တစ္ဆေညည်းသံလိုဏ်ဂူ
Vol. 98 Ch. 1356
ကျန်းရီ၏ ဆုံးဖြတ်ချက်က မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။
လောရွှေက သူ့လူသုံးယောက်ကို အသေခံသွားတိုက် ခိုင်းခဲ့သော်လည်း ထိုလူသုံးယောက်က အချိန်ဆွဲမပေးနိုင်ခဲ့ပေ။ သူတို့သုံးယောက်က လော့ဖူတို့ထံ ချဉ်းကပ်သွားခဲ့သော်ငြား လော့ဖူတို့က သူတို့ကို အရေးမစိုက်ဘဲ မြူထူတောအုပ်ဆီသို့သာ ဆက်သွားခဲ့ကြသည်။ နောက်ဆုံးတွင် ထိုသုံးယောက်က စတင် တိုက်ခိုက်သောအခါ လော့ဖူကိုယ်တိုင် သူတို့သုံးယောက်ကို ချက်ချင်း သတ်ပစ်လိုက်သည်။
လော့ဖူဘေးတွင် တစ်ခေါင်းလုံး ဖြူလုနီးပါး ဖြစ်နေသော ပိန်းပါးသည့် အဘိုးအိုတစ်ယောက် ပါသည်။ သူ၏ မျက်ဝန်းလေးများက အရှေ့မှ တိုက်ပွဲကို ကြည့်နေ၏။ လူသုံးယောက် အသတ်ခံလိုက်ရပြီးမှ သူ ပြောလိုက်သည်။
“လမ်းမှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ အရေးမစိုက်နဲ့။ မြူထူတောအုပ်ဆီပဲ တန်းတန်းမတ်မတ်သွား။ သူတို့မှာ မြူထူတောအုပ်ကို သွားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး”
“ဟုတ်... အားလုံး ဦးလေးနှစ်ရဲ့ အမိန့်အတိုင်း ဖြစ်ရပါစေမယ်”
လော့ဖူက ခေါင်းညိတ်ကာ လက်ဟန်ပြလိုက်ပြီး အားလုံးကို ဦးဆောင်၍ အရှေ့သို့ မြန်နိုင်သမျှ အမြန်ဆုံး ပျံသန်းသွားလိုက်သည်။ လော့ဖူသည် ငယ်စဉ်ကတည်းက သူ၏ဦးလေးနှစ်ကို လေးစားခဲ့သည်။ ထိုဦးလေးနှစ်ကြောင့်သာ မဟုတ်လျှင် လော့မျိုးနွယ် ပျက်စီးသွားသည်မှာ ကြာလောက်ပေပြီ။ သူ၏ဦးလေးနှစ်က ရက်စက်သော်လည်း မယုံနိုင်လောက်အောင် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သည်။ သူ၏ အတွေ့အကြုံများနှင့် အစွမ်းအစများက နတ်သိမ်းငှက်မြို့တစ်ခွင်လုံးတွင် ကျော်ကြားသည်။ သာမန်အခြေအနေအောက်တွင်ဆိုလျှင် သူက အမှားတစ်ခုပင် လုပ်မိမည် မဟုတ်ချေ။
လောရွှေသည် လော့ဖူတို့ကို အချိန်ဆွဲရန် လူများ ဆက်မစေလွှတ်ဝံ့တော့ဘဲ လောချင်းယန်၏ ညွှန်ကြားချက်အတိုင်း လူတစ်ယောက်ကို နတ်ဘုရားလှေ မောင်းစေ၍ ကျန်လူများကို အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားရန် ခိုင်းလိုက်လေသည်။ ထိုမှ လော့ဖူတို့သည် လောချင်းယန်နှင့် ကျန်းရီတို့ကို အလွယ်တကူ ရှာမတွေ့မည် ဖြစ်သည်။
ဝှစ်...
