← Chapters

ရှောင်နူ... ငါ့ကို စောင့်နေပါ

Vol. 97 Ch. 1353

ရှောင်နူ... ငါ့ကို စောင့်နေပါ

Vol. 97 Ch. 1353

လောချင်းယန်သည် ကျန်းရီကို စိတ်မပျက်စေခဲ့ပေ။ သူမက အရာအားလုံးကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များက မည်သို့ ပြုမူလိမ့်မည်ကိုပင် အမှားမရှိ ခန့်မှန်းနိုင်ခဲ့သည်။

လော့မျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက်သည် ထိုအခိုက်အထိ မတိုက်ခိုက်ခဲ့ခြင်းမှာ အနိုင်ရလိမ့်မည်ဟု ယုံကြည်မှု မရှိခဲ့၍ပင်။ သူတို့ စတင် တိုက်ခိုက်လိုက်ပြီဆိုသည်နှင့် လောမျိုးနွယ်မှ စစ်ခင်းရတော့မည်ဖြစ်သည်။ သူတို့ ကျန်းရီကို အရှင်မဖမ်းနိုင်လျှင် လော့မျိုးနွယ်ထံ၌ မည်သည့်သက်သေမှ ရှိမည်မဟုတ်ချေ။ ထိုအခါ လောမျိုးနွယ်က သူတို့ကို ပြန်ဖိအားပေးပေလိမ့်မည်။ သိမ်းငှက်ပြာမျိုးနွယ်စုအရှင်ကလည်း ထိုကိစ္စကို အသုံးချ၍ သူတို့မျိုးနွယ်ကို ပြဿနာရှာမည်ဖြစ်သည်။

ထို့ပြင် လော့ဖူက ဤနေရာသို့ လာနေပြီဖြစ်သည်။ သူတို့က လော့ဖူရောက်လာသည်အထိ စောင့်နေမည်ဆိုလျှင် ကျန်းရီကို အလွယ်တကူ ဖမ်းနိုင်လောက်ပေသည်။ ထို့ကြောင့် သူတို့သည် အလောသုံးဆယ် မလှုပ်ရှားကြဘဲ အနောက်မှသာ လိုက်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော် မိုးဖွဲတောင်တန်းဒေသထဲ ဝင်ပြီးနောက်တွင်မူ အားလုံး ပို၍ စိုးရိမ်လာကြသည်။ မိုးဖွဲတောင်တန်းဒေသ၏ မြေမျက်နှာသွင်ပြင်က အလွန်ထူးဆန်းသည်။ အခြေအနေတစ်ခုလုံးကလည်း မရှင်မလင်း ဖြစ်နေရာ မည်သည့်ကိစ္စ ဖြစ်လာမည်ကို မည်သူမှ မသိကြပေ။

ယခုတွင် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များက ရုတ်တရက်ကြီး စတင်တိုက်ခိုက်နေပေပြီ။ ထို့ကြောင့် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များသည် လောမျိုးနွယ်က ဤနေရာ၌ ထောင်ချောက်ဆင်ထားခြင်းဖြစ်မည်ဟု ယူဆလိုက်ကြသည်။ ထို့ပြင် ဂူမူကလည်း အခြားတစ်ဘက်မှနေ၍ အလစ်ဝင်တိုက်လိုက်ရာ သူတို့အားလုံး တုန်လှုပ်သွားကြပေသည်။ ထိုအခိုက်တွင် သူတို့က ဖရိုဖရဲဖြစ်သွားပြီဖြစ်၍ မည်သို့ အစွမ်းကုန် ပြန်တိုက်နိုင်ပါတော့မည်နည်း။

“ရှောင်ကြ...”

