← Chapters

အစီအစဉ်စပြီ *

Vol. 97 Ch. 1352

အစီအစဉ်စပြီ *

Vol. 97 Ch. 1352

အနိမ့်ဘုံအချိန် တစ်ရက်ခွဲအတွင်းမှာပင် နတ်ဘုရားလှေက မိုးဖွဲတောင်တန်းဒေသထဲ ရောက်သွားသည်။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ သူမြင်လိုက်ရသော အရာများက သူ့ကို အတော်လေး အံ့အားသင့်သွားစေသည်။ အမှန်ပင် အထက်ဘုံ၌ မရှိသောအရာဟူ၍ မရှိပေ။

တောင်တန်းဒေသထဲ ရောက်သည်နှင့် မိုးဖွဲလေးက အဆက်မပြတ် ရွာသွန်းနေသည်။ ကျန်းရီတို့၏ နတ်ဘုရားလှေက မြူခိုးများပေါ်မှနေ၍ ဖြတ်ပျံနေ၍ အောက်ဘက်မှ မြင်ကွင်းကို မမြင်ရပေ။ အားကောင်းသော ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားသည့် ဂူမူသည်ပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ သူတို့ အောက်သို့ ပျံဆင်းပြီးမှသာ ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်လာရပေသည်။

သာမန်အခြေအနေတွင်ဆိုလျှင် မိုးဖွဲတောင်တန်းဒေသထဲသို့ ဝင်လာသူများသည် ဦးတည်ရာသို့ မရောက်သေးဘဲ သဘောရှိ မဆင်းသက်ဝံ့ကြပေ။ အောက်ဘက်တွင် မည်သည့်အန္တရာယ်များရှိနေကြောင်း မည်သူမှ မသိနိုင်သည် မဟုတ်လော။ သူတို့၏ ကောင်းကင်စိတ်အာရုံများကလည်း ကန့်သတ်ခံထားရရာ သူတို့သည် ဒေသတွင်း၌ ဖြည်းဖြည်းချင်းသာ ပျံသန်းဝံ့ကြပေသည်။

“ဘယ်လောက်တောင် ကောင်းလိုက်တဲ့ နေရာလဲ”

ကျန်းရီသည် ရင်ထဲမှနေ၍ ကောင်းကင်ကို ကျေးဇူးတင်လိုက်၏။ လောချင်းယန်က ဤဒေသထဲတွင် လှုပ်ရှားလိုခြင်းမှာ အံ့ဩစရာမရှိပေ။ သူတို့သာ ဤနေရာတွင် ပုန်းအောင်းနေမည်ဆိုလျှင် အထက်မှ ပျံသန်းသွားသော လူများက သူတို့ကို အာရုံခံနိုင်မည် မဟုတ်ချေ။ အနည်းဆုံးတော့ ထိုလူများက သူတို့ကို အာရုံခံနိုင်ရန် သူတို့နှင့် ကီလိုမီတာအနည်းငယ်အတွင်း၌ ရှိနေရပေမည်။ ထိုသို့နီးကပ်နေလျှင်လည်း သူတို့၏ ရန်သူများကို အလစ်ဝင်တိုက်နိုင်မည့် အခွင့်အရေးက ပိုများသွားမည်ဖြစ်သည်။ ထို့ပြင် ကျန်းရီနှင့် ဂူမူတို့နှစ်ယောက်စလုံးက ရုပ်ဖျက်အတတ်တွင် ကျွမ်းကျင်ကြပေသည်။

“ငါတို့ စကြတော့မလား”

ကျန်းရီက လောချင်းယန်ကို လှည့်ကြည့်၍ မေးလိုက်သည်။ အနိမ့်ဘုံအချိန် တစ်ရက်ခွဲ ကုန်သွားပြီဖြစ်သည်။ လော့ဖူတို့က သူတို့ကို မီလာပြီလော၊ မမီလာသေးဘူးလောကို မည်သူမှ မသိပေ။ အကယ်၍ သူတို့ တိုက်ခိုက်နေချိန်တွင် လော့ဖူတို့ ရောက်လာပါက သေရမည့်သူများမှာ သူတို့ ဖြစ်သွားနိုင်ပေသည်။

“မရသေးဘူး”

