ခြင်္သေ့ပြာမြို့
Vol. 97 Ch. 1348
လောချင်းယန်က ဝိညာဉ်ကျွန်ဖြစ်နေပြီဖြစ်၍ သူမ၏အသက်က ကျန်းရီ၏အသက်နှင့် ချိတ်ဆက်နေသည်။ ထို့ကြောင့် သူမကိုယ်တိုင်ပင် လောမျိုးနွယ်က သူမတို့အား လာရှုပ်မည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် သူမသည် ကျန်းရီထံမှ ခွင့်ပြုချက်တောင်းခံ၍ လောရွှေထံ အသံပို့လွှတ်လိုက်သည်။
“ရှင် ကျွန်မတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရူးမိုက်တာတွေတော့ မလုပ်ပါနဲ့။ ကျန်းရီကိုလည်း မတိုက်ခိုက်ပါနဲ့။ အဲ့ဒါက ကျွန်မရဲ့ အမိန့်တွေပဲ”
လောရွှေသည် ရူးမိုက်သည်များကို လုပ်ဖို့ တစ်ခါမှ မတွေးခဲ့ပေ။ ထို့ကြောင့် သူသည် မီတာသုံးရာအကွာမှသာ တိတ်တဆိတ်စောင့်ကြည့်နေသည်။ သူ၏ ကောင်းကင်စိတ်အာရုံက နိုးကြားစွာဖြင့် အန္တရာယ်ကို မပြတ်အာရုံခံနေပေသည်။
ခေတ္တကြာပြီးနောက် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များ ရောက်ရှိလာကြသည်။ သူတို့သည် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များက စောင့်ကြပ်နေသည်ကို တွေ့လိုက်သောအခါ အံ့အားသင့်သွားကြသည်။
လော့ဖူသည် ကျန်းရီကို ဖြစ်သည့်နည်းနှင့် မရရအောင် ဖမ်းခေါ်ခဲ့ရန် သူတို့ကို အမိန့်ပေးထားသည်။ သို့သော် ကျန်းရီကို မည်သို့ဖမ်းရမည်နည်း။ ကျန်းရီက သူတို့အရှေ့တွင် ရှိနေသော်လည်း တိရှတပ်သားရာကျော်၊ လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များနှင့် ဂူမူတို့က စစ်ရထားလုံးကို စောင့်ကြပ်နေကြပေသည်။
အကယ်၍ သူတို့က ယခု တိုက်ခိုက်မည်ဆိုလျှင် ကျန်းရီကို ဖမ်းမိနိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းရှိသည်။ သို့သော် မြို့ရင်ပြင်ထဲတွင် တိုက်ခိုက်လိုက်ပါက သိမ်းငှက်ပြာစီရင်စုနယ်၏ စစ်တပ်က သူတို့ကို လိုက်ဖမ်းပေလိမ့်မည်။ ထိုအခါ လော့မျိုးနွယ်လည်း ပြာပုံဘဝကို ရောက်ရပေလိမ့်မည်။ ‘ဖြစ်သည့်နည်း’ဆိုသည့်ထဲတွင် လော့မျိုးနွယ် ပျက်သုဉ်းရမည့်နည်းတော့ သေချာပေါက် မပါပေ။
လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များသည် ရွေးချယ်စရာ မရှိတော့သဖြင့် ကြိုရောက်နေသောနှစ်ယောက်နှင့် သွားတွေ့ဆုံကာ မြို့ရင်ပြင်ထဲတွင် လှည့်ပတ်လျှောက်နေယောင် ဆောင်လိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် လော့ဖူထံသို့ သတင်းပြန်ပို့ကာ မည်သို့ဆက်လုပ်ရမည်ကို မေးလိုက်ကြသည်။ တစ်နာရီကြာပြီးနောက် လော့ဖူက သူတို့ကို အကြောင်းပြန်သည်။ လော့ဖူသည် လမ်းညွှန်ချက် ရှင်းရှင်းလင်းလင်း မပေးဘဲ သူတို့ကို ကျန်းရီတို့နောက်သို့ ဆက်လိုက်၍ အခွင့်ကောင်းစောင့်နေရန်သာ ပြောသည်။
