သွေးမုန်တိုင်းတစ်ခု
Vol. 97 Ch. 1349
‘ကျန်းရှောင်နူကို ပြန်ခေါ်လာဖို့ လူတစ်ယောက် စေလွှတ်လိုက်မယ် ဆိုရင်ရော’
ကျန်းရီသည် အကြံတစ်ခု ရလိုက်၍ ဂူမူအား တိရှစံအိမ်မှ လူများကို ကျန်းရှောင်နူအား ပြန်သွားခေါ်ပေးဖို့ ပြောရန် ညွှန်ကြားလိုက်သည်။ ထိုမှ သူတို့ အမြန်ဆုံး ထွက်သွားနိုင်မည်ဖြစ်သည်။
သို့သော် ကျန်းရီသည် တစ်စုံတစ်ခုကို ထပ်တွေးမိသွား၍ ဂူမူကို ချက်ချင်း ပြန်တားလိုက်သည်။ သူက ဤနေရာသို့ ရောက်လာပြီး ကျန်းရှောင်နူကို လူသိရှင်ကြား ရှာနေ၍ မဖြစ်ပေ။ အကယ်၍ လော့မျိုးနွယ်က ထိုအကြောင်းကို သိသွားလျှင် လူများစေလွှတ်ကာ ကျန်းရှောင်နူကို သူတို့အရင် ဖမ်းလိုက်နိုင်သည်။
ထိုစဉ် အဖွဲ့ခေါင်းဆောင်က ဂူမူထံ အသံပို့လွှတ်လိုက်သည်။ ဂူမူတစ်ယောက် မျက်လုံးပြူးသွားပြီး ကျန်းရီထံ ပြန်တင်ပြလိုက်သည်။
“သခင်... ပြဿနာနည်းနည်း ရှိနေပါတယ်။ တိရှစံအိမ်က တပ်မှူးတစ်ယောက်ရဲ့ သားက သခင်မရှောင်နူကို မျက်စိကျနေပါတယ်။ သူက သခင်မရှောင်နူ မျိုးနွယ်စုထဲက ထွက်သွားပြီး မကြာခင်မှာပဲ တာဝန်တစ်ခုယူပြီး လိုက်ထွက်သွားခဲ့ပါတယ်။ အခု သူ့ရဲ့ တည်နေရာက သခင်မရှောင်နူရဲ့ တည်နေရာနားမှာပါ”
“ဘာ...”
ကျန်းရီ၏ အကြည့်က ရုတ်ခြည်း အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ သို့သော် သူသည် ချက်ချင်းပြန်၍ ဣန္ဒြေဆည်လိုက်ပြီး ဂူမူထံ အသံပို့လွှတ်လိုက်သည်။
“ဘာလို့ အဖွဲ့ခေါင်းဆောင်က ကျွန်တော့်ကို အဲ့အကြောင်း ပြောပြရတာလဲ။ သူက ကျွန်တော်တို့ကို လှည့်ဖြားဖို့ ကြိုးစားနေတာလား”
အကယ်၍ ထိုအဖွဲ့ခေါင်းဆောင်က လော့မျိုးနွယ်၏ လာဘ်ထိုးမှုကို ခံထားရခြင်းဆိုလျှင် ကျန်းရီတို့ သူပြောသည့်အတိုင်း ကျန်းရှောင်နူနောက်သို့ လိုက်သွားပါက အသတ်ခံရနိုင်ပေသည်။ ကျန်းရီသည် အကြိမ်များစွာ အကွက်ဆင်ခံခဲ့ဖူးပြီဖြစ်၍ ယခုတွင် မည်သူ့ကိုမှ အလွယ်တကူ မယုံကြည်နိုင်တော့ပေ။
ဂူမူက အဖွဲ့ခေါင်းဆောင်ဆီသို့ အသံပို့လွှတ်ကာ မေးမြန်းလိုက်သည်။ သူ၏ မျက်နှာထားက ခက်ထန်နေပြီး သူ့ကိုယ်မှလည်း သတ်ဖြတ်အရှိန်အဝါ ထွက်နေသည်။ ခေတ္တကြာပြီးနောက် သူက ကျန်းရီကို ပြန်တင်ပြလေသည်။
“သခင်... အဖွဲ့ခေါင်းဆောင်က ကျွန်တော်တို့ကို လှည့်ဖြားနေတာ မဟုတ်လောက်ပါဘူး။ သူက အဲ့တပ်မှူးနဲ့ ရန်ငြိုးတစ်ခု ရှိနေလို့ ကျွန်တော်တို့ကို အဲ့အကြောင်း ပြောပြတာလို့ ပြောပါတယ်။ ပြီးတော့ သူတို့က အဖွဲ့မတူကြပါဘူး။ သူက လက်ထောက်စံအိမ်ရှင်ရဲ့ လက်အောက်က၊ ဟိုတပ်မှူးကတော့ စံအိမ်အရှင်ရဲ့ လက်အောက်ပါ...”
ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်ပြီး ဂူမူထံ အသံပြန်ပို့လွှတ်လိုက်သည်။
“ကျွန်တော်တို့ သတိထားရမယ်။ တိရှစံအိမ်က တခြားအဖွဲ့ခေါင်းဆောင်တွေကို သွားရှာပြီး အခြေအနေကို ထပ်ပေးကြည့်လိုက်ပါ။ ပြီးတော့ အဲ့အဖွဲ့ခေါင်းဆောင်ကို ကျွန်တော်တို့ မေးတဲ့အကြောင်းတွေကို ဘယ်သူ့ကိုမှ ပြန်မပြောဖို့လည်း ပြောလိုက်ပါ။ မဟုတ်ရင် သူ ဒုက္ခရောက်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါ”
ဂူမူသည် ကျန်းရီညွှန်ကြားသည့်အတိုင်း အဖွဲ့ခေါင်းဆောင်ကို ပြောလိုက်သည်။ ထို့နောက် ဂူမူနှင့် ကျန်းရီတို့သည် ထိုဘေးဆောင်ထဲမှ ထွက်ကာ အခြားဘေးဆောင်တစ်ခုသို့ သွားလိုက်ကြသည်။ သူတို့သည် အခြားအဖွဲ့ခေါင်းဆောင်တစ်ယောက်ကိုလည်း ရှေ့ကအတိုင်း ထပ်မံမေးမြန်းလိုက်ကြလေသည်။
နောက်ဆုံးတွင် ကျန်းရီကို ပို၍ပင် စိတ်ဓာတ်ကျသွားစေသော သတင်းတစ်ခုကို ကြားလိုက်ရလေသည်။ ကျန်းရှောင်နူက တိရှစံအိမ်တွင် တောက်ပသော ပုလဲလေးတစ်လုံး ဖြစ်လာခဲ့သည်။ သူမ၏ ဖြူစင်ရိုးသားသော အကျင့်စရိုက်က နတ်ဘုရားတောင်တစ်လုံးပေါ်ရှိ ကြာပန်းကလေးကဲ့သို့ ယောက်ျားပျိုများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ တိရှစံအိမ်ထဲတွင် ကျန်းရှောင်နူကို ပိုးပန်းနေသူများ အနည်းဆုံး ဆယ်ယောက်ရှိပေသည်။ သူမကို ပိုးပန်းနေသူများထဲတွင် မျိုးနွယ်ငယ်လေးများမှ သခင်လေးနှစ်ယောက်လောက်နှင့် တိရှစံအိမ်မှ ဒုတိယတပ်မှူး၏သား ရှားလွေ့လည်းပါသည်။
ရှားလွေ့က ကျန်းရှောင်နူကို အားကြိုးမာန်တက် ပိုးပန်းနေသည်။ ထိုအကြောင်းကို တိရှစံအိမ်မှ လူအားလုံး သိသည်။ သို့သော် ကျန်းရှောင်နူကမူ ရှားလွေ့နှင့် ခပ်ခွာခွာသာ နေသည်။ ထို့ကြောင့် ရှားလွေ့သည် လူများစွာ၏ အရှေ့တွင် သူမကို အတင်းကာရော မပြုဝံ့ပေ။
