မြူထူတောအုပ် *
Vol. 97 Ch. 1355
“သတ်...”
ဂူမူက လှုပ်ရှားလိုက်သောအခါ တောင်ကို ဝန်းရံထားသော လောရွှေနှင့် အခြားသူများလည်း စတင် တိုက်ခိုက်လိုက်ကြသည်။ ကျန်းရီက အမိန့်ပေးလိုက်သည့် အခိုက်တွင် မြူထူတောင်ထွတ်က လောကငရဲဖြစ်လာရန် ကံကြမ္မာရှိသွားပြီဖြစ်သည်။
မြူထူတောင်ထွတ်တွင် လူများစွာ ရှိနေသည်။ ရှောင်လွေ့က လူဆယ်ချီခေါ်ခဲ့ပြီး တူညီသော တာဝန်အတွက် လိုက်လာသူများကလည်း တစ်ရာနီးပါးရှိသည်။ ကျန်းရှောင်နူကလည်း သူမ၏အဖော် ဆယ်ချီနှင့် တာဝန်ထမ်းဆောင်ရန် လာခဲ့သည်။ ထို့ကြောင့် စုစုပေါင်း လူတစ်ရာကျော် ရှိနေသည်။ သို့သော် နတ်ဘုရားဘုရင် တစ်ယောက်မှ မပါပေ။ ကျန်းရီ၏ဘက်တွင်မူ နတ်ဘုရားဘုရင် ဆယ့်တစ်ယောက်ရှိသည်။ ထို့ကြောင့် အင်အားကွာခြားမှုက အလွန်ကြီးမားပေသည်။ ငါးမိနစ်အတွင်းမှာပင် တာဝန်နှစ်ခု လာရောက်ထမ်းဆောင်သည့် တိရှစံအိမ်မှ တပည့်အားလုံး အသတ်ခံလိုက်ရလေသည်။
ကျန်းရီက ကျန်းရှောင်နူကို ခေါ်၍ ကျောက်ထွတ်တစ်ခုပေါ်တွင် ရပ်ကာ အေးစက်စက် ကြည့်နေသည်။ သူသည် အပြစ်ရှိသည်ဟု လုံးဝမခံစားရပေ။
ထိုလူများက လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များ၏ သတ်ဖြတ်မှုကို ခံနေရခြင်းဖြစ်သည်။ လောချင်းယန်က တိရှစံအိမ်ဝင်အချင်းချင်း သတ်ဖြတ်သည်ဆိုသော သတင်း ပေါက်ကြားမည်စိုး၍ တစ်ယောက်မချန် သတ်ပစ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ကျန်းရီသည် ဤအပြစ်အတွက် သူရော လောမျိုးနွယ်ပါ တာဝန်ခံရမည် မဟုတ်ကြောင်းသိသည်။ လောချင်းယန်ကဲ့သို့ ဉာဏ်ကောင်းသူတစ်ယောက်က ထိုသို့ဖြစ်အောင် သေချာပေါက် လုပ်ဆောင်ပေလိမ့်မည်။
မျှော်လင့်ထားသကဲ့သို့ပင်...
