အရေးကြီးပုဂ္ဂိုလ်များ
Vol. 97 Ch. 1342
အထက်ဘုံမှ အာကာပြင်က အလွန်ခိုင်မာသည်။ ထို့ကြောင့် တည်နေရာပြောင်းရွှေ့အစီအရင်များကို တည်ဆောက်ရန် အလွန်ခက်ခဲပေသည်။ ၎င်းတို့ကို တည်ဆောက်နိုင်ရန် အရင်အမြစ်များစွာ လိုအပ်သည်။ နတ်သိမ်းငှက်မြို့ကဲ့သို့ မြို့ငယ်လေးတွင် တည်နေရာပြောင်းရွှေ့အစီအရင်နှစ်ခုသာ ရှိသည်။ လူများသည် ထိုအစီအရင်တစ်ခုမှ တစ်ခုဆီသို့ သို့မဟုတ် အနီးနားရှိ မြို့များဆီသို့သာ တည်နေရာပြောင်းရွှေ့နိုင်ပေသည်။
ကျန်းရီတို့သည် ခြင်္သေ့ပြာမြို့သို့ရောက်ရန် အနည်းဆုံး အကြိမ်ငါးဆယ် တည်နေရာပြောင်းရွှေ့ရမည်ဖြစ်သည်။ ခြင်္သေ့ပြာမြို့မှနေ၍ သိမ်းငှက်ပြာစီရင်စုနယ်အပြင်သို့ ထွက်နိုင်ရန် အနည်းဆုံး နောက်ထပ်အကြိမ်ရှစ်ဆယ် ထပ်၍ တည်နေရာပြောင်းရွှေ့ရပေမည်။
လောချင်းယန်တွင် မြို့အရှင်အမိန့်ပြားရှိနေ၍သာ တော်တော့သည်။ ထိုအမိန့်ပြားနှင့်ဆိုလျှင် တစ်ကြိမ်တည်နေရာပြောင်းရွှေ့တိုင်း ပုံမှန်ဈေး၏တစ်ဝက်သာ ပေးရသည်။ သို့သော် ထိုအခွင့်ထူးကို သိမ်းငှက်ပြာစီရင်စုနယ်ထဲတွင်သာ ရမည်ဖြစ်သည်။ သူမတို့ စီရင်စုနယ်ထဲမှ ထွက်သွားသည်နှင့် အမိန့်ပြားက အသုံးဝင်တော့မည် မဟုတ်ပေ။ သို့သော် လောချင်းယန်က တည်နေရာပြောင်းရွှေ့ခများကို သူမ၏ ကိုယ်ပိုင်နတ်ဘုရားအမြစ်များနှင့် ပေးနေခြင်းဖြစ်ရာ ကျန်းရီသည် ထိုကိစ္စများကို များစွာအရေးစိုက်မနေချေ။
ရွှီး...
