← Chapters

နရီ၁၅ ချိန်

Vol. 5 Ch. 58

နရီ၁၅ ချိန်

Vol. 5 Ch. 58

ဒီဆင်းရဲဒုက္ခမျှော်စင်က ၁၀၀ မီတာလောက် မြင့်ပါတယ်။ ဒါကြောင့် အထပ်တိုင်းက တော်တော်ကြီး မြင့်တယ်လို့ ဆိုနိုင်ပါတယ်။ ပထမထပ်ကို ဝင်သွားတာနဲ့ ကြမ်းပြင်ပေါ်မှာ အစိမ်းရောင် အင်းကွက်တွေ ချထားတဲ့ အခန်းကျယ်ကြီးထဲကို ရောက်သွားမှာပါ။ အင်းကွက်ရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ အရောင် တောက်ပနေတဲ့ မိစ္ဆာသားရဲ တစ်ကောင်က မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိ ထွက်ပေါ်လာပါတယ်။ တကယ်တော့ ဒီမျှော်စင်က ဝင်္ကပါ ပညာရပ်နှင့် ဖွဲ့စည်းထားသော မျှော်စင်တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။ မျှော်စင်ရဲ့ အတွင်းထဲမှာ မရေမတွက် နိုင်လောက်အောင် များပြားသည့် အင်းကွက်တွေ ရေးဆွဲထားပါတယ်။

ဒီအင်းကွက်တွေက ကောင်းကင်နဲ့မြေကြီးက ထွက်ပေါ်လာတဲ့ စွမ်းအင်တွေကို စုပ်ယူပြီး ဝင်္ကပါရဲ့အစွမ်းကို ပိုပြီး အစွမ်းထက်လာအောင် ထောက်ပံ့ပေးထားပါတယ်။ ဒီမိစ္ဆာသားရဲက ဝင်္ကပါရဲ့ အစွမ်းကြောင့် ဖြစ်ပေါ်လာတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မကြာခင်မှာပဲ မိစ္ဆာသားရဲက အသက်ဝင်လာပြီး လီဖူချန်းဆီကို ပြေးဝင်လာပါတယ်။ ဒီသားရဲရဲ့ လျင်မြန် သွက်လက်မှုက အဆင့်၁ မိစ္ဆာသားရဲတွေထက် လုံးဝ မလျော့ကျပါဘူး။

" ရွှမ်း"

လီဖူချန်းက မိစ္ဆာသားရဲရဲ့ တိုက်ခိုက်မှုကို အလျင်အမြန် ရှောင်တိုက်လိုက်ပြီး သူရဲ့ဓားနဲ့ မိစ္ဆာသားရဲရဲ့ လည်ပင်းကို ပြန်တိုက်ခိုက် လိုက်ပါတယ်။

" ဟင် ...

ဒီကောင်လေးက ပထမအထပ်ကို ဒီလောက်မြန်မြန်နဲ့ အောင်မြင် သွားတာလား"

အပြင်ဘက်မှာ စောင့်ဆိုင်းနေကျတဲ့ လူအားလုံးကလည်း အံ့သြနေကြပါတယ်။ ပုံမှန်အားဖြင့် ပထမထပ်ကို ဒီလိုနှုန်းနဲ့ အောင်မြင်သွားတဲ့ သူတွေက အဆင့်တစ်ခု အထိ အစွမ်းရှိကျတဲ့ သူတွေပါပဲ။

" ကြည့်ရတာ ငါသူ့ကို အထင်သေးမိသွားတာပဲ"

ကြီးကြပ်ရေးမှုး ခေါင်းဆောင်က ခေါင်းညိတ်ပြီး လီဖူချန်းရဲ့ အစွမ်းအစကို အသိအမှတ် ပြုလိုက်ပါတယ်။ ဒုတိယထပ်ကို ရောက်ရောက်ချင်းမှာပဲ အင်းကွက်တစ်ခုက လင်းလက်သွားပြီး နောက်ထပ် မိစ္ဆာသားရဲတစ်ကောင်က ထွက်ပေါ်လာပါတယ်။ ဒီသားရဲက ပထမထပ်က သားရဲထက် အင်အားကော လျင်မြန်မှု အပိုင်းမှာပါ သာလွန်ပါတယ်။

