သိမ်းငှက်စိမ်းဘုရင်
Vol. 97 Ch. 1350
သိမ်းငှက်ပြာစီရင်စုနယ်၊ သိမ်းငှက်ပြာတောင်ပေါ်...
စွမ်းအားကြီး သိုင်းသမားတစ်စုနှင့် သိမ်းငှက်ပြာစီရင်စုနယ်မှ အရေးကြီးပုဂ္ဂိုလ်များက တောင်ပေါ်တွင် အနိမ့်ဘုံအချိန် ရက်အနည်းငယ်ကြာအောင် ရှိနေခဲ့ပြီဖြစ်သည်။ သို့သော် အားလုံး၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင် တစ်ခုပင် မတွေ့ရချေ။ အဘယ်ကြောင့်ဆိုသော် စီရင်စုနယ်အရှင်က အရှေ့ဆုံးမှနေ၍ တိတ်တဆိတ် ရပ်နေသောကြောင့်ပင်။ စီရင်စုနယ်အရှင်ပင် နှုတ်ဆိတ်နေရာ မည်သူက ဘာပြောနိုင်ပါဦးမည်နည်း။
သို့သော် လူအချို့သည် စတင်၍ စိတ်မသက်မသာ ခံစားလာကြရသည်။ ရောက်လာမည့်လူများက မည်မျှအရေးကြီးကြသနည်း။ အဘယ်ကြောင့် အားလုံးကို အချိန်အကြာကြီး စောင့်ခိုင်းထားရသနည်း။ သူတို့စောင့်နေရခြင်းက အရေးမကြီးပေ။ သို့သော် တိရှဘုံ၏ ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်သော စီရင်စုနယ်အရှင် ရှောင်ဟုန်ပင် စောင့်နေရခြင်းမှာ မဖြစ်သင့်ပေ။
လောရှန်းတစ်ယောက် ရင်ဘတ်ထဲတွင် မီးတောက်နေသည်။ မကြာသေးခင်က ကျန်းရီတို့ မျိုးနွယ်စုအပြင် ထွက်သွားပြီဆိုသော သတင်းကို သူ ရခဲ့သည်။ လော့ဖူက လော့မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ခုကို ဦးဆောင်၍ ခြင်္သေ့ပြာမြို့သို့ သွားသည်။ သူနှင့် လော့ဖူတို့က နှစ်ပေါင်းများစွာ အားပြိုင်နေခဲ့ကြသူများဖြစ်သည်။ သူက မြွေဖြစ်ပြီး လော့ဖူက သူ့လမ်းကို ဝင်ရှုပ်နေသော နဂါးဖြစ်သည်။
တိရှဘုံတွင် တိရှစံအိမ်က အာဏာအရှိဆုံးဖြစ်သည်။ သို့သော် စစ်နတ်ဘုရားစံအိမ်ကမူ အထက်ဘုံတစ်ခွင်လုံးတွင် အင်အားအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် တိရှအရှင်သည်ပင် မြို့အရှင်အားလုံးကို အကြောင်းပြချက်ကောင်းကောင်း မရှိဘဲ စစ်နတ်ဘုရားစံအိမ်နှင့် မတိုက်ခိုက်ရန် ညွှန်ကြားထားသည်။ တိရှဘုံရှိ စစ်နတ်ဘုရားစံအိမ်၏ အုပ်ချုပ်ရေးအဖွဲ့ကလည်း သူ့တို့လူများကို မလိုအပ်ဘဲ ပြဿနာမရှာရန် ညွှန်ကြားထားပေသည်။
ထို့ကြောင့် လောမျိုးနွယ်နှင့် လော့မျိုးနွယ်တို့သည် အားပြိုင်နေကြသော်လည်း ထိပ်တိုက်မတွေ့ကြသေးခြင်းဖြစ်သည်။ သို့သော် ယခုတွင် ထိုမျိုးနွယ်နှစ်ခုကြား၌ တိုက်ပွဲတစ်ပွဲ အစပျိုးနေပေပြီ။
ဤတစ်ကြိမ် တိုက်ပွဲကို စခဲ့သူမှာ လောမျိုးနွယ်ဖြစ်သည်။ လောရှန်းက လောချင်းယန်၏ အစီအစဉ်ကို ခွင့်ပြုခဲ့သူ မဟုတ်ပါလား။ ကျန်းရီက လော့မျိုးနွယ်၏ လက်ထဲသို့ ရောက်သွားသည်နှင့် အရူးလော့ဖူသည် သေချာပေါက် လောမျိုးနွယ်ကို အင်အားကုန်သုံး၍ တိုက်ခိုက်မည်ဖြစ်သည်။ သိမ်းငှက်ပြာစီရင်စုနယ်အရှင်သည်ပင် လော့ဖူကို တားနိုင်မည် မဟုတ်ချေ။