လော့မျိုးနွယ်၏ နတ်ဘုရားဘုရင်များထဲမှ စွမ်းအားအကြီးဆုံး အဆင့်မြင့် နတ်ဘုရားဘုရင်တစ်ယောက်က အော်ပြောလိုက်၏။ သူသည် အရင်ဆုံး ထိုတိုက်ပွဲကို ရှောင်လိုနေသည်။ အခြေအနေကို ပိုသိပြီးမှ ပြန်တိုက်ရမည်လော သို့မဟုတ် ထွက်ပြေးရမည်လောကို ဆုံးဖြတ်ရမည်ဖြစ်သည်။ ထို့ပြင် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များက သူတို့ကို ယပ်တောင်ပုံစံ ဗျူဟာနှင့် ဝန်းရံထားပြီး ဂူမူက အနောက်မှ တိုက်ခိုက်နေရာ သူတို့က ရန်သူပတ်လည်ဝန်းနေပေပြီ။ ထို့ကြောင့် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များစွာသည် အောက်ဘက်ရှိ ‌တောင်တန်းထဲသို့သာ ထွက်ပြေးရန် အလိုလို ဆုံးဖြတ်လိုက်ကြပြီး ဖြစ်သွားလေသည်။

တောင်တန်းတစ်ခွင်တွင် မြူခိုးများ ထူထပ်နေသည်။ အစောတွင် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များက ‌တောင်တန်းကို အာရုံခံပြီးခဲ့ပြီဖြစ်သည်။ မည်သည့်အန္တရာယ်အရိပ်အယောင်မှ မတွေ့ခဲ့ပေ။ သို့ဖြစ်ရာ သူတို့ တောင်တန်းထဲတွင် ပုန်းမည်ဆိုလျှင် လောမျိုးနွယ် နတ်ဘုရားဘုရင်များက သူတို့ကို ရှာမတွေ့လောက်ပေ။ ထို့ကြောင့် ထိုအခိုက်တွင် အများစုသည် တောင်တန်းထဲ၌ ပုန်းအောင်းနေရန် ဆုံးဖြတ်လိုက်ကြပေသည်။

‘ဟုတ်ပြီ...’

ကျန်းရီ စိတ်လှုပ်ရှားလာ၏။ တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲရတော့မည်ဆိုသော အသိက သူ့သွေးများကို ဆူပွက်လာစေသည်။ အောက်ဘက်သို့ ပျံဆင်းလာသော နတ်ဘုရားဘုရင်က ဆယ့်ငါးယောက်လောက် ရှိသည်။ ဤတစ်‌ခေါက် အနိုင်၊ အရှုံးက သူ့အပေါ်တွင်သာ မူတည်နေပေသည်။

‘ပေငါးသောင်း၊ ပေသုံးသောင်း... ပေတစ်သောင်း... ပေငါးထောင်... တိုက်ခိုက်တော့...’

ကျန်းရီသည် သူထိုင်နေခဲ့သော ကျောက်တုံးပေါ်မှနေ၍ အထက်သို့ ခုန်တက်လိုက်၏။ သူသည် လေထဲသို့ ရောက်သွားသောအခါ ရုတ်ခြည်း အော်ပြောလိုက်သည်။

“တိရှစံအိမ်က ခွေးတွေ... မင်းတို့က စစ်နတ်ဘုရားစံအိမ်က ငါ့ရဲညီနောင်တွေကို တိုက်ခိုက်ရဲတယ်ပေါ့လေ။ သေပေတော့...”

“အာ...”

အောက်ဘက်သို့ ထွက်ပြေးလာသော နတ်ဘုရားဘုရင်များသည် အံ့အားသင့်သွားကြ၏။ အောက်ဘက်မှနေ၍ လူတစ်ယောက် ထွက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားကြပေ။ ထို့ပြင် ထိုလူက စစ်နတ်ဘုရားစံအိမ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ အစောတွင် သူတို့သည် အောက်ဘက်တစ်ခွင်လုံးကို အာရုံခံကြည့်ခဲ့ကြသည်။ သို့သော် ထိုလူကို အာရုံမခံမိခဲ့ပေ။ ထိုလူက စွမ်းအားကြီး သိုင်းသမားတစ်ယောက်ပေလော။