လောချင်းယန်က လောရွှေကို တစ်ချက်ကြည့်လိုက်ရာ လောရွှေသည် သူ့လူများကို စုဝေး၍ လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များ၏ စစ်ချပ်ဝတ် အကျိုးအပဲ့များကို မမြင်သာသော နေရာတစ်ခုတွင် စွန့်ပစ်စေလိုက်သည်။ ထိုအကျိုးအပဲ့ပုံကြားတွင် ပျက်စီးနေသော သတင်းပို့ တံဆိပ်ပြားတစ်ခုကိုလည်း ရောထားလိုက်သည်။ ထိုအရာအားလုံးက နောင်တွင် ခိုင်မာသော သက်သေအထောက်အထားများ ဖြစ်လာမည်ဖြစ်သည်။
“သခင်လေးရဲ့ လက်အောက်ငယ်သားတွေက တော်တော် သန်မာကြတာပဲ”
ကျန်းရှောင်နူက အငိုတိတ်သွားပြီဖြစ်သည်။ သို့သော် သူမသည် အတန်ငယ် တုန်ယင်နေသေးဆဲဖြစ်ပြီး ကျန်းရီကို ပျောက်ကွယ်သွားမည် စိုးသည့်အလား ဆွဲကိုင်ထားသည်။ သူမ၏ မျက်လုံးရွဲကြီးများက အဖြစ်အပျက်များကို စိတ်ဝင်တစား ကြည့်နေသည်။ သို့သော် အချို့အရာများကို သူမ နားမလည်နိုင်ပေ။ ကျန်းရီသည် အချိန်တိုအတွင်း အဘယ်သို့ နတ်ဘုရားဘုရင်များစွာကို သူ့လက်အောက်သို့ သိမ်းသွင်းနိုင်ခဲ့ခြင်းနည်း။ ကျန်းရီက နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်နေပြီလော။ သို့ရာတွင် ကျန်းရီ၏ အရှိန်အဝါက အလွန်အားနည်းနေပေသေးသည်။
ကျန်းရှောင်နူသည် ထိုနေရာရှိ နတ်ဘုရားဘုရင် ဆယ်ယောက်က အချိန်မရွေး ကျန်းရီအား သတ်ပစ်နိုင်ကြောင်းကို မသိပေ။ သူမ၏ သခင်လေးက ထူးကဲသူတစ်ယောက် ဖြစ်သည်ဟုသာ ဂုဏ်ယူနေသည်။ သူမသည် တစ်ချိန်လုံး အစွမ်းကုန် ကြိုးစားနေခဲ့သော်လည်း တိရှစံအိမ်၏ တရားဝင်တပည့်အဆင့်သို့သာ ရောက်နိုင်ခဲ့သည်။ ကျန်းရီကမူ နတ်ဘုရားဘုရင်တစ်စုကိုပင် ထိန်းချုပ်ထားနိုင်ပေသည်။
“ကောင်းပြီ... အခု ကျွန်မတို့ ထွက်သွားနိုင်ပါပြီ”
လောချင်းယန်သည် လောရွှေထံမှ သတင်းရပြီးနောက် ကျန်းရီကို လေးလေးစားစား တင်ပြလိုက်သည်။ ကျန်းရှောင်နူသည် လောချင်းယန်ကို စိုးရိမ်ဟန်ဖြင့် ကြည့်လိုက်၏။ လောချင်းယန်၏ အငွေ့အသက်နှင့် ရုပ်ရည်က အံ့မခန်းပင် မဟုတ်ပါလား။ ကျန်းရီက အထက်ဘုံတွင် နောက်မိန်းမတစ်ယောက် ရနေသည်လော။
“သွားကြစို့...”
ကျန်းရီသည် ကျန်းရှောင်နူ၊ လောချင်းယန်နှင့် ဂူမူတို့ကို နတ်ဘုရားလှေထဲ ခေါ်သွားလိုက်၏။ ထို့နောက် သူတို့သည် အနီးရှိ မြူထူတောအုပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်ကြသည်။ ကျန်းရှောင်နူသည် နတ်ဘုရားလှေပေါ်သို့ ရောက်သောအခါ သူမတို့က ဆန့်ကျင်ဘက်အရပ်သို့ သွားနေကြောင်း သိလိုက်၍ အတန်ငယ် အံ့အားသင့်စွာ မေးလိုက်၏။
“သခင်လေး... ကျွန်မတို့က ဘယ်ကို သွားနေတာလဲ”
“ဟားဟား... စိတ်မပူပါနဲ့။ မင်း ငါ့နောက်ကိုသာ လိုက်ခဲ့ရုံပါပဲ။ ငါတို့နောက်မှာ ခွေးရူးတစ်အုပ် ရှိနေသေးတယ်”
ကျန်းရီသည် ကျန်းရှောင်နူကို ခေါ်၍ အရှေ့လှေဝမ်းထဲရှိ ထိုင်ခုံတစ်လုံးတွင် ထိုင်လိုက်၏။ ထို့နောက် သူမ၏ ပိုးသားဆံနွယ်များကို နူးညံ့စွာ ပွတ်သပ်ပေး၍ ရင်နာဟန်ဖြင့် ပြောလိုက်သည်။
“ရှောင်နူ... ဒီတစ်ခေါက် မင်း အများကြီး ဒုက္ခခံခဲ့ရပြီ။ အဲ့ဒါတွေက ငါ အသုံးမကျလို့ ဖြစ်ရတာပါ”
“ကျွန်မ ဒုက္ခမခံခဲ့ရပါဘူး”
ကျန်းရှောင်နူက ခေါင်းခါ၏။ ထို့နောက် ခံစားချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကျန်းရီကို ကြည့်လိုက်သည်။
“သခင်လေးနဲ့သာ အတူရှိနိုင်မယ်ဆိုရင် ကျွန်မ ဒီထက်ဆယ်ဆပိုဆိုးတဲ့ ဒုက္ခတွေကိုလည်း ခံဖို့အသင့်ပါပဲ”
‘ညီမလေးတဲ့လား... သူတို့ပုံစံက ချစ်သူရည်းစားတွေကျနေတာပဲ...’