လောချင်းယန်က ခေါင်းခါသည်။

“ကျွန်မတို့က အခုမှ မိုးဖွဲတောင်တန်းဒေသကို ဝင်ခါစပဲ ရှိသေးတယ်။ လော့မျိုးနွယ်က နတ်ဘုရားဘုရင်တွေက သေချာပေါက် သတိကြီးကြီး ထားနေကြမှာပဲ။ အခု ကျွန်မတို့ သူတို့ကို အလစ်ဖမ်းမိမှာ မဟုတ်ဘူး။ အလစ်ဖမ်းမိလိုက်ရင်တောင် ကျွန်မတို့လည်း အပြင်းအထန် ဒဏ်ရာရသွားမှာပဲ။ ကျွန်မတို့ နောက်ထပ် ကီလိုမီတာငါးသန်း ထပ်သွားဖို့ လိုတယ်”

“ကီလိုမီတာငါးသန်းတောင်လား”

ကျန်းရီ မျက်နှာညှိုးသွားပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“တကယ်လို့ လော့ဖူတို့က ငါတို့ကို မီလာရင် ဘယ်လိုလုပ်မလဲ”

“ဟီးဟီး...”

လောချင်းယန်က ယုံကြည်မှုရှိရှိ ပြုံးလိုက်၏။

“သူတို့က အဲ့လောက်မြန်မှာ မဟုတ်ပါဘူး။ လော့ဖူတစ်ယောက်တည်းဆိုရင်တော့ အခုလောက်ဆို သူ ဒီကို ရောက်နေလောက်ပြီ။ ဒါပေမဲ့ သူက တစ်ယောက်တည်းလာတာ မဟုတ်ဘူးမလား။ သူက လူတစ်စုလုံးကို ဦးဆောင်လာရတာ။ ပြီးတော့ သူက အရမ်းဉာဏ်နီဉာဏ်နက်များတဲ့ လူတစ်ယောက်ပဲ။ သူ့လိုလူမျိုးက သေရမှာကို သေချာပေါက် ကြောက်မှာပဲ။ အဲ့တော့ ကျွန်မတို့ အောက်ကို ဆင်းသွားတာက ထောင်ချောက်ပဲလို့ ယူဆပြီး စွန့်စားမှာ မဟုတ်ဘူး။ သူ သေသွားရင် လော့မျိုးနွယ်လည်း အဆုံးသတ်သွားမှာ မဟုတ်လား”

“အဲ့ဒါဆိုလည်း ကီလိုမီတာငါးသန်း ဆက်သွားကြတာပေါ့”

ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်ပြီး ဤတစ်ကြိမ်တွင် လောချင်းယန်ကို ယုံလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုမိန်းမက အလွန်ဉာဏ်ကောင်းသည်။ ထို့ပြင် အခြားသူများက မည်သို့လှုပ်ရှားမည်ကို ခန့်မှန်းရာတွင်လည်း တော်သည်။ ကျန်းရီသည် ဤတစ်ကြိမ်တွင် မည်သည့်အမှားအယွင်းမှ မရှိနိုင်ဟု ယုံကြည်မှုရှိနေပေသည်။

အရှေ့သို့ ဆက်သွားနေရင်းဖြင့် လောချင်းယန်က ဂူမူကို သူမတို့အနောက်မှ လောမျိုးနွယ်၏ နတ်ဘုရားဘုရင်များထံ အသံပို့လွှတ်၍ ပုန်းအောင်းနေခိုင်းဖို့ ညွှန်ကြားရန် ပြောလိုက်သည်။ ဂူမူသည် အဘယ်ကြောင့် ကျန်းရီက လောချင်းယန်၏ အပြုအမူများကို မေးခွန်းမထုတ်ရသနည်းဆိုသည်ကို နားမလည်နိုင်ဖြစ်သည်။ သူက လောချင်းယန်ကို ထိုသို့ ယုံကြည်လိုက်တော့မည်လော။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသည်။ တစ်နာရီကြာပြီးနောက်တွင် ကျန်းရီတို့က ကီလိုမီတာငါးသန်း သွားပြီးသွားလေသည်။ လောချင်းယန်က ကျန်းရီထံသို့ အသံပို့လွှတ်လိုက်၏။ ထိုအခါ ကျန်းရီက နောက်လှည့်၍ ဂူမူကို အော်ပြောလိုက်သည်။

“ဂူမူ သွားတော့။ လောချင်းယန်.. မင်းက နတ်ဘုရားလှေကို မောင်းသွားပြီး အရှေ့ ကီလိုမီတာငါးရာအကွာမှာ ငါတို့ကို စောင့်နေပါ”

“အဲ့ဒါက...”

