ထူးဆန်းသောရနံ့ *
Vol. 97 Ch. 1343
အနက်ရောင်နတ်ဘုရားသည် ခြောက်နာရီကြာ အနားယူပြီးမှ စိတ်ဝိညာဉ်နာကျင်မှု သက်သာလာသည်။ ကျန်းရီသည် အနက်ရောင်နတ်ဘုရားက ခံနိုင်ရည် ပြန်ရှိလာပြီဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ထပ်မံ၍ တည်နေရာပြောင်းရွှေ့လိုက်သည်။ သို့သော် ခြောက်ခါ တည်နေရာပြောင်းရွှေ့ပြီးနောက် အနက်ရောင်နတ်ဘုရားက ထပ်မံ၍ လဲပြိုကျမလို ဖြစ်လာပြန်သည်။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ အနားယူရန် ရပ်တန့်လိုက်ရ၏။
အစတွင် ကျန်းရီသည် ဂူမူအား အနက်ရောင်နတ်ဘုရားကို သူ၏ဟွင့်သွမ့်ချီပုလဲလုံးထဲ ထည့်ခေါ်ခဲ့ရန် ခိုင်းလိုခဲ့၏။ သို့သော် တည်နေရာပြောင်းရွှေ့သည့်အခါတွင် လူများသည် သူတို့၏ လေဟာနယ်အသုံးအဆောင်များထဲ၌ မည်သည့်သက်ရှိကိုမှ ထည့်ခေါ်ခွင့်မရှိပေ။ ထည့်ခေါ်မိပါက ထိုသက်ရှိသည် အစီအရင်ထဲမှ ထုတ်ပစ်ခံရမည်ဖြစ်ပြီး အစီအရင်ထဲရှိ အာကာပြင်ဖိအားကြောင့်လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည် ဖြစ်သည်။
ထို့ကြောင့် ကျန်းရီတို့သည် ရပ်လိုက်၊ နားလိုက်ဖြင့်သာ သွားနေကြရသည်။ ထိုအတိုင်းဆိုလျှင် ခြင်္သေ့ပြာမြို့သို့ ရောက်ရန် အနည်းဆုံး ရက်အနည်းငယ်လောက် လိုပေလိမ့်မည်။ သိမ်းငှက်ပြာစီရင်စုနယ်ထဲမှ တည်နေရာပြောင်းရွှေ့ရန်မူ ပို၍ပင် အချိန်လိုအပ်ပေလိမ့်မည်။ လမ်းတွင် မည်သည့်အန္တရာယ်နှင့်မှ မကြုံရလောက်ဟု မည်သူကမှ အာမမခံနိုင်ပေ။ သို့သော် ကျန်းရီတွင် အခြားရွေးချယ်စရာ မရှိချေ။ သူသည် သူ၏ကံကြမ္မာကို ကောင်းကင်၏ လက်ထဲသာ ထည့်ထားရတော့မည်ဖြစ်သည်။
ကျန်းရီတို့သည် ခြောက်ကြိမ် တည်နေရာပြောင်းရွှေ့ပြီးတိုင်း နာရီများစွာ အနားယူကြသည်။ ကျန်းရီကိုယ်တိုင်လည်း အကြိမ်များစွာ တည်နေရာပြောင်းရွှေ့ရသည့် ဒဏ်ကို မခံနိုင်ပေ။ အမြစ်မဲ့ရေစင်၏ အာနိသင်က ကုန်တော့မည်ဖြစ်သည်။ အာနိသင် ကုန်သွားလျှင် သူ၏စိတ်ဝိညာဉ်က နာရီအနည်းငယ်ကြာသည်အထိ အလွန်အားနည်းနေမည်ဖြစ်သည်။ ထိုအခြေအနေတွင် ဆက်၍ တည်နေရာပြောင်းရွှေ့မည် ဆိုပါက သူ သေချာပေါက် ပြိုလဲသွားပေလိမ့်မည်။
စိတ်ဝိညာဉ် အားနည်းနေချိန်တွင် ကျန်းရီ၏ တိုက်ပွဲစွမ်းအားကလည်း အလွန်အားနည်းနေမည်ဖြစ်သည်။ သူ့အတွက် ပြေးရန်ပင် ခက်ခဲပေသည်။ ထို့ကြောင့် ထိုအချိန်အတောအတွင်း၌ သူ့အတွက် အန္တရာယ်ပိုများပေသည်။ အကယ်၍ တိရှစံအိမ် လောမျိုးနွယ်က သူ့ကိုသတ်ရန် စွမ်းအားကြီး သိုင်းသမားများကို လျှို့ဝှက်စေလွှတ်လိုက်လျှင် သူ သေချာပေါက် သေရပေလိမ့်မည်။ သူသေလျှင် သူ၏ဝိညာဉ်ကျွန် ဂူမူလည်း သေမည်ဖြစ်သည်။ ထိုအခါ လောချင်းယန်က အလွယ်တကူ လွတ်မြောက်သွားပေလိမ့်မည်။
