← Chapters

မင်းအတွက် ငါရှိတယ် *

Vol. 97 Ch. 1354

မင်းအတွက် ငါရှိတယ် *

Vol. 97 Ch. 1354

နောက်တစ်ရက်ခွဲက အလွန်အေးချမ်းနေခဲ့သည်။ လောချင်းယန်၏ လမ်းလွှဲဗျူဟာက အလုပ်ဖြစ်ခဲ့ပုံပင်။ သို့မဟုတ် လော့ဖူက သူတို့နောက်သို့ ရောင်ဝါးဝါး ဆက်မလိုက်ဝံ့တော့ခြင်းလည်း ဖြစ်နိုင်သည်။ ကျန်းရီ၏ ဒဏ်ရာများက အနည်းနှင့်အများဆိုသလို ပျောက်ကင်းနေပေပြီ။ ထို့ကြောင့် သူ လှုပ်၍ရှား၍ ရလာပြီဖြစ်သည်။ အမြစ်မဲ့ရေစင်နှင့် အမြစ်ဆေးလုံးတို့၏ ဘေးထွက်ဆိုးကျိုးကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ မြူထူတောင်ထွတ်ကလည်း တဖြည်းဖြည်း နီးလာပေပြီ။ ကျန်းရီသည် ဆက်၍ မတည်ငြိမ်နိုင်တော့သလို ဒဏ်ရာများကိုလည်း အရေးမစိုက်နိုင်‌တော့ပေ။

လောရွှေတို့က ကျန်းရီတို့နောက်မှ ဆက်လိုက်လာပြီဖြစ်သည်။ ကျန်းရီက အလွန်ပြတ်သားနေသည်။ ဤတစ်ခေါက် ခြင်္သေ့ပြာမျိုးနွယ်စုမှ တိရှစံအိမ်၏ တာဝန်နှစ်ခုတွင် ပါဝင်သူအရေအတွက်မှာ လူတစ်ရာကျော်၏။ သို့သော် သူတို့က စွမ်းအားကြီး သိုင်းသမားများ မဟုတ်ကြပေ။ တပ်မှူးရှား၏သား ရှားလွေ့နှင့် အခြား အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးအနည်းငယ်သာ ပါသည်။

ထိုအခိုက်တွင် ကျန်းရီသည် အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးများကို အရေးပင် မစိုက်တော့ချေ။ သူတို့နောက်မှ လိုက်လာသော အခမဲ့ နတ်ဘုရားဘုရင် ကိုယ်ရံတော်များသာမက ဂူမူကလည်း နတ်ဘုရားစစ်သူကြီးများကို တစ်ကိုယ်တော် သတ်ပစ်နိုင်ပေသည်။ ထို့ကြောင့် နတ်ဘုရားလှေက မြူထူတောင်ထွတ်နှင့် ကီလိုမီတာငါးရာအကွာသို့ ရောက်သွားသောအခါ ကျန်းရီသည် ဒဏ်ရာကုသနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။ အားဖြည့်ဆေးလုံးကို သောက်ထားရုံဖြင့် သူ၏သန်မာသော ခန္ဓာကိုယ်က အလိုလို ပြန်ကောင်းလာပေလိမ့်မည်။

ကျန်းရီသည် လှေ၏ နံရံအကြည်များမှနေ၍ အရှေ့ရှိ မြင်ကွင်းကို ကြည့်လိုက်၏။ သူ အလွန်လည်း စိတ်လှုပ်ရှားလာသည်။ သူ့အတွေးထဲတွင် အစေခမံလေး၏ ပုံရိပ်များသာ ရှိတော့ပေသည်။

နောက်ဆုံးတွင် အရှေ့၌ ဧရာမတောင်ထွတ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ပေတစ်သောင်းမြင့်သည်။ တောင်ထွတ်တစ်ခုလုံးကို မြူခိုးဖြူများက လွှမ်းခြုံထားသဖြင့် ရှင်းရှင်းလင်းလင်း လှမ်းမမြင်ရပေ။ ထိုနေရာရှိ မြူများက အလွန်သိပ်သည်းသည်။ ထို့ကြောင့်လည်း မြူထူတောင်ထွတ်ဆိုသော အမည်ကို ရခဲ့ခြင်းဖြစ်မည်။

ဝှစ်...

