မမြင်ချင်ယောင်ဆောင်
Vol. 82 Ch. 1143
ရေလက်ဝါးပြာစံအိမ်၏ဧည့်ခန်းထဲတွင် ထန်ရှုနှင့်သွမ်မုလင်က ဆက်လက်စကားပြောနေကြသည်၊ လက်ရှိတွင် အထဲ၌ သူတို့နှစ်ယောက်သာ ကျန်ရှိတော့၏။
“ထန်ရှု၊ မင်းက ငါတို့ရဲ့တိုင်းပြည်ကို ထိခိုက်အောင် ဘာတစ်ခုမှ မလုပ်မှာကို ငါ ယုံကြည်ပေမယ့် ဒီနေ့ မင်းဆီကနေ အဲဒီကတိ ငါ လိုချင်သေးတယ်”ထန်ရှုပေးထားသည့် သူ့လက်ချောင်းထဲရှိ စီးကရက်ကိုပင် မီးမညှိဘဲ သွမ်မုလင်က လေးနက်သောမျက်နှာနှင့် ပြောလိုက်သည်။
“ကျုပ် သိပါတယ်။ ဒါဆို ဒီနေ့ အဲဒီကတိကို ကျုပ်ပေးမယ်”ထန်ရှုက ပြန်ပြောသည် “ခင်ဗျား၊ သွမ်မုလင်က အသက်ရှင်နေသေးသရွေ့ တရုတ်ပြည်ကို ထိခိုက်စေတာ ဘာတစ်ခုမှ ကျုပ် မလုပ်ဘူး။ ပြီးတော့ တိုင်းပြည်က အခက်အခဲရင်ဆိုင်ရတဲ့အချိန်ကျရင် ကျုပ်က သေချာပေါက် လက်တစ်ဖက် ငှားပေးပါ့မယ်၊ ခင်ဗျား အသက်ရှင်နေသရွေ့ပေါ့”
သွမ်မုလင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများက တလက်လက်ဖြစ်ကာ ပြောလိုက်၏ “ထန်ရှု၊ မင်းရဲ့ကတိက ငါ အသင်ရှင်သေးတယ်ဆိုတဲ့အဆိုအပေါ်မှာ အခြေခံတယ်။ မင်းလဲ ငါ့ရဲ့သရုပ်မှန်နဲ့ငါ့ရဲ့စွမ်းရည်ကို ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ငါက နောက်ထပ်ဆယ်စုနှစ်အနည်းငယ်လောက်ပဲ အသက်ရှင်နိုင်တော့မှာ”
“အဲလိုတော့ မဟုတ်ပါဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ခင်ဗျားက လိုချင်ရင် ရာစုနှစ်တစ်ခုလောက်ဒါမှမဟုတ်နှစ်ရာချီ အသက်ရှင်နိုင်ပါတယ်”
ဤသည်ကို ကြားပြီး သွမ်မုလင်က တုန်လှုပ်သွားသည်။ သူက အချိန်အတော်ကြာ နှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည် “မင်းက ငါ့ဆီကနေ အတိအကျ ဘာလိုချင်တာလဲ”
“ကျုပ် ခင်ဗျားကို အသက်ပိုရှည်စေချင်ပါတယ်၊ ဒါပေမယ့် သတိပေးချက်အနည်းငယ်တော့ ရှိတယ်၊ ခင်ဗျားမမြင်ချင်ယောင်ဆောင်ပေးဖို့ ကျုပ် လိုအပ်တာတွေပေါ့”ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်သည်။
“မင်းရဲ့အခြေအနေက အရမ်းကောင်းပြီး တကယ်ကို သွေးဆောင်နိုင်လွန်းတယ်”သွမ်မုလင်က မှတ်ချက်ပြုလိုက်သည် “ဒါပေမယ့် ငါ့နေရာက နိုင်ငံရေးအရ အတော်လေးအရေးပါတယ်၊ ငါက အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်လို့မရဘူး။ မင်းရဲ့တောင်းဆိုချက်က များလွန်းနေမလား”
ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ဒါပေမ့် ကျုပ်ကတိပေးခဲ့တာကို ခင်ဗျား မမေ့နဲ့လေ။ ခင်ဗျား အသက်ရှင်နေသရွေ့ တရုတ်ကို ထိခိုက်စေတာ ဘာတစ်ခုမှ ကျုပ် မလုပ်ဘူး”