ဒီဝင်္ကပါစွမ်းအင်ကို အခြေပြုထားတဲ့ မိစ္ဆာသားရဲကို လီဖူချန်းက အားရပါးရ ဓားဖြင့် ပိုင်းလိုက်သော်လည်း လီဖူချန်းဓားချက်က မိစ္ဆာသားရဲရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ ဘာမှ ထူးထူးခြားခြား မဖြစ်သွားပါဘူး။

"ကြည့်ရတာ တကယ့် အားနည်းချက်ကို ခုတ်မိမှ ဒီမိစ္ဆာသားရဲက ပျောက်ကွယ် သွားမယ့်ပုံပဲ"

လီဖူချန်း အစောပိုင်းတုန်းက ခုတ်လိုက်တဲ့ ဓားချက်က တကယ့် အမာဆုံးဖြစ်တဲ့ ဦးခေါင်းကို ခုတ်မိလိုက်တာလေ။ ဒီမိစ္ဆာသားရဲရဲ့ တိုက်ခိုက်မှုတွေကို သေသေချာချာ လေ့လာပြီးတဲ့ နောက်မှာတော့  လီဖူချန်းက မိစ္ဆာသားရဲရဲ့ ညာဘက် လည်ပင်းအောက်ကို ဓားဖြင့် ထိုးသွင်း လိုက်ပါတယ်။

ဝုန်း ... မိစ္ဆာသားရဲရဲ့ ခန္ဓာကိုယ်က စွမ်းအင်တွေက ပေါက်ကွဲသွားပြီး

ကောင်းကင်နဲ့ မြေကြီးအနှံ့ မမြင်ရတဲ့ စွမ်းအင်အဖြစ် ပြန်ပြောင်းလဲပြီး ပျောက်ကွယ် သွားတော့တယ်။

" ဒုတိယထပ်ကို အောင်မြင်ဖို့ နရီ၁၂ချိန်ပဲ အချိန်ယူလိုက်တယ်။ ကြည့်ရတာ ဒီကောင်လေးက တတိယထပ်ကိုလည်း အောင်မြင်မယ့်ပုံပဲ"

အပြင်မှာ တန်းစီနေကျတဲ့ တပည့်တွေက မျှော်စင်ရဲ့ ဒုတိယထပ်မှာ အလင်းရောင်တွေ ထွက်ပေါ်လာတာကို မြင်လိုက်ရတဲ့အတွက် လီဖူချန်းက  ဒုတိယထပ်ကို အောင်မြင်သွားပြီ ဆိုတာကို သိလိုက်ပါတယ်။

" အဓိကက ဒီကောင်လေး တတိယထပ်ကို အောင်မြင်ဖို့ အချိန် ဘယ်လောက် ကြာမလဲဆိုတာပဲ”

" ငါ့အထင်ကတော့ နရီ၆၀ လောက် ကြာမယ်ထင်တယ်။

" မဖြစ်နိုင်ဘူး ထင်တယ်။ နရီ၆၀က အရမ်းမြန်လွန်းတယ်ဟ။ ငါကတော့ နရီ၉၀ လောက်ပဲလို့ ထင်တယ်''

အပြင်ဘက်က  လူတိုင်းက အမျိုးမျိုး ထင်ကြေး ပေးနေကြပါတယ်။

ဆင်းရဲဒုက္ခမျှော်စင်ရဲ့ တတိယထပ် အဆောင်အတွင်းမှာတော့

လီဖူချန်းက ဝင်္ကပါစွမ်းအင်တွေကနေ ဖြစ်ပေါ်လာတဲ့ သားရဲကောင်ကြီးနဲ့ တွေ့နေရပါပြီ။ လီဖူချန်းရဲ့ စိတ်အာရုံ အသိစိတ်က ဒီတတိယထပ်မှာ ရှိတဲ့အင်းကွက်တွေက လွန်ခဲ့တဲ့နှစ်ခုထက်ကို အစွမ်းထက်တယ်လို့ သတိပေးနေပါတယ်။

အူဝူး ...  ... အင်းကွက်တွေရဲ့ အလယ်ကနေ ကြီးမားတဲ့ ဝံပုလွေကြီး တစ်ကောင် ဖြစ်တည် လာခဲ့ပါပြီ။ ဒီကောင်ရဲ့ မျက်လုံးနှစ်လုံးက ကျောက်စိမ်းတုံးတွေ တပ်ထားတဲ့အတိုင်း

ဝင်းဝင်းတောက်နေ ပါတယ်။

" မြန်လှချည်လားဟ"

