← Chapters

မိုးဖွဲတောင်တန်း

Vol. 97 Ch. 1351

မိုးဖွဲတောင်တန်း

Vol. 97 Ch. 1351

ခြင်္သေ့ပြာမြို့၏ အရှေ့ဘက်တွင် မိုးဖွဲတောင်တန်းဟု ခေါ်သည့် ကျယ်ပြောသော တောင်တန်းဒေသတစ်ခုရှိသည်။ ထိုနေရာ၏ မြေမျက်နှာသွင်ပြင်က အလွန်ထူးခြားသည်။ မက်စောက်‌သော တောင်ထွတ်များနှင့် တိမ်လွှာများလည်း ရှိသည်။ တိမ်များ၊ မြူများကြောင့် ထိုနေရာရှိ မြင်ကွင်းက မရှင်းပေ။ ကောင်းကင်စိတ်အာရုံပင် ထိုနေရာတွင် များစွာအသုံးမဝင်ပေ။

ထိုတောင်တန်းဒေသတစ်ခွင်လုံးကို ထူထပ်သော သစ်ပင်များက ဖုံးလွှမ်းထားသည်။ ကြည့်လိုက်သည့်နေရာတိုင်းတွင် အိုမင်းသော သစ်ပင်များကို တွေ့ရသည်။ ထိုသစ်ပင်များ၏ သက်တမ်းကိုမူ ကောင်းကင်သာ သိပေလိမ့်မည်။ ထို့ကြောင့် ထိုဒေသတစ်ခွင်တွင် သစ်သားဓာတ် ဟွင့်သွမ့်သားရဲများစွာ ပေါက်ဖွားလာကြသည်။ သစ်သားဓာတ် ဟွင့်သွမ့်သားရဲများက တောအုပ်များထဲတွင် ပုန်းကွယ်ခြင်း၌ အထူးကျွမ်းကျင်သည်။ ထို့ကြောင့် ၎င်းတို့၏ ရန်သူများက ၎င်းတို့ကို ပြန်လည်မတိုက်ခိုက်နိုင်ကြချေ။ သို့ဖြစ်၍ မိုးဖွဲတောင်တန်းသည် သာမန်နတ်ဘုရားများအတွက် ပြန်လမ်းမဲ့တောင်တန်းဟု ကျော်ကြားသည်။ နတ်ဘုရားဘုရင်များသည်ပင် ဒေသအတွင်းသို့ နက်နက်ရှိုင်းရှိုင်း မဝင်ဝံ့ကြပေ။

အန္တရာယ်များသော နေရာများတွင် ရတနာများစွာနှင့် ပြည့်နှက်နေတတ်သည်။ ထိုလူသူကင်းရှင်းသော တောင်များပေါ်တွင် ဝိညာဉ်ဆေးပင်များနှင့် မသေမျိုးဆေးပင်များစွာ ရှိသည်။ ထို့ကြောင့်လည်း ခြင်္သေ့ပြာမြို့က ထိုဆေးပင်များကို ရှာရန် တာဝန်များ ထုတ်ပြန်ခြင်းဖြစ်သည်။ ခြင်္သေ့ပြာမြို့၏ တိရှစံအိမ်၊ မိစ္ဆာသတ်ဖြတ်စံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်တို့က အခြားမြို့များမှ စံအိမ်ခွဲများထက် ပို၍ တိုးတက်မှု မြန်ကြသည်။ ထို့ပြင် ခြင်္သေ့ပြာမြို့ရှိ စံအိမ်သုံးခု၏ သေဆုံးနှုန်းကလည်း သိမ်းငှက်ပြာစီရင်စုနယ်ထဲတွင် အမြင့်ဆုံးဖြစ်သည်။

