သတ်ဖြတ်ခြင်း *
Vol. 97 Ch. 1344
စိတ်ကြွဆေးမှုန့်သည် အဆိပ်မဟုတ်ဘဲ ဘဝင်ခိုက်စေသောဆေးဖြစ်သည်။ ထိုဆေးမှုန့်ကို ဒဏ်ရာကုသရာတွင် အသုံးပြုသည်။ ၎င်း၏ အဓိက အသုံးဝင်မှုမှာ အသုံးပြုသူကို နာကျင်မှုများ မေ့လျော့သွားစေခြင်းဖြစ်သည်။ အသုံးပြုသူသည် ပုံရိပ်ယောင်များကို မြင်ရကာ ဘဝင်ခိုက်နေမည်ဖြစ်သည်။ သခင်လေးများစွာသည် ထိုဆေးကို မူးယစ်ဆေးတစ်မျိုးအနေဖြင့် သုံးကြသည်။ ထိုဆေးသည် သူတို့ကို လက်တွေ့ဘဝရှိ ပြဿနာများမှ လွတ်မြောက်စေကာ စိတ်ကူးယဉ်ကမ္ဘာထဲတွင် ပျော်ရွှင်မှုပေးပေသည်။
ကျန်းရီက အလွန်သတိကြီးသူတစ်ယောက်ဖြစ်သည်။ သူသည် အမြဲ အသိကပ်ထားသည်။ ထို့ကြောင့် လောချင်းယန်သည် အခြားနည်းလမ်းများ အသုံးမပြုဝံ့ပေ။ အကယ်၍ သူမက တစ်ခုခု ကြံနေကြောင်း ပေါ်သွားလျှင် သေချာပေါက် သေရမည်ဖြစ်သည်။ ထိုစိတ်ကြွဆေးမှုန့်သည် လုံးဝအဆိပ်မဟုတ်ပေ။ မွှေးလည်းမွှေးသည်။ အပေါ်ယံတွင်ဆိုလျှင် ၎င်းကို ရှူမိသည်နှင့် စိတ်ဝိညာဉ်အားပြည့်လာသလိုပင် ခံစားရသည်။ ထိုကြောင့်လည်း ကျန်းရီက သံသယမဝင်မိခဲ့ခြင်းပင်။
လောချင်းယန်သည် ထိုအရာအားလုံးကို မှန်မှန်ကန်ကန် ခန့်မှန်းတွက်ချက်နိုင်ခဲ့သည်။ အမြစ်မဲ့ရေစင်၏ အာနိသင် ကုန်သွားသည်နှင့် ကျန်းရီက နေရာတစ်ခုကိုရှာ၍ အနားယူကာ အားပြန်ဖြည့်လိမ့်မည်ဟု သူမ ခန့်မှန်းခဲ့သည်။ ထို့ကြောင့် သူမသည် ထိုအခွင့်အရေးကို အသုံးချရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ ကျန်းရီ၏ စိတ်ဝိညာဉ်က အားနည်းမနေခဲ့လျှင် သူမသည် စိတ်ကြွဆေးမှုန့်ကို သုံးခဲ့မည် မဟုတ်ပေ။ ပုံမှန်ဆိုလျှင် စိတ်ကြွဆေးမှုန့်ကို ရှူရှိုက်ခြင်းက အိပ်ပျော်စေမည် မဟုတ်ချေ။ ပုံရိပ်ယောင်များကိုသာ မြင်ရစေမည်ဖြစ်သည်။ အကယ်၍ တစ်ခုခု ဖြစ်လာလျှင် အသုံးပြုသူက လက်တွေ့လောကထဲသို့ ပြန်ရောက်လာမည်ဖြစ်သည်။
သို့သော် ဤတစ်ခေါက်က ကွဲပြားခဲ့သည်။ ကျန်းရီ၏ စိတ်ဝိညာဉ်က အလွန်အားနည်းနေခဲ့သည်။ ထို့ကြောင့် စိတ်ကြွဆေးမှုန့်၏ အာနိသင်ကို မခံနိုင်ပေ။ ကျန်းရီသည် ဆေးမှုန့်များစွာကို ရှူရှိုက်မိလိုက်သောအခါ အိပ်မောကျသွားခဲ့သည်။ အဘယ်ကြောင့် လောချင်းယန်က မထိခိုက်ရသနည်းဆိုသည်ကိုမူ ရှင်းပြရန် လွယ်ကူပေသည်။ ဗောဓိသစ်သီးများက စားသုံးသူ၏ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သည်။ ထို့ကြောင့် သူမက စိတ်ကြွဆေးမှုန့်ကို တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။