ဆူးပါသော ပန်းသီးပန်းပုံစံ တံဆိပ်ပါသည့် အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော တိရှစံအိမ်မှ သိုင်းသမားတစ်ယောက်က ပျံသန်းလာ၏။ ထိုသူမှာ တာဝန်ကို ထမ်းဆောင်နေကြသော သိုင်းသမားတစ်စုက အစောင့်အဖြစ် ချန်ခဲ့သည့် ထောက်လှမ်းရေးတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။ သူက အဝေးမှနေ၍ လှမ်းအော်ပြောသည်။

“အခု တိရှစံအိမ်က တာဝန်ထမ်းဆောင်နေတယ်။ အရှင်တို့ ကျွန်တော် ဘာကူညီပေးပါမလဲ”

ထိုထောက်လှမ်းရေးက အတော်လေး ဉာဏ်ကောင်းသည်။ သူက သူမည်သူဖြစ်ကြောင်းကိုလည်း ပြောကာ တောင်ထွတ်ပေါ်ရှိ သူ့အဖော်များကိုလည်း စွမ်းအားကြီး သိုင်းသမားများ ရောက်လာကြောင်း သတိပေးလိုက်သည်။ ကျန်းရီက ဂူမူကို ကြည့်လိုက်၏။ ဂူမူသည် နတ်ဘုရားလှေ၏ တံခါးကို ဖွင့်ကာ အပြင်သို့ ပျံထွက်သွားလိုက်သည်။ ဂူမူ၏ ကိုယ်ပေါ်တွင် တိရှစံအိမ်၏ စစ်ချပ်ဝတ် ထွက်ပေါ်လာ၏။ ထို့နောက် သူက အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ရှားလွေ့ ဘယ်မှာလဲ”

“တိရှအဆင့်လား”

တိရှစံအိမ်မှ ထောက်လှမ်းရေး မျက်မှောင်ကြုတ်သွားသည်။ တိရှအဆင့် သိုင်းသမားများက တပ်မှူးများဖြစ်ကြသည်။ တိရှအဆင့် သိုင်းသမားတစ်ယောက်က နတ်ဘုရားလှေထဲမှ ကိုယ်တိုင်ထွက်၍ မေးခွန်းမေးမြန်းနေရာ လှေထဲတွင် ကျန်ခဲ့သူက ပို၍ပင် ရာထူးကြီးသူတစ်ယောက် ဖြစ်နေသလော။ ထို့ကြောင့် ထောက်လှမ်းရေးသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။

“အရှင့်ကို တင်ပြပါတယ်... သခင်လေးရှားက တောင်ထဲမှာပါ”

“အရှေ့က လမ်းပြ”

ဂူမူက ဩဇာသံဖြင့် အော်ပြောလိုက်သည်။ ထောက်လှမ်းရေးသည် အတန်ငယ် တုံ့ဆိုင်းနေသော်လည်း မည်သို့မှ ဆက်မပြောတော့ပေ။ ‌လောရွှေတို့ကလည်း မလှမ်းကမ်းတွင် ရပ်နေကြပြီဖြစ်သည်။ ထိုစဉ် လောချင်းယန်က လောရွှေထံသို့ အသံပို့လွှတ်လိုက်သည်။

“မြူထူတောင်ထွတ်ကို ဝိုင်းထားလိုက်ပါ။ တကယ်လို့ ကျွန်မတို့က စတိုက်တဲ့သူတွေဆိုရင် ရှင်တို့ သူတို့ကို တစ်ယောက်မှ အရှင်မထားပါနဲ့။ သူတို့ထဲက တစ်ယောက်ယောက် လွတ်သွားရင် လောမျိုးနွယ် ပြဿနာတက်လိမ့်မယ်”