လောရှန်းသည် လော့ဖူအကြောင်းကို ကောင်းစွာသိသည်။ ထိုလူက အလွန်ဝံ့ဝါကာ ရက်စက်သူဖြစ်သည်။ သူသည် ပုံမှန်ဆိုလျှင် မည်သို့မှ လုပ်မည် မဟုတ်ပေ။ သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် သေချာပေါက် သွေးထွက်သံယို ဖြစ်သွားမည်သာ။ သူက ခြင်္သေ့ပြာမြို့သို့ ကိုယ်တိုင် သွားခဲ့ပြီဖြစ်၍ လောချင်းယန်အတွက် အန္တရာယ်ရှိနေပေပြီ။ ထို့ပြင် လောမျိုးနွယ်တစ်ခုလုံးအတွက်လည်း အန္တရာယ်ရှိနေပေသည်။
လောရှန်းသည် ထိုအကြောင်းများကို တွေးကြည့်ယုံဖြင့်ပင် တလှုပ်လှုပ်တရွရွ ဖြစ်လာလေသည်။ သူက ရှောင်တိကို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။ သူ ဆက်၍ စိတ်မထိန်းနိုင်တော့သဖြင့် အံကြိတ်ကာ ရှောင်တိအား ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြောပြရန် ဟန်ပြင်လိုက်သည်။ သူသည် ရှောင်တိကို သူနှင့်အတူ ခြင်္သေ့ပြာမြို့သို့ သွားစေလိုပေသည်။ လောချင်းယန်က ရှောင်တိ၏ မြေးနှင့် စေ့စပ်ထားပြီးပေပြီ။ သို့ဖြစ်ရာ ရှောင်တိက လောချင်းယန် သေမည်ကို ထိုင်ကြည့်မနေလောက်သည် မဟုတ်လော။ မဟုတ်လျှင် ရှောင်မျိုးနွယ်၏ ဂုဏ်သိက္ခာလည်း ထိခိုက်သွားနိုင်သည် မဟုတ်ပါလား။
ရွှီး...
ထိုအခိုက်တွင် သူတို့အရှေ့မှ တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာပြီး အလင်းတန်းတစ်တန်းက ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ အလင်းတန်းက တောက်ပလွန်းသဖြင့် ကောင်းကင်တစ်ခွင်လုံး လင်းထိန်သွားသည်။ လောရှန်းသည် လျှာဖျားသို့ ရောက်နေပြီဖြစ်သော စကားလုံးများကို ပြန်မျိုချလိုက်ရလေသည်။ အရေးကြီးပုဂ္ဂိုလ်များက ထိုနေရာသို့ ရောက်လာပေပြီ။ ထိုကဲ့သို့သော အချိန်တွင် မည်သူကမှ လှုပ်လှုပ်ရွရွ လုပ်ဝံ့မည် မဟုတ်ပေ။ လုပ်ဝံ့သူများ ရှိလျှင်လည်း ရှောင်ဟုန်က ထိုလူများကို ခက်ထန်စွာ ကိုင်တွယ်လိုက်မည်ဖြစ်သည်။ ထို့ကြောင့် လောရှန်းသည် ရွေးချယ်စရာ မရှိတော့ဘဲ ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို မျိုသိပ်ကာ ဆက်စောင့်ဆိုင်းနေလိုက်ရတော့သည်။
ငါးမိနစ်ကြာပြီးနောက် တည်နေရာပြောင်းရွှေ့အစီရင် ပတ်ပတ်လည်မှ အလင်းတန်းက ပျောက်ကွယ်သွားသည်။ ထိုကဲ့သို့ အားကောင်းသော တည်နေရာပြောင်းရွှေ့အစီအရင်သည်ပင် တည်နေရာပြောင်းရွှေ့ပေးနိုင်ရန် ငါးမိနစ်လိုအပ်ခဲ့သည်။ ထို့ကြောင့် တည်နေရာပြောင်းရွှေ့လာသူများက မည်မျှဝေးသောနေရာမှ တည်နေရာပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ လူနှစ်သောင်းသည် တည်နေရာပြောင်းရွှေ့အစီအရင်ကို စိုက်ကြည့်နေကြပြီး ၎င်းအတွင်းမှ မည်သူများထွက်လာမည်ကို တွေ့လိုနေကြလေသည်။
တည်နေရာပြောင်းရွှေ့အစီအရင်ထဲတွင် လူရိပ်ကိုးခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ အရှေ့ဆုံးတွင် ရပ်နေသော ရှောင်ဟုန်က ထိုလူများကို ကြည့်လိုက်ပြီး ချက်ချင်း ဒူးတစ်ဘက်ထောက်ကာ အော်ပြောလိုက်သည်။
“ရှောင်ဟုန် အရှင်မိုနဲ့ ကျန်အရှင်အားလုံးကို နှုတ်ခွန်းဆက်သပါတယ်”
ဒုတ်...ဒုတ်...