လောချင်းယန်သည် ဘေးတွင်ရပ်ကာ တွေးတောနေ၏။ ကျန်းရီက လောချင်းယန်ကို ကြည့်လိုက်ပြီး သဘောမကျသော လေသံဖြင့် ပြောလိုက်သည်။
“မင်းက အဲ့မှာ ဘာရပ်လုပ်နေသေးတာလဲ။ ထွက်သွား...”
လောချင်းယန်သည် အတန်ငယ် မနာလိုဟန်ဖြင့် ထွက်သွားလိုက်၏။ ထိုမှ ကျန်းရှောင်နူက မေးလိုက်သည်။
“သခင်လေး သူက ဘယ်သူလဲ။ ပြီးတော့ အဲ့နတ်ဘုရားဘုရင်အုပ်စုက သခင်လေးရဲ့ လူတွေလား”
“အဲ့ဒါက ဇာတ်လမ်းရှည်ကြီးပဲ။ နောက်မှ ငါ မင်းကို ပြောပြပါမယ်”
ကျန်းရီက ခပ်သဲ့သဲ့ပြုံး၍ ပြန်ပြောလိုက်သည်။
“မင်းနဲ့ ခြင်္သေ့ပြာမြို့အကြောင်းကိုပဲ ပြောကြတာပေါ့။ မင်းကို တခြားဘယ်သူတွေ အနိုင်ကျင့်ခဲ့သေးလဲ။ ငါ မင်းအတွက် လက်စားချေပေးမယ်”
“အွန်း...”
ကျန်းရှောင်နူက သူမ၏ ဇာတ်ကြောင်းကို ပြန်ပြောလေသည်။ ဇာတ်ကြောင်းကို သူမက ခြင်္သေ့ပြာမြို့အနီးရှိ နေရာတစ်ခုသို့ ရောက်သွားသည်က စသည်။ ထို့နောက် သူမသည် ခြင်္သေ့ပြာမျိုးနွယ်စုထဲသို့ ခေါ်သွားခံရပြီး တိရှစံအိမ်ထဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။ တိရှစံအိမ်ထဲဝင်ပြီးနောက် ခက်ခဲသော တာဝန်များကို ယူခဲ့သည်။
ဒေါက်...ဒေါက်...