ဒီဝံပုလွေကြီးရဲ့ တိုက်လိုက်မှုကတော့ အရမ်းကို လျင်မြန် လွန်းနေပါတယ်။ ခန္ဓာကိုယ် တစ်ချက် လှုပ်လိုက်တာနဲ့ လီဖူချန်းရှေ့ကို ရောက်လာပြီး သင်တုန်းဓားတွေလို ထက်မြနေတဲ့ လက်သည်းတွေနဲ့ ကုတ်ဆွဲလိုက်ပါတယ်။

လီဖူချန်းက ပြန်တိုက်ဖို့တောင် အခွင့်အရေး မရလိုက်ပဲ အသည်းအသန် ခုန်ရှောင် လိုက်ရတယ်။

နောက်ထပ် အနည်းငယ်လောက် ရှောင်တိမ်း အပြီးမှာတော့ လီဖူချန်းက ဒီဝံပုလွေကြီးရဲ့ လှုပ်ရှားမှုပုံစံနဲ့ ပျော့ကွက် နေရာတွေကို ကောင်းကောင်းကြီး လေ့လာနိုင်ခဲ့ပါပြီ။

ရွှမ်း ...  ...

လီဖူချန်းက ဝံပုလွေကြီးရဲ့ အောက်ကို လှိမ့်ဝင်လိုက်ပြီး ဝမ်းဗိုက် တစ်လျှောက်ကိုဓားနဲ့ ဆွဲဖြဲလိုက်ပါတယ်။

ဒါပေမဲ့ ဒီဓားချက်က ဝံပုလွေကြီးကို မပျောက်ကွယ်သွားစေ နိုင်ခဲ့ပါဘူး။ ဒဏ်ရာ အနည်းငယ်ပဲ ရသွား စေခဲ့ပါတယ်။ အင်းကွက်တွေရဲ့ အစွမ်းကြောင့် အဲဒီဒဏ်ရာကလည်း တစ်ခဏလေး အတွင်းမှာပဲ ပြန်ကောင်း သွားခဲ့တယ်လေ။

" သြော်လက်စသတ်တော့ ဒီလိုကိုး။ ဒီတတိယထပ်က သားရဲမိစ္ဆာက တခြား အထပ်က ကောင်တွေထက် ခံနိုင်ရည်အား များနေတာကိုး။ အားနည်းချက်ကို တစ်ချက်တည်း တိုက်တာက ဒီကောင်ကြီးကို လဲပြိုသွားစေနိုင်မယ့် ပုံတော့ မပေါ်ဘူးဟ။ ငါဒီကောင်ကြီးရဲ့ ခံနိုင်ရည်ကို ကျော်လွန်နိုင်တဲ့ ဓားချက်တွေ ထုတ်မှပဲ ဖြစ်တော့မယ်။

အပြင်ဘက်မှာတော့ သဲနာရီက နရီ ၄၅ ကို ပြနေပါပြီ။

၄၅ ... ၄၆ ... ၅၀ ... နရီအထိ ရောက်ချိန်မှာတော့ တတိယထပ်မှာ အလင်းရောင် မှိန်မှိန်လေး ထွန်းလင်းလာခဲ့ပြီလေ။

" သေစမ်းကွာ"

လီဖူချန်းက မိစ္ဆာသားရဲကြီး၏ ကုတ်ပေါ်က ပျော့ကွက်နေရာကို ဓားဖြင့် အဆက်မပြတ် ခုတ်ပိုင်း လိုက်ပါတော့တယ်။ ဓားချက် လေးချက်တိတိ ထိထိမိမိ ခုတ်ပိုင်းမိလိုက်တဲ့ နောက်မှာတော့ မိစ္ဆာသားရဲကြီးက ပျောက်ကွယ် သွားခဲ့ပါပြီ။ ထို့နောက်မှာတော့ လီဖူချန်းက ဆင်းရဲဒုက္ခ မျှော်စင်ထဲက ပြန်လည် ထွက်ခွာ လာခဲ့ပါတော့တယ်။

နရီ ၅၄ ၊အဆင့် ၆၀။ တာဝန်ကျနေတဲ့ ကြီးကြပ်ရေးမှုးက ပြုံးပြီး လီဖူချန်းရဲ့ ရလဒ်ကို ကြော်ငြာလိုက်တယ်။

" ၅၄ နရီ တဲ့လား"