မြို့များကြားမှ အကွာအဝေးက အလွန်ဝေးသည်။ အာကာပြင်ကလည်း အလွန်ခိုင်မာသည်။ နတ်မီးတောက်မြို့သို့ တည်နေရာပြောင်းရွှေ့မှုကပင် ဆယ်မိနစ်လောက် ကြာခဲ့သည်။ အရှေ့မှ အဖြူရောင်အလင်း ပျောက်ကွယ်သွားသောအခါ ကျန်းရီသည် သူ့ပတ်ပတ်လည်မှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ရုတ်ခြည်းပင် သူသည် လောချင်းယန်ကို လက်တစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဘက်ဖြင့် ပေါင်းစည်းမီးတောက်များကို ဆင့်ခေါ်ရန် အသင့်ပြင်လိုက်သည်။
လောချင်းယန်က အလွန်နာခံနေခဲ့သည်။ ဉာဏ်ကောင်းသူများသည် မိမိတို့ ယုံကြည်မှု အပြည့်အဝမရှိသည့် အစီအစဉ်များကို လုပ်ဆောင်မည် မဟုတ်ပေ။ ကျန်းရီသည် သူတို့က လုံခြုံကြောင်း အတည်ပြုပြီးသောအခါမှ စိတ်အေးသွားဟန် သက်ပြင်းလေးကြီးတစ်ချက် ချလိုက်သည်။ ထို့နောက် သူ လှည့်ပတ်ကြည့်လိုက်ရာ လဲကျမလိုလို ဖြစ်နေသည့် အနက်ရောင်နတ်ဘုရားကို တွေ့လိုက်ရသည်။ သူသည် ချက်ချင်းပင် အနက်ရောင်နတ်ဘုရားကို ဖေးမပေးလိုက်ပြီး ညင်သာစွာ ပြောလိုက်လေသည်။
“အနက်ရောင်နတ်ဘုရား ဘာဖြစ်လို့လဲ”
“သခင်လေး.. ကျုပ်... ကျုပ် ခေါင်းကိုက်နေတယ်”
အနက်ရောင်နတ်ဘုရားက အံကြိတ်ကာ ပြန်ပြောသည်။ သူ၏မျက်နှာက ဖြူဖျော့နေ၏။ သူ အလွန်နာကျင်နေကြောင်း ထင်ရှားပေသည်။
“သခင်...”
ဂူမူက အသံပို့လွှတ်လိုက်သည်။
“သခင့်ရဲ့ မိတ်ဆွေက မိစ္ဆာနတ်ဘုရား မဖြစ်သေးပါဘူး။ အဲ့တော့ သူ့ရဲ့ စိတ်ဝိညာဉ်က အရမ်းအားနည်းနေပါတယ်။ ကျွန်တော်တို့က အဝေးကြီးကို တည်နေရာပြောင်းရွှေ့ခဲ့တာဆိုတာ့... သူ့ရဲ့ စိတ်ဝိညာဉ်က ထိခိုက်သွားတာပါ။ ကျွန်တော်တို့က ဆယ်ကြိမ်လောက် မရပ်မနား တည်နေရာပြောင်းရွှေ့လိုက်ရင် သူ သေသွားလောက်ပါတယ်”
“အဲ့ဒါက...”
ကျန်းရီ၏ မျက်နှာထားက မည်းမှောင်သွား၏။ သူ့လက်ထဲတွင် ဓားစာခံတစ်ယောက် ရှိသော်လည်း သူတို့၏ လုံခြုံရေးကို မည်သူက အာမခံနိုင်ပါမည်နည်း။ ထို့ကြောင့် သူတို့ လုံခြုံစေရန် အမြန်ဆုံး တည်နေရာပြောင်းရွှေ့ရပေမည်။ ဤတစ်ကြိမ်တွင် အနက်ရောင်နတ်ဘုရားကို သူနှင့်အတူ ခေါ်လာခဲ့ခြင်းက သေချာပေါက် စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်ကို သတိပေးလိုက်သလို ဖြစ်သွားမည်ဖြစ်သည်။ သူတို့ နှောင့်နှေးနေပါက တိရှစံအိမ် လောမျိုးနွယ်ကလည်း အခြေအနေကို ကိုင်တွယ်နိုင်မည့် ပြောင်မြောက်သောဗျူဟာတစ်ခုကို ထုတ်နိုင်လောက်သည်။ သူတို့၏အခြေအနေက ဘေးကြပ်နံကြပ် ဖြစ်နေပေသည်။
