ထားထားသလဲဆိုတာပဲ”
“အခု သူတို့က အနောက်ပိုင်းဆင်ခြေဖုံးရဲ့ကြာရွက်လက်ဖက်ရည်ဆိုင်မှာ ရှိတယ်”လူငယ်က ပြန်ဖြေသည်။
ထန်ရှုက ခဏစဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည် “ယုန်တစ်ကောင်ရဲ့မစင်က စွပ်ပြုတ်တစ်အိုးလုံးကို ပျက်ဆီးစေတယ်။ ဒါက ငါ့ကို သတိပေးလိုက်တာပဲ။ ချန်ကောရှင်းကို ထန်အိမ်က မြှင့်တင်ပေးခဲ့တယ်၊ ဒါကြောင့် သူက ငါတို့ထဲကတစ်ယောက်ပဲ၊ ဒါပေမယ့် သူ့တူကတော့ အမှိုက်ပဲ။ ကြည့်ရတာ ငါ သူ့ကို ကုသပေးဖို့ လိုမယ်ထင်တယ်”
သူက ထောက်လှမ်းရေးနှစ်ယောက်အား ထွက်ခွာရန် အချက်ပြပြီးနောက် မုဝမ်ရင်နှင့်အတူ မနက်စာဆက်စားလိုက်သည်။ ပါးစပ်သုပ်ပြီးနောက် သူက ပြုံးကာ ပြောလိုက်၏ “ငါ ဒီနေ့ လုပ်စရာကိစ္စတွေ ရှိတယ်၊ ဒါကြောင့် မင်းလုပ်စရာရှိတာလုပ်ပါ။ ပြီးတော့ ငါ့အနေနဲ့ တိုင်းပြည်တစ်ဝှမ်းကို ပြေးလွှားသွားလာရမှာဖြစ်တဲ့အတွက် အချိန်တစ်ခုလောက် အလုပ်များနေတော့မယ်၊ ဒါကြောင့် ငါ မင်းနဲ့အတူ အချိန်မပေးနိုင်တော့ဘူး”
“ဟီးဟီး၊ ရှင်က အလုပ်များတဲ့လူတစ်ယောက်ဆိုတာ ကျွန်မ သိပြီးသားပါ”မုဝမ်ရင်က တခစ်ခစ်ရယ်ကာ ပြောလိုက်သည် “မစိုးရိမ်ပါနဲ့၊ ကျွန်မကိုယ်ကျွန်မ ဂရုစိုက်နိုင်ပါတယ်၊ ရှင်လုပ်စရာရှိတာ လုပ်ပါ”
ထန်ရှုက ပြုံးကာ ထရပ်လိုက်သည်။ သူက သူမ၏နူးညံ့သောဆံပင်လေးအား ပွတ်သပ်ပြီးနောက် ပြန်လှည့်ကာ ထွက်ခွာသွား၏။ ဧည့်ခန်းသို့ ပြန်ရောက်လာပြီးနောက် သူက ဆိုဖာပေါ်တွင် ထိုင်နေသော ဝံပုလွေခေါင်းအား ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “လီယုချွမ်ကို သွားခေါ်။ ငါတို့တွေ အနောက်ပိုင်းဆင်ခြေဖုံးက ကြာရွက်လက်ဖက်ရည်ဆိုင်ကို သွားကြမယ်။ ပြီးတော့ ကျင်းရှီ ရောက်လာရင် အဲနေရာကို လိုက်လာဖို့ သူ့ကို ပြောလိုက်”
“နားလည်ပါပြီ”ခေါင်းညိတ်ပြပြီးနောက် ဝံပုလွေခေါင်းက အပြင်ဘက်ရှိ နောက်စံအိမ်တစ်ခုသို့ လျင်မြန်စွာ ပြေးသွား၏။
များမကြာမီ မုဝမ်ရင်၏အကြည့်အောက်တွင် ကားနှစ်စီးက ကြယ်ပြာအိမ်ယာမှ လျင်မြန်စွာ ထွက်ခွာသွားသည်။
****
ရှန်းဟိုင်၏အနောက်ပိုင်းဆင်ခြေဖုံး၊ ကြာရွက်လက်ဖက်ရည်ဆိုင်။