လီဖူချန်းက သူ့ရလဒ်ကို မအံ့သြပါဘူး။

အခုလက်ရှိ သူ့စွမ်းဆောင်ရည်နဲ့ ဖန်လီဟိုင်နဲ့ ဂေါင်ချန်းရှန်ကို မီဖို့ အများကြီး လိုသေးတယ် ဆိုတာကို သူနားလည်ပြီးသားပါ။ ဒီနှစ်ယောက်က ကျင့်စဉ် အဆင့်ပိုင်းမှာလည်း သူ့ထက်သာသလို

ကျင့်ကြံမှု အပိုင်းမှာလည်း သူ့ထက်သာပြီးသား သူတွေလေ။

ဒါပေမဲ့ လီဖူချန်းမှာ သူတို့ကို လိုက်မီနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။

သူရဲ့ ရွှေရောင် လက်ဖွဲ့အဆောင်နဲ့ ဆင့်ကဲ ပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်က လီဖူချန်းကို တခြားသူတွေထက် သာတဲ့ အခွင့်အရေး ပေးနေမှာဦးမှာပါ။

ကျောက်နံရံပေါ်မှာတော့ လီဖူချန်းနာမည်ပါတဲ့ သစ်သားပြားက အဆင့် ၆၀ မှာ ရပ်တည်နေခဲ့ပါပြီ။

" ဒါဆို ဒီကောင်က အခုနာမည်ကျော်နေတဲ့ လီဖူချန်းဆိုတဲ့ ကလေးပေါ့လေ။ ဒီကောင်က နာမည် ကျော်သလောက် ခေတဲ့သူ မဟုတ်ဘူးပဲ"

ဒီလူအုပ်ထဲမှာတော့ လီဖူချန်းနာမည်ကို ကြားဖူးတဲ့ လူတွေက တစ်ဝက်လောက် ရှိပါတယ်။

လီဖူချန်းကိုပဲ မမြင်ဖူးကျတာပါ။

" ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ ကောင်လည်းဟ။ ဒီကောင့်ရဲ့ တိုးတက်နှုန်းက ပြိုင်ဖက်ကင်း ၁၀ယောက်ထက်ကို မြန်နေတာပဲ"

" မင်းပြောတာက လက်ခံချင်စရာပါပဲ။ ဒါပေမဲ့ အားလုံး မေ့နေတာ တစ်ချက်ရှိတယ်။

တကယ်လို့ ဒီကောင့်ရဲ့ ပါရမီက ပြိုင်ဖက်ကင်း၁၀ ယောက်ထက် သာနေတယ် ဆိုရင် ကျောင်းတော်က ဘာလို့ဒီကောင့်ကို အစောကြီးကတည်းက ပါရမီရှင်အဖြစ် ပြုစုပျိုးထောင်မှု မလုပ်ခဲ့တာလဲ"

" မင်းက အဲဒါကို မသိသေးဘူးလား ... လီဖူချန်းက သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လေ။ သူက ဘယ်လောက်ထိ တိုးတက်နှုန်း မြန်မြန် ကျောင်းတော်က သူ့ကို ပါရမီရှင်အဖြစ် ပြုစုပျိူးထောင်ပေးမှာ မဟုတ်ဘူး "

“ကျွတ် ... ကျွတ် ... ဒါကတော့ အတော်ဆိုးတာပဲ။ မိုးပြာရောင်ဂိုဏ်းရဲ့ သမိုင်းမှာတောင် သာမန်အရိုး တည်ဆောက်ပုံနဲ့ ဘယ်တပည့်မှ အဆင့်မြင့်နယ်ပယ်တွေ အထိရောက်အောင် ကျင့်ကြံနိုင်တဲ့လူ မရှိဘူးလေ။ ဟုတ်တယ်မလား"

လီဖူချန်းက သာမန်အရိုး တည်ဆောက်ပုံ အဆင့်ပဲ ရှိတယ်ဆိုတာကို မသိသေးတဲ့ လူတွေအတွက်ကတော့ ဒီသတင်းက အထူးအဆန်း တစ်ခုပါပဲ။

***

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းက ဆင်းရဲဒုက္ခမျှော်စင်မှာ အဆင့်၆၀ ရခဲ့တယ် ဆိုတဲ့သတင်းက တောမီးအလား အပြင်စည်း ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။

ဒီဆင်းရဲဒုက္ခ မျှော်စင်ကအဆင့်က အရာရာကို ကိုယ်စား မပြုနိုင်ပေမဲ့ လီဖူချန်းရဲ့အဆင့်က အနည်းဆုံး အဆင့်၁၀၀ အတွင်းတော့ ဝင်နိုင်ပါတယ်။ ထိုအချိန်မှာတော့ လီဖူချန်း တစ်ယောက်က အနာဂတ်အတွက် ကြိုတင်စဉ်းစားနေပါပြီ။