ကျန်းရှောင်နူက ဆေးပင် စုဆောင်းရမည့် တာဝန်ကို လက်ခံခဲ့ခြင်းဖြစ်နိုင်သည်။ သူမသည် ခြင်္သေ့ပြာမျိုးနွယ်စုသို့ ရောက်ကတည်းက တာဝန်များကို မရပ်မနား လက်ခံခဲ့သည်။ အထူးကြိုးစား လုပ်ဆောင်ခဲ့သည်။ ကြိုးစားမှုကို သူမ၏ အလှ၊ အပြစ်ကင်းမှုနှင့် ငယ်ရွယ်မှုတို့ ထပ်ပေါင်းလိုက်သောအခါ သူမသည် တိရှစံအိမ်တွင် ကျော်ကြားလာတော့သည်။ လူငယ်များစွာသည် သူမကို အရူးအမူး လိုချင်နေကြပေသည်။

“သခင်... သခင်မရှောင်နူက တောင်တန်းဒေသကို ဝန်းရံထားတဲ့ မြူထူတောင်ထွတ်နားမှာ ရှိနေပါတယ်။ သူရဲ့ အမြန်နှုန်းအရဆို သူ မကြာခင် ရောက်သွားတော့မှာပါ”

ဂူမူသည် အခြေအနေကို ရှင်းရှင်းလင်းလင်း စုံစမ်းခဲ့ပြီး အသေးစိတ်ရေးဆွဲထားသော မြေပုံတစ်ချပ်ကိုပင် တောင်းခဲ့သည်။ လမ်းတွင် အန္တရာယ်များနှင့် ရင်မဆိုင်ရပါက သူတို့သည် မြူထူတောင်ထွတ်သို့ ရောက်ရန် အနိမ့်ဘုံအချိန် သုံးရက်လောက် လိုအပ်မည်ဖြစ်သည်။ သို့သော် လမ်းတွင် မည်သည့်အရာမှ ဖြစ်မည်မဟုတ်ဟု သူတို့ သေချာပါသလော။ ဂူမူ၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုများနှင့် ပြည့်နှက်နေပေသည်။

လောချင်းယန်က လှေဝမ်းထဲတွင် တိတ်တဆိတ် ထိုင်နေသည်။ သူမ၏ မျက်နှာကလည်း ညှိုးနွမ်းနေသည်။ သူမသည် လော့ဖူက သူ့လူများနှင့်အတူ သူမတို့ထံသို့ လာနေပြီဆိုသော သတင်းကို ရထားပြီဖြစ်သည်။ ရှောင်တိနှင့် လောရှန်းတို့ကလည်း လမ်းတစ်ဝက်သို့ ရောက်နေပြီဖြစ်သည်။ သို့သော် သူမက ထိုအကြောင်းကို မသိထားပေ။ လောရှန်းက အမြန်ဆုံး လာလိုခဲ့သဖြင့် လောချင်းယန်ကို သတင်းပို့ရန် အချိန်မရှိခဲ့ခြင်းဖြစ်ပေသည်။

ထို့ကြောင့် လောချင်းယန်တစ်ယောက် စိုးရိမ်ပူပန်နေသည်။ သူမ မသေလိုသေးသလို လော့မျိုးနွယ်၏ လက်ထဲလည်း မရောက်သွားလိုပေ။ ယခုတွင် ကျန်းရီ၏ အမိန့်မရလျှင်ပင် သူမက ကျန်းရီကို ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာတော့မည်ဖြစ်သည်။ ကျန်းရီသေလျှင် သူမလည်း သေရမည် မဟုတ်ပါလော။

သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်ရသောအခါ လောချင်းယန်၏ ဦးနှောက်က အလွန်လျင်မြန်စွာ အလုပ်လုပ်လာသည်။ သူမသည် နည်းလမ်းအမျိုးမျိုးကို စဉ်းစားလိုက်သည်။ ထို့နောက် ရုတ်တရက် သူမ ဂူမူကို လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

“ကျွန်မကို မိုးဖွဲတောင်တန်းရဲ့ မြေပုံတစ်ချပ် ပေးပါ”