ဆယ့်ငါးမိနစ်အတွင်းမှာပင် လော့ဖူတို့က နတ်ဘုရားလှေကို မီလာကြသည်။ နတ်ဘုရားလှေက အရှေ့ရှိ မြူထူထပ်နေသော ဧရာမတောအုပ်ကြီးဆီသို့ ဆက်သွားနေသည်။ လော့ဖူသည် အေးစက်စက်ရယ်ကာ လက်ဟန်ပြလိုက်သည်။
“ထွက်ပြေးချင်သေးတာလား။ အားလုံး အာရုံစိုက်ကြ... အဲ့ကောင်လေးကို အရှင်ဖမ်းရမယ်၊ မသတ်ကြနဲ့”
နတ်ဘုရားလှေက စွမ်းအားအကြီးဆုံး အကာအရံများကို နှိုးထားသည်။ လော့ဖူ၏ ကောင်းကင်စိတ်အာရုံပင် နတ်ဘုရားလှေထဲကို မရောက်နိုင်ပေ။ ထို့ကြောင့် အထဲတွင် မည်သူရှိနေကြောင်း မည်သူမှ မသိချေ။ လော့ဖူတို့က နတ်ဘုရားလှေဆီသို့ အမြန်ဆုံး ပျံသန်းသွားနေကြသည်။ လော့ဖူသည် နတ်ဘုရားလှေနှင့် ကီလိုမီတာငါးထောင်အကွာသို့ ရောက်သွားသောအခါ လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်၍ အော်လိုက်သည်။
“ဗုဒ္ဓလက်ဝါး”
ရွှီး...
နတ်ဘုရားလှေအထက်တွင် ပေတစ်ထောင် ကျယ်သော ဧရာမလက်ဝါးရာကြီးတစ်ခု ထွက်ပေါ်လာ၏။ လက်ဝါးရာကြီးက လှေကို ဖမ်းဆုပ်လိုက်ရာ လှေက ဆက်မပျံနိုင်တော့ပေ။ သို့သော် လက်ဝါးရာထဲမှ လွတ်မြောက်အောင် လှုပ်ယမ်း၍ ရုန်းနေပေသည်။
ဝုန်း...
နောက်ဆုံးတွင် နတ်ဘုရားလှေက လက်ဝါးထဲမှ လွတ်သွားပြီး လက်ဝါးရာကြီးက လွင့်ပြယ်သွားသည်။ သို့သော် နတ်ဘုရားလှေက စက္ကန့်အနည်းငယ် နှောင့်နှေးသွားခဲ့သည်။ လော့ဖူတို့က အလွန်လျင်မြန်ကြသည်။ ထိုစက္ကန့်အနည်းငယ်အတွင်း၌ သူတို့က နတ်ဘုရားလှေအရှေ့ ပေတစ်ထောင်အကွာအထိ ပျံသန်းသွားပြီးကြပေပြီ။
“ချိုးဖျက်”
လော့ဖူ၏ လက်ထဲတွင် ဧရာမ အဖြူရောင်စစ်ပုဆိန်တစ်လက် ထွက်ပေါ်လာ၏။ သူသည် ထိုစစ်ပုဆိန်ဖြင့် အရှေ့ရှိ အာကာပြင်ကို စက်ဝိုင်းခြမ်းပုံ ခုတ်ပိုင်းလိုက်သည်။ သူ့အနီးမှ အာကာပြင်က တွန့်ခေါက်သွားပြီး အဖြူရောင်အလင်းကွေးတစ်ခုက နတ်ဘုရားလှေကို သွားရောက်ထိမှန်လေသည်။
ဝုန်း...
နတ်ဘုရားလှေပေါ်မှ အကာအရံများက တောက်ပစွာ လင်းလက်လာ၏။ ထို့ကြောင့် အားလုံးသည် တစ်စက္ကန့်မျှ မျက်လုံးမှိတ်လိုက်ကြရသည်။ သို့သော် အကာအရံများ ပြန်မှိန်သွားသောအခါ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရသည်။ နတ်ဘုရားလှေသည် ထက်ခြမ်းပြတ်သွား၏။ သစ်သားအပိုင်းအစများလည်း လွင့်ပျံထွက်သွားသည်။ နတ်ဘုရားလှေ ပျက်စီးသွားသောအခါ လေထဲတွင် အရိပ်တစ်ခု ထွက်ပေါ်လာသည်။
“အာ...”