‘သူတို့အကုန်လုံးကို သတ်ရမှာလား’

လောရွှေ ပင့်သက်ရှိုက်လိုက်၏။ တိရှစံအိမ်တွင် စည်းမျဉ်းများရှိသည်။ တိရှစံအိမ်ဝင်များက အချင်းချင်း တိုက်ခိုက်ခွင့်မရှိပေ။ အကယ်၍ ထိုကဲ့သို့သော အဖြစ်မျိုးကို သိရလျှင် ပါဝင်သူအားလုံး အသတ်ခံရမည်ဖြစ်သည်။ လောမျိုးနွယ်က တိရှစံအိမ်မှ ဖြစ်သည်။ အကယ်၍ သူတို့က တိရှစံအိမ်ဝင်များကို သတ်ပစ်လိုက်သည်ဆိုသော အကြောင်းသာ ပေါက်ကြားသွားပါက လောမျိုးနွယ်သည် သေချာပေါက် ကြီးကြီးမားမား ပေးဆပ်ရပေလိမ့်မည်။

လောချင်းယန်သည်လည်း ထိုအကြောင်းကို သိသည်။ သို့သော် သူမတွင် ရွေးချယ်စရာ မရှိပါပေ။ ထို့ပြင် သူမထံ၌ အပြစ်ပုံချစရာလူတစ်ယောက် ရှိနေသည်။ သူမသည် ကျန်းရီထံ အပြစ်ပုံချ၍ တိရှစံအိမ်ဝင်များကို သတ်ခဲ့သူမှာ ဂူမူဟု ပြောနိုင်သည်။ ဤတစ်ခေါက်တွင် သေမည့်သူများမှ ပမွှားလေးများသာဖြစ်သည်။ ရှားလွေ့ကလည်း လောမျိုးနွယ်နှင့် မည်သို့မှ မသက်ဆိုင်ပေ။ ရှောင်တိက ဝင်ကူပြောပေးလျှင် လောမျိုးနွယ်သည် အပြစ်ဒဏ်ကြီးကြီးမားမား ခံရမည် မဟုတ်ချေ။ သို့သော် ထိုသို့ အပြစ်လွှဲချနိုင်ရန် တစ်ယောက်မှ အရှင်ထား၍ မဖြစ်ပါပေ။

“လူဖြန့်ပြီး ဒီနေရာကို ဝိုင်းထားလိုက်။ သခင်မ‌လေးပြောတာကို မှတ်ထားပါ။ တကယ်လို့ တိုက်ပွဲဖြစ်လာပြီဆိုရင် တစ်ယောက်ကိုမှ အရှင်ထားလို့ မဖြစ်ဘူး”

လောရွှေက ခပ်သွက်သွက် အမိန့်ပေးလိုက်သည်။ အခြားနတ်ဘုရားဘုရင် ကိုးယောက်သည် လျင်မြန်စွာ ပျံသန်းသွားကြပြီး ဧရာမတောင်ထွတ်ကြီးကို ဝိုင်းထားလိုက်ကြလေသည်။ သူတို့က အကွာအဝေးညီမျှစွာ လူခြားထားပြီး တောင်ထွတ်တစ်ခုလုံးကို ဝန်းရံထားပေသည်။ သို့သော် မည်သူကမှ သူတို့၏ စွမ်းအားကြီးအရှိန်အဝါကို ထုတ်လွှတ်မထားပေ။ သူတို့သည် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံ၍သာ တိတ်တဆိတ် စောင့်ဆိုင်းနေကြလေသည်။

ဝှစ်...