“ကောင်းတဲ့ တည်းခိုခန်းတစ်ခန်းလောက် သွားရှာလိုက်။ ကျွန်တော်တို့ ဆယ်နာရီလောက် နားကြမယ်”
ကျန်းရီက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ အကောင်းဆုံး တည်းခိုခန်းများတွင် အကောင်းဆုံး အကာအရံများရှိသည်။ စွမ်းအားကြီး သိုင်းသမားများက သူ့ကို တိုက်ခိုက်လိုလျှင်ပင် အနည်းဆုံးတော့ စွမ်းအားကြီး အကာအရံများကို ဖြတ်ကျော်ရမည်ဖြစ်သည်။ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်သည်ပင် အကာအရံများကို ဖျက်ရန် နှစ်စက္ကန့်၊ သုံးစက္ကန့်တော့ အချိန်ယူရပေမည်။ သို့ဆိုလျှင် ကျန်းရီသည် ထိုအချိန်ကို အသုံးချ၍ ပေါင်းစည်းမီးတောက်များကို ထုတ်ကာ လောချင်းယန်ကို သတ်ပစ်နိုင်သည်။ ထိုမှ သူမကို သူနှင့်အတူ သေရွာသို့ အပါခေါ်သွားနိုင်မည်ဖြစ်သည်။
“တည်းခိုးခန်းတစ်ခုလား”
လောချင်းယန်၏ မျက်ဝန်းများထဲတွင် နာကျင်မှုနှင့် ပြည့်နှက်သွားသည်။ ကျန်းရီက သူမ၏ မျက်နှာကို ကြည့်၍ ခနဲ့လိုက်သည်။
“သခင်မလေးလော... မင်းရဲ့ မျိုးနွယ်ဝင်တွေက မင်းကို လာကယ်လိမ့်မယ်လို့ မျှော်လင့်နေသေးတာလား။ လက်လျှော့လိုက်ပါတော့။ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို တိုက်ခိုက်ရင် ငါက မင်းကို ငါနဲ့အတူ သေရွာကို ခေါ်သွားရမှာပဲ”
လောချင်းယန်က ခါးသက်သက် ပြုံးလိုက်၏။ ထို့နောက် သူမသည် မည်သို့မှ မပြောတော့ဘဲ စစ်ရထားလုံးကို မြို့ထဲသို့ မောင်းသွားလိုက်သည်။ မကြာခင်မှာပင် သူမတို့သည် တည်းခိုခန်းကြီးတစ်ခုကို ရှာတွေ့လိုက်ကြသည်။ ကျန်းရီသည် ဂူမူကို ကြည့်လိုက်၏။ ဂူမူက ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“ဒါက တိရှစံအိမ်ပိုင်တဲ့ တည်းခိုခန်း မဟုတ်ပါဘူး။ ဒီတည်းခိုခန်းမှာ တိရှစံအိမ်ရဲ့ အမှတ်အသားတွေ မရှိပါဘူး”
“ဝင်သွားပြီး အကောင်းဆုံးအခန်းကို ငှားလိုက်”
ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်ပြီး စစ်ရထားလုံးထဲမှ ထွက်လိုက်သည်။ ဂူမူက နတ်ဘုရားအမြစ်ရာချီကျသော သီးသန့်အဆောင်တစ်ခုကို ငှားလိုက်၏။ ကျန်းရီသည် အခြားသူတစ်ယောက်၏ နတ်ဘုရားအမြစ်များကို သုံးနေခြင်းဖြစ်ရာ လုံးဝမနှမြောပါပေ။ သူတို့အုပ်စုသည် တည်းခိုခန်း၏ ဧည့်ကြိုဆောင်ကို ဖြတ်၍ အနောက်ခြံဝန်းထဲရှိ သီးသန့်အဆောင်ဆီသို့ သွားလိုက်ကြသည်။