ယခု ကျန်းရှောင်နူက တာဝန်အတွက် ထွက်သွားပြီး မကြာခင်မှာပင် ရှားလွေ့ကလည်း လိုက်ထွက်သွားခဲ့သည်။ သူ့တွင် ကျန်းရှောင်နူကို အတင်းကြံရန် အစီအစဉ်ရှိ၊ မရှိကိုမူ အခြားအဖွဲ့ခေါင်းဆောင်လည်း ခန့်မှန်း မပြောဝံ့ပေ။
“တခြားလူတွေကို ထပ်မေးမယ်”
ကျန်းရီက ဂူမူထံ အသံပို့လွှတ်လိုက်သည်။ သို့ဖြင့် သူတို့နှစ်ယောက်သည် အခြားအဖွဲ့ခေါင်းဆောင် နောက်တစ်ယောက်ကို သွားရှာကာ ထပ်မေးမြန်းလိုက်ကြသည်။ ဤတစ်ခေါက်တွင်လည်း တူညီသော သတင်းကိုပဲ ရလိုက်သည်။ ကျန်းရီ၏ မျက်နှာပေါ်တွင် သွေးရောင်မရှိတော့ပေ။ သူ့ခန္ဓာကိုယ်ကလည်း စတင်၍ ထိန်းမနိုင်သိမ်းမရ တုန်ယင်လာသည်။ သူတို့ ယခု လိုက်မသွားလျှင် ကျန်းရှောင်နူက ပြဿနာနှင့် ကြုံတွေရနိုင်ပေသည်။
သို့သော် သူတို့ မျိုးနွယ်စုထဲမှ ထွက်လိုက်လျှင်လည်း ပြဿနာနှင့် ကြုံရနိုင်သည်။ ထို့ပြင် ကျန်းရှောင်နူဆီသို့ ရောက်သွားပြီးနောက်၌ ထိုရှားလွေ့နှင့်လည်း ပဋိပက္ခဖြစ်နိုင်သည်။ ထိုအခါ သူတို့က ခြင်္သေ့ပြာမျိုးနွယ်စုရှိ တိရှစံအိမ်နှင့် ပြဿနာတက်ပေလိမ့်မည်။ အာဏာရှိသူများနှင့် ရင်ဆိုင်ရခြင်းက သူတို့အတွက် ကောင်းသောကိစ္စ မဟုတ်ပေ။
‘သွားမယ်ကွာ...’
ကျန်းရီသည် ထိုအရာများကို စက္ကန့်အနည်းငယ် တွေးတောပြီးနောက် ကျန်းရှောင်နူကို သွားရှာရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။
နဂါးများတွင် သွားထိမိသည်နှင့် သေနိုင်သော တန်ပြန်အကြေးခွံတစ်ခု ရှိသည်။ ကျန်းရှောင်နူက ကျန်းရီ၏ တန်ပြန်အကြေးခွံဖြစ်သည်။ ကျန်းရီ အသနားဆုံးသူမှာ စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် ရီချန်တို့ မဟုတ်ဘဲ သူနှင့်အတူ ကြီးပြင်းလာခဲ့သော၊ သူ့တစ်ဘဝလုံး မှီခိုခဲ့ရသော ဖြူစင်အပြစ်ကင်းသည့် အစေခံမလေးဖြစ်ပေသည်။
“သခင်... အဲ့လိုလုပ်လို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ မျိုးနွယ်စုထဲက ထွက်သွားဖို့က အရမ်းအန္တရာယ်များပါတယ်။ လော့မျိုးနွယ်က သေချာပေါက် အဲ့အခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ပါဘူး”