လော့ဖူသည်လည်း မည်သို့ဆက်လုပ်ရမည်ကို မသိကြောင်း ထင်ရှားပေသည်။ သူတို့သည် နတ်သိမ်းငှက်မြို့မှ ထွက်လာသည်နှင့် လော့မျိုးနွယ်၏ ပိုင်နက်ထဲတွင် မဟုတ်တော့ပေ။ သိမ်းငှက်ပြာစီရင်စုနယ်၏ စစ်နတ်ဘုရားစံအိမ်မှ ရာထူးကြီးပိုင်းထဲတွင် လော့မျိုးနွယ်ဝင်တစ်ယောက်ရှိသည်။ သို့သော် တိရှစံအိမ်တွင်မူ လော့မျိုးနွယ်ဝင်များ မရှိချေ။ ဤဘုံက တိရှဘုံဖြစ်သည်။ သို့ဖြစ်ရာ စစ်နတ်ဘုရားစံအိမ်က မည်မျှအင်အားကြီးပါစေ စည်းမျဉ်းများကို ချိုးဖောက်၍မရပေ။ သူတို့သည် တိရှအရှင်၏ ဆန္ဒအတိုင်းသာ ပြုမူရပေသည်။
လေးနာရီကြာပြီးနောက် ကျန်းရီ ပြန်အားပြည့်လာသည်။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ပတ်ဝန်းကျင်မှ အခြေအနေများကို စူးစမ်းလိုက်သည်။ လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များက မြို့ရင်ပြင်ထဲတွင် လှည့်ပတ်လျှောက်နေကြသည်။ လောမျိုးနွယ် နတ်ဘုရားဘုရင်များကမူ သူတို့ကို အခမဲ့ ကာကွယ်ပေးနေသည်။ ထို့ကြောင့် ဤခရီးက ပိုလုံခြုံသွားပေပြီ။ အစတွင် သူသည် လောမျိုးနွယ်ကြောင့် စိုးရိမ်ခဲ့ရသည်။ သို့သော် ယခုတွင် သူတို့ မြို့ပြင်သို့ မထွက်မချင်း ပြဿနာမတက်နိုင်ကြောင်း သူ သိသွားပေပြီ။
ခြောက်နာရီကြာပြီးနောက် အနက်ရောင်နတ်ဘုရားလည်း ပြန်အားပြည့်လာသည်။ ကျန်းရီသည် လောချင်းယန်၊ အနက်ရောင်နတ်ဘုရားနှင့် ဂူမူတို့ကို ခေါ်၍ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်သည်။ လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များသည် သူတို့ကို ကာကွယ်ပေးရန် သူတို့နောက်မှ ကပ်လိုက်လာကြသည်။ လော့မျိုးနွယ်မှ လူများကမူ သူတို့အနားသို့ မကပ်ဝံ့ကြသဖြင့် သူတို့ ထွက်သွားသည်ကို ကြည့်၍သာ နေကြသည်။
သို့ဖြင့် ကျန်းရီတို့သည် သွားလိုက်၊ နားလိုက်ဖြင့် ခရီးဆက်နေကြသည်။ အနိမ့်ဘုံအချိန်သုံးရက် ကြာပြီးနောက်တွင် ကျန်းရီ စိတ်လှုပ်ရှားလာသည်။ သူတို့က မြေနဂါးမြို့သို့ ရောက်နေပြီဖြစ်သည်။ ခြင်္သေ့ပြာမြို့သို့ရောက်ရန် သုံးကြိမ်သာထပ်၍ တည်နေရာပြောင်းရွှေ့ရတော့မည်ဖြစ်သည်။
ကျန်းရီသည် မကြာခင်တွင် ကျန်းရှောင်နူကို တွေ့ရတော့မည်ကို တွေးမိသည်နှင့်ပင် အလွန်စိတ်လှုပ်ရှားလာပေသည်။ သို့သော် အနက်ရောင်နတ်ဘုရားက ပြိုလဲလုမတတ် ဖြစ်နေ၍ သူတို့ ထပ်နားနေရသည်။ သူကိုယ်တိုင်လည်း အတော်လေး ပင်ပန်းနေပြီဖြစ်သည်။ ထို့ကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ နာရီအနည်းငယ် အနားယူလိုက်ကြရလေသည်။