မည်သို့ပင်ဖြစ်စေ ကျန်းရီ၏ စကားက အားလုံးကို မျှော်လင့်ချက်ရှိသွားစေသည်။ ကျန်းရီက အမှန်ပင် စစ်နတ်ဘုရားစံအိမ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်ပါက ဤတိုက်ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။ သို့သော် အတန်ငယ် သံသယဖြစ်နေသော နတ်ဘုရားဘုရင် နှစ်ယောက်ရှိနေ၏။ ကျန်းရီ ထွက်ပေါ်လာချိန်က အလွန်တိုက်ဆိုင်နေသည် မဟုတ်လော။ ထို့ကြောင့် ထိုနှစ်ယောက်သည် သတိကပ်ထားကြပေသည်။

ထိုသို့သတိကပ်ထားခဲ့ခြင်းက သူတို့၏ အသက်ကို ကယ်တင်သွားလေသည်။

ကျန်းရီ၏ လက်များက အနီရောင်၊ အပြာရောင်နှင့် ရွှေရောင်တို့ တစ်ပြိုင်တည်း တောက်ပလာပြီး သူ့လက်ထဲတွင် ပေါင်းစည်းမီးတောက်လုံးနှစ်လုံး ထွက်လာသည်။ မီးတောက်လုံးများ ထွက်ပေါ်လာသောအခါ တဖွဲဖွဲ ရွာသွန်းနေသော ထိုနေရာမှ မိုးသီးမိုးပေါက်များအားလုံး အငွေ့ပျံသွားသည်။ အောက်ဘက်မှ မြူခိုးများကလည်း မီးတောက်လုံးများ၏ အပူချိန်ကြေကာင့် လွင်ပျယ်သွားသည်။ အပင်များကလည်း ရုတ်ခြည်း ပြာကျကုန်သည်။ မီးတောက်သုံးမျိုးကို ပေါင်းစည်းထားသော ပေါင်းစည်းမီးတောက်လုံးများ၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။

“သူက ရန်သူပဲ...”

“သတ်ကြ... မဟုတ်ဘူး... ပြေးကြ...”

“အား...”

အကယ်၍ ထိုအခိုက်တွင် နတ်ဘုရားဘုရင်များက အခြေအနေကို မတုံ့ပြန်နိုင်လိုက်ပါက နတ်ဘုရားဘုရင်အဆင့်နှင့် ထိုက်တန်ကြမည် မဟုတ်ပေ။ ကျန်းရီကို သံသယဖြစ်နေခဲ့သော နတ်ဘုရားဘုရင် နှစ်ယောက်ည် ရုတ်ခြည်းပင် အဝေးသို့ ပျံပြေးနိုင်လိုက်သည်။ သို့သော် ကျန်လူများမှာမူ ခြေတစ်လှမ်း နောက်ကျခဲ့ပေပြီ။ ကြောက်မက်ဖွယ် အပူချိန်က သူတို့ကို လွှမ်းခြုံလိုက်သောအခါ သူတို့ ပြန်တိုက်သည်ဖြစ်စေ၊ ထွက်ပြေးသည်ဖြစ်စေ အလွန်နောက်ကျသွားပြီဖြစ်သည်။ အပူချိန်က အလွန်မြင့်မားသဖြင့် သူတို့၏ အရေပြားများက လောင်ကျွမ်းလာသည်။ အဆင့်နိမ့် နတ်ဘုရားဘုရင်များဆိုလျှင် စက္ကန့်ပိုင်းအတွင်းမှာပင် တစ်ကိုယ်လုံး လောင်ကျွမ်းသွားကြသည်။ စူးရှသော နာကျင်မှုက သူတို့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ မည်သူကမှ ပြေးလည်းမပြေးနိုင်တော့သလို ပြန်လည်းမတိုက်ခိုက်နိုင်ကြတော့ပေ။

ရွှစ်...ရွှစ်...