လူနှစ်သောင်းစလုံးသည် တစ်ပြိုင်တည်း ဒူးထောက်လိုက်ကြ၏။ လူများစွာသည် ဧည့်သည်များကို မြင်ပင် မမြင်လိုက်ရချေ။ သို့သော် ယခုတွင် သူတို့သည် မော်မကြည့်ဝံ့ကြပေ။ ရှောင်ဟုန်ကပင် ဒူးထောက်နေပြီဖြစ်ရာ မည်သူက ရပ်နေဝံ့ပါဦးမည်နည်း။ အရှင်မို... အရှင်မိုမှာ တိရှအရှင်၏ မျိုးနွယ်မှ မျိုးနွယ်ဝင်တစ်ယောက်ပင်။ သူ၏ အမည်အပြည့်အစုံမှာ မိုလင်းချိုးဖြစ်သည်။ သူက တိရှစံအိမ်၏ အုပ်ချုပ်ရေးအဖွဲ့မှ လက်ထောက်စံအိမ်အရှင်ဖြစ်သည်။ တိရှအရှင်၏ မျိုးရိုးအမည်မှာလည်း ‘မို’ပင်ဖြစ်ပေသည်။
မိုလင်းချိုးက အလွန်ဂုဏ်သရေကြီးပုံ ပေါ်သည်။ သူသည် လူငယ်လေးတစ်ယောက်ကဲ့သို့ ဖြစ်ပြီး သူ့မျက်နှာပေါ်၌ ဇရာ၏ အရိပ်အယောင်တစ်ခုပင် မတွေ့ရချေ။ သူက ဇရာဖြို ဝိညာဉ်သစ်သီးများကို စားသုံးထားခြင်းဖြစ်မည်။ သူ၏ အသားအရေးက ကြေးညိုရောင်ဖြစ်ပြီး သူ၏ ရုပ်သွင်က ခံ့ညားပေါ်လွင်သည်။ သူ၏အကြည့်ကလည်း နက်ရှိုင်းပြီး ဓားတစ်ချောင်းကဲ့သို့ စူးရှတောက်ပသည်။ သူ့မျက်ဝန်းများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်တုန်သွားမည်ဖြစ်သည်။ သူ၏ နှာတံနှင့် မျက်ခုံးကလည်း ဖြောင့်စင်းသည်။ သူသည် အမှန်တကယ် ဆွဲဆောင်မှုရှိသူတစ်ယောက်ပင်။
မိုလင်းချိုးသည် ရှောင်ဟုန်တို့ကို တစ်ချက်ပင် မကြည့်ဘဲ သူ့ဘေးရှိ အသက်လတ်ပိုင်းအရွယ် လှပကြော့ရှင်းသော အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ ထိုအမျိုးသမီးသည်လည်း အတော်လေး အသက်ကြီးရပေမည်။ သူမ၏ မျက်ဝန်းထောင့်စွန်း၌ ကျီးကန်းခြေထောက်ကဲ့သို့ အရေးအကြောင်းများ ပေါ်နေပေပြီ။ သို့သော် သူမ၏ ကိုယ်လုံးကိုယ်ပေါက်က လှပနေဆဲပင်။ ထို့ပြင် သူမ၏ ရုပ်ရည်ကလည်း လှပနေသေးသည်။ ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ငယ်ရွယ်ခဲ့စဉ်တွင် ထိပ်တန်းအလှပဂေးတစ်ယောက် ဖြစ်ခဲ့ရပေမည်။
အမျိုးသမီးသည် မြစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်ကလည်း မြစိမ်းရောင်ပင်။ သူမ၏ ဆွဲဆောင်မှုအရှိဆုံးအရာမှာ သူမ၏ဆံပင်ထဲတွင် ပုန်းကွယ်နေသော အစိမ်းရောင်ဦးချိုလေးများဖြစ်သည်။ သူမက ထူးခြားသော မျိုးနွယ်တစ်ခုမှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်နိုင်သည်။ သူမအနောက်တွင် လူငါးယောက်ရှိသည်။ သူတို့အားလုံးက အစိမ်းရောင် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ သူတို့၏ မျက်နှာထားများက အေးစက်နေပြီး သူတို့၏ မျက်ဝန်းများက ဝံ့ကြွားမှုများနှင့် ပြည့်နှက်နေသည်။ သူတို့၏ ဆံပင်ထဲတွင်လည်း တူညီသော ဦးချိုလေးများ ရှိပေသည်။