ဂူမူသည် ကျန်းရီနောက်သို့လိုက်၍ အဆက်မပြတ် အသံပို့လွှတ်နေ၏။ နောက်ဆုံးတွင် ကျန်းရီသည် နောက်လှည့်ကာ ဂူမူကို အေးစက်စက် ကြည့်လိုက်လေသည်။
“တကယ်လို့ ရှောင်နူသာ သေသွားရင် ငါလည်း အသက်မရှင်ချင်တော့ဘူး။ ငါသေရင် မင်းရော၊ လောချင်းယန်ပါ သေမှာပဲ။ ဒီတော့ လောမျိုးနွယ်ဆီ သတင်းပို့ပြီး ငါ့ကို ဖြစ်တဲ့နည်းနဲ့ ကာကွယ်ပေးဖို့ ပြောလိုက်။ မဟုတ်ရင်တော့ မင်းရော၊ လောချင်းယန်ပါ သေချာပေါက် သေလိမ့်မယ်”
ဂူမူသည် ကျန်းရီ၏ ပြတ်သားသော မျက်နှာထားကို ကြည့်၍ သူ ဆက်ဖျောင်းဖျနေလျှင်လည်း အသုံးဝင်တော့မည် မဟုတ်ကြောင်း သိသွား၏။ ထို့ကြောင့် သူသည် ရွေးချယ်စရာ မရှိတော့ဘဲ အံကြိတ်၍သာ ကျန်းရီအနောက်သို့ လိုက်သွားရတော့သည်။
တိရှစံအိမ် အပြင်သို့ ရောက်သောအခါ ကျန်းရီသည် ဂူမူအား လောချင်းယန်ကို ပြန်ထုတ်လိုက်ရန် ညွှန်ကြားလိုက်၏။ လောချင်းယန်သည် အပြင်သို့ ရောက်လာသောအခါ သူမ၏ နတ်ဘုရားလှေကို ထုတ်လိုက်၏။ ထို့နောက် ကျန်းရီ၊ ဂူမူနှင့် လောချင်းယန်တို့သည် နတ်ဘုရားလှေကိုစီးကာ မျိုးနွယ်စုအပြင်ဘက်သို့ ပျံသန်းသွားလိုက်ကြလေသည်။
“အာ...”
လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မှင်တက်သွားကြ၏။ ဂူမူသည် သူတို့ထံ အသံလှမ်းပို့လွှတ်လိုက်၏။ ကျန်းရီက မျိုးနွယ်စု၏ အရှေ့ဘက် ကီလိုမီတာငါးထောင်အကွာရှိ မိုးဖွဲတောင်တန်းသို့ သွား၍ လူတစ်ယောက် လိုက်ရှာမည်ဖြစ်သည်။ သူတို့က သူ့ကို ဖြစ်သည့်နည်းနှင့် ကာကွယ်ပေးရပေမည်။ အကယ်၍ ကျန်းရီ သေသွားလျှင် လောချင်းယန်လည်း သေပေလိမ့်မည်။
လောရွှေသည် စက္ကန့်များစွာကြာအောင် တွေးတောပြီးနောက် အမိန့်ပေးလိုက်သည်။
“လောထျန်း.. အကြီးအကဲခြောက်နဲ့ မျိုးနွယ်ခေါင်းဆောင်ဆီ သတင်းပို့လိုက်။ သူတို့ကို စစ်ကူတွေ ချက်ချင်း လွှတ်ပေးဖို့ ပြောလိုက်ပါ။ မဟုတ်ရင် သခင်မလေး သေရလိမ့်မယ်”
ဝှစ်...