“အရင်ဆုံး နောက်တစ်ကြိမ် တည်နေရာပြောင်းရွှေ့ကြတာပေါ့”
ကျန်းရီက အံကြိတ်၍ ပြောလိုက်သည်။ လောချင်းယန်သည် အရေးမထားဟန်ဖြင့် ဂူမူကို လက်စွပ်တစ်ကွင်း ပေးလိုက်၏။ ဂူမူက လက်စွပ်ကို သန့်စင်လိုက်ရာ လက်စွပ်ထဲရှိ နတ်ဘုရားအမြစ် အမြောက်အမြားကို တွေ့လိုက်ရသည်။ သူသည် ထိုနတ်ဘုရားအမြစ်များကို ထုတ်ယူ၍ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေသော တိရှတပ်သားများကို ပေးလိုက်သည်။ လောချင်းယန်၏ လက်ထဲတွင်လည်း ရွှေအိုရောင်အမိန့်ပြား ထပ်မံထွက်ပေါ်လာသည်။ ထို့နောက် သူမတို့အုပ်စုသည် ဘေးရှိ တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ဝင်ကာ ပျောက်ကွယ်သွားကြသည်။ ယခုတွင် သူမတို့က နောက်တစ်မြို့သို့ ဦးတည်သွားနေပေပြီ။
“အနက်ရောင်နတ်ဘုရား... ခင်ဗျား တောင့်ခံနိုင်သေးလား”
အနက်ရောင်နတ်ဘုရားက အလွန်နာကျင်ခံစားနေရသည်။ တည်နေရာပြောင်းရွှေ့နေသည့် တစ်ချိန်လုံး သူ ခေါင်းကိုက်နေခဲ့သည်။ သူသည် စက္ကန့်အနည်းငယ် အနားယူပြီးနောက် အံကြိတ်ကာ ပြန်ဖြေလိုက်သည်။
“သခင်လေး... ကျုပ် အဆင်ပြေပါတယ်။ ဆက်သွားကြမယ်”
အနက်ရောင်နတ်ဘုရားသည် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ကြောင်းကို မသိသော်လည်း ကျန်းရီချန်ခဲ့သော စာကို ဖတ်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူတို့က အန္တရာယ်ကြီးတစ်ခုထဲသို့ ကျရောက်နေကြောင်း ခန့်မှန်းမိပေသည်။ မဟုတ်လျှင် ကျန်းရီက သူ့ကို တောင့်ခံခိုင်းမည် မဟုတ်ချေ။
“သွားကြတာပေါ့”
ကျန်းရီက အံကြိတ်၍ ထပ်ပြောလိုက်သည်။ နောက်ထပ်သုံးကြိမ် တည်နေရာပြောင်းရွှေ့ပြီးနောက် အနက်ရောင်နတ်ဘုရားက မြေပေါ်သို့ လဲကျသွားတော့သည်။ သူက အလွန်နာကျင်ခံစားနေရပုံသော်လည်း တစ်ချက်မှ မညည်းညူပေ။
“ငါတို့ အနားယူမယ်”
ကျန်းရီသည် လောချင်းယန်ကို သူမ၏ စစ်ရထားလုံး ပြန်ထုတ်စေလိုက်သည်။ ထို့နောက် သူသည် အနက်ရောင်နတ်ဘုရားကို တွဲခေါ်၍ ရထားလုံးပေါ်တင်ပေးလိုက်၏။ ထို့ပြင် အနက်ရောင်နတ်ဘုရားအား အမြစ်မဲ့ရေစင်လည်း ပေးလိုက်သည်။ သို့သော် ဂူမူက သူ့ကို ချက်ချင်း တားလိုက်သည်။
“သခင်... အဲ့လိုလုပ်လို့ မဖြစ်ပါဘူး။ သူ့ရဲ့ စိတ်ဝိညာဉ်က အရမ်းအားနည်းနေပါတယ်။ သူက အမြစ်မဲ့ရေစင်ရဲ့ ဒဏ်ကို ခံနိုင်မှာ မဟုတ်ပါဘူး။ သူ ချက်ချင်း သတိလစ်သွားလိမ့်မယ်...”