ဂူမူ တုန်ယင်သွားသည်။ နောက်ဆုံးတွင် သူ နားလည်သွားပေပြီ။ ကျန်းရီက လောချင်းယန်ကို နတ်ဘုရားလှေဖြင့် တစ်ယောက်တည်း ထွက်သွားခိုင်းနေ၏။ သူမက သူ၏ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။ မဟုတ်လျှင် လောချင်းယန်က အလွယ်တကူ ထွက်ပြေးသွားနိုင်သည်။ ဂူမူသည် ကျန်းရီကို ရင်ထဲမှ ချီးကျူးလိုက်၏။ အနိမ့်ဘုံမှနေ၍ တက်လှမ်းလာခဲ့သော ထိုနတ်ဘုရား‌လေးက အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းပေသည်။ သူက လောမျိုးနွယ်၏ သခင်မလေးကိုပင် ဝိညာဉ်ကျွန်လုပ်ထားနိုင်သည်။ ထို့ကြောင့် ဂူမူသည် ကျန်းရီ၏ ဝိညာဉ်ကျွန် ဖြစ်နေရခြင်းကို မရှက်တော့ပေ။ လောမျိုးနွယ်၏ သခင်မလေးကပင် ဝိညာဉ်ကျွန် ဖြစ်နေပြီဖြစ်ရာ သူ့ကဲ့သို့ အစေခံတစ်ယောက် ဘာကို ရှက်နေရဦးပါမည်နည်း။

နတ်ဘုရားလှေ၏ တံခါးက ပွင့်သွား၏။ ဂူမူက ကျန်းရီကို ဦး‌ဆောင်ကာ အပြင်သို့ ထွက်လိုက်သည်။ ဂူမူက အလွန်လျင်မြန်၏။ စက္ကန့်ပိုင်းအတွင်းမှာပင် သူက တောင်ခြေသို့ ရောက်သွားသည်။ ကျန်းရီသည် အမြစ်ဆေးလုံးနှင့် အမြစ်မဲ့ရေစင်တစ်စက်ကို ချက်ချင်း သောက်လိုက်၏။ ဂူမူကလည်း ကောင်းကင်စိတ်အာရုံကို ထုတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ပတ်ဝန်းကျင်တွင် မည်သည့်အန္တရာယ်မှ မရှိကြောင်း အတည်ပြုပြီးသောအခါမှ သူသည် ကျန်းရီကို ခေါ်၍ တောင်ကြားတစ်ခုဆီသို့ သွားလိုက်လေသည်။

“သခင်... ကျွန်တော် အရင် သွားတိုက်ပါမယ်။ ပြီးတော့ သခင် မလှုပ်ရှားခင်မှာ အခြေအနေကို အရင်ကြည့်ပါ။ ကျေးဇူးပြုပြီးတော့... ကျွန်တော့်ကိုပါ သတ်မပစ်ပါနဲ့”

ဂူမူက ကျန်းရီထံ အသံပို့လွှတ်လိုက်ပြီး ထောင်ထွတ်များဆီသို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။ ကျန်းရီ ပြုံးလိုက်သည်။ ထိုဂူမူသည် ကျန်းရီက ပေါင်းစည်းမီးတောက်များနှင့် သူ့ကိုပါ သတ်ပစ်မည်ကို စိုးရိမ်နေခြင်းပင်။ ကျန်းရီသည် မည်သို့မှ မပြောတော့ဘဲ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သုံး၍သာ စစ်နတ်ဘုရားစံအိမ်မှ တပည့်တစ်ယောက်အသွင် ပြောင်းလဲလိုက်သည်။ ထို့နောက် အဖြူရောင်အလင်း လက်သွားပြီး သူက ပျောက်ကွယ်သွားသည်။ သူ ပုန်းကွယ်ခြင်းအတတ်ကို သုံးလိုက်ခြင်းပင်။