ရှေးကျသောအငွေ့အသက်နှင့် ကြွယ်ဝလှပစွာ အဆင်တန်ဆာဆင်ထားသည့် သုံးထပ်ရှေးဟောင်းလက်ဖက်ရည်ဆိုင်တစ်ခုဖြစ်သည်။ ပထမအထပ်၏ခန်းမတွင် ကျောက်ပုံဉယျာဉ်တစ်ခုရှိပြီး ဘေးနားတွင် အကိုင်းအခက်ပေါ်တွင် ငှက်ကလေးများ ကျည်ကျည်ကျာကျာမြည်နေသည့် ဆီးပင်အိုဟောင်းတစ်ပင်ရှိ၏။
ဒုတိယထပ်က သီးသန့်ထမင်းစားဧရိယာတစ်ခု ဖြစ်သည်။ အခန်းတစ်ခုစီက အတော်လေးကျယ်ကာ ရှေးကျသောအတွင်းဒီဇိုင်းများ ရှိ၏။ တတိယအထပ်၏အလယ်က မန်နေဂျာရုံးခန်းတည်ရှိရာ ရုံးခန်းဧရိယာတစ်ခုဖြစ်သည်။
တစ်ရာစတုရန်းမီတာရှိသည့် မန်နေဂျာရုံးခန်းထဲတွင် တင့်တယ်လှပကျက်သရေရှိသောအမျိုးသမီးတစ်ယောက်က ဆိုဖာပေါ်တွင် ထိုင်နေသည်၊ သူမ၏လက်ချောင်းများကြားတွင် စီးကရက်တစ်လိပ် ညှပ်ထား၏။ သူမ၏ရမ္မက်သွေးကြွစရာနှုတ်ခမ်းလေးများက ဆေးလိပ်မီးခိုးငွေ့များအား မှုတ်ထုတ်ရင်း သူမအရှေ့ရှိ လူငယ်တစ်ယောက်အား အနည်းငယ် အက်ကွဲသောလေသံနှင့် ပြောလိုက်သည် “ချန်ကျောက်၊ အမကြီးက အမြဲတမ်း စိုးရိမ်ကြောင့်ကြနေရတယ်ဆိုတာ မင်း သိလား။ ဒါက ဒုက္ခပေးတဲ့အရာတွေပဲ။ မင်းက အဲဒီကပ်ဘေးမျိုးစေ့နှစ်ခုကို ငါ့ဆီ တကယ် ခေါ်လာခဲ့တယ်။ မင်း လုပ်နေတာကို မင်း ဘယ်လိုထင်တာလဲ။ ဒီနေရာက အညစ်အကြေးတွေကို ဖုံးလို့ရမယ့်သားရဲတွင်း မဟုတ်ဘူး”
အမျိုးသမီးအား နောက်ကျောပစ်လျက် ချန်ကျောက်က ပြတင်းပေါက်အပြင်ဘက်ရှိ ရေကန်ရှုခင်းအား ကြည့်နေသည်။ သူက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာလျက် ပြန်လှည့်လိုက်၏ “ဒါက လေးနက်လွန်းသွားပြီ၊ အမရွှယ်။ ဒီအမေနဲ့သားက သနားစရာကောင်းတဲ့သူတွေပဲ၊ ငါ ကစားနေတဲ့ဂိမ်းထဲကစစ်တုရင်အပိုင်းအစလေးတွေပဲ။ တစ်ယောက်ယောက် သူတို့ကို ပြန်ရွေးဖို့ သိပ်ကြာမှာမဟုတ်ဘူး”
အလှလေးက ခေါင်းခါယမ်းကာ ပြန်ချေပလိုက်သည် “ပြန်ပေးဆွဲတယ်ဆိုတာက အသေးစားပြစ်မှုတစ်ခုမဟုတ်ဘူး။ တစ်ဖက်လူက ရဲကို ခေါ်လိုက်ရင် မင်းကို ကာကွယ်ဖို့အတွက် မင်းဉီးလေးကတောင် ပြဿနာအချို့ ရင်ဆိုင်ရလိမ့်မယ်။ ငါ့ကို တစ်ခုပဲ ပြောစမ်းပါ၊ မင်းဉီးလေးကို ပြဿနာမပေးဘဲ တစ်ခဏလောက် မင်း ငြိမ်းငြိမ်းချမ်းချမ်း နေလို့မရဘူးလား”