ကျန်းရီက ဂူမူကို စိုက်ကြည့်၍ ပြောလိုက်သည်။
“အဲ့ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ”
ဂူမူက ခေါင်းခါသည်။
“သခင် သူ့ကို သာမန် ဝိညာဉ်အားဖြည့်ဆေးတွေပဲ တိုက်လို့ရပါမယ်။ ဒါပေမဲ့ အဲ့ဆေးတွေက အာနိသင်ပြဖို့ အချိန်တော်တော် လိုအပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဆက်ပြီး တည်နေရာပြောင်းရွှေ့လို့လည်း မဖြစ်သေးပါဘူး”
ဂူမူသည် အနက်ရောင်နတ်ဘုရားအတွက် သူ၏သိုလှောင်လက်စွပ်ထဲမှနေ၍ ဆေးလုံးအချို့ကို ထုတ်လိုက်၏။ စစ်ရထားလုံးက မြို့ထဲတွင် လှည့်ပတ်မောင်းနေသည်။ ဆယ်မိနစ်ကြာပြီးနောက် အနက်ရောင်နတ်ဘုရားက သူ၏ လေးလံနေသော မျက်ခွံများကို ဖွင့်ကာ ပြောလိုက်သည်။
“သခင်လေး... သခင်လေး အရင်သွားလိုက်ပါ။ ကျွန်တော့်ကို အရေးစိုက်မနေပါနဲ့တော့။ ကျွန်တော့်ကို မျိုးနွယ်စုတစ်ခုထဲမှာ ထားခဲ့လိုက်ပါ။ သခင်လေး ပိုသန်မာလာတော့မှ ကျွန်တော့်ကို လာခေါ်ဖို့ နည်းလမ်းတစ်ခု ရှာပါ”
“ခင်ဗျားက ဘာပေါက်ကရတွေ ပြောနေတာလဲ”
ကျန်းရီက အနက်ရောင်နတ်ဘုရားကို စိုက်ကြည့်လိုက်သည်။ သူသည် အနက်ရောင်နတ်ဘုရားကို ပါးမရိုက်မိအောင် မနည်းစိတ်ထိန်းထားရသည်။ ထို့နောက် ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
“ပေါက်ကရတွေ ပြောမနေတဲ့တော့။ ကျွန်တော် ခင်ဗျားကို ချန်ထားခဲ့မှာ မဟုတ်ဘူး။ ခင်ဗျား ကျွန်တော့်နောက်ကို လိုက်မလာရင် သေချာပေါက် သေရလိမ့်မယ်”
အနက်ရောင်နတ်ဘုရားသည် ထပ်မပြောဝံ့တော့ပေ။ ကျန်းရီသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။
“ကျွန်တော်တို့ မြို့ထဲမှာ နောက်ထပ် နာရီနည်းနည်းလောက် ဆက်နေမယ်။ အနက်ရောင်နတ်ဘုရား ပြန်ကောင်းလာတာနဲ့ ကျွန်တော်တို့ ဆက်သွားကြမယ်”
ကျန်းရီသည် သူ ဤတစ်ခေါက် ထွက်သွားပြီးလျှင် မည်သည့်အခါမှ ပြန်လာနိုင်မည်ကို မသိပေ။ အနက်ရောင်နတ်ဘုရားကို သိမ်းငှက်ပြာစီရင်စုနယ်ထဲတွင် ချန်ထားခဲ့လျှင် အနက်ရောင်နတ်ဘုရားက သေချာပေါက် ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။ အနက်ရောင်နတ်ဘုရားသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှနေ၍ ဤနေရာအထိ သူ့နောက်မှ လိုက်လာခဲ့သူဖြစ်သည်။ သူက မိသားစုပင်။ ချမ်ချမ်သည် သူ့အား အနက်ရောင်နတ်ဘုရားကို အထက်ဘုံသို့ ခေါ်သွားပေးရန် တောင်းဆိုခဲ့သည်။ သို့ဖြစ်ရာ သူက အနက်ရောင်နတ်ဘုရားကို မည်သို့ ချန်ထားခဲ့နိုင်ပါမည်နည်း။
***
သိမ်းငှက်ပြာစီရင်စုနယ်...