ဂူမူက ကျန်းရီ လှမ်းကြည့်၏။ ကျန်းရီသည် မျက်လုံးမှိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းမှု အခြေအနေသို့ ဝင်ထားသည်။ ထိုအခိုက်တွင် သူ မျက်လုံးမဖွင့်ဘဲ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ ထိုမှ ဂူမူက လောချင်းယန်ကို မြေပုံတစ်ချပ်ပေးလိုက်၏။ လောချင်းယန်သည် မြေပုံကို အသေးစိတ် လေ့လာလိုက်လေသည်။ တစ်နာရီကြာပြီးနောက် သူမ မေးလိုက်သည်။

“ကျွန်မတို့က ဘယ်ကို သွားနေတာလဲ... ဘာသွားလုပ်မှာလဲ။ ကျွန်မကို ကိစ္စအကုန်လုံး ပြောပြနိုင်မလား”

ဂူမူက ကျန်းရီကို ကြည့်လိုက်ပြန်၏။ ကျန်းရီကလည်း ထပ်မံ၍ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ ‌လောချင်းယန်က သူ၏ဝိညာဉ်ကျွန် ဖြစ်နေပြီဖြစ်၍ သူ့ကို ထိခိုက်အောင် လုပ်မည် မဟုတ်သလို သူ့အပေါ်လည်း မကောင်းကြံမည် မဟုတ်ပေ။ ကျန်းရီသည် ထိုအချက်ကို အလွန်သေချာပေသည်။

ဂူမူသည် လောချင်းယန်ထံ အသံပို့လွှတ်၍ အရာအားလုံးကို ပြောပြလိုက်သည်။ လောချင်းယန်က သူမဘာသာ တွေးတောလိုက်၏။ ငါးမိနစ်ကြာပြီးနောက် သူမပြောသည်။

“လော့ဖူက နတ်ဘုရားဘုရင် အယောက်သုံးဆယ်ကို ဦးဆောင်ပြီး လာနေတယ်။ ကျွန်မတို့နောက်မှာ ပါလာတဲ့ နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက်ကို ပေါင်းထည့်လိုက်ရင် စုစုပေါင်း နတ်ဘုရားဘုရင် လေးဆယ့်ရှစ်ယောက်ပဲ။ သူတို့ထဲမှာ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် နှစ်ယောက်နဲ့၊ အဆင့်မြင့် နတ်ဘုရားဘုရင် ဆယ်ယောက်ပါတယ်။ လောမျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတွေလည်း လာနေကြပြီ။ ဒါပေမဲ့ ကျွန်မအဖေက သိမ်းငှက်ပြာတောင်ပေါ်မှာ ခြေချုပ်မိနေတုန်းပဲထင်တယ်။ အဲ့‌တော့ ကျွန်မတို့ရဲ့ အင်အားနဲ့ပဲဆိုရင် သေချာပေါက် လော့ဖူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ ဒီအခက်အခဲကနေ အသက်ရှင်ရက် ကျော်ဖြတ်ချင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်”

ဂူမူ၏ မျက်လုံးများ အရောင်လက်သွားသည်။ ထိုသခင်မလေးလောက ငယ်စဉ်ကတည်းက ဉာဏ်ကောင်းခဲ့သူတစ်ယောက်ဖြစ်သည်။ သူမ၏ အစီအစဉ်ဆွဲနိုင်စွမ်းက အလွန်ကောင်းမွန်သည်။ ယခု သူမက သူတို့ကို ကယ်တင်နိုင်မည့် အစီအစဉ်တစ်ခုကို ဆွဲပြီးသွားခြင်းလော။ နောက်ဆုံးတွင် ကျန်းရီသည် မျက်လုံးဖွင့်ကာ လောချင်းယန်ကို ကြည့်လိုက်၏။

“ငါတို့က ဘယ်လိုလုပ်ရမှာလဲ”

လောချင်းယန်သည် မြေပုံကို စားပွဲပေါ် တင်၍ အစက်တစ်ခုကို ညွှန်ပြလိုက်သည်။

“ဒါက မြူထူတောင်ထွတ်ပဲ။ ကျွန်မတို့က သခင့်ရဲ့ ညီမလေးကို အဲ့မှာ ကယ်ကြမှာမလား။ ခြင်္သေ့ပြာမျိုးနွယ်စုရဲ့ တိရှစံအိမ်က တပ်မှူးတစ်ယောက်ရဲ့ သားက သူ့ကို ဒုက္ခပေးဖို့ ကြံနေတယ်လို့ ကျွန်မ အဘိုးဂူမူဆီက ကြာပြီးပါပြီ”

ကျန်းရီက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်...”