သွမ်မုလင်က ပြောလိုက်သည် “ဒါဆို မင်း ဆိုလိုတာက…”
“ကျုပ် ဘာစွမ်းဆောင်နိုင်တယ်ဆိုတာ ခင်ဗျားလဲ ကောင်းကောင်းသိပါတယ်၊ စီနီယာသွမ်မုလင်”ထန်ရှုက ရှင်းပြ၏ “ဒါပေမယ့် ကျုပ် ခင်ဗျားကို ပြောနိုင်တာ တစ်ခုရှိတယ်။ ကျုပ် လုပ်ချင်ရင် တရုတ်နိုင်ငံကို ဖျက်ဆီးဖို့က ကျုပ်အတွက် အရမ်းလွယ်တယ်။ ဒါပေမယ့် ကျုပ်က ကျင့်ကြံသူတစ်ယောက်ပဲ။ ဒီကမ္ဘာကသာမန်အရာတွေအားလုံးမှာ ကျုပ်ကို စိတ်ဝင်စားစေတာ မရှိဘူး။ ကျုပ် လိုက်နေတာက ကျုပ်ရဲ့ကျင့်ကြံခြင်းအဆင့်မြှင့်တက်ဖို့နဲ့ အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ပဲ”
“ဒါပေမယ့် ကျင့်ကြံသူတစ်ယောက်လိုအပ်တဲ့ကျင့်ကြံခြင်းအရင်းအမြစ်က အဆမတန်များလွန်းတယ်။ ဒီအရင်းအမြစ်တွေကို ဘယ်နေရာက ကျုပ် ရနိုင်တယ်လို့ ခင်ဗျားထင်လဲ။ မလုယက်ချင်တာကြောင့် ကျုပ် ဝယ်ရတယ်။ ဒါကြောင့် ဒီကမ္ဘာမှာ ကျုပ်ရဲ့စွမ်းအားကို ချဲ့ထွင်ဖို့ လိုအပ်နေတာပဲ၊ ဒါမှ ကြီးမားတဲ့ကြွယ်ဝမှုကို ပိုင်ဆိုင်ပြီး ကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အများ ကျုပ် ဝယ်နိုင်မှာ။ ကျုပ် ဒါတွေအားလုံး ပြောပြီးပြီးဆိုတော့ ခင်ဗျား နားလည်လောက်ပြီမလား”
“ငါ ဒါကို နားလည်နိုင်ပါတယ်”သွမ်မုလင်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်၏။
ထန်ရှုက ခေါင်းညိတ်ကာ ဆက်ပြော၏ “ခင်ဗျားက ဒါကို နားလည်မှတော့ ခင်ဗျားအတွက် လက်ခံဖို့ ပိုလွယ်ကူမှာပါ။ ကျုပ်ရဲ့လွှမ်းမိုးမှုကို တိုးချဲ့ဖို့အတွက် ကိစ္စတော်တော်များများ ကိုင်တွယ်ဖို့ လိုအပ်တယ်၊ ကုမ္ပဏီတစ်ခုတည်ထောင်တာတွေ၊ ပြီးတော့ ပုံမှန်လမ်းကြောင်းတွေကတစ်ဆင့် ပိုက်ဆံရှာတာမျိုးတွေပေါ့။ ဒါပေမယ့် ပိုက်ဆံရှာတာက လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူး၊ ဒါကြောင့် လမ်းကြောင်းကို ဖော်ထုတ်ဖို့ ကျုပ်က ကြီးမားတဲ့သတင်းအချက်အလက်ကွန်ရက်တစ်ခုကို တည်ဆောက်ဖို့ လိုအပ်တယ်။ ဒါကြောင့် အမှောင်လေအဖွဲ့ကို ဖျက်ဆီးပြီး ကျုပ်ကိုယ်တိုင် သတင်းအချက်အလက်ကွန်ရက်တစ်ခုကို တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်”
ဂတ်…
ထန်ရှု၏နောက်ဆုံးပြောကြားချက်က အရေးကြီးသည်ကို သဘောပေါက်သော်ငြား သွမ်မုလင်က ပင့်သက်မရှိုက်ဘဲမနေနိုင်ပေ၊ ဒီလိုကြီးမားသောဖွင့်ဟပြောဆိုချက်တစ်ခုရှိလာမည်ဟု သူက မမျှော်လင့်ထားပေ။