အဆောင်ထဲတွင် ခန်းမကျယ်ကြီးတစ်ခုနှင့် အခန်းနှစ်ခန်းရှိသည်။ ကျန်းရီက လှည့်ပတ်ကြည့်ရှုပြီးနောက် တုန်တုန်ယင်ယင်ဖြင့် လျှောက်နေသော အနက်ရောင်နတ်ဘုရားကို လှမ်းပြောလိုက်သည်။
“အနက်ရောင်နတ်ဘုရား... အခန်းတစ်ခန်းထဲ ဝင်ပြီး နာရီနည်းနည်းလောက် အိပ်လိုက်ပါ။ ကျွန်တော်လည်း အိပ်လိုက်ဦးမယ်”
“ကောင်းပါပြီ”
အနက်ရောင်နတ်ဘုရားက ပြိုလဲလုနီးနေပြီဖြစ်သည်။ အိပ်စက်ခြင်းမှာ စိတ်ဝိညာဉ်ကို ပြန်အားဖြည့်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သူသည် အခန်းတစ်ခန်းထဲသို့ ခပ်သွက်သွက် ဝင်၍ အိပ်စက်လိုက်၏။ သူ ချက်ချင်းပင် အိပ်မောကျသွားပေသည်။ ကျန်းရီနှင့် လောချင်းယန်တို့က ခန်းမထဲတွင် ထိုင်လိုက်ပြီး ဂူမူက အဆောင်၏ အကာအရံများကို နှိုးလိုက်သည်။ ထို့နောက် ဂူမူသည် လှည့်ပတ်ကြည့်လိုက်ပြီး ကျန်းရီထံသို့ အသံပို့လွှတ်လိုက်၏။
“သခင်... ဒီက အကာအရံတွေက အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်ရဲ့ တိုက်ခိုက်မှုတစ်ချက်ကိုတောင် ခံနိုင်လောက်တယ်”
ကျန်းရီသည် စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူသည် မည်သို့မှ မပြောတော့ဘဲ စတင်ကျင့်ကြံလိုက်ပြီး အမြစ်မဲ့ရေစင်၏ အာနိသင် ပျောက်သွားမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်လေသည်။ အတော်ကြာပြီးနောက် လောချင်းယန်က ထရပ်ကာ ပြောလိုက်သည်။
“ကျန်းရီ... ကျွန်မရဲ့ ရောဂါလက္ခဏာတွေ ပြလာပြီ။ ကျွန်မ ဗောဓိသစ်သီးစားဖို့ လိုတယ်”
ကျန်းရီက မျက်လုံးဖွင့်ကြည့်၍ သံသယဖြင့် ပြန်ပြော၏။
“စားဖို့လိုရင် စားပေါ့။ ဘာလို့ ထရပ်ရတာလဲ”
လောချင်းယန်က ခါးသက်သက် ပြုံးသည်။
“ဗောဓိသစ်သီးကို စားလိုက်ရင် ကျွန်မ သတိမေ့သွားလိမ့်မယ်။ ဂူမူက အဲ့အကြောင်းကို သိမှာပါ။ ကျွန်မ အခန်းတစ်ခန်းထဲဝင်ပြီး အိပ်ချင်တယ်။ ရှင် စိတ်မချရင် ဂူမူကိုလည်း အခန်းထဲ လိုက်ဝင်ခိုင်းပြီး ကျွန်မကို စောင့်ကြည့်ခိုင်းထားလိုက်ပေါ့”
ကျန်းရီက ဂူမူကို လှမ်းကြည့်၏။ ဂူမူက ခေါင်းညိတ်ကာ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“သခင်မလေးက ဗောဓိသစ်သီးတွေ စားပြီးတိုင်း အကြာကြီး အိပ်တတ်ပါတယ်။ တစ်ခါတုန်းကဆို ကျွန်တော်က သူ့ကို တင်ပြစရာရှိတာတစ်ခု တင်ပြချင်ပေမဲ့ သူ့ရဲ့ အစေခံမလေးက သူ ဗောဓိသစ်သီးစားပြီး အိပ်မောကျနေတယ်လို့ ပြောလို့ မတင်ပြခဲ့ရပါဘူး”
“အို့...”