‘သူတို့အကုန်လုံးက တိထျန်းတွေပဲ။ မိုလင်းချိုးနဲ့ အဲ့မိန်းမကလည်း တိထျန်းတွေ ဖြစ်ရမယ်’
ဒူးထောက်နေသောလူများ စတင် ရင်ခုန်လာသည်။ သူတို့သည် မိုလင်းချိုးကို ယခင်က ကြားခဲ့ဖူးသည်။ သို့သော် သူ့ကို မည်သူကမှ မမြင်ဖူးခဲ့ပေ။ ယခုတွင် သူ၏ အရှိန်အဝါသည် သူက အမှန်ပင် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သည်ဟု သူတို့ကို ခံစားနေရစေသည်။
တိထျန်းဆိုသည်မှာ တိရှစံအိမ်က သုံးနှုန်းသော အသုံးအနှုန်းဖြစ်သည်။ စစ်နတ်ဘုရားစံအိမ်ကမူ သူတို့ကို နတ်ဘုရားဧကရာဇ်များဟု ခေါ်ပြီး မိစ္ဆာသတ်ဖြတ်စံအိမ်က မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားဟု ခေါ်သည်။ အမည်ကို မည်သို့ခေါ်ပါစေ အဓိပ္ပာယ်မှ အတူတူသာဖြစ်သည်။ ထိုကျင့်ကြံခြင်းအဆင့်ကို ရောက်နေခြင်းမှာ သူတို့က အထွတ်အထိပ်အဆင့် တိထျန်းများ ဖြစ်နေပြီဆိုသော အဓိပ္ပာယ်ပင်။ သူတို့က တိရှဘုံ၏ စွမ်းအားအကြီးဆုံးသူများ ဖြစ်ပေသည်။
“မိုလင်းချိုးက သူနဲ့အတူ ကိုယ်ရံတော်နှစ်ယောက် ခေါ်လာတယ်။ သူတို့က ဟိုလူခြောက်ယောက်နဲ့ အတူလာတာဖြစ်မယ်။ ဒါပေမဲ့ ဘာလို့ အဲ့လူခြောက်ယောက်က သိမ်းငှက်ပြာစီရင်စုနယ်ထဲမှာ ရှိနေရတာလဲ။ သူတို့က ဘယ်မျိုးနွယ်ကလဲ။ တိရှဘုံမှာ အဲ့လိုစွမ်းအားကြီးမျိုးနွယ်မျိုး ရှိတယ်လို့ ငါ မကြားဖူးပါဘူး။ အဲ့အမျိုးသမီးက မိုလင်းချိုးနဲ့တောင် အတူလာနိုင်တာလား’
လူများ၏ ခေါင်းထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာသည်။ မိုလင်းချိုက ပြုံး၍ စကားစလိုက်သဖြင့် လူအုပ်၏ အတွေးစများ ရပ်တန့်သွားသည်။ လူအုပ်က ဒူးထောက်လျက်နှင့်ပင် မိုလင်းချိုး ပြောလိုက်သည်။
“အစ်မမူ... ဒါက သိမ်းငှက်ပြာစီရင်စုနယ်ပါ။ ရဲတိုက်ထဲကို ကြွပြီး လက်ဖက်ရည်လေး သောက်ပါဦး။ ရှောင်ဟုန်တို့က ကျွန်တော်တို့ကို စောင့်နေတာ ကြာပါပြီ။ အစ်မ သူတို့ကို လေးစားမှုနည်းနည်း ပြရမယ် မဟုတ်လား”
“မောင်လေးမိုက ပြောမှတော့ အစ်မက သူတို့ကို လေးစားမှု ပြရမှာပေါ့”
အမျိုးသမီး၏ လေသံထဲတွင် ဝံ့ကြွားမှုများ ပါဝင်သည်။ သူမသည် မိုလင်းချိုးထက်ပင် အဆင့်အတန်းမြင့်ဟန် ပြုမူနေသည်။ သို့သော် မိုလင်းချိုးက ထိုသို့ဆက်ဆံခံရသည်ကို အသားကျနေပုံပင်။ သူသည် ညင်သာစွာ ပြုံးလိုက်ပြီး အမျိုးသမီးကို မလှမ်းမကမ်းရှိ ရဲတိုက်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ ရှောင်ဟုန်သည်လည်း လူအနည်းငယ်ကို ခေါ်၍ သူတို့နောက်မှ ထပ်ကြပ်မကွာ လိုက်သွားလိုက်သည်။ ရှောင်ဟုန်က အိမ်ရှင်အဖြစ် အရှေ့မှ ဦးဆောင်နိုင်ရန် အကောင်းဆုံး ကြိုးစားနေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