ကျန်းရီသည် စစ်ရထားလုံးထဲတွင် မျက်လုံးမှိတ်၍ ထိုင်နေသည်။ သို့သော် သူ စိတ်မတည်ငြိမ်နိုင်ပေ။ အချိန်ကုန်သည်မှာ အလွန်နှေးလွန်းသည်ဟု သူ ခံစားနေရပေသည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးသွား၏။ ကျန်းရီတို့ ရှစ်နာရီကြာ အနားယူပြီးသွားပေပြီ။ အနက်ရောင်နတ်ဘုရားက အနည်းနှင့်အများ ပြန်အားပြည့်လာသောအခါ ကျန်းရီ လှုပ်လှုပ်ရွရွ ဖြစ်လာပြီး ချက်ချင်း အော်ပြောလိုက်သည်။
“သွားကြစို့... ကျွန်တော်တို့ ခြင်္သေ့ပြာမြို့ကို သွားမယ်”
လောချင်းယန်သည် စစ်ရထားလုံးကို ပြန်သိမ်းလိုက်၏။ သူမတို့အုပ်စုသည် တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ လမ်းလျှောက်ကာ သွားလိုက်ကြသည်။ အပေါ်ယံတွင်တော့ လောချင်းယန်က ဦးဆောင်နေပြီး ကျန်းရီ၊ အနက်ရောင်နတ်ဘုရားနှင့် ဂူမူတို့က သူမ၏ ကိုယ်ရံတော်များဟု ထင်ရသည်။ သူမတို့လေးယောက် တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်သွားသောအခါ အဖြူရောင်အလင်း လင်းလက်သွားသည်။ သူမတို့က မြို့ထဲမှ ပျောက်ကွယ်သွားပေပြီ။ လောမျိုးနွယ်မှ နတ်ဘုရားများကလည်း သူမတို့နောက်မှနေ၍ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ လိုက်ဝင်သွားကြသည်။ ထို့နောက် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များကလည်း လိုက်၍ တည်နေရာပြောင်းရွှေ့လိုက်ကြသည်။
ရွှီး...ရွှီး...ရွှီး...
ကျန်းရီတို့သည် သုံးကြိမ်ဆက်တိုက် တည်နေရာပြောင်းရွှေ့လိုက်ကြ၏။ နောက်ဆုံးတွင် သူတို့ ခြင်္သေ့ပြာမြို့သို့ ရောက်သွားပေပြီ။ ဂူမူသည် ချက်ချင်းပင် မြို့ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်သည်။ ထို့နောက် သူ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“သခင်... ကျွန်တော်တို့က တကယ်ပဲ ခြင်္သေ့ပြာမြို့ထဲ ရောက်လာပါပြီ”
“ခြင်္သေ့ပြာမျိုးနွယ်စုဆီ သွားမယ်”
ကျန်းရီ၏ စိတ်ဝိညာဉ်က ပင်ပန်းမနေပေ။ အနက်ရောင်နတ်ဘုရားကလည်း တောင့်ခံနိုင်နေသေးသည်။ ထို့ကြောင့် ကျန်းရီက အလွန်ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ သို့ဖြင့် သူတို့အုပ်စုသည် စစ်ရထားလုံးကို စီးကာ မြို့ဂိတ်တံခါးဆီသို့ ဦးတည်သွားလိုက်ကြသည်။ မကြာခင်တွင် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များက သူတို့ကို မီလာသည်။ လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များကလည်း နောက်မှကပ်လိုက်လာကြသည်။
တပ်မှူးဟဲသည် ကျန်းရီကို ကျန်းရှောင်နူက ခြင်္သေ့ပြာမျိုးနွယ်စုထဲတွင် ရှိနေသည်ဟု သတင်းပေးခဲ့သည်။