လွတ်မြောက်သွားသော နတ်ဘုရားဘုရင်နှစ်ယောက်က တိုက်ခိုက်မှုများ ထုတ်လွှတ်နိုင်လိုက်သေးသည်။ သို့သော် သူတို့ထဲမှ တစ်ယောက်၏ သွေးကြောများက လောင်ကျွမ်းသွားသဖြင့် သူ့ကောင်းကင်စွမ်းအားက ရှုပ်ထွေးသွား၏။ ထို့ကြောင့် သူသည် တိုက်ခိုက်မှုတစ်ဝက်ကိုသာ ထုတ်လွှတ်နိုင်လိုက်ပြီးနောက် ရပ်တန့်သွားလေသည်။ အခြားတစ်ယောက်၏ ကောင်းကင်စွမ်းအားများကလည်း ရှုပ်ထွေးနေသည်။ သို့ဖြစ်၍ သူသည် သူ၏စည်းမျဉ်းဆန်းကြယ်စွမ်းရည်ကို ထုတ်ရန် အာရုံမစိုက်နိုင်တော့ဘဲ ကောင်းကင်စွမ်းအားတိုက်ခိုက်မှုတစ်ခုကိုသာ ထုတ်လွှတ်၍ ကျန်းရီကို သတ်ဖြတ်ရန် ကြိုးစားလိုက်လေသည်။

ဝုန်း...

ကျန်းရီ လွင့်ထွက်သွား၏။ သူ့ရင်ဘတ်ကလည်း အတန်ငယ် ချိုင့်ဝင်သွားပြီး သူ သွေးအန်ကာ သတိလစ်မလိုပင် ဖြစ်သွား၏။ အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်နှင့် အမြစ်ဆေးလုံးတို့က သူ့အသက်ကို ကယ်တင်ခဲ့ခြင်းပင်။

‘ငါ အောင်မြင်သွားပြီ’

ကျန်းရီသည် မီးတောက်လုံးနှစ်လုံးက နတ်ဘုရားဘုရင်အုပ်စုထံ ရောက်သွားသည်ကို တွေ့လိုက်၏။ နတ်ဘုရားဘုရင်များက လေထဲတွင် တုန်ယင်နေကြသည်။ တစ်ယောက်မှ မသေသွားသော်လည်း အနည်းဆုံး ဆယ့်သုံးယောက်လောက် အပြင်းအထန် ဒဏ်ရာရသွားပေသည်။ သို့သော် လောမျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ်ယောက်၏ တိုက်ခိုက်မှုများ ကျရောက်လာသောအခါ သူတို့တော်တော်များများ နေရာမှာပင် သေသွားကြတော့သည်။ ကျန်းရီသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ စိတ်အေးသွားဟန် ပြုံးလိုက်လေသည်။

အစီအစဉ်က ပြီးပြည့်စုံခဲ့သည်။ လောချင်းယန်၏ ထောင်ချောက်ကလည်း ဟာကွက်ကင်းခဲ့သည်။ လော့မျိုးနွယ် နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက်က သေရမည့်ကံကို ပါလာပေသည်။

ဝှစ်...

ဂူမူသည် နှစ်ကြိမ် တိုက်ခိုက်ပြီးနောက် ကျန်းရီထံသို့ ချက်ချင်း ပျံသန်းလာ၏။ သူသည် ဆက်၍ တိုက်ခိုက်မနေဝံ့တော့ပေ။ အကယ်၍ ကျန်းရီကို လောမျိုးနွယ် သို့မဟုတ် လော့မျိုးနွယ်မှ တစ်ယောက်ယောက်က သတ်ပစ်လိုက်လျှင် မည်သို့လုပ်မည်နည်း။ ကျန်းရီသေလျှင် သူရော လောချင်းယန်ပါ သေသွားမည်ဖြစ်သည်။

‘အဲ့ကောင်လေးရဲ့ မီးတောက်တွေက ရူးလောက်စရာပဲ’

လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များသည် မီးကျွမ်းနေသော အလောင်းများကို ကြည့်၍ မှင်တက်နေကြ၏။ မူလတွင် သူတို့ထဲမှ အချို့က အခွင့်အရေးကို အသုံးချ၍ ကျန်းရီကို သတ်ပစ်လိုခဲ့ကြသည်။ သို့သော် ယခုတွင်မူ မည်သူကမှ ရူးရူးမိုက်မိုက် မလုပ်ဝံ့တော့ပေ။ ဂူမူက ကျန်းရီဘေးသို့ ပြန်ရောက်နေပေပြီ။ သူသည် ဆက်မတိုက်တော့ဘဲ ကျန်းရီကို ခေါ်၍ အဝေးရှိ နတ်ဘုရားလှေဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။ အားလုံးသည် လောချင်းယန်၏ အမိန့်များကြောင့် အလျင်စလို မပြုမူခဲ့ကြပေ။

ဝုန်း...ဝုန်း...ဝုန်း...