ထို့နောက် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များသည် လေထဲသို့ ပျံတက်ကာ နတ်ဘုရားလှေနောက်သို့ လိုက်သွားကြလေသည်။ သူတို့၏ အမြန်နှုန်းက နတ်ဘုရားလှေ၏ အမြန်နှုန်းလောက် လျင်မြန်ပေသည်။ ထိုအခိုက်တွင် နတ်ဘုရားလှေက အလွန်လျင်မြန်စွာ ပျံသန်းနေခြင်း မဟုတ်ပေ။ ထို့ကြောင့် နတ်ဘုရားဘုရင်များက အခက်အခဲမရှိဘဲ အမီလိုက်နိုင်နေသည်။
“ကျန်းရီ... ခွေးကောင်”
လောထျန်းသည် ဒေါသတကြီး အော်ဆဲ၍ တိရှစံအိမ်ထဲသို့ ခပ်သွက်သွက် ဝင်သွားကာ လောရှန်းထံ သတင်းလှမ်းပို့ရန် လျှို့ဝှက်သတင်းပို့အစီအရင်ကို ရှာလိုက်လေသည်။ ထိုအရူးကျန်းရီက အမှန်ပင် မျိုးနွယ်စုထဲမှ ထွက်သွားသည်လော။ လော့မျိုးနွယ်သည် ထိုအခွင့်အရေးကောင်းကို လက်လွတ်ခံလိမ့်မည် မဟုတ်ချေ။ လော့ဖူကိုယ်တိုင်ပင် ရောက်ချလာနိုင်သည်။ သူတို့ တိုက်ပွဲဖြစ်ပြီဆိုသည်နှင့် လောချင်းယန်အတွက် အန္တရာယ်ရှိနိုင်ပေသည်။ ထိုအခါ သူတို့က သေချာပေါက် လောရှန်း၏ အမျက်ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။
“လော့ဖူး... ကျန်းရီက မျိုးနွယ်စုထဲက ထွက်သွားပြီလို့ မျိုးနွယ်ခေါင်းဆောင်ကို ချက်ချင်း အကြောင်းကြားလိုက်ပါ။ ပြီးတော့ ချက်ချင်း စစ်ကူတွေ စေလွှတ်လိုက်ဖို့လည်း ပြောလိုက်ပါ။ ကျန်တဲ့သူတွေက ကျန်းရီတို့နောက်လိုက်သွားပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြတော့”
လော့မျိုးနွယ်မှ အဆင့်မြင့် နတ်ဘုရားဘုရင်တစ်ပါးက အော်၍ အမိန့်ပေးလိုက်ပြီး လေထဲသို့ ပျံတက်သွားကာ ကျန်းရီတို့နောက် လိုက်သွားလိုက်လေသည်။
ခြင်္သေ့ပြာမျိုးနွယ်စုသည် ရုတ်ခြည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ လူများသည် ရင်ပြင်ထဲ၌ ဖြစ်ပျက်သွားခဲ့သည်များကို စတင် တွေးတောလာကြသည်။ တိတ်ဆိတ်အေးချမ်းခဲ့သော မျိုးနွယ်စုက ရုတ်တရက်ကြီး ပြောင်းလဲမှုများနှင့် တွေ့ကြုံနေရသည်။ ကိစ္စကြီးတစ်ခု ဖြစ်လာတော့ပေမည်။
***
သတင်းနှစ်ခု ရောက်ရှိလာ၏။ တစ်ခုက လောမျိုးနွယ်သို့ ရောက်လာခြင်းဖြစ်ပြီး ကျန်တစ်ခုက လော့မျိုးနွယ်သို့ ရောက်လာခြင်းပင်။ ထိုမျိုးနွယ်နှစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
အကြီးအကဲခြောက်သည် မရပ်မနား စတင်ဆဲဆိုလိုက်၏။ သို့သော် သူ ဘာများတတ်နိုင်ပါဦးမည်နည်း။ ထိုအရူးကျန်းရီက သေရမည်ကို လုံးဝမကြောက်ပေ။ သူတို့က သူ့ကို ကာကွယ်ရန် လူများစေလွှတ်မပေးလျှင် သူက လော့မျိုးနွယ်၏ ဖမ်းဆီးမှု သို့မဟုတ် သတ်ဖြတ်မှုကို သေချာပေါက် ခံရပေလိမ့်မည်။ သို့ဆိုလျှင် လောချင်းယန်လည်း သေရမည်ဖြစ်သည်။
“မင်းတို့ငါးယောက်က ဒီမှာနေခဲ့ပြီး မျိုးနွယ်ကို စောင့်ကြပ်ထားပါ။ ကျန်တဲ့နတ်ဘုရားဘုရင်တွေက ငါနဲ့အတူ လိုက်ခဲ့ကြ”
အကြီးအကဲခြောက်က လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ အကြီးအကဲခြောက်တစ်ယောက် အကြံကုန်နေပေပြီ။ အဘယ်ကြောင့်ဆိုသော် လော့ဖူက လော့မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်၍ မြို့ရင်ပြင်သို့ သွားနေပြီဟု ထောက်လှမ်းရေးများက သတင်းလှမ်းပို့လိုက်၍ပင်။ သူတို့က တည်နေရာပြောင်းရွှေ့ကြတော့ပေမည်။ လော့ဖူက နတ်ဘုရားဧကရာဇ်အဆင့်သို့ ခြေတစ်လှမ်း လှမ်းနိုင်နေပြီဖြစ်၍ နတ်သိမ်းငှက်မြို့ထဲတွင် သူ၏ တိုက်ခိုက်စွမ်းအားက အကောင်းဆုံးဖြစ်သည်။ သူတစ်ယောက်တည်းနှင့်ပင် လောရွှေတို့ကို အလွယ်တကူ သတ်ပစ်ကာ ကျန်းရီတို့ကို ဖမ်းနိုင်ပေသည်။
“အာ...”