ကျန်းရှောင်နူက သိပ်၍ စွမ်းအားမကြီးပေ။ ထို့ကြောင့် သူမသည် အချိန်တိုအတွင်း နတ်ဘုရားအမြစ်များစွာ၊ တိုက်ပွဲအမှတ်များစွာ မရနိုင်လောက်ချေ။ သို့ဖြစ်၍ သူမက ခြင်္သေ့ပြာမျိုးနွယ်စုထဲမှ မထွက်နိုင်လောက်သေးပေ။ သူမ တိရှစံအိမ်ထဲ ဝင်ခဲ့သော ရည်ရွယ်ချက်မှာ ရှင်းပေသည်။ သူမက တိုက်ပွဲအမှတ်များနှင့် နတ်ဘုရားအမြစ်များကို ရှာနိုင်သမျှ များများရှာ၍ ကျန်းရီကို လိုက်ရှာနိုင်ရန်ဖြစ်သည်။
“ငါတို့ မြို့ပြင်ကို ထွက်လိုက်တာနဲ့ လောမျိုးနွယ်က နတ်ဘုရားဘုရင်တွေကို မပြတ်သတိကပ်ထားဖို့ ပြောလိုက်ပါ။ လော့မျိုးနွယ်က နတ်ဘုရားဘုရင်တွေ အလစ်ဝင်တိုက်မှာကို စောင့်ကြည့်နေဖို့လည်း ပြောလိုက်ပါ”
ကျန်းရီက လောချင်းယန်ကို ညွှန်ကြားလိုက်သည်။ လောချင်းယန်က ခေါင်းညိတ်၍ စစ်ရထားလုံး၏ အကာအရံများကို ပိတ်လိုက်ပြီး အပြင်သို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်သည်။ သူမသည် လောရွှေကို အာရုံခံကာ အသံပို့လွှတ်လိုက်သည်။ သူမတို့သည် မျိုးနွယ်စုထဲတွင် တိုက်ခိုက်ခွင့်မရှိသော်လည်း မျိုးနွယ်စုနှင့် မြို့ကြားရှိ လေထဲတွင် တိုက်ခိုက်နိုင်ပေသည်။ ထို့ကြောင့် သူမတို့ မြို့ပြင်သို့ ထွက်လိုက်သည်နှင့် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များက စွန့်စားကာ တိုက်ခိုက်နိုင်သည်။ သို့ဆိုလျှင် သူမတို့ ပြဿနာတက်သွားပေလိမ့်မည်။
“ဂူမူ... ကျွန်တော်တို့မြို့ထဲက ထွက်တာနဲ့ အနက်ရောင်နတ်ဘုရားနဲ့ လောချင်းယန်ကို ခင်ဗျားရဲ့ ဟွင့်သွမ်ချီပုလဲလုံးထဲ ထည့်လိုက်ပါ”
ကျန်းရီက ဂူမူကို ဆက်၍ညွှန်ကြားလိုက်၏။ အကယ်၍ တိုက်ပွဲဖြစ်လာလျှင် အနက်ရောင်နတ်ဘုရားက သတ်ရန်အလွယ်ဆုံး ပစ်မှတ်ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် သူသည် လောချင်းယန်ကိုလည်း အသေမခံနိုင်ပေ။ မဟုတ်လျှင် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များက သူတို့ကို ကာကွယ်ပေးနေတော့မည် မဟုတ်ဘဲ တိုက်ပင် တိုက်ခိုက်ပေလိမ့်မည်။
ကျန်းရီတို့သည် ဖြစ်လာမည့်အရာများအတွက် ကြိုတင်ပြင်ဆင်ထားရပေမည်။ သူတို့အရှေ့တွင် မြို့ဂိတ်တံခါးကို လှမ်းမြင်နေရပေပြီ။ ကျန်းရီ၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်းအခြေအနေသို့ ဝင်ကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။ သူ့တွင် ပေါင်းစည်းမီးတောက်လုံး ကိုးလုံး ကျန်သေးပေသည်။ လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များက သူ့ကို သတ်ရန် ကြိုးစားလျှင် သူတို့ သေချာပေါက် တန်ကြေးကြီးကြီး ပြန်ပေးရမည်ဖြစ်သည်။
ဝှစ်...