ကျန်းရီ စိတ်အေးသွား၏။ သို့သော် အပြည့်အဝတော့ မဟုတ်ပေ။ သူ လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
“ဂူမူ... အပြင်ကိုသွားပြီး စောင့်ကြပ်နေပါ။ တကယ်လို့ တစ်ယောက်ယောက် ချဉ်းကပ်လာတာမျိုး တွေ့ရင် ကျွန်တော့်ဆီ ချက်ချင်း သတင်းပို့ပါ။ ဒီအဆောင်ရဲ့ အကာအရံတွေကို တစ်ယောက်ယောက်က တိုက်ခိုက်ပြီဆိုတာနဲ့ ကျွန်တော် လောချင်းယန်ကို ချက်ချင်း သတ်ပစ်မယ်”
“ဟုတ်ကဲ့ပါ”
ဂူမူက နာခံစွာဖြင့် လက်ဆုပ်လိုက်သည်။ ထိုမှ ကျန်းရီသည် လောချင်းယန်ကို ပြန်ကြည့်ကာ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“သခင်မလေးလော... သခင်မလေးရဲ့ အခန်းထဲကို ကြွတော်မူပါ”
လောချင်းယန်သည် မျက်နှာပျက်သွားပြီး အံကြိတ်၍ ကျန်းရီထံ အသံပို့လွှတ်လိုက်၏။
“ကျန်းရီ.. ရှင် ကျွန်မကို လာမရှုပ်တာ ကောင်းလိမ့်မယ်။ ကျွန်မက တခြားယောက်ျားနဲ့ စေ့စပ်ပြီးပြီ။ လက်ထပ်တဲ့အခါ ကျွန်မက မသန့်စင်တော့ရင် သေချာပေါက် အသတ်ခံရလိမ့်မယ်။ အဲ့ကျရင် ရှင့်ကို ဘယ်သူကမှ သိမ်းငှက်ပြာစီရင်စုနယ်အပြင်ကို ပို့ပေးနိုင်တော့မှာ မဟုတ်ဘူး”
“မစိုးရိမ်ပါနဲ့”
ကျန်းရီက ရယ်လိုက်သည်။
“ကျွန်တော်က... ခင်ဗျားရဲ့ခန္ဓာကိုယ်ကို စိတ်မဝင်စားပါဘူး”
လောချင်းယန် ရှက်သွေးဖြာသွား၏။ ထို့နောက် အံကြိတ်ကာ အခန်းတစ်ခန်းထဲ လျှောက်ဝင်သွားသည်။ ကျန်းရီသည် အခန်းထဲသို့ ခပ်သွက်သွက် လိုက်ဝင်သွားပြီး အခန်းကို အကာအရံများနှင့် ပိတ်ဆို့လိုက်သည်။ လောချင်းယန်သည် အကာအရံများ တောက်ပလာသည်ကို မြင်လိုက်သောအခါ လန့်သွား၏။
“ရှင် ဘာလိုချင်လို့လဲ”
ကျန်းရီ မျက်လုံးပင့်လိုက်သည်။ ထိုလောချင်းယန်သည် သူက သူမကို အဓမ္မကျင့်ရန် အခွင့်အရေးချောင်းနေသည်ဟု ထင်နေခြင်းလော။
အမှန်တွင် ကျန်းရီသည် နှလုံးသားက မြွေကဲ့သို့ အဆိပ်ပြင်းသည့် ထိုမိန်းမပျိုကို လုံးဝ စိတ်မဝင်စားပေ။ သူ အကာအရံများကို နှိုးလိုက်ခြင်းမှာ အခုအခံတစ်ခု ရှိနေစေရန်သာ ဖြစ်သည်။ အကယ်၍ ရန်သူက လောချင်းယန်ကို ကယ်တင်လိုလျှင် အနည်းဆုံးတော့ အကာအရံနှစ်လွှာကို ဖြတ်ကျော်ရမည်ဖြစ်သည်။ သို့ဆိုလျှင် ပေါင်းစည်းမီးတောက်များကို ထုတ်၍ လောချင်းယန်ကို သတ်ပစ်ရန် အချိန်အလုံအလောက် ရပေလိမ့်မည်။