ကောင်းကင်စိတ်အာရုံ သုံးဆယ့်တစ်ခုက အရှေ့သို့ ရွေ့လျားသွားကြ၏။ သို့သော် အားလုံး အံ့အားသင့်သွားကြသည်။ နတ်ဘုရားလှေထဲတွင် နတ်ဘုရားဘုရင် တစ်ယောက်သာ ရှိနေပြီး ကျန်းရီနှင့် လောချင်းယန်တို့၏ အရိပ်လက္ခဏာများ မရှိပေ။ သူတို့နှစ်ယောက်က ထိုနတ်ဘုရားဘုရင်၏ လေဟာနယ်အသုံးအဆောင်ထဲတွင် ရှိနေသည်လော။
သို့သော် လော့ဖူ၏ ဗုဒ္ဓလက်ဝါးတိုက်ခိုက်မှုက အာကာပြင်ကို အပြင်းအထန် တုန်ခါစေခဲ့သည်။ ထို့ကြောင့် သာမန်လေဟာနယ်အသုံးအဆောင်ထဲတွင် ပုန်းအောင်းနေသူများက အပြင်သို့ ထွက်လာရမည်ဖြစ်သည်။
လော့ဖူ၏ဦးလေးနှစ် လော့ချီ၏ မျက်ဝန်းလေးများက တောက်ပလာ၏။ ထို့နောက် သူ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“အများအတွက် တစ်ယောက်ကို စတေးတာပေါ့။ ပြီးတော့ အတုကို အစစ်ထင်အောင်လုပ်တယ်။ အဲ့ဒါက တော်တော်လေး ကောင်းတဲ့ အကြံအစည်ပဲ”
ရွှစ်...ရွှစ်...
လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်အချို့က လှုပ်ရှားလိုက်ပေပြီ။ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် တစ်ယောက်ကလည်း လောမျိုးနွယ်မှ နတ်ဘုရားဘုရင်က သူ့ကိုယ်သူ ဖောက်ခွဲမသွားနိုင်အောင် စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု ထုတ်လွှတ်ကာ ချက်ချင်း ဖမ်းလိုက်လေသည်။
လော့ဖူသည် သူ့လူတစ်ယောက်အား ထိုနတ်ဘုရားဘုရင်၏ ဒန်တျန်ကို ချိပ်ပတ်လိုက်ရန် ခိုင်းလိုက်၏။ ထို့နောက် သူ အေးစက်စက် ပြောလိုက်သည်။
“မင်း ငါ့အကြောင်းနဲ့ ငါ့နည်းလမ်းတွေကို သိမှာပါ။ မင်း နှိပ်စက်မခံချင်ဘူးဆိုရင် နတ်ဘုရားလေးနဲ့ လောချင်းယန်တို့က ဘယ်ကို ပြေးသွားလဲဆိုတာကို ပြောစမ်း”
“သူတို့က အဲ့ဘက်ကို ပြေးသွားတာပါ”
နတ်ဘုရားဘုရင်က ကျန်းရီတို့ ထွက်ပြေးသွားသောဘက်သို့ လက်ညှိုးထိုးပြလိုက်၍ အားလုံး လှည့်ကြည့်လိုက်ကြသည်။ ထိုစဉ် လော့ဖူ၏ဦးလေးနှစ် လော့ချီက အော်ပြောလိုက်သည်။
“မကောင်းတော့ဘူး... သူ သတ်သေတော့မယ်”
အားလုံး၏ တုံ့ပြန်မှုက နောက်ကျခဲ့ပေသည်။ လောမျိုးနွယ်မှ နတ်ဘုရားဘုရင်၏ စိတ်ဝိညာဉ်က ပျက်စီးသွားပြီး သူ့တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထို့နောက် သူ၏ ဒွါရခုနစ်ပေါက်မှနေ၍ သွေးများ စီးကျလာကာ သူ သေသွားလေတော့သည်။ လော့ဖူနှင့် လော့ချီတို့သည် စိတ်ပျက်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် လော့ဖူက မေးလိုက်သည်။
“ဦးလေးနှစ်... အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
“ရွေးချယ်စရာ မရှိတော့ဘူး”
လော့ချီက ခေါင်းခါ၍ သက်ပြင်းသဲ့သဲ့ချကာ ပြန်ပြောသည်။