ဂူမူကလည်း ပုန်းအောင်းနေပြီဖြစ်သည်။ သူက အသက်အရှိန်အဝါ မရှိသည့် ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲထားသည်။ သူ၏ ထိုပုန်းကွယ်အတတ်က အလွန်အစွမ်းထက်ပေသည်။ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် မဟုတ်လျှင် ထိုနေရာတွင် သူရှိနေကြောင်းကို သိနိုင်မည် မဟုတ်ချေ။ ဤတစ်ခေါက် သူတို့နောက်သို့ လိုက်လာသော နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက်ထဲတွင် အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် တစ်ယောက်မှ မပါပေ။

ဝှစ်...ဝှစ်...

ကျန်းရီနှင့် ဂူမူတို့ ပုန်းအောင်းပြီးနောက်တွင် လေခွင်းသံများကို ကြားလာရသည်။ လောမျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ်ယောက်က ဤနေရာသို့ ရောက်လာပေပြီ။ လောထျန်းသည်လည်း လောရှန်းကို သတင်းပို့ပြီးနောက် သူတို့နောက်သို့ အမီလိုက်လာခဲ့ခြင်းဖြစ်သည်။

ထိုလူဆယ်ယောက်သည် လောချင်းယန်၏ အစီအစဉ်ကို သိထားပြီးဖြစ်သည်။ ရိုးရိုးသားသားဆိုရလျှင် ထိုအစီအစဉ်က သူတို့ကို စိုးရိမ်စေပေသည်။ အကယ်၍ ကျန်းရီက လော့မျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက်ကို အနည်းဆုံးအနေဖြင့် အပြင်းအထန် ဒဏ်ရာရသွားအောင် မလုပ်နိုင်လိုက်လျှင် သူတို့က အနိုင်ရသွားမည်ဆိုလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပေသေးသည်။ သို့သော် လောချင်းယန်က အမိန့်ပေးလိုက်ပြီဖြစ်၍ သူတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ သူမ၏အမိန့်များကို နာခံရပေတော့မည်။

လောချင်းယန်က နတ်ဘုရားလှေပေါ်တွင် တစ်‌ယောက်တည်း ကျန်ခဲ့သည်။ သို့သော် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များက သူမကို သွားမကယ်ဝံ့ကြပေ။ ယင်းမှာ သူတို့ကို အံ့အားသင့်စေသောအရာဖြစ်သည်။ လောချင်းယန်သည် သူတို့ကို ကျန်းရီနှင့် အပြည့်အဝ ပူးပေါင်းရန်နှင့် သူမကို လာမကယ်ရန် ပြောထားသည်။ မဟုတ်လျှင် သူမ သေလိမ့်မည်ဟုလည်း ပြောသည်။ သို့သော် သူမသည် အဘယ်ကြောင့်ဆိုသည်ကိုမူ ရှင်းမပြခဲ့ပေ။ ထို့ကြောင့် နတ်ဘုရားဘုရင်များသည် မစွန့်စားဝံ့ကြချေ။ အကယ်၍ တစ်ခုခုမှားသွားလျှင် သူတို့ထဲက မည်သူကမှ တာဝန်မခံလိုပေ။

နတ်ဘုရားဘုရင် ဆယ်ယောက်သည် သူတို့၏ ကောင်းကင်စိတ်အာရုံများကို ထုတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ကြ၏။ သို့သော် သူတို့သည် ကျန်းရီနှင့် ဂူမူတို့၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ကြချေ။ ဂူမူအား ရှာမတွေ့ခြင်းကို သူတို့ မအံ့ဩပေ။ သို့သော် သာမန်နတ်ဘုရားလေးသာ ဖြစ်သော ကျန်းရီကို ရှာမတွေ့နိုင်ခြင်းမှာမူ အံ့ဩစရာပင်။ မည်သို့ပင်ဖြစ်စေ ထိုအချက်က သူတို့၏ ယုံကြည်မှုကို အနည်းငယ် မြှင့်တင်ပေးလေသည်။

“သွားကြမယ်...”