ကျန်းရီသည် လောချင်းယန်ကို မည်သို့မှ ပြန်မပြောဘဲ အခန်းကိုသာ လှည့်ပတ်ကြည့်လိုက်သည်။ အခန်းထဲတွင် ကုတင်တစ်လုံးသာရှိကြောင်း တွေ့လိုက်သောအခါ သူက ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကုတင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“သွားအိပ်ပါ။ ဘာရုတ်ရုတ်ရက်ရက်မှတော့ မလုပ်နဲ့... မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။ မင်း ငါ့ရဲ့ အကျင့်စရိုက်ကို ကောင်းကောင်းသိမှာပါ။ ငါ ရူးလာရင် ငါ့ကိုယ်ငါတောင် ပြန်ကြောက်တယ်”
ကျန်းရီသည် စကားပြောပြီးနောက် ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ ထို့နောက် လောချင်းယန်အပေါ် အာရုံစိုက်ထားကာ ကောင်းကင်စွမ်းအား စတင်ကျင့်ကြံလိုက်၏။ ကျန်းရီသည် လောချင်းယန်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။ သူမ၏ဒန်တျန်ကို ဂူမူက ချိပ်ပိတ်ထားပြီးဖြစ်သည်။ သူမ၏ အစွမ်းအစနှင့် ထိုချိပ်ပိတ်ထားမှုကို မဖွင့်နိုင်လောက်ပေ။ ထို့ပြင် ကျန်းရီသည် သူမတတ်ထားလောက်သည့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကိုလည်း မမှုချေ။ သူမ၏ စိတ်ဝိညာဉ်က မသန်မာပေ။ ထို့ကြောင့် သူမက ယခုအထိတော့ မူမမှန်သည့်ကိစ္စမျိုးကို လုပ်မနေချေ။ ထိုမိန်းမက ဉာဏ်ကောင်းသူတစ်ယောက် မဟုတ်ပါလား။
လောချင်းယန်သည် သံသယဖြစ်ဖွယ် အလုပ်မျိုးကို လုပ်မနေပေ။ ထိုအစား ကျန်းရီကိုသာ ထိတ်လန့်ဟန်ဖြင့် ကြည့်နေသည်။ သူမသည် သတိရှိရှိဖြင့် ကုတင်ပေါ်တွင် ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီး သူမ၏လက်စွပ်ထဲမှနေ၍ ပန်းရောင် ဗောဓိသစ်သီးတစ်လုံးကို ထုတ်လိုက်သည်။ သူမသည် သစ်သီးကို စားလိုသော်လည်း မစားဝံ့သေးဘဲ ဖြစ်နေသည်။ သူမ အိပ်မောကျနေချိန်တွင် ကျန်းရီက သူမကို အဓမ္မပြုကျင့်လျှင် မည်သို့လုပ်မည်နည်း။
ဆယ်မိနစ်ကြာပြီးနောက် အမြစ်မဲ့ရေစင်၏ အာနိသင်က လုံးဝပျောက်ကွယ်သွားသည်။ သို့သော် လောချင်းယန်တစ်ယောက် စိတ်မဆုံးဖြတ်နိုင်သေးပေ။ ကျန်းရီက မျက်လုံးဖွင့်၍ ခက်ထန်စွာ ပြောလိုက်သည်။
“မြန်မြန် စားလိုက်။ ငါ မင်းကို လက်ဖျားနဲ့တောင် မထိဘူးလို့ ကတိပေးတယ်။ မင်း ဆက်တုံ့ဆိုင်းနေပြီး ငါ့ကို စိတ်ရှုပ်အောင် လုပ်နေမယ်ဆိုရင် ငါ တကယ်ပဲ လူမဆန်တဲ့အလုပ်မျိုးကို လုပ်ပစ်လိုက်မှာ”
“အာ...”