ကျန်းရှောင်နူ စကားမဆုံးသေခင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ထို့နောက် လောချင်းယန်က ခပ်သွက်သွက် ဝင်လာကာ တင်ပြလိုက်သည်။
“လော့ဖူတို့တွေက မြူထူတောင်ထွတ်ကို ရောက်လာပါပြီ။ လောရွှေတို့ ချန်ခဲ့တဲ့ အစီအရင်က နိုးလာပါတယ်”
“အဲ့လောက်မြန်တယ်လား”
ကျန်းရီက အေးစက်စက် မျက်ဝန်းများဖြင့် မေးလိုက်၏။
“မင်း သူတို့ကို လမ်းလွှဲဖို့ စီစဉ်ခဲ့တယ်မလား။ ဘာလို့ သူတို့က မြူထူတောင်ထွတ်ဆီ ဒီလောက်မြန်မြန် ရောက်လာနိုင်ခဲ့တာလဲ”
လောချင်းယန်သည် လော့မျိုးနွယ်မှ နတ်ဘုရားစစ်သူကြီးများ၏ အလောင်းကို မတူညီသော ဦးတည်ရာများတွင် ထားခဲ့သည်။ အကယ်၍ လော့ဖူတို့က အလောင်းများကို ခြေရာခံလိုက်သွားလျှင် မြူထူတောင်ထွတ်သို့ ဤမျှမြန်မြန် ရောက်မလာသင့်ပေ။
သို့သော် လောချင်းယန်က မအံ့ဩပေ။ သူမ ခါးသက်သက် ပြောလိုက်သည်။
“လော့ဖူရဲ့ ဦးလေးနှစ်က အခန်းအောင်းကျင့်ကြံတာကနေ ထွက်လာပြီ ဖြစ်ရမယ်။ သူက လော့မျိုးနွယ်ရဲ့ ဗျူဟာမှူးဖြစ်ခဲ့တာ ကြာပြီ။ သူ့လိုလူတစ်ယောက်က လမ်းလွှဲထားတာကို မြင်နိုင်တာ မထူးဆန်းပါဘူး။ တကယ်ပဲ အဲ့အဘိုးကြီးသာဆိုရင် သူက ကျွန်မတို့ မြူထူတောအုပ်ကို သွားနေတယ်ဆိုတာကို ခန့်မှန်းမိမှာပဲ။ အလွန်ဆုံး ဆယ့်ငါးမိနစ်အတွင် သူတို့က ကျွန်မတို့ကို မီလာပါလိမ့်မယ်”
“အာ...”
ကျန်းရီ မျက်နှာမည်းသွားပြီး ခပ်သွက်သွက် မေးလိုက်သည်။
“ငါတို့ မြူထူတောအုပ်ကို ရောက်ဖို့ ဘယ်လောက်ကြာကြာ သွားရဦးမလဲ”
လောချင်းယန်က လက်သုံးချောင်းထောင်၍ ပြန်ဖြေသည်။
“အနည်းဆုံး ဆယ့်ငါးမိနစ်လောက် လိုပါလိမ့်ဦးမယ်။ ဒါပေမဲ့... ကျွန်မ လောရွှေကို သူ့ရဲ့လူသုံးယောက်ကို အသေခံတိုက်ခိုက်ခိုင်းဖို့ ပြောထားပါတယ်။ အဲ့ဒါက ကျွန်မတို့ကို အချိန်ပိုရစေမလိမ့်မယ်လို့တော့ မျှော်လင့်ရတာပါပဲ”
“အသေခံတိုက်ခိုက်မှာလား”
ကျန်းရီသည် ထိုလောချင်းယန်က ရက်စက်လွန်းသည်ဟု ခံစားလိုက်ရ၏။ သူမသည် သူမ၏မျိုးနွယ်ဝင်များကိုပင် လိပ်ပြာသန့်သန့်ဖြင့် စတေးပစ်နိုင်ပေသည်။
ကျန်းရီ သက်ပြင်းချလိုက်သည်။ လူသုံးယောက်က အသေခံတိုက်ခိုက်မည်ဆိုလျှင်ပင် အချိန်များစွာ ပိုရမည် မဟုတ်ပေ။ အလွန်ဆုံးမှ သူတို့ မြူထူတောအုပ်ထဲ ဝင်သွားနိုင်လောက်သည်အထိသာ အချိန်ရပေလိမ့်မည်။ သူတို့၏ စစ်ကူများက အချိန်မီ ရောက်မလာခဲ့လျှင်၊ ရောက်လာလျှင်လည်း စွမ်းအားကြီး သိုင်းသမားများ အလုံအလောက် ပါမလာခဲ့လျှင် သူတို့ မြူထူတောအုပ်ထဲ ဝင်သွားနိုင်လျှင်ပင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
“မင်းရဲ့မျိုးနွယ်က စစ်ကူတွေ ရောက်လာဖို့ အချိန်ဘယ်လောက် လိုသေးလဲ”
ကျန်းရီ မေးလိုက်၏။ လောမျိုးနွယ်မှ စစ်ကူများက အချိန်မီရောက်လာလျှင် သူတို့အတွက် ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခု ရှိနိုင်သေးသည်။ သို့သော် စစ်ကူများ အချိန်မီ ရောက်မလာပါက သူတို့၏ လက်ရှိအင်အားအရ သေချာပေါက် လော့မျိုးနွယ်၏ ရှင်းပစ်မှုကို ခံရမည်ဖြစ်သည်။
“ကျွန်မလည်း သေချာမပြောနိုင်ပါဘူး...”