သိမ်းငှက်ပြာစီရင်စုနယ်၏ မြို့တော်က လေထဲတွင် တည်ရှိနေခြင်း မဟုတ်ပေ။ သို့ဖြစ်၍ ထို့မြို့တော်အောက်တွင်လည်း မည်သည့် မျိုးနွယ်စုမှ ရှိမနေချေ။ သိမ်းငှက်ပြာစီရင်စုနယ်အရှင်နှင့် မြို့တော်မှ အရေးကြီးပုဂ္ဂိုလ်များသည် မြို့တော်ထဲတွင် မနေကြပေ။ သူတို့က မြို့အရှေ့ဘက်ရှိ တောင်ထွတ်တစ်ခုပေါ်တွင်သာ နေထိုင်ကြသည်။
ထိုတောင်က အလွန်ဆန်းကြယ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ထက်မှ ကြည့်မည်ဆိုလျှင် ထိုတောင်က လေကိုခွင်း၍ ပျံသန်းနေသော နတ်သိမ်းငှက်တစ်ကောင်နှင့် ဆင်တူကြောင်း တွေ့ရပေလိမ့်မည်။ ထို့ကြောင့် သိမ်းငှက်ပြာစီရင်စုနယ်ကို သိမ်းငှက်ပြာစီရင်စုနယ်ဟု ခေါ်ခြင်းဖြစ်သည်။
သိမ်းငှက်ပြာတောင်ပေါ်တွင် နေထိုင်နိုင်သူအားလုံးက အရေးကြီးပုဂ္ဂိုလ်များဖြစ်ကြသည်။ ထိုအခိုက်တွင် ထိုအရေးပါသော ပုဂ္ဂိုလ်အားလုံးက စီရင်စုနယ်ထဲရှိ မြို့အရှင်တစ်သောင်းနှင့်အတူ စုဝေးနေကြသည်။ သူတို့အားလုံးသည် သိမ်းငှက်ကြီး၏ ပါးစပ်ပေါက်ရှိရာနေရာဖြစ်သော တောင်ထွတ်ပေါ်တွင် စုဝေးနေကြခြင်းပင်။
ထိုနေရာတွင် ဧရာမ တည်နေရာပြောင်းရွှေ့အစီအရင်ကြီးတစ်ခု ရှိသည်။ အကယ်၍ လူများက စီရင်စုနယ်များကြားတွင် တည်နေရာပြောင်းရွှေ့လိုလျှင် သို့မဟုတ် တိရှမြို့သို့ တိုက်ရိုက်သွားလိုလျှင် ထိုတည်နေရာပြောင်းရွှေ့အစီအရင်ကို အသုံးပြုရမည်ဖြစ်သည်။ တည်နေရာပြောင်းရွှေ့အစီအရင် အရှေ့၌ မြေကွက်လပ်တစ်ခု ရှိနေပြီး ထိုမြေကွက်လပ်ထဲတွင် လူနှစ်သောင်း ရပ်နေသည်။ ထိုလူနှစ်သောင်းထဲရှိ အင်အားအနည်းဆုံးသူပင် နတ်ဘုရားဘုရင် အထွတ်အထိပ်အဆင့် ရှိသည်။ ထိုလူအုပ်ထဲတွင် နတ်ဘုရားဧကရာဇ်များက လူနည်းစု မဟုတ်တော့ပေ။
ထိုအခိုက်တွင် မြေကွက်လပ်က အပ်ကျသံပင် ကြားရလောက်အောင် လုံးဝတိတ်ဆိတ်နေသည်။ အားလုံးသည် တည်နေရာပြောင်းရွှေ့အစီအရင်ကို ကြည့်ကာ စောင့်ဆိုင်းနေကြသည်။ ထိုလူများထဲတွင် လူတစ်ယောက်သာ စိုးရိမ်ပူပန်နေပုံ ပေါ်သည်။ ထိုလူမှာ လောချင်းယန်၏ အဖေ နတ်သိမ်းငှက်မြို့အရှင် လောရှန်းဖြစ်သည်။