အရာအားလုံး ပြီးပြည့်စုံနေပေသည်။
လောချင်းယန်က ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကြောင်းကို ဝန်ခံရပေမည်။ သူမသည် ကျန်းရီ၏ ဓားစာခံဖြစ်နေချိန်မှာပင် အချိန်တိုအတွင်း ထိုကဲ့သို့သော အစီအစဉ်တစ်ခုကို တွေးတောနိုင်ခဲ့သည်။ အစောမှ သူမ၏ သရုပ်ဆောင်မှုကလည်း အလွန်ကောင်းသည်။ သို့ဖြင့် နောက်ဆုံးတွင် သူမသည် ကျန်းရီကို သတိမေ့သွားအောင် လုပ်နိုင်ခဲ့ပေသည်။
ထိုအခိုက်တွင် အခန်းပတ်ပတ်လည်၌ အကာအရံများ ရှိနေသည်။ ကျန်းရီ၏ အမိန့်မရလျှင်၊ အပြင်ဘက်တွင် တစ်ခုခု ဖြစ်ပျက်မနေလျှင် ဂူမူက အခန်းထဲသို့ အတင်းဝင်လာမည် မဟုတ်ချေ။ အကယ်၍ လောချင်းယန်က ကျန်းရီကို သတ်ပစ်လိုက်လျှင် ကျန်းရီ၏ ဝိညာဉ်ကျွန်ဖြစ်သော ဂူမူလည်း သေသွားမည်ဖြစ်သည်။ သို့သော် အနက်ရောင်နတ်ဘုရားကိုရော မည်သို့လုပ်ရမည်နည်း။ စိုးရိမ်စရာမရှိပေ။ လောချင်းယန်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကပင် အနက်ရောင်နတ်ဘုရား၏ စိတ်ဝိညာဉ်ကို ပျက်စီးသွားစေနိုင်ပေသည်။
လောချင်းယန်သည် ကျန်းရီနားသို့ လျှောက်သွားလိုက်ပြီး အိပ်မောကျနေသော ကျန်းရီကို စိုက်ကြည့်လိုက်သည်။ ယခုတွင် သူမ၌ အဖြေရှာရမည့် ခက်ခဲသော ပုစ္ဆာတစ်ပုဒ် ရှိနေသည်။ သူမက ကျန်းရီကို မည်သို့သတ်ရမည်နည်း။
လောချင်းယန်သည် ဂူမူ ချိပ်ပိတ်ထားထားသော သူမ၏ဒန်တျန်ကို ပြန်ဖွင့်နိုင်မည့် နည်းလမ်းတစ်ခုကို သိ၏။ သို့သော် ပြန်ဖွင့်နိုင်ရန် အချိန်လိုသည်။ ထို့ပြင် သူမက ချိပ်စည်းကိုဖျက်ရန် လုပ်လိုက်သည်နှင့် ဂူမူက ချက်ချင်း သိသွားမည်ဖြစ်သည်။ ထိုအခါ ဂူမူသည် ကျန်းရီ၏ အမိန့်အတိုင်း သူမကို သတ်ပစ်ပေလိမ့်မည်။
ထို့ကြောင့် လောချင်းယန်သည် ချိပ်စည်းကို မည်သို့မှ မလုပ်နိုင်ပေ။ ယင်းမှာ သူမ၏ ကောင်းကင်စွမ်းအားများကိုလည်း အသုံးပြု၍မရဟူသော အဓိပ္ပာယ်ပင်။ ကောင်းကင်စွမ်းအားများကို မသုံးနိုင်လျှင် စည်းမျဉ်းဆန်းကြယ်စွမ်းရည်များနှင့် အခြားအတတ်များကိုလည်း အသုံးပြုနိုင်မည် မဟုတ်ချေ။ လောချင်းယန်သည် မျက်လုံးဝေ့ဝဲ၍ နက်ရှိုင်းစွာ တွေးတောနေ၏။ လောမျိုးနွယ်ကို အချက်ပြ၍ စစ်ကူလှမ်းတောင်းရမည်လော။ သို့ဆိုလျှင် အနည်းဆုံးတော့ သူမ အကူအညီ ရနိုင်သေးသည်။