“ကောင်းပြီ... အားလုံးပဲ ထကြပါ”
ရှောင်ဟုန်က ဧည်သည့်များကို ဧည့်ခံရန် လူအနည်းငယ်နှင့် ထွက်သွားသောအခါ ရှောင်တိက လူအုပ်နှင့်အတူ ကျန်ခဲ့သည်။ မိုလင်းချိုးတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ ရှောင်တိက ထရပ်၍ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အားလုံးပဲ မြို့တော်ကိုသွားပြီး စောင့်နေကြပါ။ စီရင်စုနယ်အရှင်က ခင်ဗျားတို့ကို အချိန်မရွေး ဆင့်ခေါ်နိုင်ပါတယ်။ အဲ့အရေးကြီးပုဂ္ဂိုလ်တွေက ကိစ္စတစ်ခုရှိလို့ ဒီကို ရောက်လာတာထင်တယ်။ အဲ့တော့ အဆင်သင့် စောင့်ဆိုင်းနေကြပါ”
အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ ထိုအခါမှ လောရှန်းသည် ရှောင်တိထံ စိတ်လှုပ်တရှား လျှောက်သွားပြီး လက်ဆုပ်၍ ပြောလိုက်သည်။
“အရှင်ရှောင်တိ... စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ ချင်းယန်က အန္တရာယ်ကြီးထဲ ရောက်နေပြီ... သူ အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်ပါတယ်”
ရှောင်တိက ရှောင်ဟုန်နောက်သို့ လိုက်မသွားခဲ့ခြင်းမှာ လောရှန်းတစ်ယောက် မျက်စိမျက်နှာပျက်နေသည်ကို တွေ့ခဲ့၍ဖြစ်သည်။ တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်းလည်း သူ ခန့်မှန်းမိခဲ့သည်။ ထို့ကြောင့် သူသည် အပိုစကားများ ပြောမနေတော့ဘဲ ရှောင်မျိုးနွယ်မှ တပည့်တစ်ယောက်ကို မှာကြားစရာရှိသည်များ မှားကြား၍ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
“သွားကြစို့... ချင်းယန်လေး သေလို့ မဖြစ်ဘူး။ မဟုတ်ရင် ကျုပ်တို့ မြေးလေးက စိတ်ဆိုးလို့ ဆုံးမှာ မဟုတ်တော့ဘူး။ ကျုပ်ရဲ့ မြေးချွေးမကို ဖမ်းသွားရဲတဲ့သူက ဘယ်သူပဲဖြစ်ဖြစ်... သေရမယ်”
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်”
လောရှန်းသည် မျက်ရည်ကျလုနီးပါးပင် ဖြစ်နေ၏။ ရှောင်တိက ထိုသို့ပြောလိုက်သည့်အပြင် ကိုယ်တိုင်လည်း သွားပေးမည်ဖြစ်၍ လောချင်းယန်အတွက် မျှော်လင့်ချက် ရှိသွားပြီဖြစ်သည်။ ထို့ပြင် လော့မျိုးနွယ်မှ လော့ဖူပင် သေသွားနိုင်သည်။ သို့ဖြင့် လောရှန်းနှင့် ရှောင်တိတို့သည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ပျံဝင်ကာ သိမ်းငှက်ပြာတောင်ပေါ်မှနေ၍ ပျောက်ကွယ်သွားလေတော့သည်။
***
“အစ်မမူ...”