“အဲ့ဒါဆို...”

လောချင်းယန်က ယုံကြည်မှုရှိရှိ ဆက်ပြောသည်။

“အစောတုန်းက ကျွန်မတို့တွေ ရောက်လာပြီး တိရှစံအိမ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင် လုပ်လိုက်တော့ အဲ့တပ်မှူးကလည်း အဲ့အကြောင်းတွေကို သိသွားမှာပဲ။ ဒီတော့ တပ်မှူးရဲ့သားက သူ့လူတွေကို စုပြီး မြူထူတောင်ထွတ်နားကို သွားလောက်မှာပဲ”

“ဖြစ်နိုင်ပါတယ်...”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ငါတို့က အဖွဲ့ခေါင်းဆောင်သုံးယောက်ကို မေးခဲ့တာပဲ။ အဲ့ကိစ္စကို တိရှစံအိမ်ရဲ့ တပည့်တွေမသိအောင် ဖုံးကွယ်ထားလို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ငါတို့ကို တိုက်ခိုက်ချင်ရင်လည်း ဘာအရေးလဲ။ ငါတို့မှာ ရန်သူတွေ အများကြီး ရှိနေပြီးပြီ။ သူတို့ကို ထပ်ပေါင်းထည့်လိုက်ရုံနဲ့ ဘာမှ ကွဲပြားသွားမှာ မဟုတ်ဘူး...”

“မှားတယ်...”

လောချင်းယန်က ခပ်ရေးရေး ပြုံးကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ပြဿနာက ခြင်္သေ့ပြာမျိုးနွယ်ရဲ့ တိရှစံအိမ်က တပည့်တွေ့က ကျွန်မနဲ့ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်ကြားက ပတ်သတ်မှုကို မသိတာပဲ။ အဲ့တော့ ကျွန်မတို့ လုပ်ရမှာက ကျွန်မတို့ မြူထူတောင်ထွတ်ကို ရောက်တာနဲ့ တပ်မှူးရဲ့သားကို သတ်ပစ်ဖို့ပဲ”

“အာ...”

ကျန်းရီနှင့် ဂူမူတို့ အံ့အားသင့်သွားကြ၏။ ရှားလွေ့ကို သတ်လိုက်လျှင် သေချာပေါက် တပ်မှူးရှားက ဒေါသူပုန်ထသွားပေလိမ့်မည်။ သို့ဆိုလျှင် သူတို့ကို ခြင်္သေ့ပြာမျိုးနွယ်စု၏ တိရှစံအိမ်နှင့် စစ်ခင်းရမည်ဖြစ်သည်။ အခြေအနေတစ်ခုလုံးကလည်း ရှုပ်ထွေးသွားပေလိမ့်မည်။ သူတို့ထံတွင် အင်အားကြီး ရန်သူတစ်ယောက် ထပ်ရှိလာလျှင် အခြေအနေက ပိုဆိုးသွားနိုင်သည် မဟုတ်ပါလော။

“ရှုပ်ထွေးအောင်လား...”

ကျန်းရီ၏ မျက်ဝန်းများ တောက်ပသွား၏။ သူ စိတ်လှုပ်တရှား ပြောလိုက်သည်။

“မင်းက အခြေအနေကို ရှုပ်ထွေးသထက် ရှုပ်ထွေးသွားအောင် လုပ်ချင်တာလား။ အရှုပ်အထွေးကြားမှာမှ ငါတို့က ရှင်သန်နိုင်မဲ့အခွင့်ရေးတစ်ခုကို ရှာနိုင်မယ်”

“သခင်က ဉာဏ်ပညာကြီးမားပါပေတယ်...”