ဒဏ်ရာအနည်းငယ်သာ ရသွားသော လော့မျိုးနွယ်မှ နတ်ဘုရားဘုရင် သုံးယောက်က အသက်ရှင်ကျန်နေသေးသည်။ ထို့ကြောင့် လောရွှေတို့သည် ကျန်းရီတို့နောက် လိုက်သွားလိုလျှင်ပင် လိုက်နိုင်မည် မဟုတ်သေးချေ။ သူတို့အားလုံးသည် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များကို သတ်ပစ်ရန်သာ အစွမ်းကုန် ကြိုးစားလိုက်ကြလေသည်။

တိုက်ပွဲက ငါးမိနစ်သာ ကြာခဲ့သည်။ လော့မျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက်စလုံး အသတ်ခံလိုက်ရပေပြီ။ လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များထဲတွင်လည်း တစ်ယောက်က အပြင်းအထန် ဒဏ်ရာရသွားပြီး သုံးယောက်က ဒဏ်ရာအနည်းငယ် ရသွားသည်။ ကျန်းရီသာ မရှိလျှင် လောမျိုးနွယ်မှ နတ်ဘုရားဘုရင်အများစုလည်း တိုက်ပွဲတွင် ကျဆုံးခဲ့မည်ဖြစ်သည်။ ကျန်းရီက ပေါင်းစည်းမီးတောက်လုံးနှစ်လုံးဖြင့် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ့်သုံးယောက်ကို အပြင်းအထန် ဒဏ်ရာရသွားစေခဲ့၍သာ သူတို့က တိုက်ပွဲတွင် အသာစီးရခဲ့ခြင်းဖြစ်သည်။

ဟူး...ဟူး...

လောချင်းယန်က နတ်ဘုရားလှေထဲတွင် နာခံစွာ စောင့်ဆိုင်းနေသည်။ ဂူမူက ကျန်းရီကို‌ ခေါ်၍ နတ်ဘုရားလှေထဲသို့ ပျံဝင်လာ၏။ ဂူမသည် လှေထဲရောက်မှ သက်ပြင်းလေးလေးနှစ်ချက် မှုတ်ထုတ်လိုက်သည်။ ထိုတိုက်ပွဲ၏ အန္တရာယ်က လော့မျိုးနွယ်၏ နတ်ဘုရားဘုရင်များထံမှသာမက လောမျိုးနွယ်၏ နတ်ဘုရားဘုရင်များထံမှလည်း လာပေသည်။ အကယ်၍ လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များက လောချင်းယန်၏ အမိန့်များကို မနာခံခဲ့လျှင် မည်သို့ဖြစ်ခဲ့မည်ကို မည်သူက သိပါမည်နည်း။

“မြူထူတောင်ထွတ်ဆီကို အမြန်ဆုံး သွားလိုက်တော့။ ကျန်တဲ့ကိစ္စတွေကို လောချင်းယန်ရဲ့ အစီအစဉ်အတိုင်းပဲ ဆက်လုပ်မယ်”

ကျန်းရီက ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ ထို့ကြောင့် သူသည် လောချင်းယန်ကို အမိန့်ပေးပြီးနောက် တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာကုသရန် ဟန်ပြင်လိုက်သည်။

လော့မျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက်ကို သတ်ပြီးနောက်တွင် လောချင်းယန်၏ အစီအစဉ်အတိုင်း ဆက်လုပ်ပါက လော့ဖူတို့ကို ခေတ္တမျှ လမ်းလွှဲနိုင်မည်ဖြစ်သည်။ ထိုအချိန်အတွင်း ကျန်းရီတို့က မြူထူတောင်ထွတ်သို့ သွားကာ ကျန်းရှောင်နူကို ရှာနိုင်သည်။ ကျန်းရှောင်နူကို ရှာတွေ့သည်နှင့် သူတို့ မြူထူ‌တောအုပ်ထဲသို့ ဝင်ပြေးနိုင်ပေသည်။

“ဟုတ်ကဲ့ပါ...”