“သူတို့လူတွေ ခုနစ်ယောက်၊ ရှစ်ယောက်လောက် ရှိနေသေးတယ်။ ငါမှန်းတာ မှန်ရင် သူတို့က လူခွဲပြီး ပြေးကြလိမ့်မယ်။ ငါတို့လည်း လူခွဲပြီး လိုက်မယ်ဆိုရင် လောချင်းယန်နဲ့ ကျန်းရီတို့ကို ရှာတွေ့နိုင်ခြေ ခုနစ်ဆယ်ရာခိုင်နှုန်း ရှိတယ်။ ဒါပေမဲ့ လောမျိုးနွယ်က အကြီးအကဲခြောက်တို့က ငါတို့နောက်မှာပဲ။ ငါတို့သာ လူခွဲလိုက်ရင် သူတို့ကို ငါတို့ကို ရှင်းပစ်နိုင်လောက်တယ်။ ဒီတော့...မင်း ငါ့ကို ယုံမယ်ဆိုရင်... ငါတို့ မြူထူတောအုပ်ထဲကို တိုက်ရိုက်ဝင်သွားသင့်တယ်။ ငါတို့က ချုံကိုကြည့်ပြီး ယုန်စောင့်ရမှာပဲ”
“ချုံကိုကြည့်ပြီး ယုန်စောင့်မှာလား”
လော့ဖူက မျက်မှောင်ကြုတ်၍ တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“သူတို့က မြူခိုးထူတောအုပ်ထဲကို ဝင်မလာဘဲ ခြင်္သေ့ပြာမျိုးနွယ်စုကို ပြန်သွားရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါဆို ကျွန်တော်တို့ရဲ့ အားထုတ်ထားမှုတွေက သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ မျိုးနွယ်ဝင်ဆယ့်ခုနစ်ယောက် သေခဲ့ရတာကလည်း အချည်းနှီးဖြစ်သွားလိမ့်မယ်”
လော့ချီက သက်ပြင်းချကာ ပြန်ပြော၏။
“ရွေးချယ်စရာ မရှိတော့ဘူး။ ငါတို့ လောင်းကြေးထပ်လို့ပဲ ရတော့မယ်။ မျိုးနွယ်ခေါင်းဆောင်... မင်းဘာသာ ဆုံးဖြတ်ပါ”
“အဲ့ဒါဆိုလည်း လောင်းကြေးထပ်ကြတာပေါ့”
လော့ဖူသည် လော့ချီကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ လော့ချီ၏ ခန့်မှန်းသုံးသပ်မှုများက အမြဲမှန်ခဲ့သည်။ သူ ခန့်မှန်းလိုက်တိုင်း မှန်နိုင်ခြေ ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်း ရှိပေသည်။ လောမျိုးနွယ်မှ အကြီးအကဲခြောက်တို့က သူတို့နောက်မှ ကပ်လိုက်လာခြင်းဖြစ်၍ အချိန်မရွေး သူတို့ကို မီလာတော့မည်ဖြစ်သည်။ အကယ်၍ ယခု သူတို့ လူခွဲလိုက်ပါက သေသွားနိုင်သည်။ ထို့ကြောင့် ကျန်းရီတို့က မြူထူတောအုပ်ကို ကွေ့ပတ်သွားခြင်းဟုသာ သူတို့ လောင်းကြေးထပ်ရတော့မည်ဖြစ်သည်။
“သွားကြစို့... မြူထူတောအုပ်ထဲ ဝင်ကြမယ်။ ဆယ်ယောက်တစ်ဖွဲ့ ခွဲလိုက်ကြ”
လူသုံးဆယ့်တစ်ယောက်သည် အဖွဲ့သုံးဖွဲ့ခွဲ၍ မြူထူတောအုပ်ထဲ ဝင်သွားလိုက်ကြသည်။ သူတို့သည် လော့ချီ၏ ညွှန်ကြားချက်အတိုင်း ဦးတည်ရာသုံးခုကို ဦးတည်သွားကြသည်။ ထိုဦးတည်ရာသုံးခုမှာ လော့ချီက ကျန်းရီတို့ သွားနိုင်သည်ဟု ထင်သော ဦးတည်ရာများဖြစ်သည်။ သူတို့က ထိုဦးတည်ရာများသို့ အရင်ရောက်အောင် သွား၍ ပုန်းအောင်းနေကြကာ ကျန်းရီတို့ကို အလစ်ဝင်တိုက်ရန် စောင့်ဆိုင်းနေကြမည်ဖြစ်သည်။
***
ဝှစ်...