လောချင်းယန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် မြေပုံကို ညွှန်ပြနေသော သူမ၏ လက်ညှိုးက ရွေ့သွားသည်။

“မြူထူတောင်ထွတ်ရဲ့ အရှေ့ဘက် ကီလိုမီတာငါးထောင်အကွာမှာ မြူထူတောအုပ်ရှိတယ်။ အဲ့တောအုပ်က အရမ်းကြီးတယ်။ မြေပုံမှာ ပြထားတာကတော့ အဲ့နေရာက အန္တရာယ်အဆင့်နံပါတ်(၃)တဲ့။ တစ်နည်းပြောရရင်တော့ နတ်ဘုရားဘုရင်တွေတောင် အဲ့ကိုသွားရင် သေရလိမ့်မယ်။ ကျွန်မတို့က သခင့်ရဲ့ ညီမလေးကို ကယ်ပြီးတာနဲ့ ချက်ချင်း အဲ့တောအုပ်ထဲကို သွားရပါမယ်...”

“အဲ့တောအုပ်ထဲမှာ ဟွင့်သွမ့်သားရဲတွေ အများကြီး ရှိပါလိမ့်မယ်။ မြေမျက်နှာသွင်ပြင်ကလည်း ကြမ်းတမ်းလိမ့်မယ်။ ပြီးတော့ တိမ်တွေ၊ မြူခိုးတွေက ကျွန်မတို့ကို ဝန်းရံထားမှာဆိုတော့ ကျွန်မတို့ရဲ့ ကောင်းကင်စိတ်အာရုံတွေကလည်း အများကြီး အထောက်အကူဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့သာ အဲ့ကိုရောက်အောင် သွားနိုင်မယ်ဆိုရင် အဘိုးဂူမူကို လော့မျိုးနွယ် ဒါမှမဟုတ် တိရှစံအိမ်က လူတစ်ယောက်လို ရုပ်ဖျက်ခိုင်းပြီး နောက်ကလိုက်လာတဲ့သူတွေကို အချင်းချင်း ပြန်တိုက်ကုန်အောင် ဝင်နှောက်ခိုင်းလို့ရပြီ။ အဲ့တော့မှသာ ကျွန်မတို့ လွတ်မြောက်နိုင်မဲ့ အခွင့်အရေးတစ်ခု ရပါလိမ့်မယ်”

“မဆိုးပါဘူး...”

ကျန်းရီသည် ထိုအစီအစဉ်ကို အစအဆုံး တွေးကြည့်ပြီးနောက် လောချင်းယန်၏ ဉာဏ်ရည်ကို ပို၍လေးစားသွားသည်။ ဂူမူကမူ မျက်နှာပျက်သွားသည်။ သူက အခြားနှစ်ဖွဲ့မှ လူများကဲ့သို့ ရုပ်ဖျက်၍ တိုက်ခိုက်ရမည်ဆိုလျှင် ရှင်သန်နိုင်လောက်မည် မဟုတ်ချေ။ လောချင်းယန်က သူ့ကို လက်စားချေလိုနေခြင်းလော။

“အချိန်ရှိပါသေးတယ်။ ဒီအစီအစဉ်ကို ပိုပြီးပြည့်စုံသွားအောင် အသေးစိတ် ဆက်စဉ်းစားပေါ့”

ကျန်းရီက လက်ဝှေ့ယမ်းကာ အရာအားလုံးကို လောချင်းယန်၏လက်ထဲ အပ်လိုက်သည်။ ဂူမူက အံ့အားသင့်ဟန် ပေါ်နေသည်။ ကျန်းရီက အဘယ်သို့ လောချင်းယန်ကို ထိုမျှယုံကြည်နိုင်ခြင်းနည်း။ လောချင်းယန်က သူ့အား အကွက်ဆင်မည်ကို မကြောက်သည်လော။ ကျန်းရီသည် မျက်လုံးမှိတ်၍ ဆက်ကျင့်ကြံလိုက်သည်။ ဂူမူလည်း ရွေးချယ်စရာ မရှိတော့သဖြင့် သူ့ရင်ထဲမှ မေးခွန်းများကို ပြန်မျိုချလိုက်ရသည်။ တစ်ချိန်တည်းမှာပင် လောချင်းယန်က သူ့ကို သေတွင်းပို့မည့် အခြားအစီအစဉ်ကို မဆွဲပါနှင့်ဟု ဆုတောင်းနေသည်။ မဟုတ်လျှင် သူတို့ထဲတွင် ပထမဆုံးသေရမည့်သူက သူဖြစ်သွားပေလိမ့်မည်။