လောချင်းယန်နှင့် ကျန်းရီတို့သည် သူတို့၏ ပတ်သတ်မှုကို အပြင်လူများ မသိစေရဟု သဘောတူထားပြီဖြစ်သည်။ ထို့ကြောင့် သူမက အတန်ငယ်သာ ဦးညွှတ်လိုက်သည်။

တိုက်ပွဲပြီးဆုံးသွားပြီး အလောင်းများနှင့် ပစ္စည်းများကို သိမ်းပြီးသောအခါ လောချင်းယန်က နတ်ဘုရားလှေကို ထိန်းချုပ်၍ အောက်ဘက်သို့ ပျံဆင်း၍ အမိန့်ပေးလိုက်၏။

“လောရွှေ... ရှင့်လူနှစ်ယောက်ကို အဲ့အလောင်းတွေယူပြီး အရပ်မျက်နှာသုံးခုဆီ လူခွဲ ပျံသွားခိုင်းလိုက်ပါ။ ကီလိုမီတာငါးထောင် ပျံပြီးတိုင်း အလောင်းတစ်လောင်း ချခဲ့ပါ။ သူတို့ရဲ့ သတင်းပို့ တံဆိပ်ပြားတွေကိုလည်း သူတို့အလောင်းပေါ်မှာပဲ ထားခဲ့ပါ။ အဲ့ဒါမှ လော့ဖူက သူတို့ဘယ်သူဆိုတာ ခွဲခြားပြီး ခြေရာခံလိုက်သွားနိုင်မှာ။ ပြီးတော့ တိုက်ပွဲကရတဲ့ ပစ္စည်းအကုန်လုံးကို ဂူမူကို ပေးလိုက်ပါ။ အဲ့ဒါတွေကို ရှင်တို့ ယူထားရင် လောမျိုးနွယ်ကို ပိုပြဿနာရှုပ်စေတာပဲရှိမယ်”

“နားလည်ပါပြီ”

လော‌ရွှေက အမိန့်များကို နာခံလိုက်၏။ သူသည် လောချင်းယန်က မည်သည်ကို လုပ်လိုနေကြောင်း မသိသော်လည်း ထိုမိန်းမပျိုလေးမှာ လော့မျိုးနွယ်မှ နတ်ဘုရားဘုရင် ဆယ့်ခုနစ်ယောက်ကို အောင်အောင်မြင်မြင် အကွက်ဆင်ကာ သတ်ပစ်နိုင်ခဲ့သူတစ်ယောက်ဖြစ်၍ သူနှင့် အခြားနတ်ဘုရားဘုရင်များက ယခုတွင် အလွန်စိတ်ဓာတ်တက်ကြွနေကြပြီဖြစ်သည်။ အချို့ဆိုလျှင် ကျန်းရီနှင့် လောချင်းယန်တို့က သဘောတူညီချက်တစ်ခု ရယူထားပြီ သို့မဟုတ် ဤပြန်ပေးဆွဲမှုက အခြားအကွက်တစ်ခုဖြစ်သည်ဟုပင် စတင်တွေးလာကြသည်။ ထိုအကွက်ဆင်မှု၏ ရည်ရွယ်ချက်က ‌လော့မျိုးနွယ်ကို ရှင်းပစ်ရန် ဖြစ်နိုင်ပေသည်။

ကျန်းရီသည် လောချင်းယန်၏ အစီအစဉ်များကို အရေးမစိုက်တော့ဘဲ အားဖြည့်ဆေးလုံးတစ်လုံးကို သောက်၍ အရှေ့ဘက်သို့ လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။

“ရှောင်နူ... အလွန်ဆုံး နောက်တစ်ရက်ခွဲအတွင်းမှာ ငါ မြူထူတောင်ထွတ်ကို ရောက်လာတော့မယ်။ ငါ့ကို စောင့်နေပါ”

***

All Chapters