ချန်ကျောက်က ပခုံးတွန့်ကာ ပြောလိုက်သည် “ငါ့ဉီးလေးက မကြာသေးခင်က အရမ်းအလုပ်များနေတယ်။ ဒီအသေးအဖွဲ့ကိစ္စကသာ သူ့ကို ဒုက္ခဖြစ်စေမယ်ဆိုရင် ငါ အဲသည်အတွက် ပျော်နေရမှာ။ ဒါ့အပြင် ဒီအတိုင်းထိုင်နေရရင်း သူက သူ့ရဲ့စိတ်ဝိညာဉ်အချို့ကို ဆုံးရှုံးသွားလိမ့်မယ်။ ဒါ့အပြင် လီယုချွမ်ရဲ့ဘဝက အစကတည်းက သနားစရာကောင်းနေပြီလေ၊ ဒါရဲ့နောက်ကွယ်က အကြောင်းပြချက်ကလဲ ငါ့ဉီးလေးပဲမဟုတ်လား။ ဉီးလေးက သူ့ကို လွယ်ကူတဲ့ဘဝတစ်ခုကို မပိုင်ဆိုင်စေချင်မှတော့ ငါက ဘာလို့ သူ့ကို ကြင်နာနေရမှာလဲ”
အမျိုးသမီးက အားတင်းပြုံးကာ ခေါင်းခါယမ်းလိုက်သည် “မင်းရဲ့လူမှုစံနိယာမတွေက အခြားသူတွေနဲ့ တကယ်ခြားနားတာပဲ၊ ကောင်လေး။ မင်း ဒီဂိမ်းကို ကစားချင်နေမှတော့ ငါ ဘာမှ ထပ်မပြောတော့ဘူး။ ဒါပေမယ့် အဲဒီအမျိုးသမီးကို မထိဖို့၊ ကလေးကို ဒဏ်ရာရအောင် မလုပ်ဖို့ မှတ်ထား”
ချန်ကျောက်၏ပြုံးနေသောမျက်နှာက ပြေလျော့သွားပြီး သူက အေးစက်စွာ ပြန်ပြော၏ “အဲဒီအမျိုးသမီးက အလှအပဂေးတစ်ယောက်ဖြစ်ပေမယ့် သူက ဒီသခင်လေးရဲ့မျက်လုံးထဲကိုတော့ မဝင်နိုင်ပါဘူး။ ဒါမေမယ့် အဲဒီကလေးကိုတော့ အပြစ်ပေးရမယ်၊ သူက ငါ့ခြေထောက်ကို ပျက်ဆီးလုနီးပါးဖြစ်အောင် လုပ်ခဲ့တယ်။ ရှောင်ဟူက အဲဒီကောင်လေးကို သင်ခန်းစာတစ်ခုပေးပြီးပြီ။ လက်ရှိအချိန်မှာ သူက ကောင်းကောင်းမွန်မွန်နဲ့ မတ်တပ်ရပ်နိုင်ဖို့ကိုပဲ မျှော်လင့်ထားရမယ်”
အမျိုးသမီး၏မျက်နှာပေါ်ရှိ ပျင်းရိသောအကြည့်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမက အနည်းငယ်ခေါင်းကိုက်သွားကာ နားထင်အား ပွတ်သပ်လိုက်၏။ ထို့နောက် သူမက အားတင်းပြုံးကာ ပြောလိုက်၏ “စိုးရိမ်ကြီးတဲ့ယုန်တစ်ကောင်က ကိုက်နိုင်တယ်၊ ဒါကို မင်းလဲ သိပါတယ်။ လီယုချွမ်က လင်းယုန်ပြာအထူးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ပဲ။ သူက ဘာကို စွမ်းဆောင်နိုင်သလဲဆိုတာ မင်းလဲ သိမယ်လို့ ငါ ယုံကြည်တယ်။ သူ့သားက ဒီလိုဆိုးဆိုးဝါးဝါးရိုက်နှက်ခံထားရတာကိုသာ သူ သိရင် သူ လာတဲ့အခါ မင်းကို ရိုက်နှက်လိမ့်မယ်”
“ဟမ့်၊ သူတစ်ယောက်တည်းနဲ့လား”ချန်ကျောက်က သရော်လိုက်သည် “ဟမ့်၊ သူက ငါ့မျက်လုံးထဲမှာတော့ ယုန်တစ်ကောင်ထက်တောင် ပိုနိမ့်ကျတယ်။ သူက ငါ့ကို တိုက်ခိုက်ရဲရင်း စစ်မှန်တဲ့မျှော်လင့်ချက်မဲ့ခြင်းဆိုတာ ဘာလဲ ဆိုတာကို သူ့ကို အရသာခံခိုင်းလိုက်မယ်”
