← Chapters

မင်းက အခေါင်းကို မတွေ့မချင်း မျက်ရည်ကျမှာ မဟုတ်ဘူး

Vol. 97 Ch. 1345

မင်းက အခေါင်းကို မတွေ့မချင်း မျက်ရည်ကျမှာ မဟုတ်ဘူး

Vol. 97 Ch. 1345

ကျန်းရီ အမုန်းဆုံးအရာမှာ သူ့ကို အကောက်ကြံသော မိန်းမများဖြစ်သည်။ အထူးသဖြင့် ထိုမိန်းမများက လှပနေလျှင် သူ ပို၍ပင် မုန်းသည်။

ကျန်းရီသည် သူက အဘယ်သို့ အိပ်ပျော်သွားခဲ့သည်ကို မသိပေ။ သို့သော် ဗောဓိသစ်သီးများနှင့် ပတ်သတ်နေရမည်ဟုတော့ ခန့်မှန်းမိသည်။ ထိုမိန်းမက သူ၏ ဓားစားခံဖြစ်နေချိန်မှာပင် ထိုကဲ့သို့သော အကြံအစည်မျိုးကို ထုတ်နိုင်သေးသည်။ မီးဝိညာဉ်ပုလဲက စွမ်းအင်ထုတ်ကာ ကာကွယ်ပေးခဲ့၍သာ မဟုတ်လျှင် ယခုလောက်ဆို သူသည် စိတ်ဝိညာဉ်ပျက်စီးကာ သေနေလောက်ပေပြီ။

ကျန်းရီသည် အခက်အခဲများစွာ ကျော်ဖြတ်ပြီးမှ သူ၏လက်ရှိအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို သတ်မည်ဆိုလျှင်လည်း သူက ထိုလူကို အပြစ်တင်မည် မဟုတ်ချေ။ မိမိ၏ အရည်အချင်း မပြည့်ဝမှုကြောင့် အသတ်ခံရခြင်းဟုသာ တွေးမည်ဖြစ်သည်။

သို့သော် ထိုကဲ့သို့ အကွက်ဆင်ခြင်းများနှင့် အကောက်ကြံခြင်းများကို ကျန်းရီ အလွန်မုန်းတီးသည်။ ထိုသို့မုန်းတီးရခြင်းမှာ ကျီထင်ယွီနှင့် ရှင်းမုန့်ဝမ်တို့ကြောင့် ရရှိခဲ့သော စိတ်ဒဏ်ရာကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် ယခုတွင် ကျန်းရီသည် အလွန်သတ်ဖြတ်လိုစိတ် ပေါက်နေပေသည်။ သူသည် မည်သည်ကိုမှ အရေးမစိုက်တော့ဘဲ လောချင်းယန်ကို သတ်ပစ်ရန်သာ အာရုံစိုက်ထားလေသည်။

ဝုန်း...

ဆယ်ချီသော တံဆိပ်စာလုံးများက ကျန်းရီ၏ ထိန်းချုပ်မှုများအတိုင်း လောချင်းယန်၏ မူလစိတ်ဝိညာဉ်ကို လှည့်ပတ်နေသော ပုလဲလုံးငါးလုံးကို ဝင်တိုက်နေကြသည်။ ပုလဲလုံးများက ရုတ်ခြည်း အဆသောင်းချီ ပိုတောက်ပသွားသည်။ ထို့နောက် မှိန်သွားကြသည်။ တံဆိပ်စာလုံးများကမူ လုံးဝ မထိခိုက်သေးပေ။ ထိုသို့ဖြင့် ကျန်းရီသည် တံဆိပ်စာလုံးများအား ပုလဲလုံးများကို ထပ်ခါထပ်ခါ ဝင်တိုက်စေနေလေသည်။ ပုလဲလုံးငါးလုံးက မှိန်၍ မှိန်၍လာသည်။ ၎င်းတို့သည် ကျန်းရီ၏ မျက်စိရှေ့မှာပင် ပေါက်ကွဲသွားတော့မည့်ပုံပင်။