လောချင်းယန်သည် သူမတို့နောက်သို့ တိရှံစံအိမ် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်တစ်ပါးကို လိုက်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ထိုမှ သူမနှင့် ပူးပေါင်းလုပ်ဆောင်မည့် လူတစ်ယောက် ရှိမည်ဖြစ်သည်။ သူမထံတွင် ကျောက်စိမ်းတံဆိပ်ပြားတစ်ပြားရှိသည်။ ထိုတံဆိပ်ပြားကို ချိုးလိုက်လျှင် အကြီးအကဲခြောက်က ချက်ချင်း သိသွားမည်ဖြစ်သည်။ ထိုအခါ သူက သူမတို့နောက်သို့ လိုက်သွားသော နတ်ဘုရားဘုရင်ထံ သတင်းလှမ်းပို့ကာ သူမကို သွားကူခိုင်းပေလိမ့်မည်။
‘မဖြစ်သေးဘူး...’
လောချင်းယန်သည် ထိုအစီအစဉ်ကို ချက်ချင်း ပယ်ချလိုက်၏။ သူမတို့နောက်သို့ လိုက်လာသော တိရှစံအိမ် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်က ဂူမူလောက် စွမ်းအားမကြီးပေ။ ထိုနတ်ဘုရားဘုရင်သည် တစ်ယောက်တည်း မလှုပ်ရှားဝံ့လောက်ဘဲ တိရှစံအိမ် လောမျိုးနွယ်မှ စစ်ကူများကို စောင့်နေလောက်သည်။ မဟုတ်လျှင်လည်း သူက တိရှစံအိမ်သို့ပြန်၍ အကူအညီသွားတောင်းလောက်သည်။
ယခုတွင် အချိန်များစွာ ကြာခဲ့ပြီဖြစ်သည်။ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က မူမမှန်မှုများကို သိပြီးနေလောက်ပြီဟု လောချင်းယန် ထင်သည်။ အကယ်၍ အကြီးအကဲခြောက်က နတ်ဘုရားစစ်သူကြီးများကို ဦးဆောင်၍ ထွက်လာခဲ့လျှင် လော့မျိုးနွယ်က လောမျိုးနွယ်ကို တိုက်ခိုက်ပေလိမ့်မည်။ ထိုအခါ လောမျိုးနွယ်က လုံးဝပျက်စီးသွားမည်ဖြစ်သည်။ တိရှစံအိမ် လောမျိုးနွယ်က သိမ်းငှက်ပြာမျိုးနွယ်စုထဲတွင် ကျောထောက်နောက်ခံရှိသည်။ သို့သော် စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်ထံတွင်လည်း ကျောထောက်နောက်ခံရှိပေသည်။ ထိုမျိုးနွယ်နှစ်ခုသာ တိုက်ခိုက်လျှင် စီရင်စုနယ်အရှင်သည် ရွေးချယ်စရာမရှိတော့ဘဲ မျိုးနွယ်နှစ်ခုစလုံးကို အပြစ်ပေးရပေလိမ့်မည်။
လောချင်းယန်သည် လက်ရှိမြို့ထဲရှိ တိရှစံအိမ်အား အကူအညီတောင်းရန်ကိုမူ တွေးပင်မတွေးပေ။ တိရှစံအိမ်သည် သူတို့၏ စံအိမ်ဝင်များကို မြို့ထဲတွင် တိုက်ခိုက်ခွင့်ပြုမည် မဟုတ်ချေ။ သို့သော် လောရှန်းကိုယ်တိုင် ရောက်လာလျှင်တော့ တစ်မျိုးတစ်မည် ဖြစ်သွားနိုင်သည်။
‘အတော်ကြာနေပြီဆိုတော့ အဖေက ငါ့သတင်းကို ရထားပြီးလောက်ပြီ။ ဒါပေမဲ့ သူက ဘာမှ မလုပ်သေးဘူး။ သူက ကိစ္စကြီးတစ်ခုကြောင့် ဘာမှ လုပ်မရတာ ဖြစ်ဖို့များတယ်။ ကြည့်ရတာ ငါ စွန့်စားရတော့မဲ့ပုံပဲ...’