လောရွှေက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ ထို့နောက် အုပ်စုတစ်ခုလုံးက အရှေ့သို့ လျင်မြန်စွာ ဆက်ပျံသွားလိုက်ကြသည်။ ထိုအခိုက်တွင် ကျန်းရီနှင့် ဂူမူတို့ နှစ်ယောက်စလုံး တောင့်တင်းသွားသည်။ လောရွှေ၏အနောက် ကီလိုမီတာဆယ်ကျော် အကွာတွင် ‌လော့မျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက် ရှိနေသည်။

မျှော်လင့်ထားသလိုပင်...

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် အားကောင်းသော ကောင်းကင်စိတ်အာရုံသုံးခုက ပတ်ဝန်းကျင်ကို လာရောက်အာရုံခံ၏။ ကျန်းရီသည် စိတ်တည်တည်ငြိမ်ဖြင့် သူ၏အတွင်းအားကို မလှုပ်ရှားအောင် ထိန်းထားသည်။ ထို့နောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်အောင် လုပ်ထားလေသည်။ ထို့ကြောင့် ရန်သူများက သူ့ကို လုံးဝ အာရုံမခံမိကြပေ။

ကောင်းကင်စိတ်အာရုံသုံးခုက မည်သည်ကိုမှ သတိမထားမိဘဲ ကျန်းရီကို ဖြတ်ကျော်သွားကြ၏။ ထိုသို့ဖြစ်ရခြင်း၏ ပထမအကြောင်းမှာ ကျန်းရီနှင့် ဂူမူတို့က အလွန်လုံခြုံစွာ ပုန်းအောင်းနေ၍ ဖြစ်သည်။ ဒုတိယအကြောင်းမှာမူ မိုးဖွဲတောင်တန်းဒေသရှိ တိမ်များနှင့် မြူခိုးများက အလွန်ထူထပ်သဖြင့် အမြင်အာရုံနှင့် ကောင်းကင်စိတ်အာရုံတို့အပေါ် သက်ရောက်မှုရှိ၍ ဖြစ်သည်။ ကောင်းကင်စိတ်အာရုံသုံးခု ပျောက်ကွယ်သွားပြီးနောက် အခြားကောင်းကင်စိတ်အာရုံများ ဆက်၍ ရောက်ရှိလာကြသည်။ သို့သော် မည်သည့်ကောင်းကင်စိတ်အာရုံကမှ ကျန်းရီတို့ကို သတိမပြုမိဘဲ ဖြတ်ကျော်သွားကြလေသည်။ မည်သည့်နတ်ဘုရားဘုရင်ကမှ ပုန်း‌အောင်းနေသော လူနှစ်ယောက်ကို ရှာမတွေ့လိုက်ပေ။

‘ဆယ့်သုံး၊ ဆယ့်လေး၊ ဆယ့်ငါး...’

ကျန်းရီသည် သူ ခံစားခဲ့ရသော ကောင်းကင်စိတ်အာရုံ အရေအတွက်ကို စိတ်ထဲမှ ရေတွက်နေ၏။ နောက်ဆုံးတွင် သူ စိတ်အေးသွားသည်။ လူဆယ့်ငါးယောက်၏ ကောင်းကင်စိတ်အာရုံများက သူ့ကို ဖြတ်ကျော်သွားပြီဖြစ်သည်။ ယခုတွင် နောက်ဆုံး ကောင်းကင်စိတ်အာရုံနှစ်ခုသာ ကျန်တော့သည်။ ထိုနှစ်ခုကလည်း သူ့အတွက် ပြဿနာဖြစ်စေမည် မဟုတ်လောက်ပေ။

လူဆယ့်ခြောက်ယောက်၏ ကောင်းကင်စိတ်အာရုံများက ကျန်းရီကို ဖြတ်ကျော်သွားပေပြီ။ သို့သော် နောက်ဆုံးကောင်းကင်စိတ်အာရုံက သူ့အနားတွင် အတန်ကြာ ရစ်ဝဲနေခဲ့သည်။ ထို့နောက် သူ့ကို နှစ်ကြိမ်၊ သုံးကြိမ် ပွတ်တိုက်သွားသည်။

‘မကောင်းတော့ဘူး...’