လောချင်းယန်၏ စိတ်ဝိညာဉ်သည် တံဆိပ်စာလုံးများ၏ အရှိန်အဝါကြောင့် တုန်လှုပ်နေပေသည်။ သူမသည် အနိုင်မရနိုင်သော တိုက်ပွဲတစ်ပွဲကို တိုက်နေရသကဲ့သို့ ခံစားနေရသည်။ သူမ၏ စိတ်ဝိညာဉ်အကာအရံက အချိန်မရွေး ပျက်စီးသွားတော့မည်ဖြစ်ကြောင်း သူမသိပေသည်။ စိတ်ဝိညာည်အကာအရံ ပျက်စီးသွားသည့်အခါကျလျှင် သူမ၏ မူလစိတ်ဝိညာဉ်က တံဆိပ်စာလုံးများ၏ တိုက်ခိုက်မှုကို တစ်ချက်ပင် ခံနိုင်လိုက်မည် မဟုတ်ပေ။

ထို့ကြောင့် လောချင်းယန် ကြောက်ရွံ့တကြီး အော်ပြောလိုက်သည်။

“မဖြစ်ဘူး... ကျန်းရီ... ရှင် ကျွန်မကို သတ်လို့ မဖြစ်ဘူး။ ရှင် ကျွန်မကို သတ်လိုက်ရင် သိမ်းငှက်ပြာစီရင်စုနယ်ထဲက ထွက်နိုင်တော့မှာ မဟုတ်ဘူး။ ကျန်းရီ... ကျွန်မ မှားမှန်း သိပါပြီ။ ကျွန်မ ဒီလို ထပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မရဲ့အသက်ကို ချမ်းသာပေးပါ။ ကျွန်မကို အသက်ချမ်းသာပေးမယ်ဆိုရင် ကျွန်မ ရှင်ခိုင်းတာမှန်သမျှကို လုပ်ပါမယ်”

လူတစ်ယောက်သည် ဉာဏ်ပိုကောင်းလေလေ၊ သေရမည်ကို ပိုကြောက်လေလေပင်။

လောချင်းယန်က ရွှေဇွန်းကိုက်၍ မွေးဖွားလာခဲ့သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမသည် တစ်ဘဝလုံး ဒုက္ခမခံခဲ့ဖူးသလို အစော်ကားလည်း မခံခဲ့ဖူးပေ။ သူမက နတ်သိမ်းငှက်မြို့ရှိ သခင်လေးများနှင့် သခင်မလေးများကြားတွင် နံပါတ်(၁) မဟုတ်ပါလား။ မရေမတွက်နိုင်သော သခင်လေးများက ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ သူမအနားတွင် ဝိုင်းအုံနေကြသည်။ သူမသည် သွေးအေးပြီး ဉာဏ်ကောင်းကာ သိမ်းငှက်ပြာစီရင်စုနယ်တစ်ခွင်လုံးတွင် အလွန်ကျော်ကြားသည်။ ယောက်ျားများစွာက သူမကို လိုချင်တပ်မက်ကြသည်။ သူမက လူများအပေါ် ဖိနှိပ်ရသည့် ခံစားချက်ကို နှစ်သက်သည်။ လူများကို အကောက်ကြံရသည့် ခံစားချက်ကို သဘောကျသည်။ လူများကို သူမ၏ လက်ခုပ်ထဲတွင် ထည့်ကာ ဆော့ကစားလိုသည်။

အနိမ့်ဘုံအချိန်နှင့်ဆိုလျှင်ပင် လောချင်းယန်က အသက်နှစ်ဆယ်သာ ရှိသေးသည်။ အထက်ဘုံအချိန်နှင့်ဆိုလျှင် သူမသည် ကလေးမလေးတစ်ယောက်ကဲ့သို့သာ။ ထို့ကြောင့် သူမသည် သူမက ဤကဲ့သို့ သေရလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ပေ။ သူမအရှေ့တွင် ဘဝလမ်းခရီးတစ်ခုလုံး ရှိပေသေးသည်။ သူမက သိမ်းငှက်ပြာစီရင်စုနယ်အရှင်၏တူနှင့် လက်ထပ်ရပေဦးမည်။