‘အမှောင်လေကို ဖျက်ဆီးပြီး ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံတဲ့သတင်းအချက်အလက်ကွန်ရက်တစ်ခုတည်ဆောက်မှာလား’
“ထိတ်လန့်တုန်လှုပ်ဖို့ မလိုအပ်ပါဘူး၊ စီနီယာသွမ်မုလင်”ထန်ရှုက ပေါ့ပေါ့ပါးပါးပြောလိုက်သည် “ပြီးတော့ ကျုပ်ရဲ့စကားတွေကို သံသယမရှိနဲ့။ ကမ္ဘာပေါ်က ကျင့်ကြံခြင်းအဖွဲ့အားလုံးကို ဖျက်ဆီးနိုင်တဲ့စွမ်းအား ကျုပ်မှာ ရှိတယ်။ အမှောင်လေအဖွဲ့အစည်းကို သုတ်သင်ဖို့က ကျုပ် အများကြီး အားစိုက်ထုတ်စရာမလိုဘူး”
သူမ၏အရှိန်အဝါတစ်ခုကပင် သူ့အား မွန်းကျပ်စေသည့် လှပသောအမျိုးသမီးအား သူက ရုတ်တရက် အမှတ်ရလိုက်သည်။ သူက ထန်ရှု၏ယုံကြည်ချက်ရှိသောမျက်နှာအား ကြည့်ကာ ခက်ခက်ခဲခဲနှင့် မေးလိုက်၏ “ဒါဆို ငါ့ကို ခြိမ်းခြောက်ခဲ့တဲ့အဲဒီအမျိုးသမီးကရော။ သူမက ဘယ်သူလဲ။ သူမက မင်းရဲ့လူတွေထဲကတစ်ယောက်လား”
“အာ၊ ခင်ဗျားက ယန်အာအကြောင်း ပြောနေတာလား။ သူမက ကျုပ်တပည့်ပဲ”ထန်ရှုက ပြုံးကာ ပြန်ဖြေသည်။
“ဒါ မဖြစ်နိုင်ဘူး”သွမ်မုလင်က လွှတ်ခနဲ ပြောလိုက်သည် “သူမရဲ့စွမ်းအားက အရမ်းကြောက်စရာကောင်းတယ်။ သူမအနေနဲ့ မင်းရဲ့တပည့် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မင်းက…”
ထန်ရှုက သူ့အား တားကာ ပြောလိုက်သည် “စီနီယာသွမ်မုလင်၊ ခင်ဗျားသိတာတွေက နည်းလွန်းတယ်။ ယန်အာက တကယ်ကို အရမ်းအားကောင်းတယ်၊ လက်ရှိကျုပ်ထက် အများကြီးအားကောင်းတယ်။ ဒါပေမယ့် မတော်တဆသာမဖြစ်ခဲ့ဘူးဆိုရင် ကျုပ်က လက်တစ်ချောင်းလှုပ်ရုံနဲ့ ကမ္ဘာမြေတစ်ခုလုံးကို ဖျက်ဆီးနိုင်တယ်၊ ပြီးတော့ ကျုပ်ရဲ့လက်သီးတစ်ချက်က နဂါးငွေ့တန်းတစ်ခုလုံးကို ဖျက်ဆီးနိုင်တယ်။ အချို့အရာတွေကို ကျုပ် မပြောချင်ပေမယ့် ကျုပ်မှာ အဲလိုလုပ်နိုင်တဲ့စွမ်းအားမရှိဘူးလို့ မဆိုလိုဘူး။ အကျိုးသင့်အကြောင်းသင့်ပြောရရင် ခင်ဗျားရဲ့အဆင့်အတန်းနဲ့စွမ်းရည်အရ ခင်ဗျားကို ဘာတစ်ခုမှ ရှင်းပြဖို့ မလိုအပ်ဘူး။ ဒါပေမယ့် ကျုပ်က ထိုနေရာက ပြန်လာခဲ့တာ၊ ဒါကြောင့် ကျုပ်က ဒီကမ္ဘာရဲ့ဓလေ့ထုံးတမ်းအတိုင်း နေထိုင်ဖို့ လိုအပ်တယ်”
‘ထိုနေရာလား။ ထိုနေရာက ပြန်လာတာလား’
မျက်ခုံးများ ကျုံ့သွားလျက် ထန်ရှုက ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုသည်ကို နောက်ဆုံးတွင် သွမ်မုလင်က သဘောပေါက်သွား၏။
“ထန်ရှု၊ ဒါဆို ငါ မင်းကို မေးခွန်းတစ်ခုမေးမယ်၊ မင်း ရိုးရိုးသားသား ဖြေပေးနိုင်မလား”သွမ်မုလင်က ပြောလိုက်သည်။