တောင်ထဲတွင် ဂူမူက ထောက်လှမ်းရေးနှင့်အတူ ပျံသန်းနေ၏။ နတ်ဘုရားလှေက ကျန်းရီနှင့် လောချင်းယန်တို့ကို တင်ဆောင်၍ အနောက်မှ ပျံလိုက်နေသည်။ နတ်ဘုရားလှေက အလွန်နိမ့်နိမ့် ပျံသန်းနေခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် လှေ၏ အကြည်နံရံမှနေ၍ အောက်ဘက်တွင် ဆေးပင်များ ရှာဖွေနေကြသော တိရှစံအိမ်မှ သိုင်းသမားများကို တွေ့ရလေသည်။

“ရှောင်နူက ဘယ်မှာလဲ။ ‌လောချင်းယန် ဂူမူကို ကောင်းကင်စိတ်အာရုံသုံးပြီး ရှောင်နူကို ရှာဖို့ ပြောလိုက်ပါ”

ကျန်းရီသည် အနည်းငယ် စိတ်လှုပ်ရှားလာ၍ အမိန့်ပေးလိုက်၏။ လောချင်းယန်က အပြင်သို့ အသံပို့လွှတ်လိုက်သည်။ ချက်ချင်းပင် ဂူမူသည် ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်၍ စတင် ရှာဖွေလိုက်၏။ သို့သော် တောင်က အလွန်ကြီးပြီး ထိုနေရာတွင် ကောင်းကင်စိတ်အာရုံက ကန့်သတ်ခံထားရသဖြင့် ရှာဖွေနိုင်သော အဝန်းအဝိုင်းမှာ အလွန်ကျဉ်းပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

အရှေ့သို့ နောက်ထပ် ကီလိုမီတာသုံးဆယ်နီးပါး သွားပြီးနောက် နတ်ဘုရားစစ်သူကြီး တစ်ဒါဇင်လောက်က ရုတ်တရက် ပျံသန်းလာကြ၏။ သူတို့သည် ဂူမူကို မြင်သောအခါ မျက်နှာထားပြောင်းသွားကြသည်။ သူတို့ထဲမှတစ်ယောက်က လက်ဆုပ်ကာ ပြောလိုက်သည်။

“အရှင်... ကျွန်တော်တို့က ခြင်္သေ့ပြာမြို့ရဲ့ ရှားမျိုးနွယ်ကပါ။ အရှင်က ဒီကို ဘာအကြောင်းနဲ့ ရောက်လာတာလဲဆိုတာကို သိခွင့်မရှိမလားခင်ဗျာ”

ဝုန်း...

“အား...”

ထိုအခိုက်တွင် အရှေ့မှ နေ၍ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် အကူအညီအော်‌တောင်းသံလည်း ဆက်၍ ထွက်ပေါ်လာသည်။ မကြာခင်မှာပင် စူးရှစွာ အော်လိုက်သံတစ်သံကို ကြားလိုက်ရသည်။

“အာ... အဲ့ခွေးမက ငါ့ကို တကယ် တိုက်ခိုက်ရဲတယ်‌ပေါ့လေ။ သူ့ကိုသတ်... သူ့ကိုသတ်”

“ကျွန်မက တိရှစံအိမ်က တပည့်တစ်ယောက်ပဲ။ ရှင်တို့ ကျွန်မကို သတ်လိုက်ရင် တိရှစံအိမ်က ရှင်တို့ မျိုးနွယ်ကို ရှင်းပစ်လိမ့်မယ်”

အမျိုသမီးအသံက ကျန်းရီကို ကြက်သီးများ ထသွားစေသည်။ ကျန်းရီ၏ မျက်ဝန်းများလည်း နီရဲသွားသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။

“အဲ့ဒါ ရှောင်နူပဲ။ ဂူမူ သူတို့အကုန်လုံးကို သတ်ပစ်လိုက်”

ဝှစ်...