လောချင်းယန်သည် အခြားမိန်းမပျိုလေးများ အားကျရသည့် ဘဝတွင် နေထိုင်ခဲ့ရသည်။ ထို့ပြင် သူမသည် သူမ၏ ခင်ပွန်းလောင်းကို သိမ်းငှက်ပြာစီရင်စုနယ်၏ စီရင်စုနယ်အရှင် ဖြစ်လာအောင်လည်း ကူညီပေးရဦးမည်ဖြစ်သည်။ ထို့ကြောင့် သူမသည် မာနကိုခဝါချကာ သူမ၏အမှားကို သူမဘာသာ ဝန်ခံ၍ ကျန်းရီကို အသနားခံနေခြင်းပင်။ သူမသည် အသက်ရှင်ခွင့်သာရလျှင် ကျန်းရီခိုင်းသမျှကို လုပ်မည်ဟုလည်း ပြောခဲ့သေးသည်။

ဝုန်း...

နောက်ဆုံးတွင် လောချန်းယန်၏ မူလစိတ်ဝိညာဉ်ကို လှည့်ပတ်နေသော ပုလဲလုံးငါးလုံးက ပျက်စီးသွားပေပြီ။ ထိုအခိုက်၌ ကျန်းရီ တုံ့ဆိုင်းသွား၏။ လောချင်းယန်၏ အသနားခံမှုက သူ့ကို အသိပြန်ကပ်လာစေခဲ့သည်။ အကယ်၍ လောချင်းယန်က အသနားမခံခဲ့ဘဲ သူ့ကို ခြိမ်းခြောက်ခဲ့မည်ဆိုလျှင် သူသည် ဒေါသဖြင့် သူမကို ချက်ချင်း သတ်ပစ်လိုက်မည်ဖြစ်သည်။

ဝှစ်...

ကျန်းရီသည် အတန်ငယ် တုံ့ဆိုင်းပြီးနောက် တံဆိပ်စာလုံးများအား လောချင်းယန်၏ စိတ်ဝိညာဉ်ကို ထပ်မံ ဝင်တိုက်စေလိုက်သည်။ အသံတိတ် ပေါက်ကွဲမှုတစ်ခု ဖြစ်သွား၏။ လောချင်းယန်၏ စိတ်ဝိညာည်က အပြင်းအထန် ဒဏ်ရာရသွားသည်။ သူမ၏ မျက်နှာက နာကျင်မှုကြောင် ရှုံ့တွသွား၏။ သူမလည်း ကြမ်းပြင်ပေါ်တွင် လူးလွန့်ကာ နာကျင်တကြီး အော်ဟစ်လိုက်သည်။

ကျန်းရီက မျက်လုံးများဖွင့်၍ ကြမ်းပြင်ပေါ်တွင် နာကျင်စွာ လူးလွန်းနသော လောချင်းယန်ကို ကြည့်လိုက်သည်။ ကြော့ရှင်းလှပ၍ ဂုဏ်သိက္ခာရှိသော သခင်မလေးက ကြမ်းပြင်ပေါ်တွင် လူးလွန့်နေခြင်းကို မြင်ရသည်မှာ ကျေနပ်ဖွယ်ပင်။

နောက်ဆုံးတွင် ကျန်းရီသည် တံဆိပ်စာလုံးများကို သူ့စိတ်ဝိညာဉ်ထဲသို့ ပြန်ဆင့်ခေါ်လိုက်ပြီး လောချင်းယန်၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် စာလုံးတစ်လုံးသာ ချန်ခဲ့လိုက်သည်။ မီးဝိညာဉ်ပုလဲက ထုတ်လွှတ်လိုက်သော စွမ်းအင်နှင့် တံဆိပ်စာလုံးများ ထွက်ပေါ်လာမှုက ကျန်းရီ၏ စိတ်ဝိညာဉ်ကို ပြန်အားပြည့်စေလာပြီဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်က အားနည်း၍ မနေတော့ပေ။ သို့သော် အပြည့်အဝ ပြန်ကောင်းရန်မူ နာရီအနည်းလောက် လိုပေလိမ့်ဦးပေမည်။

ဒုန်း...ဒုန်း...