လောချင်းယန်သည် အမျိုးမျိုးတွေးတောပြီးနောက် သူမဘာသာ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ သူမသည် စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်၍ ကျန်းရီ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်သည်။ ထိုအခိုက်တွင် ကျန်းရီ၏ စိတ်ဝိညာဉ်က အလွန်အားနည်းနေပေသည်။ ထို့ပြင် လောချင်းယန်သည် အစောကမှ သူမ၏ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော ဗောဓိသစ်သီးများ စားထားသည်။ ယခုတွင် သူမ၏ စိတ်ဝိညာဉ်က အလယ်အလတ်အဆင့် နတ်ဘုရားစစ်သူကြီးတစ်ယောက်၏ စိတ်ဝိညာဉ်လောက် သန်မာနေပေသည်။
အလယ်အလတ်အဆင့် နတ်ဘုရားစစ်သူကြီးတစ်ယောက်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက သာမန်နတ်ဘုရားလေး၏ စိတ်ဝိညာဉ်ကို မည်သို့ မဖျက်ဆီးနိုင်ဘဲ နေပါမည်နည်း။
လောချင်းယန်သည် သူမက အောင်မြင်လိမ့်မည်ဟု ယုံကြည်နေသည်။ သူမသည် ကျန်းရီဘေးတွင် အတော်ကြာ ရပ်နေပြီး ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ ကျန်းရီ၏ စိတ်ဝိညာဉ်ကို ထပ်ခါ ထပ်ခါ အာရုံခံနေသည်။ နောက်ဆုံးတွင် သူမ လှုပ်ရှားလိုက်လေသည်။
ဝှစ်...
လောချင်းယန်၏ မျက်လုံးနှစ်လုံးစလုံးက ရွှေရောင်လင်းလက်သွား၏။ ထိုရွှေရောင်အလင်းသည် ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားထဲ ဝင်သွားသည်။ ထို့နောက် ၎င်းသည် သောင်းချီသော ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဦးတည်သွားလိုက်သည်။ ယင်းမှာ တိရှစံအိမ် လောမျိုးနွယ်၏ ထူးခြားသော ဝိညာဉ်တိုက်ခိုက်မှုအတတ် ဝိညာဉ်ဖျက်နတ်ဘုရားအပ် ဖြစ်သည်။ သောင်းချီသော ရွှေရောင်အလင်းတန်းများက အပ်များကဲ့သို့ ရန်သူ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်ကြမည်ဖြစ်သည်။ ထိုအခါ ရန်သူ၏ စိတ်ဝိညာဉ်က ပျက်စီးသွားပေလိမ့်မည်။
ရွှစ်...ရွှစ်...
ရွှေရောင်အလင်းတန်းများသည် ရွှေရောင်အပ်ပါးလေးများကဲ့သို့ ကျန်းရီ၏ မူလစိတ်ဝိညာဉ်ထံသို့ ပျံဝင်သွားကြ၏။ ကျန်းရီ၏ မူလစိတ်ဝိညာဉ်က မည်သို့မှ မတုံ့ပြန်ပေ။ ၎င်းသည် အိပ်မောကျနေသလိုပင်။
“ဖျက်ဆီး...”