ဂူမူသည် တစ်ချက်ပင် တုံ့ဆိုင်းမနေဘဲ ကျန်းရီ၏ အမိန့်ကို နာခံလိုက်သည်။ သူသည် ထောက်လှမ်းရေးကို လက်တစ်ဘက်ဖြင့် ဖမ်းကိုင်၍ သတ်ပစ်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် သတ္တုတုတ်ရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ သူက သတ္တုတုတ်ကို ဝှေ့ယမ်းလိုက်ရာ အရှေ့ရှိ နတ်ဘုရားစစ်သူကြီးအားလုံး သေဆုံးသွားလေသည်။

ထို့နောက် ဂူမူသည် ထက်ရှသော ဓားတစ်စင်းအလား အရှေ့သို့ ပျံသန်းသွားသည်။ ကျန်းရီနှင့် လောချင်းယန်တို့ကလည်း လှေပေါ်မှ ခုန်ချလိုက်ကြသည်။ ကျန်းရီက အမြစ်ဆေးလုံးတစ်လုံးကို ချက်ချင်း မျိုချ၍ အော်ပြောလိုက်၏။

“ရှောင်နူ... ငါလာပြီ”

“သခင်လေးလား”

အရှေ့ရှိ လေထဲတွင် ဆံပင်အစိမ်းရောင်၊ ချပ်ဝတ်အနက်ရောင်နှင့် မိန်းမလှလေးတစ်ယောက် ရှိနေသည်။ သူမက မြင်နိုင်သော သတ်ဖြတ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူမ၏ စစ်ချပ်ဝတ်ကျောဘက်ကို အစိမ်းရောင်တောင်ပံနှစ်ဘက်က ‌ဖောက်ထားသည်။ ယခုတွင် သူမ တုန်ယင်လာပြီး သူမ၏ မျက်နှာပေါ်၌ မယုံနိုင်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထို့နောက် သူမ၏ မျက်ဝန်းများမှနေ၍ မျက်ရည်များ လိမ့်ဆင်းကျလာလေသည်။

“အန်...”

ရှောင်နူကို သတ်ရန် ပျံသန်းသွားနေသော နတ်ဘုရားစစ်သူကြီး လေးယောက်နှင့် ခံ့ညားသော သခင်လေးတို့သည် ဂူမူ၏ စွမ်းအားကြီးအရှိန်အဝါကို ခံစားလိုက်ရသောအခါ ချက်ချင်း မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ သူတို့၏ လက်များက အရောင်အမျိုးမျိုး လင်းလက်နေသည်။ သို့သော် မည်သူကမှ ဆက်မတိုက်ခိုက်ဝံ့တော့ပေ။ သူတို့သည် ပျံသန်းလာသော ဂူမူနှင့် လျင်မြန်စွာ ပြေးလာသော ကျန်းရီတို့ကို ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။

“သခင်လေး... တကယ်ပဲ သခင်လေးလား။ သခင်လေး... ကျွန်မ သခင်လေးကို အများကြီး သတိရနေခဲ့တာ”

ကျန်းရှောင်နူသည် ရင်းနှီးသော မျက်နှာကို တွေ့လိုက်ရသောအခါ ခံစားချက်များကို ဆက်ထိန်းချုပ်မထားနိုင်တော့ဘဲ ဒုက္ခများစွာ ကြုံတွေ့ခဲ့ရသော ကလေးမလေးတစ်ယောက်ကဲ့သို့ ကျန်းရီ၏ ရင်ခွင်ထဲ ပျံဝင်သွားလိုက်လေသည်။ သူမက ကျန်းရီကို ထပ်မံပျောက်ကွယ်သွားမည် စိုးသည့်အလား တင်းကြပ်စွာ ဖက်ထားပေသည်။

“မကြောက်ပါနဲ့တော့ ရှောင်နူ.. ငါ ရောက်လာပါပြီ။ ဘယ်သူကမှ မင်းကို ထပ်ပြီး အနိုင်မကျင့်နိုင်တော့ဘူး”