“ကျေးဇူးပြုပြီး မေးပါ”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
“ဟိမဝန္တာမှာ အဲဒီကြောက်စရာကောင်းတဲ့နတ်ဆိုးသားရဲတွေ ထွက်ပေါ်လာတုန်းက ဘာလို့ မင်းရဲ့အားကောင်းတဲ့တပည့်က မထွက်ပေါ်လာတာလဲ”သွမ်မုလင်က မေးလိုက်သည်။
“ယန်အာက လှုပ်ရှားမှုတစ်ခုပြုလိုက်တာနဲ့ ဒီဂြိုလ်ကို အုပ်စိုးတဲ့ ကောင်းကင်ဘုံတာအိုက သူမနဲ့ကျန်တဲ့လူတွေကို ရှာတွေ့သွားလိမ့်မယ်”ထန်ရှုက တည်ငြိမ်စွာနှင့် ပြန်ဖြေသည်။ “အဲလိုဖြစ်လာရင် သူတို့က ဒီကမ္ဘာကနေ ထွက်ခွာရလိမ့်မယ်”
သူတို့လား။
ထန်ရှုလက်အောက်ရှိ ကျွမ်းကျင်သူများထဲတွင် ယန်အာဟုခေါ်သောအမျိုးသမီးတစ်ယောက်တည်း မဟုတ်သည်ကို သွမ်မုလင်က သဘောပေါက်သွား၏။ ထိုထုတ်ဖော်ပြောချက်က သူ့အား အကြီးအကျယ်ထိတ်လန့်သွားစေပြန်သည်။ သို့သော် သူက တစ်ခုခုအား ရုတ်တရက် သဘောပေါက်ကာ အံ့အားသင့်စွာ ပြောလိုက်၏ “မင်း ဆိုလိုတာက…သူတို့က…သူတို့အားလုံးက အင်မော်တယ်တွေ ဖြစ်သွားပြီလား”
“အင်မော်တယ်တွေ ဖြစ်တာလား”
အထင်သေးသောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားပြီး သူက စိတ်မဝင်စားစွာ ပြန်ဖြေလိုက်၏ “ခင်ဗျား မေးဖို့မလိုအပ်တဲ့အရာတွေ ရှိတယ်၊ သွမ်မုလင်။ ဒီနေ့ ကျုပ် ခင်ဗျားကို အနည်းငယ်ပြောပြရတာကလဲ ခင်ဗျား စိတ်သက်သောင့်သက်သာဖြစ်ဖို့နဲ့ အနာဂတ်မှာ ကျုပ်တို့နဲ့ အလိုက်သင့်နေပေးဖို့၊ တစ်ချိန်တည်းမှာ မမြင်ချင်ယောင်ဆောင်ပေးဖို့ပဲ”
သွမ်မုလင်က ခဏတွေးပြီးနောက် ဖြည်းဖြည်းချင်း မေးလိုက်သည် “စတင်နေပြီးလား”
“ပြီးတောင် ပြီးတော့မယ်”ထန်ရှုက ပြန်ဖြေ၏။
“မင်း ပြီးတော့မှ ဘာလို့ ငါ့ကို လာပြောပြနေတာလဲ”သွမ်မုလင်က ရှုံ့မဲ့ပြုံးလိုက်၏ “ဟူး၊ ထားပါတော့လေ။ ဒါပေမယ့် အဲဒါရဲ့အရိပ်အယောင်တစ်ခုမှ ငါ့ကို မဖမ်းမိစေနဲ့အုံး”
“ခင်ဗျားက တမင်တကာ မစုံစမ်းရင် တွေ့စရာအကြောင်းရင်းမရှိပါဘူး”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ပြီးတော့ ခင်ဗျားကို ကျေးဇူးတင်တဲ့အနေနဲ့ ကျုပ် လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်၊ စီနီယာသွမ်မုလင်။ ခင်ဗျားလက်ခံမယ်လို့ ကျုပ် မျှော်လင့်ပါတယ်”