" အခုအချိန်မှာတော့ ငါ့ရဲ့ထောက်ပံ့ရေးရမှတ်တွေက ငါ့အတွက် ပိုလျှံနေပေမဲ့ နောက်ထပ် လာမဲ့အဆင့်တွေမှာတော့ ငါရဲ့ ဒီရမှတ်ထက် ၁၀ဆမကတဲ့ အမှတ်တွေကို ငါလိုလာလိမ့်မယ်။

အနာဂတ်အတွက် အခုကတည်းက ငါအမှတ်တွေ ရှာဖို့ နည်းလမ်းတွေ ကြိုပြင်ဆင်ထားရမယ်။

မိုးပြာရောင်ဂိုဏ်းထဲမှာ ရမှတ်တွေရဖို့ နည်းလမ်းတွေက အရမ်းပေါများပါတယ်။

ကျင့်ကြံခြင်း လမ်းစဉ်မှာ အထောက်အပံ့ ပစ္စည်းတွေ အရမ်းလိုအပ်တယ် ဆိုတာကိုသိထားတဲ့ မိုးပြာရောင်ဂိုဏ်းက တပည့်တွေအတွက် ရမှတ်တွေ ရနိုင်မယ့် နည်းလမ်းတွေ အများအပြား သတ်မှတ် ပေးထားတယ်လေ။ ဒီလိုပဲရမှတ်တွေ ကုန်ဆုံးသွားနိုင်တဲ့ နည်းလမ်းတွေကလည်း အများကြီးပါပဲ။

အဝါရောင် ထိပ်တန်းအဆင့် သိုင်းကျမ်းတစ်ခုကိုတောင် အနိမ့်ဆုံး ရမှတ် ၁၀၀၀ ပေးပြီး လဲယူရတာလေ။ အဆင့်နိမ့် ဆန်းကြယ်အဆင့် သိုင်းကျမ်းဆိုရင်တော့ ရမှတ် ၁၀၀၀၀ တောင်ပေးရမှာပါ။ အလယ်အလတ်အဆင့် ဆန်းကြယ် သိုင်းကျမ်းဆိုရင်တော့ ရမှတ် ၃၀၀၀၀ တောင်မှပါ။ ဆေးဝါးတွေ ဆိုရင်လည်း ... အဝါရောင် အလယ်အလတ်အဆင့် ဆေးတစ်လုံးက ရမှတ် ရာနဲ့ချီပြီး တန်ပါတယ်။

အဝါရောင် အဆင့်မြင့် ဆေးတစ်လုံး ဆိုရင်တော့ အမှတ်၁၀၀၀လောက် လိုအပ်ပါပြီ။ အဝါရောင် အထွတ်အထိပ် ဆိုရင်တော့ ၇၀၀၀လောက်ကို ပေးရမှာပါ။ ဒါတောင် ချပ်ဝတ်တန်ဆာဖိုးတွေနဲ့ ရတနာလက်နက်ဖိုး အမှတ်တွေကို ထည့်မတွက်ရသေးပါဘူး။ လီဖူချန်းတို့လို အပြင်စည်း တပည့်တွေအနေနဲ့က ဒါတွေ မလိုအပ်သေးလို့ပါ။

တစ်ညလုံး စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သတ္တုရိုင်းတောင်တွေ ဘက်သွားပြီး ကံပြန်စမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သတ္တုတူးခြင်းနဲ့ ငါးမျှားခြင်းဆိုရင် ငါးမျှားတာက လီဖူချန်းအတွက် ပိုသေချာပါတယ်။ လီဖူချန်းရဲ့ ကျွမ်းကျင်မှုနဲ့ ဆိုရင် တစ်လကို ရမှတ် ၁၀၀၀၀ လောက်ကတော့ အသာလေးပါပဲ။ သတ္တုတူးတာကျတော့ ကံပေါ် မူတည်ပါတယ်။ ကံကောင်းရင်တော့ တစ်ချီတည်းနဲ့ ရမှတ်တွေ တစ်ထောကြီး ရနိုင်တယ်လေ။ ကံဆိုးရင်တော့ ရမှတ် ၂၀၀ လောက်ပဲရမှာပေ့ါ။ ဒါပေမဲ့ လီဖူချန်းက ကံကိုယုံပြီး ဆူးပုံနင်းဖို့ ဆုံးဖြတ် ထားပါတယ်။