သိမ်းငှက်ပြာတောင်ပေါ်ရှိ အခမ်းနားဆုံး ရဲတိုက်ထဲတွင် ရှောင်ဟုန်က သူ့တွင်ရှိသည့် အကောင်းဆုံး ဝိညာဉ်သစ်သီးများနှင့် ဝိညာဉ်လက်ဖက်ရည်များကို ဧည့်သည်များအား ဧည့်ခံနေသည်။ ခေတ္တကြာပြီးနောက် မိုလင်းချိုးက အစ်မမူကို ကြည့်ကာ မေးလိုက်သည်။
“ကျွန်တော်တို့က သိမ်းငှက်ပြာစီရင်စုနယ်ကို ရောက်လာပါပြီ။ အဲ့တော့ ကျွန်တော်တို့ ဒီမှာ ဘာလုပ်ရမှာလဲဆိုတာကို အစ်မမူ ပြောပြသင့်ပြီ မဟုတ်လား”
အစ်မမူသည် မည်သို့မှ မပြောဘဲ သူမနောက်ရှိ တုတ်ခိုင်သော အသက်လတ်ပိုင်းအရွယ် ယောက်ျားကို ငဲ့ကြည့်လိုက်သည်။ ထိုယောက်ျားက အစိမ်းရောင်တောက်ပနေသော ပုလဲစိမ်းတစ်လုံးကို ထုတ်လိုက်၏။ ထို့နောက် သူက မျက်လုံးများ မှိတ်လိုက်လေသည်။ ခေတ္တကြာပြီးနောက် သူသည် မျက်လုံးပြန်ဖွင့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အရှင်မ... ကျွန်တော် အာရုံခံမိပါပြီ။ သခင်မလေးက သိမ်းငှက်ပြာစီရင်စုနယ်ရဲ့ တောင်ပိုင်းမှာပါ”
“သခင်မလေးတဲ့လား...”
မိုလင်းချိုး မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် အံ့ဩတကြီးဖြင့် မေးလိုက်သည်။
“အစ်မမူ... အဲ့သခင်မလေးဆိုတာက သိမ်းငှက်စိမ်းဘုရင်ရဲ့ သမီးတော်လား။ အဲ့ဒါက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ”
အစ်မမူက ထရပ်၍ ပြန်ပြောလိုက်၏။
“မောင်လေးမို... အကြောင်းစုံကို နောက်မှ ရှင်းပြပါမယ်။ အခု အစ်မတို့ သခင်မလေးကို သွားရှာသင့်ပြီ။ သွားကြစို့...”
“သိမ်းငှက်စိမ်းဘုရင်လား...”
ရှောင်ဟုန်သည် အစ်မမူတို့က မည်သူများဖြစ်ကြောင်း တစ်ချိန်လုံး တွေးနေခဲ့သည်။ သို့သော် ထိုစကားများကို ကြားလိုက်သောအခါ သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားလေသည်။ ထို့နောက် သူ အလွန်စိတ်လှုပ်ရှားလာသည်။ သိမ်းငှက်စိမ်းဘုရင်၏ သမီးတော်က သိမ်းငှက်ပြာစီရင်စုနယ်ထဲတွင် ရှိနေသည်လော။ သူမ မည်သည်မှ ဖြစ်၍ မရပေ။ မဟုတ်လျှင် သိမ်းငှက်စိမ်းဘုရင်က သူ့ကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်ပေလိမ့်မည်။
“ကျွန်တော် အစ်မနဲ လိုက်ခဲ့ပါမယ်”
မိုလင်းချိုးသည် ထိုကိစ္စက အရေးကြီးကိစ္စဖြစ်ကြောင်း သဘောပေါက်သွား၍ အစ်မမူတို့နောက်သို့ ခပ်သွက်သွက် လိုက်သွားလိုက်သည်။ ရှောင်ဟုန်သည်လည်း တုန်တုန်ယင်ယင်ဖြင့် နောက်မှ လိုက်သွားလေသည်။
“အရှင်တို့... ကျွန်တော် လမ်းပြပါမယ်”
***