ထိုသို့ပြောပြီးနောက် ကျင့်ကြံခြင်းစာအုပ်တစ်အုပ်က ထန်ရှု၏လက်၌ ရုတ်တရက် ထွက်ပေါ်လာသည်။သွမ်မုလင်ထံ ကမ်းပေးပြီးနောက် သူက ပြုံးကာ ပြောလိုက်၏ “ခင်ဗျားက စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်ပေမယ့် စွမ်းရည်အသုံးပြုသူတွေက မကျင့်ကြံရဘူးလို့ ဉပဒေမရှိဘူး။ ခင်ဗျားခန္ဓာကိုယ်ထဲက စွမ်းအင်နှစ်မျိုးကို အာရုံခံနိုင်သရွေ့ အနာဂတ်မှာ ခင်ဗျားက တစ်ခုခုကို အောင်မြင်နိုင်မှာပါ”
‘ကျင့်ကြံခြင်းစာအုပ်လား’
သွမ်မုလင်က တုန်လှုပ်သွားသည်၊ ထန်ရှုက ဒီလောက်ရက်ရောပြီး သူ့အား ကျင့်ကြံခြင်းစာအုပ်တစ်ခုပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဒီလိုအရာတစ်ခုက အလွန်အမင်း တန်ဖိုးရှိပြီး အခြားသူများ၏လက်ထဲသို့ ကျရောက်သွားသည်နှင့် အုတ်သော်သောင်းတင်းဖြစ်မည်ကို မျှော်လင့်ထားနိုင်သည်။
“အခြေတည်စိတ်ဝိညာဉ်အဆင့်လား။ လေ့ကျင့်နိုင်တဲ့အမြင့်ဆုံးအဆင့်က အခြေတည်စိတ်ဝိညာဉ်အဆင့်လား”
သွမ်မုလင်၏လက်က အနည်းငယ်တုန်ယင်သွားသည်။ သူ့မျက်လုံးများက ရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ ထန်ရှုအား ကြည့်လိုက်၏။
“ဒါက…လာဘ်ထိုးတာလား”
အဲလိုပြောလို့ရပါတယ်”ထန်ရှုက ပြုံးကာ ပြောလိုက်၏။
သွမ်မုလင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ ထို့နောက် သူက မာဆတ်ဆတ်ပြောလိုက်၏ “ဒီနေရာကနေ မြန်မြန်ထွက်သွားတော့၊ ကောင်စုတ်လေး။ မင်းက လေဂလိုက်ဒါကနေ ပိုက်ဆံရှာချင်တယ်ဆိုရင် ၎င်းရဲ့ဒုတိယမျိုးဆက်ကို မြန်မြန်ထုတ်လုပ်တော့”
“သိပါပြီ”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ့ပုံရိပ်က အခန်းမှ ပျောက်ကွယ်သွား၏။
အခန်းထဲတွင် သွမ်မုလင်သာ ကျန်၏။ သူက ကျင့်ကြံခြင်းစာအုပ်အား ပြန်ဖွင့်လိုက်ပြီး နာရီဝက်ကြာ ဖတ်၏၊ ထို့နောက် ကျေနပ်ပီတီဖြာလျက် မျက်လုံးမှိတ်ချလိုက်၏။
တဖြည်းဖြည်းနှင့် သူ့အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။ ကျင့်ကြံခြင်းပညာရပ်ထဲရှိ လည်ပတ်မှုလမ်းကြောင်းအတိုင်း သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အား လှည့်ပတ်ရန် ကြိုးစားလိုက်သည်။ ချီသန့်စင်ခြင်းအဆင့်အတွက် ပတ်လမ်းအပြည့်အား အလွယ်တကူလှည့်ပတ်နိုင်သည်ကို သူက တွေ့လိုက်ရ၏။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံခြင်းလမ်းကြောင်းအတိုင်း စတင်လှည့်ပတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲတွင် ပါဝင်သော စွမ်းအင်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်သို့ အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ချိုးဖြတ်သွားခဲ့သည်။