လောချင်းယန်သည် ကြမ်းပြင်ပေါ်တွင် ဆက်လူးလွန့်နေပြီး မကြာခဏဆိုသလို ကုတင်စောင်းနှင့် ဝင်‌ဆောင့်နေသည်။ သူမ၏ ဆံပင်များက ရှုပ်ပွနေပြီး သူမကိုယ်ပေါ်မှ ပန်းရောင်ဝတ်စုံလေးကလည်း ဖရိုဖရဲဖြစ်နေသည်။ ထို့ကြောင့် သူမ၏ ဖြူဝင်းသော ပေါင်နှစ်လုံးကို မြင်နေရပေသည်။ မိန်းမလှလေးတစ်ယောက် ကြမ်းပြင်ပေါ်တွင် လူးလွန့်နေ၏။ ထိုမြင်ကွင်းက မည်သည့်ယောက်ျားကိုမဆို အာခေါင်ခြောက်သွားစေမည်ဖြစ်သည်။ ကျန်းရီတစ်ယောက် သူမကို ကြည့်ရင်း မကောင်းသောစိတ်များ ဝင်လာလေသည်။

သို့သော် ကျန်းရီသည် လောချင်းယန်၏ မလုံတလုံခန္ဓာကိုယ်ကို မကြည့်မိစေရန် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ ထို့နောက် မျက်လုံးပြန်မှိတ်ကာ စိတ်တည်ငြိမ်အောင်လုပ်၍ စိတ်ဝိညာဉ်ကို အားဖြည့်နေလိုက်၏။ တစ်နာရီကြာပြီးမှ သူ မျက်လုံးပြန်ဖွင့်လိုက်သည်။ လောချင်းယန်က ပြန်ကောင်းနေပြီဖြစ်သည်။ သို့သော် သူမသည် နာကျင်ဟန်ဖြင့် အသက်ပြင်းပြင်းရှူကာ ထိုင်နေလေသည်။

“အရသာရှိရဲ့လား။ ထပ်မြည်းကြည့်ချင်သေးလား”

ကျန်းရီက ထရပ်၍ လောချင်းယန်ထံသို့ လျှောက်သွားလိုက်၏။ သူသည် သူမ၏ရှေ့တည့်တည့်တွင် ရပ်ကာ သူမကို ငုံ့ကြည့်လိုက်သည်။ သူမ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် တံဆိပ်စာလုံးတစ်လုံး ရှိနေပေသေးသည်။ ထို့ကြောင့် သူက သူမကို အချိန်မရွေး တိုက်ခိုက်နိုင်သည်။ သူသည် ပြောပြောဆိုဆိုဖြင့် သူမ၏ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ တံဆိပ်စာလုံးကို လှည့်ပတ်ပျံသန်းစေလိုက်၏။ တံဆိပ်စာလုံးသည် သူမ၏ မူလစိတ်ဝိညာဉ်အနားတွင် နှစ်ကြိမ်မျှ ပွတ်ကာသီကာ ဖြတ်ပျံသွားလေသည်။

လောချင်းယန်သည် အလွန်ကြောက်ရွံ့နေသဖြင့် မျက်နှာတွင် သွေးရောင်မရှိတော့ပေ။ သူမသည် ကျန်းရီကို သနားစဖွယ်ပုံစံဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဟင့်အင်း...ဟင့်အင်း... ကျန်းရီ.. ကျွန်မ မှားမှန်း သိပါပြီ။ ရှင်က သဘောထားကြီးတဲ့ ယောက်ျားတစ်ယောက်ပါ။ ကျွန်မလို အရေးမပါတဲ့လူတစ်ယောက်ရဲ့ အမှားကို ဗွေမယူပါနဲ့။ ကျွန်မကို ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါ။ ကျွန်မ အဲ့လို ထပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ပြီးတော့ ရှင်လိုချင်တာမှန်သမျှကိုလည်း ပေးပါမယ်။ ကျွန်မရဲ့အဖေက အရမ်းချမ်းသာပါတယ်။ ကျွန်မ သူ့ကို ရှင့်ကို နတ်ဘုရားအမြစ်တစ်သန်း မဟုတ်ဘူး နတ်ဘုရားအမြစ်ဆယ်သန်း ပေးခိုင်းလိုက်ပါမယ်”

“ဟင်းဟင်း...”