လောချင်းယန်သည် ကျန်းရီ၏ ခက်ထန်သော အကြည့်ကြောင့် ကြောက်ရွံ့သွားပြီး ကိုယ်လေးရို့သွားသည်။ ထို့နောက် သူမသည် ဗောဓိသစ်သီးကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စတင်စားလိုက်လေသည်။
ဗောဓိသစ်သီးက အလွန်မွှေး၏။ လောချင်းယန် သစ်သီးစစားလိုက်သည့်အခိုက်တွင် တစ်ခန်းလုံး မွှေးပျံ့သွားသည်။ ကျန်းရီသည် ထိုရနံ့ကို ရှူမိသောအခါ အံ့အားသင့်သွား၏။ အနံ့ရှူမိရုံဖြင့် သူ၏ စိတ်ဝိညာဉ်ကပါ အားပြည့်လာသလိုပင်။ ထိုဗောဓိသစ်သီးက တိရှဘုံရှိ အဖိုးတန်သစ်သီးတစ်မျိုး ဖြစ်ရပေမည်။
‘မဆိုးဘူး... အမြစ်မဲ့ရေစင်ရဲ့ အာနိသင်က ပျောက်သွားပြီဆိုပေမဲ့ ဒီအနံ့ကို ရှူရုံနဲ့တင် ငါ့ရဲ့ စိတ်ဝိညာဉ်က လျင်လျင်မြန်မြန် ပြန်အားပြည့်လာနေတယ်’
ကျန်းရီသည် ညင်သာစွာ ခေါင်းဆတ်လိုက်၏။ လောချင်းယန်က ယခုအထိ သံသယဖြစ်ဖွယ် အပြုအမူမျိုး မလုပ်သေးသဖြင့် ကျန်းရီတစ်ယောက် စတင်သတိလျော့လာသည်။ ထို့ပြင် လောချင်းယန်သည် သစ်သီးနှစ်လုံး စားပြီးသွားပြီဖြစ်ပြီး ယခုတွင် တတိယမြောက်သစ်သီးကို တစ်ဝက်လောက် စားပြီးနေပေပြီ။ ထို့ကြောင့် သူမ၏ မျက်ခွံများ စင်းလာသည်။ နောက်ဆုံးတွင် သူမသည် သူမ၏ဒူးကို ဖက်ကာ နံရံကိုမှီ၍ ကျုံ့ကျုံ့လေး အိပ်ပျော်သွားတော့သည်။
ကျန်းရီသည် လောချင်းယန်၏ နှလုံးခုန်နှုန်းက နှေးလာပြီး သူမ၏ စိတ်ဝိညာဉ်က တိတ်ဆိတ်သွားသည်ကို အာရုံခံမိလိုက်၏။ သူမက အမှန်ပင် အိပ်မောကျသွားပေပြီ။
ယခုတွင် အမြစ်မဲ့ရေစင်၏ ဘေးထွက်ဆိုးကျိုးက အပြည့်အဝ ပျောက်ကွယ်သွားပြီဖြစ်သည်။ ကျန်းရီ၏ စိတ်ဝိညာဉ်ကို အလွန်ပင်ပန်းနွမ်းနယ်နေသည်။ သူသည် အံကြိတ်ကာ အိပ်မပျော်သွားစေရန် ကြိုးစားနေသည်။ မဟုတ်လျှင် သူ အလွယ်တကူ ပြဿနာတက်သွားပေလိမ့်မည်။
လောချင်းယန်၏ လက်ထဲရှိ ဗောဓိသစ်သီးတစ်ခြမ်းက အားကောင်း၍ ထူးဆန်းသော ရနံ့တစ်ခုကို ဆက်၍ ထုတ်လွှတ်နေသည်။ ကျန်းရီသည် အသက်ပြင်းပြင်းရှူကာ ထိုရနံ့ကို များနိုင်သမျှများများ ရှူသွင်းရန် ကြိုးစားနေသည်။ သူက သူ့စိတ်ဝိညာဉ်ကို အမြန်ဆုံး ပြန်အားပြည့်လာစေလိုနေခြင်းပင်။ သူ့စိတ်ဝိညာဉ်က ပြန်အားပြည့်လာမှ သူ အိပ်မပျော်သွားမည်ဖြစ်သည်။
သို့သော်...
ရနံ့ကို ပို၍ ရှူသွင်းလေလေ၊ စိတ်ဝိညာဉ်က ပို၍ လေးလံလာလေလေပင်။ ငါးမိနစ်ကြာပြီးနောက် ကျန်းရီ၏ ခန္ဓာကိုယ်က စတင် ယိမ်းထိုးလာသည်။ ထို့နောက် သူသည် နံရံကို ကျောမီ၍ အိပ်ပျော်သွားလေတော့သည်။
ထိုအခိုက်တွင် လောချင်းယန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူမ၏ နှုတ်ခမ်းစွန်းနှစ်ခုက တွန့်တက်သွားပြီး အပြုံးတစ်ပွင့် ဖန်တီးလိုက်၏။ သူမက အမှန်တကယ် လှပသူတစ်ယောက်ပင်။
***