လောချင်းယန်က ခေါင်းခါလိုက်၏။
“ကျွန်မတို့ မိုးဖွဲတောင်တန်းဒေသထဲ ရောက်လာကတည်းက သတင်းပို့ဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒီမှာ ထူးခြားတဲ့ အားတစ်ခု ရှိနေတယ်။ လောရွှေတို့က ခရီးဝေး သတင်းပို့မှုတွေကို လုပ်လို့မရဘူး ဖြစ်နေပါတယ်။ ပြီးတော့ ဘာသတင်းမှလည်း လက်ခံလို့ မရဘူးဖြစ်နေတယ်”
“လခွမ်း...”
ကျန်းရီသည် ဒေါသတကြီး ထရပ်၍ လောချင်းယန်ကို ကြည့်ကာ မေးလိုက်သည်။
“မင်းမှာ ဘာအကြံကောင်းတွေ ရှိလဲ”
“မရှိပါဘူး...”
လောချင်းယန်က ခေါင်းခါ၍ ပြန်ပြောသည်။
“လော့ဖူတို့ကို အချိန်ဆွဲထားဖို့အတွက် လောရွှေတို့ကို တစ်ယောက်ပြီးတစ်ယောက် အသေခံတိုက်ခိုက်ခိုင်းဖို့ပဲ ရှိပါတယ်”
“အဲ့ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး”
လောရွှေတို့က အချိန်တိုအတွင်း တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြမည်ဖြစ်သည်။ လော့မျိုးနွယ်ဘက်တွင် နတ်ဘုရားဘုရင် အယောက်သုံးဆယ် ရှိနေသည်။ ထိုထဲမှ နှစ်ယောက်က အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်များဖြစ်ကြသည်။ လောရွှေတို့က တစ်ယောက်ချင်းသွားနေလျှင် ဘာမှအသုံးဝင်မည် မဟုတ်ပေ။
သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်ရသောအခါ ကျန်းရီ၏ အတွေးများက ရှင်းလင်းလာသည်။ သူ ခပ်မြန်မြန် အော်ပြောလိုက်သည်။
“မဖြစ်ဘူး... ငါတို့ ရန်သူရဲ့ ထိန်းချုပ်မှုအောက်ကနေ ထွက်ပြေးရမယ်။ နတ်ဘုရားလှေကို ဆက်သုံးလို့ မဖြစ်တော့ဘူး။ နတ်ဘုရားလှေကို မြူထူတောအုပ်ထဲ မောင်းသွားဖို့ လူတစ်ယောက် လွှတ်လိုက်ပါလို့ လောရွှေကို ပြောလိုက်ပါ။ ငါတို့က အောက်ဘက်ကနေပြီး မြူထူတောအုပ်ကို ကွေ့ပတ်သွားမယ်။ ပြီးတော့ ဂူမူနဲ့ ကျန်တဲ့လူတွေကကလည်း တခြားလမ်းက သွားရမယ်”
“နတ်ဘုရားလှေကို စွန့်ခဲ့ပြီး ကွေ့ပတ်သွားရမှာလဲ”
လောချင်းယန်က မျက်ခုံးပင့်ကာ အတန်ငယ် တုံ့ဆိုင်းစွာဖြင့် ပြော၏။
“နတ်ဘုရားလှေမရှိရင် ဟွင့်သွမ့်သားရဲတွေနဲ့ ကြုံတဲ့အခါကျ ပြဿနာတက်သွားပါလိမ့်မယ်။ ပြီးတော့ ကျွန်မတို့က ဂူမူမပါဘဲ ကွေ့ပတ်သွားမယ်ဆိုရင် မြူထူတောအုပ်ကို ရောက်ဖို့တောင် အချိန်အကြာကြီး လိုပါလိမ့်မယ်။ လမ်းမှာ ကြိုမသိနိုင်တဲ့ အန္တရာယ်တွေ အများကြီး ရှိပါတယ်...”