ကျန်းရီက ခါးကိုင်း၍ လောချင်းယန်၏ မေးစေ့ကို ကိုင်ကာ အထက်သို့ ဆွဲမြှောက်လိုက်သည်။ သူသည် အရှက်ရမှုနှင့် ဒေါသတို့ ပြည့်နှက်နေသည့် သူမ၏ မျက်လုံးနှစ်လုံးကို စိုက်ကြည့်လိုက်၏။

“ငါက နတ်ဘုရားအမြစ်တွေ မလိုချင်ဘူး.. ရတနာတွေလည်း မလိုချင်ဘူး။ ငါက... မင်းကို လိုချင်တာ”

“အာ...”

လောချင်းယန်တစ်ယောက် တစ်ကိုယ်လုံး တုန်ယင်သွား၏။ ထို့နောက် သူမ ခေါင်းခါကာ ပြောလိုက်သည်။

“ကျန်းရီ... ရှင် တကယ်ပဲ အဲ့လိုလုပ်လို့ မရဘူး။ ကျွန်မက ငယ်ငယ်လေးကတည်းက သိမ်းငှက်ပြာစီရင်စုနယ်အရှင်ရဲ့ တူနဲ့ စေ့စပ်ထားတာ။ တကယ်လို့ ရှင် ကျွန်မကို ဖျက်ဆီးလိုက်ရင် သိမ်းငှက်ပြာစီရင်စုနယ်အရှင်က ရှင့်ကို လိုက်သတ်လိမ့်မယ်။ စီရင်စုနယ်အရှင်တွေက ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာကို ရှင်လည်း သိမှာပါ။ သူက ရှင့်ကို လိုက်သတ်မယ်ဆိုရင် ရှင် သိမ်းငှက်ပြာစီရင်စုနယ်ထဲက ထွက်သွားမယ်ဆိုရင်တောင် လွတ်မှာ မဟုတ်ဘူး။ ရှင် ကျွန်မအဖေကို နတ်ဘုရားအမြစ်တွေ ပိုတောင်းနိုင်ပါတယ်။ နတ်ဘုရားအမြစ်တွေသာရှိရင် ရှင် ကြိုက်တဲ့မိန်းမနဲ့ ပျော်ပါးလို့ရပါတယ်”

“သိပ်လည်း ကြောက်မသွားပါနဲ့... ငါ့စကား မဆုံးသေးပါဘူး”

ကျန်းရီက ခပ်လှောင်လှောင် ပြုံးလိုက်သည်။

“ငါက မင်းရဲ့ ခန္ဓာကိုယ်ကို လိုချင်တာ မဟုတ်ဘူး။ မင်းရဲ့ ဝိညာဉ်မျိုးစေ့ကို လိုချင်တယ်။ မင်းမှာ ရွေးချယ်စရာနှစ်ခု ရှိတယ်။ သေမလား၊ ငါ့ရဲ့ ဝိညာဉ်ကျွန် ဖြစ်လာမလား။ အပေးအယူကတော့ အရင်ကအတိုင်းပဲ။ မင်း ငါ့ကို သိမ်းငှက်ပြာစီရင်စုနယ်အပြင်ကို ခေါ်သွားပေးတာနဲ့ ငါ မင်းကို လွတ်လပ်ခွင့် ပြန်ပေးမယ်”

တစ်နာရီ ကြာသွား၏။ ကျန်းရီသည် လုံးဝ စိတ်တည်ငြိမ်နေပြီဖြစ်သည်။ ယခုအထိ သူ လောချင်းယန်ကို မသတ်ရသေးပေ။ သူ သူမကို လက်စားချေလိုလျှင် သူမ ဒုက္ခခံရအောင် လုပ်နိုင်သည်။ သို့သော် သူမကို သတ်လိုက်လျှင်မူ သူ့အတွက် လွတ်လမ်းရှိတော့မည် မဟုတ်ပေ။ အကယ်၍ သူမက သူ၏ဝိညာဉ်ကျွန် ဖြစ်လာမည်ဆိုလျှင် လမ်းတစ်လျှောက်လုံးတွင် သူ လုံခြုံပေလိမ့်မည်။ သူ သေရလျှင်ပင် လောချင်းယန်လည်း သေရမည်ဖြစ်သည်။

“ကျွန်မရဲ့ ဝိညာဉ်မျိုးစေ့လား”