သူလိုချင်တာက အမှတ် ၁၀၀၀၀၀၀ လောက်လေ။ ဒါမှ ကျင့်ကြံခြင်း လမ်းစဉ်မှာ သူက လအတန်ကြာလောက် ပူစရာမလိုပဲ အေးအေးဆေးဆေး လေ့ကျင့်နိုင်မှာပါ။ လီဖူချန်း မသိလိုက်တာ တစ်ခုကတော့ သူက သတ္တုရိုင်းတောင်ကို သွားနေတဲ့ အချိန်မှာ ကောင်းရှုက ဆင်းရဲဒုက္ခမျှော်စင်မှာ သူမစွမ်းရည်ကို သွားစမ်းသပ်နေပြီ ဆိုတာပါပဲ။

အဆင့် ၁၉၈။ သူမအဆင့်က လီဖူချန်းလောက် မကောင်းပေမဲ့လည်း သူမကို ပြိုင်ဘက်ကင်း ၁၀ယောက်ထဲက ၁ ယောက်ဟု ခေါ်တွင် စေနိုင်လောက်သည့် အစွမ်းတော့ ပြနိုင်ပါသေးသည်။ ပြီးတော့ ကျောင်းတော် အတွင်းမှာ ဘယ်အချိန်တည်းက မသိ သတင်းတစ်ပုဒ်က ပျံ့နှံ့နေပါတယ်။

အဲဒါကတော့ လီဖူချန်းနဲ့ ကောင်းရှုက မြို့တစ်မြို့တည်းက လာတာဖြစ်ပြီး ငယ်ကျွမ်းဆွေတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းပါပဲ။ ဒီသတင်းက လူအများရဲ့ အာရုံစိုက်ခြင်း ခံနေရပြီး

ကောင်းရှုကို ချိန်နေတဲ့ ဂိုဏ်းတူ အစ်ကိုကြီးတွေက လီဖူချန်းကို သမချင်နေကြပါတယ်။

***

သတ္တုရိုင်းတောင်ပေါ်မှာတော့ ... လဝက်လောက် ကြာသွားခဲ့ပါပြီ ။ လီဖူချန်းက အခုထိ ဘာသတ္တုမှ မတွေ့သေးပါဘူး။ အရင်တစ်ခေါက်က သူတော်တော်ကြီး ကံကောင်းခဲ့တယ် ဆိုတာကို လက်မခံချင်ပဲ လက်ခံလိုက်ရပါပြီ။ အခုဆိုရင် အဝါရောင် အဆင့်နိမ့် သတ္တုကြောတွေ့ခဲ့ရင်တောင် တူးပြီး သယ်သွားမည်ဟု လီဖူချန်းက တွေးနေတာ ဖြစ်ပါတယ်။

" တောက် ... ငါ့ဟာငါ မိုးပြာရောင် ရေကန်မှာ ငါးမျှားနေရင်တောင် ပိုကောင်းဦးမယ်ကွာ"

လီဖူချန်းက ဒီကို ရွေးချယ်မိတဲ့အတွက် နည်းနည်းတောင် နောင်တ ရလာမိတယ်။ လီဖူချန်းက သတ္တုရှာဖွေတာကို လက်လျော့လိုက်ပါပြီ။ ဖြေသာစရာ တစ်ခုကတော့ ဒီအတောအတွင်းမှာ သူ့ရဲ့ ကြက်သွေးရောင်မီး ကျင့်စဉ်က အဆင့်၈ အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်သဖြင့် ကြက်သွေးရောင်မီး ဆေးလုံးကို သောက်သုံးလို့ရပြီ ဆိုတာပါပဲ။ ကြက်သွေးရောင် မီးအဆီအနှစ်တွေ စုထားတဲ့ ဒီဆေးလုံးနဲ့ဆိုရင် အဆင့်၉ကို ရောက်ဖို့က အခက်အခဲ မရှိပါဘူး။

ဂိုဏ်းတော်က ကြက်သွေးရောင် အဆင့်၉ အထိကို တစ်နှစ်အတွင်း ရောက်အောင် လေ့ကျင်နိုင်မယ် ဆိုရင် ရမှတ် ၁၀၀၀၀၀ ပေးမှာ ဖြစ်ပါတယ်။

***

All Chapters