ကျန်းရီတို့သည် စစ်ဆေးမှုများ ခံစရာမလိုတော့သဖြင့် စစ်ရထားလုံးနှင့်ပင် မြို့ပြင်သို့ ပျံထွက်လိုက်သည်။ ခြင်္သေ့ပြာမြို့၏ အောက်ဘက်တွင် ခြင်္သေ့ပြာမျိုးနွယ်စု ရှိသည်။ ထိုအခိုက်တွင် ကျန်းရီ စိတ်အေးသွား၏။ လော့မျိုးနွယ် နတ်ဘုရားဘုရင်များကို မည်သို့မှ မလုပ်ဘဲ သူတို့နောက်မှသာ လိုက်လာကြသည်။ သူတို့က တိုက်ခိုက်လျှင် အနိုင်ရမည်ဟု ယုံကြည်မှု မရှိခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် တိရှစစ်တပ်အား ရန်စမိသလို ဖြစ်သွားမည်ကို စိုးရိမ်၍လည်း ဖြစ်နိုင်သည်။
မကြာခင်မှာပင် စစ်ရထားလုံးက ခြင်္သေ့ပြာမျိုးနွယ်စု၏ ရင်ပြင်ထဲသို့ ရောက်သွားသည်။ မျိုးနွယ်စုမှာ လူတန်းစားအစုံ နေထိုင်ရာနေရာဖြစ်သည်။ ထို့ကြောင့် လှပသော စစ်ရထားလုံးတစ်စင်း ရောက်လာပြီး နောက်မှလည်း နတ်ဘုရားဘုရင်များ လိုက်လာသည်ကို မြင်လိုက်ရသောအခါ လူများ စိတ်ဝင်စားသွားကြသည်။ ထိုရထားလုံးပေါ်မှ လူများက အရေးကြီးပုဂ္ဂိုလ်များ ဖြစ်ပေလိမ့်မည်။ သူတို့၏ မျိုးနွယ်စုသို့ အရေးကြီးပုဂ္ဂိုလ်များ လာခဲပေသည်။
ဂူမူသည် မြို့ထဲမှ ထွက်ကတည်းက လောချင်းယန်နှင့် အနက်ရောင်နတ်ဘုရားတို့ကို ဟွင့်သွမ့်ချီပုလဲထဲသို့ ထည့်ထားလိုက်ပြီဖြစ်သည်။ ကျန်းရီသည် စစ်ရထားလုံးပေါ်မှ ဆင်းပြီးနောက် ဂူမူကို ၎င်းရထားလုံးအား သိမ်းထားစေလိုက်သည်။ တစ်ချိန်တည်းမှာပင် ဂူမူက လောရွှေထံ အသံပို့လွှတ်၍ လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များ၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်နေရန် ပြောလိုက်သည်။
လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များသည် ခြင်္သေ့ပြာမျိုးနွယ်စုရှိ တိရှစံအိမ်ဆီသို့ သွားနေသော ကျန်းရီနှင့် ဂူမူတို့ကို ကြည့်ကာ မချင့်မရဲဖြစ်နေကြသည်။ သူတို့သည် တံခါးစောင့်များကဲ့သို့ တိရှစံအိမ်အပြင်ဘက်တွင်သာ ကျန်ခဲ့ကြရပြီး လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များကို စောင့်ကြည့်နေကြရသည်။ ထိုအခိုက်တွင် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များက ပို၍ပင် မချင့်မရဲ ဖြစ်နေကြပေသည်။ သူတို့သည် မည်သို့လုပ်ရမည်မသိဘဲ ရင်ပြင်ထဲ၌ တစ္ဆေများကဲ့သို့ လှည့်ပတ်လျှောက်နေကြရလေသည်။
ခြင်္သေ့ပြာမျိုးနွယ်စုရှိ တိရှစံအိမ်မှ အစောင့်များက အလွန်စိတ်လှုပ်ရှားနေကြသည်။ ရုတ်တရက်ကြီး နတ်ဘုရားဘုရင် အယောက်နှစ်ဆယ်ကျော် ထွက်ပေါ်လာခဲ့သည် မဟုတ်ပါလား။ ထို့ပြင် ထိုနတ်ဘုရားဘုရင်များက အလွန်သံသယဖြစ်ဖွယ်ကောင်းနေပေသည်။ အစောင့်တပ်မှူးက သူ၏ လက်အောက်ငယ်သားများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူသည် တိရှစံအိမ်ထဲသို့ ချက်ချင်း ဝင်သွားပြီး အထဲမှ တပ်မှူးကို အခြေအနေ တင်ပြလိုက်သည်။