ကျန်းရီက ပြတ်သားစွာ လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။
“ဘယ်နည်းကမှ မလုံခြုံဘူး။ ငါ မင်းကို မေးမယ်... အဲ့နည်းနဲ့ဆို လော့ဖူတို့ကို ငါတို့ကို ရှာတွေ့ဖို့ ခက်သွားမယ် မဟုတ်ဘူးလား”
“ကျွန်မတို့ အဲ့လိုလုပ်လိုက်ရင်တော့ တကယ်ပဲ သူတို့က ကျွန်မတို့ကို ရှာတွေ့ဖို့ ခက်သွားမှာပါ”
လောချင်းယန်က တွေးတော၍ ပြော၏။ သို့သော် သူမသည် ချီတုံချတုံဖြင့် ဆက်ပြောသည်။
“ဒါပေမဲ့...”
“ဒါပေမဲ့ဆိုတာ မရှိဘူး.. ရှောင်နူ သွားကြစို့”
ကျန်းရီသည် လောချင်းယန်၏စကားကို ဖြတ်၍ ကျန်းရှောင်နူကို ခေါ်ကာ အပြင်ထွက်သွားလိုက်သည်။ ထို့နောက် သူသည် ဂူမူကို သူ့ဟွင့်သွမ့်ချီပုလဲမှ ဝိညာဉ်ချိတ်ဆက်မှုကို ဖျက်ခိုင်းလိုက်ပြီး သူကိုယ်တိုင် ပုလဲလုံးကို သန့်စင်လိုက်၏။ ပြီးမှ ကျန်းရှောင်နူကို ခေါ်ကာ နတ်ဘုရားလှေပေါ်မှ ခုန်ဆင်းလိုက်လေသည်။ လောချင်းယန်သည် ရွေးချယ်စရာ မရှိသဖြင့် နောက်မှ လိုက်သွားလိုက်ရသည်။ သူမက ကျန်းရီ၏ အလိုအတိုင်းသာ ဆောင်ရွက်နိုင်သည် မဟုတ်ပါလား။ သူမသည် နတ်ဘုရားလှေကို မောင်းနှင်ရန် လူတစ်ယောက်လည်း ခေါ်လိုက်ပြီး ဂူမူနှင့် လောရွှေတို့ကို နတ်ဘုရားလှေနှင့် ဝေးရာသို့ ပျံသွားရန် ညွှန်ကြားလိုက်သည်။
ဝှစ်...
နတ်ဘုရားလှေက အရှေ့သို့ ဆက်ပျံသန်းသွားသည်။ ကျန်းရီက လောချင်းယန်နှင့် ကျန်းရှောင်နူတို့ကို ခေါ်၍ အနောက်တောင်ဘက်သို့ သွားသည်။ ဂူမူကမူ မြောက်ဘက်သို့ တစ်ယောက်တည်း ပျံသန်းသွားပြီး ကျန်လူများက အခြားအရပ်များသို့ ပျံသန်းသွားကြလေသည်။
ထိုအခိုက်တွင် အားလုံး စိုးရိမ်နေပေသည်။ လော့ဖူတို့က သေမင်းတစ်စုကဲ့သို့ပင်။ သေမင်းများ လိုက်မီသွားမည့်သူက သေရပေလိမ့်မည်။
***