ကျန်းရီ ရင်ခုန်မြန်လာသည်။ ထိုလူ၏ ကောင်းကင်စိတ်အာရုံက အရှေ့မှ ဆယ့်ခြောက်ယောက်၏ ကောင်းကင်စိတ်အာရုံထက် ပိုအားကောင်းသည်။ သူက သံသယဝင်နေခြင်းလော။

အကယ်၍ အချိန်မတိုင်သေးဘဲ ကျန်းရီတို့ကို ရှာတွေ့သွားလျှင် သူတို့၏ အားထုတ်မှုများက အချည်းနှီးဖြစ်သွားမည်သာမက သူတို့လည်း ရက်စက်စွာ အသတ်ခံလိုက်ရနိုင်ပေသည်။ ကျန်းရီ၏ ပေါင်းစည်းမီးတောက်များက အစွမ်းထက်၏။ သို့သော် သူက အလွန်နှေးလွန်းနေသည်။ သူ နတ်ဘုရားဘုရင်များအနားသို့ ကပ်မသွားနိုင်လျှင် သူတို့ကို သတ်နိုင်မည် မဟုတ်ချေ။

ဝှစ်...

ထိုအခိုက်တွင် အရှေ့မှ နတ်ဘုရားဘုရင် ဆယ်ယောက်က ရုတ်တရက် နောက်ပြန်လှည့်၍ ပျံသန်းလာကြသည်။ သူတို့ထဲမှ တစ်ယောက်က ကြောက်လန့်တကြား အော်ပြောသည်။

“ပြေးတော့.. အ‌ရှေ့မှာ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင် ရှိနေတယ်”

“အန်...”

စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များလည်း ကြောက်လန့်သွားကြ၏။ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲများက ဟွင့်သွမ့်သားရဲများထဲတွင် ကြောက်စရာအကောင်းဆုံး မဟုတ်ပါလား။ ၎င်းတို့က နတ်ဘုရားဘုရင်များကိုပင် အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ မိုးဖွဲတောင်တန်းတွင် ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲအချို့ ပုန်းအောင်းနေကြသည်ဟု ဆိုကြသည်။ ယခု ၎င်းတို့က ထွက်လာကြပြီလော။

‘တစ်ခုခုတော့ မှားနေပြီ...’

လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များသည် ချက်ချင်း အသိပြန်ကပ်သွားကြ၏။ သူတို့ပတ်ဝန်းကျင်တွင် မည်သည့် အားကောင်းသော သားရဲအရှိန်အဝါမှ ရှိမနေပေ။ ယင်းက ထောင်ချောက်တစ်ခုပင်။ ထို့ပြင် လောမျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ်ယောက်က သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ထုတ်၍ သူတို့ထံသို့ ဦးတည်ပျံသန်းလာနေပေပြီ။

ဝုန်း...

မလှမ်းကမ်းရှိ ဂူမူက စတင် လှုပ်ရှားလိုက်သည်။ သူသည် ထက်ရှသော ဓားတစ်စင်းအလား နတ်ဘုရားဘုရင်အုပ်စုထံသို့ ပျံသန်းသွားလိုက်၏။ သူ့လက်ထဲမှ သတ္တုတုတ်ကလည်း ရှည်လျားလာသည်။ ၎င်းတုတ်က ၎င်းနှင့်အတူ အနက်ရောင် အဖျက်စည်းမျဉ်းဆန်းကြယ်စွမ်းရည်တစ်ခုကို သယ်ဆောင်သွားသည်။ ဂူမူသည် ထိုတုတ်ဖြင့် နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက်ကို ခါးမှသိမ်း၍ အားကုန်ရိုက်လိုက်လေသည်။

‘လောချင်းယန်... ငါတို့ကို စိတ်မပျက်စေနဲ့’

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ လေထဲမှ နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက်ကို အာရုံခံလိုက်၏။ လောချင်းယန်၏ ပြောစကားအရ ထိုဆယ့်ခုနစ်ယောက်သည် မကြာခင်တွင် အောက်သို့ ပျံဆင်းလာရမည်ဖြစ်သည်။ အကယ်၍ ထိုခန့်မှန်းချက်က မှားသွားလျှင် သူတို့၏ အစီအစဉ်လည်း အချည်းနှီးဖြစ်သွားပေလိမ့်မည်။ တိုက်ပွဲကလည်း သွေးထွက်သံယိုဖြင့် အဆုံးသတ်သွားမည်ဖြစ်သည်။

***

All Chapters