ဂူမူထံတွင် တိရှစံအိမ်တံဆိပ်ပြားရှိသည်။ ထို့ပြင် သူက အဆင့်မြင့် နတ်ဘုရားဘုရင်လည်းဖြစ်သည်။ ထို့ကြောင့် သူသည် တိရှစံအိမ်ထဲသို့ အခက်အခဲမရှိ ဝင်နိုင်လိုက်ပေသည်။
ဂူမူသည် ကျန်းရီကိုခေါ်၍ ဘေးဆောင်တစ်ခုထဲသို့ လျှောက်သွားလိုက်၏။ ထိုဘေးဆောင်ထဲတွင် အဖွဲ့ခေါင်းဆောင်တစ်ယောက်ကို တွေ့လိုက်ရသည်။ ဂူမူက ကျယ်လောင်ဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။
“ကျုပ်က လူသစ်တစ်ယောက်ရဲ့ သတင်းကို လိုချင်လို့ပါ။ သူ့နာမည်က ကျန်းရှောင်နူတဲ့။ ချက်ချင်း သူ့ကို သွားရှာပေးပါ”
ဂူမူက တိရှစံအိမ်မှ ရာထူးမြင့်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့ခေါင်းဆောင်သည် ဂူမူ၏အမိန့်များကို မငြင်းဆန်နိုင်ဘဲ သူ့လက်အောက်ငယ်သားများကို ခပ်သွက်သွက်စုဝေး၍ ကျန်းရှောင်နူအကြောင်း မေးလိုက်သည်။ ခေတ္တကြာပြီးနောက် သူ ပြန်ရောက်လာကာ လက်ဆုပ်၍ ပြော၏။
“အရှင့်ကို တင်ပြပါတယ်။ အရှင်ပြောတဲ့သူက တကယ်ပဲ ကျွန်တော့်တို့ စံအိမ်ကပါ။ သူ အထက်ဘုံကို တက်လှမ်းလာခဲ့တာ မကြာသေးပါဘူး။ အခု သူက တိရှစံအိမ်ရဲ့ တရားဝင်တပည့်တစ်ယောက် ဖြစ်နေပါပြီ”
ချက်ချင်းပင် ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် သူ ခပ်သွက်သွက် မေးလိုက်သည်။
“သူက ဘယ်မှာလဲ။ ဘာလို့ သူ့ကို ခေါ်မလာခဲ့တာလဲ”
အဖွဲ့ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်၏။ တိရှစံအိမ်မှပင် မဟုတ်သည့် သာမန်နတ်ဘုရားလေးက သူ့ကို အော်ပြောလိုက်၍ သူ ဒေါသဖြစ်သွားကြောင်း ထင်ရှားပေသည်။ သို့သော် ဂူမူက သူ့ကို အေးစက်စက် ကြည့်လိုက်သောအခါ သူ ချင်းချင်း ပြန်ပြုံး၍ ပြောလိုက်သည်။
“အရှင့်ကို တင်ပြပါတယ်။ အခု သူက မျိုးနွယ်စုထဲမှာ ရှိမနေပါဘူး။ တာဝန်တစ်ခု ထမ်းဆောင်ဖို့ အပြင်ကို သွားပါတယ်။ အင်း... သူသွားတဲ့နေရာက ဒီကနေ သိပ်ဝေးမယ်လို့တော့ ကျွန်တော် မထင်ဘူး။ ကိစ္စအားလုံးအဆင်ပြေရင် သူ တစ်ရက်အတွင်း ပြန်လာမှာပါ”
“တစ်ရက်လား...”
ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ အထက်ဘုံမှ တစ်ရက် အနိမ့်ဘုံ၏ ရက်တစ်ရာနှင့် ညီမျှသည်။ ထိုအချိန်အတောအတွင်း မည်သည့်ကိစ္စများ ဖြစ်လာနိုင်သည်ကို မည်သူ သိမည်နည်း။ သို့သော် ကျန်းရီသည် မျိုးနွယ်စုမှထွက်ကာ သူမကို လိုက်မရှာဝံ့ပေ။ သူတို့ မျိုးနွယ်စုထဲမှ ထွက်လိုက်သည်နှင့် လော့မျိုးနွယ်က သူတို့ကို စိတ်ကြိုက်တိုက်ခိုက်နိုင်သည် မဟုတ်ပါလော။
***