ထိုအခိုက်တွင် ကျန်းရီ ရင်ကွဲနေလေသည်။ သူသည် တစ်ချိန်လုံး ကျန်းရှောင်နူကိုအကြောင်းကို တွေးကာ စိတ်ပူနေခဲ့ရသည်။ သူမက မတရားမှုများနှင့် တွေ့ကြုံရကာ သေသွားမည်ကို စိုးရိမ်နေခဲ့သည်။

ယခုတွင် ကျန်းရီသည် ကျန်းရှောင်နူကို လက်မတင်လေး ရှာတွေ့ခဲ့ပေပြီ။ ထို့ကြောင့် သူ့ရင်ထဲမှ အလုံးကြီး ကျသွားလေသည်။ သို့သော် ကျန်းရှောင်နူက သနားစဖွယ် ငိုကြွေးနေသည်ကို တွေ့လိုက်သောအခါ သူ့ရင်ထဲတွင် ဒေါသများ ပြည့်နှက်လာသည်။ သူ ရှားလွေ့တို့ကို တစ်ချက်ကြည့်လိုက်ပြီး ဂူမူကို အော်ပြောလိုက်သည်။

“ခင်ဗျားက လူသေတစ်ယောက်လား။ ဘာလို့ အဲ့မှာ ရပ်ကြည့်နေတာလဲ။ သူတို့အကုန်လုံးကို သတ်ပစ်လိုက်”

ဝှစ်...

ဂူမူသည် အရှေ့သို့ ပျံသန်းသွား၏။ သို့သော် ကျန်းရှောင်နူက ထိတ်လန့်တကြား ‌အော်ပြောလိုက်သည်။

“မဖြစ်ဘူး.. သခင်လေး... သခင်လေး မဆင်မခြင် သတ်လို့မရဘူး။ သူတို့က တိရှစံအိမ်ဝင်တွေ.. ပြီးတော့ ဟိုတစ်ယောက်က တပ်မှူးရှားရဲ့ သားပဲ။ သခင်လေး သူတို့ကို သတ်လိုက်ရင် ပြဿနာအကြီးအကြီး တက်သွားလိမ့်မယ်”

“သူ့အဖေက ဘယ်သူဆိုတာကို ဘယ်သူက ဂရုစိုက်လို့လဲ။ မင်းကို ထိခိုက်အောင် လုပ်တဲ့သူမှန်သမျှ သေရမယ်”

ကျန်းရီက အလွန်ခက်ထန်စွာ ပြောလိုက်သည်။ ထို့နောက် သူသည် ကျန်းရှောင်နူ၏ ကျောလေးကို ပုတ်ပေးကာ နူးနူးညံ့ညံ့ ဆက်ပြောလိုက်၏။

“မကြောက်ပါနဲ့ ရှောင်နူ... မင်းအတွက် ငါရှိပါတယ်”

“အွန်း...”

ကျန်းရှောင်နူသည် ကျန်းရီ၏စကားကို ကြားလိုက်သောအခါ မည်သည်ကိုမှ ဆက်၍ အရေးမစိုက်တော့ပေ။ သူမအတွက် ကျန်းရီက အရာအားလုံးဖြစ်သည်။ သူ ရှိနေလျှင် မိုးက မည်သည့်အခါတွင်မှ ပြိုမည် မဟုတ်ပေ။

“ဟင့်အင်း.. ခင်ဗျားတို့ ကျွန်တော့်ကို သတ်လို့မရဘူး...”

ရှားလွေ့သည် ဂူမူထံမှ သတ်ဖြတ်အရှိန်အဝါ၏ လွှမ်းခြုံမှုကို ခံထားရ၍ သနားစဖွယ် အော်ပြောလိုက်၏။ သို့သော် သူ စကားမဆုံးခင်မှာပင် ဂူမူ၏ သတ္တုတုတ်ကြီးက သူ့အပေါ် ကျလာသည်။ သူသည် ရုတ်ခြည်း အသားလုံးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားလေသည်။

***

All Chapters