ကျန်းရီက မျက်လုံးမှိတ်၍ ကျင့်ကြံနေစဉ်တွင် သူတို့နောက်သို့ နတ်ဘုရားဘုရင် ဆယ်ယောက်က ကပ်လိုက်လာကြသည်။ သူတို့အနောက် သုံးကီလိုမီတာ အကွာတွင်မူ နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက် ပါလာသည်။ သူတို့က ထိပ်တန်းအမြန်နှုန်းဖြင့် ပျံသန်းနေကြပေသည်။

နှစ်နာရီလောက် ကြာပြီးနောက် ကျန်းရီက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

“လောချင်းယန်... မင်းရဲ့ အစီအစဉ်မှာ ပြဿနာတစ်ခု ရှိနေတယ်။ မင်းက ကြောက်တတ်လွန်းတယ်.. ပြီးတော့ ငါ့ရဲ့ အင်အားအစစ်အမှန်ကိုလည်း မသိဘူး။ ငါတို့ဘက်က စပြီး တိုက်ခိုက်ရမယ်လို့ ငါတွေးနေတာ။ ငါတို့ အဲ့နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက်ကို အရင်သတ်ပစ်ရမယ်။ အနည်းဆုံးတော့ လော့ဖူတို့ ရောက်လာရင် ငါတို့နဲ့ မင်းရဲ့ လော့မျိုးနွယ်က စစ်ကူတပ်သားတွေ ရင်ဆိုင်ရမဲ့ လူအရေအတွက်က နည်းသွားတာပေါ့”

“အန်...”

လောချင်းယန် အံ့အားသင့်သွား၏။ ထို့နောက် အံ့ဩသောလေသံဖြင့် မေးလိုက်သည်။

“သခင်က... သူတို့ ဆယ့်ခုနစ်ယောက်စလုံးကို သတ်ပစ်နိုင်တယ်လား”

“ငါ့ကို အခွင့်အရေးတစ်ခုပဲပေး...”

ကျန်းရီနှင့် ဂူမူတို့က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ ပြီးမှ ကျန်းရီက ပြုံး၍ ဆက်ပြောသည်။

“သူတို့ထဲမှာ အဆင့်မြင့် နတ်ဘုရားဘုရင်တွေနဲ့ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်တွေ အများကြီး မပါဘူးဆိုရင် အဲ့ဆယ့်ခုနစ်ယောက် မပြောနဲ့ နတ်ဘုရားဘုရင် အယောက်တစ်ရာဆိုရင်လည်း ငါ သတ်ပစ်နိုင်တယ်”

“ဟုတ်တယ်...”

ဂူမူက ကြောက်စိတ်မပြေသေးသော လေသံဖြင့် ပြောသည်။

“ကျွန်တော်တို့က သခင့်ကို အခွင့်အရေးတစ်ခု ပေးမယ်ဆိုရင် သူက အဲ့လူဆယ့်ခုနစ်ယောက်ကို ရှင်းပစ်နိုင်ပါတယ်”

“ကောင်းပြီလေ...”

လောချင်းယန် ထရပ်လိုက်သည်။

“အခွင့်အရေးပေးဖို့က အရမ်းလွယ်ပါတယ်။ အဲ့လိုဆိုတော့လည်း အရင်ဆုံး လော့မျိုးနွယ်က လူတွေကို ရှင်းပစ်ကြတာပေါ့”

***

All Chapters