လောရှန်းသည် လွန်ခဲ့သည့် နှစ်နာရီလောက်က တိရှစံအိမ် လောမျိုးနွယ်မှနေ၍ သတင်းရထားသည်။ သို့သော် သူ မည်သို့မှ မလုပ်ဝံ့သေးပေ။ ယနေ့တွင် စွမ်းအားကြီး သိုင်းသမားများစွာသည် အရေးကြီးပုဂ္ဂိုလ်များကို ကြိုဆိုရန် ဤနေရာတွင် စုဝေးနေကြခြင်းဖြစ်သည်။ သိမ်းငှက်ပြာစီရင်စုနယ်အရှင် ရှောင်ဟုန်သည်ပင် လူအုပ်၏ ရှေ့ဆုံးတွင် ရပ်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ သို့ဖြစ်ရာ မြို့အရှင်လောသည် ရုတ်ရုတ်ရက်ရက် ထမလုပ်ဝံ့ပါပေ။
ထိုအရေးကြီးပုဂ္ဂိုလ်များက မည်မျှ အရေးပါသနည်း။
လောရှန်း မသိပေ။ ထိုအရေးကြီးပုဂ္ဂိုလ်များနှင့်အတူ တိရှစံအိမ်၏ အုပ်ချုပ်ရေးအဖွဲ့မှ လက်ထောက်စံအိမ်အရှင်လည်း ပါလာသည်ဟုတော့ သူ ကြားထားသည်။ ထိုလက်ထောက်စံအိမ်အရှင်မှာ တိရှအရှင်၏ မျိုးနွယ်မှ ဝါစဉ်ကြီးသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်များက မည်မျှအရေးပါကြောင်းကို တွေးကြည့်နိုင်ပေသည်။ အကယ်၍ ယခုတွင် သူ ထွက်သွားလိုက်လျှင် ရှောင်ဟုန်က သေချာပေါက် ဒေါသထွက်သွားပေလိမ့်မည်။ ထိုအခါ သူသည် မြို့အရှင်ရာထူးကို ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။
“လောရှန်း... ခင်ဗျား ဘာဖြစ်နေတာလဲ။ ခင်ဗျား စည်းမျဉ်းတွေကို မသိဘူးလား”
ရုတ်တရက် လောရှန်း၏ နားထဲသို့ အသံပို့လွှတ်မှုတစ်ခု ဝင်ရောက်လာသည်။ ထို့ကြောင့် သူ လန့်သွားသည်။ သူ မော့ကြည့်လိုက်ရာ သူ့အရှေ့ မျက်စောင်းထိုးမှ ခေါင်းတုံးနှင့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူက သူ့ကို စောင်းငဲ့၍ ကြည့်နေ၏။ ထိုလူ၏ မျက်လုံးများက အရောင်တောက်နေပေသည်။ ထိုခေါင်းတုံးနှင့်လူမှာ ရှောင်တိပင်။ အကြီးအကဲခြောက်သည် လောရှန်းထံသို့ သတင်းပို့ကာ ရှောင်တိကို အကူအညီတောင်းရန် အကြံပေးထားသည်။ လောရှန်းကလည်း ထိုသို့ပင် တွေးမိပေသည်။ ထို့ကြောင့် သူ ပြုံးကာ ပြန်ပြောလိုက်သည်။
“အရှင်ရှောင်တိ... ကျုပ်ရဲ့ သမီးက ဓားစာခံအဖြစ် အဖမ်းခံထားရပါတယ်။ ကျွန်တော့်မှာ အဲ့သမီးတစ်ယောက်ပဲ ရှိတာပါ...”