“ဒီစွမ်းအားက…အရင်ကထက် အနည်းဆုံးဆယ်ဆပိုသန်မာလာတာပဲ”
သွမ်မုလင်က လက်သီး တင်းကျပ်စွာ ဆုပ်လိုက်သည်၊ သူ့ခန္ဓာကိုယ်ထဲတွင် လိမ့်တက်နေသော စွမ်းအားအား အာရုံခံမိပြီး သူက ကျယ်လောင်စွာ ဟစ်ကြွေးချင်မိသည်။ သို့သော် ခဏကြာပြီးနောက် သူက ထိုဆန္ဒအား ဖိနှိပ်လိုက်ပြီး အတွေးတစ်ခုက သူ့စိတ်ထဲ၌ နောက်ဆုံးတွင် ပေါက်ဖွားလာ၏_ စွမ်းရည်အသုံးပြုသူတွေက ဒါကို အလွယ်တကူ ကျင့်ကြံနိုင်မယ်ဆိုရင် အေဂျင်စီမှာရှိတဲ့စွမ်းရည်အသုံးပြုသူတွေအားလုံးက သူတို့ရဲ့စွမ်းအားကို အကြီးအကျယ်တိုးမြှင့်နိုင်ပြီး အဲအချိန်ကျရင် အထူးစွမ်းရည်ဗျူရိုရဲ့ခွန်အားကလဲ အပြင်းအထန်ပြောင်းလဲသွားမှာပဲ။
ဤအတွေးမွေးဖွားလာသည်နှင့်အတူ သွမ်မုလင်က ထိုင်မနေနိုင်တော့ပေ။ သူက အခန်းမှ ပြေးထွက်ကာ အော်လိုက်၏ “အေဂျင်စီရဲ့စီနီယာအဆင့်အားလုံးကို အကြောင်းကြားလိုက်။ ဟိမဝန္တာမှာ စစ်ဆင်ရေးလုပ်နေတဲ့သူတွေက လွဲပြီး ကျန်တဲ့သူတွေအားလုံး မြို့တော်ရဲ့ဌာနချုပ်ကို ပြန်လာကြ”
ရေလက်ဝါးပြာစံအိမ်အပြင်ဘက်တွင်။
လီယုချွမ်က နောက်ဆုံးတော့ စိတ်သက်သာရာရသွား၏။ ကြီးမားသောကပ်ဘေးတစ်ခုမှ ရှင်သန်ထမြောက်လာသလို ခံစားမိကာ သူက ထန်ရှုအား အလွန်ကျေးဇူးတင်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်၊ သူဌေး”ထန်ရှုနောက်မှ လီယုချွမ်က အသံနှိမ့်လျက် ပြောလိုက်သည်။
“မင်းအသက်ကို ထိန်းသိမ်းဖို့အတွက် ငါ ပေးရတဲ့ပမာဏက အတော်လေးကြီးမားတယ်ဆိုတာ မင်း သိလား”ထန်ရှုက နောက်လှည့်မကြည့်ဘဲ ပြန်ပြော၏ “မင်း ဘာလုပ်ရမယ်ဆိုတာကို မင်း သိမယ်လို့ ငါ ယူဆတယ်”
“ငါ့အသက်ကို အခုကစပြီး သူဌေးပိုင်ပါတယ်။ သူဌေး ငါ့ကို ပေးတဲ့ဘာအမိန့်ကိုမဆို ငါ ချက်ချင်း ထမ်းဆောင်ပါ့မယ်”လီယုချွမ်က ရိုသေလေးစားစွာ ပြောလိုက်သည်။
ထန်ရှုက ခေါင်းညိတ်လိုက်သည်။ “မင်းမှာ သားကောင်းတစ်ယောက်ရှိတယ်ဆိုတာ မင်း သိလား။ ငါ သူ့ကို ခေါ်သွားမယ်၊ မကြခင်မှာ တစ်ယောက်ယောက်က သူ့ကို လာခေါ်လိမ့်မယ်”
လီယုချွမ်၏မျက်နှာက ပြောင်းလဲသွားပြီး သူက ကမန်းကတန်း မေးလိုက်သည် “ဒါပေမယ့် သူဌေး၊ ဒါက…”
“မင်း ငြင်းလို့ရတယ်”ထန်ရှုက ပြောလိုက်သည် “ဒါပေမယ့် မင်းငြင်းပယ်ခြင်းရဲ့အကျိုးဆက်ကတော့ မင်းရဲ့သားက သူ့တစ်ဘဝလုံး သာမန်လူတစ်ယောက်ပဲ ဖြစ်လာလိမ့်မယ်။ သူ့ကို နဂါးတစ်ကောင်အဖြစ် ပြောင်းလဲစေချင်တယ်ဆိုရင် မင်း သူ့ကို သွားခွင့်ပြုရမယ်”