အမျိုးသမီးက ခေါင်းခါယမ်းလျက် မျက်လုံးတို့ မှိတ်လိုက်သည်။ ဒီချန်ကျောက်လိုအကောင်နှင့် ရင်ဆိုင်ရခြင်းက သူမအတွက် သည်းခံရတာ များလွန်၏။ တကယ်ကို နောင်တရစရာပဲ…ဒီလိုသူရဲကောင်းတစ်ယောက်က ယခုထိတိုင် သားတစ်ယောက် ချီးမြှင့်ခြင်းမခံရသေးပေ။ သို့မဟုတ်လျှင် သူက ဒီလိုအမှိုက်ကောင်အား ရတနာတစ်ခုအဖြစ် ဘယ်လိုလုပ် သတ်မှတ်နိုင်မည်နည်း။
ကရင်း…ကရင်း…ကရင်း…
စားပွဲပေါ်ရှိ ဖုန်းက ရုတ်တရက် မြည်လာသည်။
အမျိုးသမီးက မျက်လုံးပြန်ဖွင့်ကာ ဖုန်းကိုင်လိုက်သည်။ သူမက စခရင်ပေါ်ရှိ ခေါ်သူနာမည်အား ကြည့်ကာ ပြောလိုက်၏ “မင်းက အရာအားလုံးကို ဂရုစိုက်ဖို့ ငါ ပြောခဲ့တယ်မလား၊ မန်နေဂျာပု။ ငါ အခုမှ အခြားနယ်မြေတစ်ခုကနေ ပြန်ရောက်လာတာ၊ လက်ရှိမှာ မောပန်းလွန်းလို့ စကားပြောဖို့ ခွန်အားတောင် မရှိတော့ဘူး”
“တစ်ယောက်ယောက်က ဒီနေရာမှာ ပြဿနာရှာနေတယ်၊ သူဌေး”မန်နေဂျာပု၏အသံအား ဖုန်းမှ ကြားလိုက်ရသည်။
အမျိုးသမီးက မှင်တက်သွားကာ အနည်းငယ် မျက်မှောင်ကြုတ်ပြီးနောက် မေးလိုက်သည် “ဘယ်သူလဲ။ ငါတို့ရဲ့လက်ဖက်ရည်ဆိုင်မှာ လုံခြုံရေးအစောင့်တွေ ရှိတယ်မဟုတ်လား။ သူတို့က မရင်ဆိုင်နိုင်ဖူးလား”
“ဒီလူတွေက အရမ်းအားကောင်းတယ်၊ တာဝန်ကျနေတဲ့လုံခြုံရေးအစောင့်လေးယောက်က လုံးဝပြန်မတိုက်ခိုက်နိုင်ဘူး”မန်နေဂျာပုက ပြောလိုက်သည် “သူတို့က…သူတို့က ဒုတိယထပ်ကို ရောက်နေပြီ။ မကြာခင်မှာ သူတို့ တတိယထပ်ကို ရောက်လာမှာကို ကျုပ် စိတ်ပူတယ်။ ကျုပ်တို့ အရင်ဆုံးပုန်းနေကြမလား၊ သူဌေး”
“ဒီလူတွေက ဘယ်သူတွေလဲ”အမျိုးသမီးက လေးလံသောအသံနှင့် မေးလိုက်သည်။
“သူတို့ဘယ်သူလဲဆိုတာ ကျုပ် မသိဘူး၊ ဒါပေမယ့် သူတို့ကိုဉီးဆောင်လာတဲ့လူငယ်ကိုတော့ အတော်လေးရင်းနှီးသလိုရှိတယ်”မန်နေဂျာပုက ခေါင်းခါယမ်းလိုက်၏။
အမျိုးသမီးက ခဏနှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည် “လုံခြံရေးအဖွဲ့ကို အကြောင်းကြားပြီး အမြန်ဆုံးလာဖို့ သူတို့ကို ပြောလိုက်။ သူတို့က ငါ့ရဲ့နေရာကို ပြဿနာ ရှာရဲတယ်၊ ဒါကို ငါက ပုန်းနေရမှာလား”
ဖုန်းချပြီးနောက် သူမက သိချင်စိတ်ပြင်းပြနေသောချန်ကျောက်အား ကြည့်ကာ ပြောလိုက်၏ “မင်းရဲ့လူတွေကို ချက်ချင်းခေါ်လိုက်။ တစ်ယောက်ယောက်က ဒီနေရာမှာ ပြဿနာရှာနေတယ်။ သူတို့ မကြာခင် ဒီနေရာကို ရောက်လာလိမ့်မယ်”
“သိပါပြီ…”