“အန်... ဘယ်သူက ချင်းယန်လေးကို ဓားစာခံလုပ်ရလောက်တဲ့အထိ အတင့်ရဲတာလဲ”
ရှောင်တိ ပြန်ပြောလိုက်၏။ သူ့စကားလုံးများထဲတွင် သတ်ဖြတ်အရှိန်အဝါများ ပါပေသည်။
လောရှန်းသည် ချက်ချင်းပင် ရှောင်တိအား ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။ သို့သော် လောချင်းယန်က လော့ထင်ကို သတ်ရန် အကွက်ဆင်ခဲ့ကြောင်းကိုတော့ သူ ထည့်မပြောဝံ့ပေ။ သူသည် လောချင်းယန်ကို ဖမ်းသွားသည့် ကျန်းရီဆိုသော လူငယ်လေးအကြောင်းကိုသာ ပြောလိုက်သည်။ ကျန်းရီက လောချင်းယန်နှင့် ပဋိပက္ခတစ်ခု ရှိခဲ့၍ လောချင်းယန်ကို ဖမ်းသွားရခြင်းဖြစ်သည်ဟုလည်း အကြောင်းပြချက် ပေးလိုက်ပေသည်။
“သာမန်နတ်ဘုရားလေးက ခင်ဗျားတို့ မျိုးနွယ်ရဲ့ နတ်ဘုရားဘုရင်တစ်ပါးကို ထိန်းချုပ်သွားတာလား။ ပြီးတော့ ချင်းယန်လေးကိုလည်း ဓားစာခံလုပ်ထားတယ်ပေါ့။ လောရှန်း... ခင်ဗျားရဲ့ မျိုးနွယ်က လူတွေက သုံးစားမရတော့ဘူးလား။ ပြီးတော့ အဲ့နတ်ဘုရားလေးက ဘယ်လိုလုပ် နတ်ဘုရားဘုရင်တွေကိုတောင် သတ်နိုင်လောက်တဲ့ မီးတောက်တွေကို ပိုင်ဆို်ငထားရတာလဲ။ အဲ့ဒါက စိတ်ဝင်စားစရာပဲ”
ရှောင်တိက ထိုစကားများကို ခပ်လှောင်လှောင် ပြောလိုက်ခြင်းပင်။ ထို့နောက် သူ ဆက်ပြောသည်။
“ကဲပါ.. မစိုးရိမ်ပါနဲ့။ ဒီကကိစ္စတွေက အဲ့ထက် ပိုအရေးကြီးနေတယ်။ အရေးကြီးပုဂ္ဂိုလ်တွေ ရောက်လာပြီးမှ အဲ့ကိစ္စကို ဆက်ပြောကြတာပေါ့။ ပြီးရင်... ကျုပ် ခင်ဗျားနဲ့အတူ လိုက်ခဲ့ပါမယ်။ အဲ့ကောင်စုတ်လေးက ချင်းယန်လေးကို ခေါ်ပြီး အနီးနားက စီရင်စုနယ်တစ်ခုကို သွားရင်တောင် ကျုပ် သူ့ကို သတ်ပစ်နိုင်ပါသေးတယ်။ အနီးက စီရင်စုနယ်တွေရဲ့ စီရင်စုနယ်အရှင်တွေက ကျုပ်ကို အဲ့လောက်တော့ မျက်နှာသာပေးမှာပါ”
“ကျေးဇူးတင်ပါတယ် အရှင်ရှောင်တိ”
လောရှန်းသည် ရှောင်တိ၏ စကားများကို ကြားရသောအခါ ဝမ်းသာသွား၏။ ရှောင်တိသည် သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ စွမ်းအားအကြီးဆုံး စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို တတ်မြောက်ထားသူနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ကျန်းရီနှင့် ဂူမူတို့ မဆိုထားနှင့် လောရှန်းသည်ပင် ရှောင်တိ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခံရလျှင် စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။
***