လောချင်းယန်၏ မျက်ဝန်းများက လင်းလက်သွားပြီး ရွှေရောင်အလင်းတန်းများက ကျန်းရီ၏ မူလစိတ်ဝိညာဉ်ထံသို့ အရပ်မျက်နှာအားလုံးမှနေ၍ ဦးတည်သွားကြသည်။ ထိုအလင်းတန်းများက အလွန်ထက်ရှသဖြင့် ကျန်းရီ၏ မူလစိတ်ဝိညာဉ်အတွင်းသို့ အလွယ်တကူ ဖောက်ဝင်သွားနိုင်သည်။ ထို့နောက် ၎င်းတို့သည် အထဲမှနေ၍ စတင် တိုက်ခိုက်ကြကာ မူလစိတ်ဝိညာဉ်ကို ဖျက်ဆီးရန် ကြိုးစားလိုက်ကြသည်။
“အား...”
ကျန်းရီသည် စူးရှသောနာကျင်မှုကြောင့် နိုးလာပြီး ကြောက်မက်ဖွယ် အော်ဟစ်လိုက်သည်။ သူသည် တစ်စုံတစ်ယောက် သူအိပ်ပျော်နေစဉ် သူ့အပေါ်သို့ ပွက်ပွက်ဆူနေသော ရေနွေးပူတစ်အိုး လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရပေသည်။
စူးရှသော နာကျင်မှုက ကျန်းရီ၏ စိတ်ဝိညာဉ်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် သူသည် သူ့စိတ်ဝိညာဉ်က ပျက်စီးတော့မည်ဟု ခံစားလာရသည်။ သို့သော် မီးဝိညာဉ်ပုလဲက စွမ်းအင်တစ်ခု ထုတ်လွှတ်၍ သူ၏စိတ်ဝိညာဉ်ကို ကာကွယ်ပေးလိုက်၏။ သူ့စိတ်ဝိညာဉ်ပတ်ပတ်လည်တွင် ရွှေရောင်အလင်း လင်းလက်လာလေသည်။
“ကျန်းရီ သွားသေလိုက်တော့”
လောချင်းယန်၏ ကောင်းကင်စိတ်အာရုံက ကျန်းရီ၏ စိတ်ဝိညာဉ်အပေါ် အာရုံစိုက်ထား၏။ သူမက ကျန်းရီ၏ စိတ်ထဲသို့ အသံပို့လွှတ်လိုက်သည်။ ထို့နောက် သူမသည် ကျန်းရီ၏ မူလစိတ်ဝိညာဉ်ထဲမှ ရွှေရောင်အလင်းတန်းများကို ပြန်ထုတ်၍ ထပ်မံ ထိုးစိုက်လိုက်သည်။ နောက်တစ်ချီ ထပ်တိုက်လိုက်လျှင် ကျန်းရီ၏ စိတ်ဝိညာဉ်က သေချာပေါက် ပျက်စီးသွားလိမ့်မည်ဟု သူမ ယုံကြည်နေပေသည်။
“တံဆိပ်စာလုံးတွေ...”
သေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းရီက တုံ့ပြန်လိုက်၏။ မီးနဂါးဓားနှင့် တူသော သူ၏ မူလစိတ်ဝိညာဉ်က မျက်စိကျိန်းလောက်ဖွယ် တောက်ပလာသည်။ ဓားပေါ်ရှိ နဂါးပုံသဏ္ဌာန်သုံးခုကလည်း စတင် ရွေ့လျားလာပြီး တံဆိပ်စာလုံးများ ပျံထွက်လာသည်။ ထိုတံဆိပ်စာလုံးများက မြင့်မြတ်၍ စွမ်းအားကြီးသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပေသည်။
‘အဲ့ဒါက ဘာလဲ’
တံဆိပ်စာလုံးများ ထွက်ပေါ်လာသည့်အခိုက်တွင် လောချင်းယန်၏ စိတ်ဝိညာဉ်က တောင့်တင်းသွား၏။ သူမသည် ထိုတံဆိပ်စာလုံးများ၏ စွမ်းအားကို ခံစားနိုင်ပေသည်။ ၎င်းတို့ ထွက်ပေါ်လာသည်နှင့် မြင့်မြတ်၍ စွမ်းအားကြီးသော အရှိန်အဝါတစ်ခုကို သူမကို လွှမ်းခြုံသွားသည်။ သူမသည် ရွှေရောင်အလင်းတန်းများကို မလှုပ်နိုင်တော့ပေ။ ထို့ပြင် အလင်းတန်းများကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်လာလေသည်။
“ဒါက တိရှဘုံက မဟုတ်ဘူး။ ကောင်းကင်ဘုံက ဆန်းကြယ်စွမ်းရည်တစ်မျိုး ဖြစ်ရမယ်။ ကျန်းရီ... ရှင်က ဘယ်က လာခဲ့တာလဲ”
လောချင်းယန်က အော်ပြောလိုက်သည်။ သူမရော ဂူမူပါ တစ်ပုံစံတည်း တုံ့ပြန်ခဲ့ပေသည်။ ထိုအခိုက်တွင် သူမ၏ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူမသည် ကျန်းရီ၏ အကျင့်စရိုက်ကို ကောင်းစွာသိပေသည်။ ယခု သူမက သူ့ကို သတ်မပစ်နိုင်လျှင် သူက သေချာပေါက် လက်စားချေပေလိမ့်မည်။ သူသည် ကြောက်မက်ဖွယ်မီးတောက်များဖြင့် သူမကို အရှင်လတ်လတ် မီးရှို့ပစ်ပေလိမ့်မည်။
ရွှီး...
တံဆိပ်စာလုံးများက ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် လှည့်ပတ်ပျံသန်းနေ၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ၎င်းတို့က သောင်းချီသော ရွှေရောင်အလင်းတန်းများကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ကျန်းရီသည် ၎င်းတို့ကို သူ့စိတ်ဝိညာဉ်ပင်လယ်ထဲမှ ပျံထွက်သွားစေလိုက်ပြီး လောချင်းယန်၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်သွားစေလိုက်၏။ သူက သူမ၏စိတ်ဝိညာဉ်ကို တံဆိပ်စာလုံးများဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်လေသည်။
ကျန်းရီက အလွန်အားနည်းနေသေးဆဲပင်။ သူသည် ပေါင်းစည်းမီးတောက်များကိုပင် မဆင့်ခေါ်နိုင်ချေ။ ဆင့်ခေါ်ခွင့်ရမည်လည်း မဟုတ်ပေ။ ယခုတွင် သူက မြို့ထဲ၌ ရှိနေသည်။ ပေါင်းစည်းမီးတောက်များကို ဆင့်ခေါ်လိုက်သည်နှင့် မြို့ထဲရှိ တိရှစစ်တပ်က ချက်ချင်း သိသွားမည်ဖြစ်သည်။ ထိုအခါ သူ သေချာပေါက် အသတ်ခံရပေလိမ့်မည်။ လောချင်းယန်က သူ့ကို စိတ်ဝိညာဉ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် သူကလည်း ထိုသို့ ပြန်တိုက်ရပေမည်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပင်။
ရွှီး...
လောချင်းယန်၏ မူလစိတ်ဝိညာဉ်ထဲတွင် ခုခံနတ်ဘုရားအသုံးအဆောင်တစ်ခု ရှိသည်။ သူမ၏ မူလစိတ်ဝိညာဉ် ပတ်ပတ်လည်တွင် ပုလဲလုံးငါးလုံးက အဆက်မပြတ် လည်ပတ်နေသည်။ ထိုအခိုက်တွင် ပုလဲလုံးငါးလုံးစလုံးက တောက်ပနေပေသည်။
ကျန်းရီသည် အလွန်ဒေါသထွက်နေ၏။ ထို့ကြောင့် သူ မည်သည်ကိုမှ အရေးမစိုက်တော့ပေ။ သူသည် တံဆိပ်စာလုံးများကို ပုလဲလုံးငါးလုံးဆီသို့ ပျံဝင်သွားစေလိုက်ပြီး အံကြိတ်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“လောချင်းယန်... မင်းက ငါ ဒီလိုလုပ်ရအောင် ဖိအားပေးခဲ့တာပဲ။ မင်းကို သတ်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့”
***