နတ်သိမ်းငှက်မြို့၏ မြို့ရင်ပြင်မှ လူများသည် အံ့အားသင့်နေကြ၏။ လော့ဖူက နတ်ဘုရားဘုရင်အဆင့် စွမ်းအားကြီး သိုင်းသမား အယောက်သုံးဆယ်ကို ဦးဆောင်၍ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ သွားနေကြသည်။ သူတို့၏ အားကောင်းသော အရှိန်အဝါများက ပတ်ဝန်းကျင်မှ လူများကို အသက်ရှူရခက်နေစေသည်။ ထို့ကြောင့် လူများသည် ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။
ရွှီး...
အလင်းတန်းတစ်ခုသည် တည်နေရာပြောင်းရွှေ့အစီအရင်မှနေ၍ ကောင်းကင်ထက်သို့ ပျံတက်သွား၏။ လော့ဖူတို့က အစီအရင်ထဲဝင်ကာ ပျောက်ကွယ်သွားကြသည်။ မကြာခင်မှာပင် အရှေ့ဘက်မှနေ၍လည်း လူအယောက်သုံးဆယ်ကျော်လောက်က တည်နေရာပြောင်းရွှေ့အစီအရင်ထံသို့ ပျံသန်းလာကြ၏။ လောမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများလည်း ထွက်လာပေပြီ။ ထို့ကြောင့် နတ်သိမ်းငှက်မြို့တစ်ခွင်လုံးက လှုပ်လှုပ်ရွရွ ဖြစ်လာလေသည်။
သာမန်အခြေအနေတွင် မျိုးနွယ်တစ်ခုသည် စွမ်းအားကြီး သိုင်းသမားများစွာကို တစ်ပြိုင်တည်း စေလွှတ်မည် မဟုတ်ချေ။ ယခုတွင်မူ မျိုးနွယ်ကြီးနှစ်ခုက စွမ်းအားကြီး သိုင်းသမားများစွာကို တစ်ပြိုင်တည်း စေလွှတ်နေကြသည်။ ထို့ကြောင့် ကိစ္စကြီးတစ်ခု ဖြစ်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။
လူများသည် လော့ထင်သေဆုံးခဲ့သည်ဆိုသော သတင်းနှင့် လောချင်းယန် အဖမ်းခံလိုက်ရသည်ဆိုသော သတင်းများကို သိထားကြသည်။ အစတွင် သူတို့သည် ထိုသတင်းများက ကောလာဟလများသာ ဖြစ်ရမည်ဟု တွေးကာ မယုံကြည်ခဲ့ကြပေ။ သို့သော် လက်ရှိအခြေအနေတွင် ထိုသတင်းများကို ပြန်တွေးကြည့်သောအခါ သူတို့ ယုံကြည်လာကြသည်။
“ကိစ္စကြီးတစ်ခုတော့ ဖြစ်တော့မှာပဲ”
တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေသော တိရှစစ်တပ်မှ တပ်မှူးတစ်ယောက်က တံတွေးမျိုချကာ တောင်ဘက်သို့ ကြည့်လိုက်သည်။ တောင်ဘက်ရှိ ကောင်းကင်အရောင်က အတန်ငယ် အနီရောင်သန်းလာသည်ကို မြင်ရသည်။ ထိုနေရာတွင် သွေးမုန်တိုင်းတစ်ခု ဖြစ်လာတော့မည့်ပုံပင်။
***