လောချင်းယန်၏ မျက်တောင်လေးများ လှုပ်ခတ်သွား၏။ သူမ၏ မျက်နှာပေါ်တွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ထို့နောက် သူမသည် အလွန်ယုံကြည်မှုရှိရှိ ပြောလိုက်လေသည်။

“ဟင့်အင်း... တိရှစံအိမ် လောမျိုးနွယ်မှာ ရှေးစည်းမျဉ်းတစ်ခု ရှိတယ်။ မျိုးနွယ်ဝင်တစ်ယောက်ယောက်က သူများရဲ့ ဝိညာဉ်ကျွန် ဖြစ်သွားမယ်ဆိုရင် ချက်ချင်း မျိုးနွယ်ထဲက ‌မောင်းထုတ်ခံရလိမ့်မယ်။ အဲ့အခါကျရင် ကျွန်မရဲ့ အဖေတောင် ကျွန်မကို ကယ်နိုင်မှာ မဟုတ်ဘူး။ တိရှစံအိမ် လောမျိုးနွယ်မှာ တိုက်ပွဲထဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေပဲရှိတယ်... သူများရဲ့ ဝိညာဉ်ကျွန်ဖြစ်သွားတဲ့ သူရဲဘောကြောင်တဲ့သူတွေ မရှိဘူး”

“မင်းက ဒီလိုလည်း မလုပ်နိုင်ဘူး၊ ဟိုလိုလည်း မလုပ်နိုင်ဘူးနဲ့...”

ကျန်းရီက ‌ဒေါသတကြီး လက်ဝှေ့ယမ်းလိုက်သည်။

“အဲ့ဒါဆို မင်းကို အသက်ရှင်ခွင့် ပေးထားတာက ဘာအကျိုးရှိဦးမှာလဲ။ သွားသေလိုက်ပေတော့”

ထိုအခိုက်တွင် ကျန်းရီသည် အရာအားလုံးကို လောင်းကြေးထပ်ရန် အသင့်ဖြစ်နေပေပြီ။ သူသည် လောချင်းယန်၏ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ တံဆိပ်စာလုံးကို ထိန်းချုပ်၍ သူမ၏မူလစိတ်ဝိညာဉ်ထံသို့ ထပ်မံ ပျံဝင်သွားစေလိုက်သည်။ သို့သော် နောက်ဆုံးအခိုက်အတန့်တွင် လောချင်းယန်က အော်ပြောလိုက်လေ၏။

“ရပ်လိုက်... ကျန်းရီ.. ကျွန်မ ရှင့်ရဲ့ ဝိညာဉ်ကျွန် လုပ်ပါမယ်။ ဒါပေမဲ့ ကျွန်မတို့ သိမ်းငှက်ပြာစီရင်စုနယ်ထဲက ထွက်တာနဲ့ ကျွန်မကို လွတ်လပ်ခွင့် ပြန်ပေးပါ့မယ်လို့ ရှင် ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာဆိုရမယ်။ ပြီးတော့ ဒီအကြောင်းကို တခြားသူတွေကို အသိမခံပါဘူးလို့လည်း ကတိပေးရမယ်။ မဟုတ်ရင် ကျွန်မ တိရှစံအိမ် လောမျိုးနွယ်မှ ဆက်နေနိုင်တော့မှာ မဟုတ်ဘူး”

“အာ...”

ကျန်းရီ အတန်ငယ် အံ့အားသင့်သွား၏။ သူက လောချင်းယန်၏ သတ္တိကို ပိုတွက်မိခဲ့ပုံပင်။ သူ၏ ဒေါသထွက်နေသော မျက်နှာထားက ခပ်လှောင်လှောင် မျက်နှာထားအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူသည် လောချင်းယန်၏ ပါးလေးကို လက်ဖြင့် ပွတ်သပ်ကာ ခြောက်ကပ်ကပ်ရယ်၍ ပြောလိုက်သည်။

“‌လောချင်းယန်... မင်းက တကယ်ကို သတ္တိမရှိဘူးပဲ။ မင်းလို မိန်းမမျိုးက အခေါင်းကို မတွေ့မချင်း မျက်ရည်ကျမှာ မဟုတ်ဘူး”

***

All Chapters