မြူထူတောအုပ်၏ အနောက်တောင်ဘက်တွင် ကျန်းရှောင်နူက ကျန်းရီကို သယ်၍ လျင်မြန်စွာ ပျံသန်းနေသည်။ လောချင်းယန်က အရှေ့မှနေ၍ လမ်းကို ထောက်လှမ်းနေသည်။ အမြစ်ဆေးလုံး မပါလျှင် ကျန်းရီ၏ အမြန်နှုန်းက အလွန်နှေးသည်။ ကျန်းရှောင်နူ၏ အမြန်နှုန်းမှာမူ များစွာပို၍ မြန်ပေသည်။ သူမက သာမန်နတ်ဘုရားအဆင့်မှာပင် ရှိနေသေးသော်လည်း သူမ၏ အမြန်နှုန်းက နတ်ဘုရားစစ်သူကြီး အလယ်အလတ်အဆင့် ရှိနေပြီဖြစ်သော လောချင်းယန်၏ အမြန်နှုန်းကိုပင် ယှဉ်နိုင်သည်။ ထို့ကြောင့် ကျန်းရှောင်နူက ကျန်းရီကို ခေါ်၍ ပျံသန်းသောအခါ သူတို့၏ သွားနှုန်းက များစွာပို၍ မြန်လာပေသည်။
ကျန်းရီသည် ကျန်းရှောင်နူကို အနက်ရောင်နတ်ဘုရားရှိနေသော ဟွင့်သွမ့်ချီပုလဲထဲသို့ ပို့ထားလို၏။ သို့သော် ကျန်းရှောင်နူက ထိုသို့ဝင်နေမည့်အစား အသေသာခံမည်ဖြစ်သည်။ သူမသည် စိုးရိမ်ပူပန်ကာ ကြောက်ရွံ့နေရခြင်းကို စိတ်ကုန်နေပေပြီ။ ထို့ကြောင့် ကျန်းရီနှင့် ဘယ်တော့မှ ထပ်မခွဲတော့ဟု စိတ်ဆုံးဖြတ်ထားသည်။ သို့ဖြစ်၍ ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ သူမနှင့်အတူ ပျံသန်းလိုက်ရလေသည်။
“ကျွန်မတို့ မြူထူတောအုပ်ထဲကို ကီလိုမီတာငါးသောင်းလောက် ဝင်ရမယ်။ အဲ့ဒါမှ လုံခြုံလိမ့်မယ်”
မြူထူတောအုပ်ထဲသို့ ရောက်သောအခါ လောချင်းယန်က မြေပုံကိုထုတ်၍ တည်နေရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။
“မြူထူတောအုပ်ထဲမှာ သစ်သားဓာတ် ဟွင့်သွမ့်သားရဲတွေ အများကြီးရှိတယ်။ သူတို့ရဲ့ တိုက်ခိုက်စွမ်းအားက တခြားဓာတ် ဟွင့်သွမ့်သားရဲတွေထက် အားနည်းပေမဲ့ သူတို့က အလစ်တိုက်ခိုက်နေရာမှာ ကျွမ်းကျင်တယ်။ ပြီးတော့ သူတို့ ဝိုင်းတာကို ခံလိုက်ရတဲ့ လူက သူတို့ ဝိုင်းသတ်တာကို ခံရမှာပဲ...”
“ဒီတောထဲမှာ အလုံခြုံဆုံးနေရာသုံးခု ရှိတယ်။ ကျွန်မတို့ သွားရမဲ့နေရာကို တစ္ဆေညည်းသံလိုဏ်ဂူလို့ခေါ်တယ်။ အဲ့ဂူက ထူးဆန်းတဲ့ တစ္ဆေသံတွေ ထွက်နေလို့ ဟွင့်သွမ့်သားရဲတေါက အနားမကပ်ရဲကြဘူး။ သခင်က အမြစ်မဲ့ရေစင်ကို သောက်ထားလိုက်မယ်ဆိုရင်တော့ အဲ့တစ္ဆေညည်းသံကို ခံနိုင်လောက်မှာပါ”
“ကောင်းပြီ.. အဲ့ကို သွားကြတာပေါ့”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထိုတစ္ဆေညည်းသံက နတ်ဘုရားအသံကောင်းကင်အတတ်နှင့် ဆင်တူလောက်သည် မဟုတ်လော။ အကယ်၍ ထိုအသံက စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုဖြစ်လျှင် သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်နှင့် အမြစ်မဲ့ရေစင်၏ အာနိသင်တို့က ၎င်းကို ကိုင်တွယ်နိုင်လောက်ပေသည်။ ကျန်းရှောင်နူကမူ စိတ်ဝိညာဉ်တိုက်ခိုက်မှုပြီးသူတစ်ယောက်ဟုပင် ဆိုနိုင်သည်။ သို့ဖြစ်ရာ သူတို့ ထိုနေရာသို့ ရောက်သွားသည်နှင့် အချိန်တစ်ခုတော့ လုံခြုံပေလိမ့်မည်။ နောက်ခြေလှမ်းအတွက်ကိုမူ တစ္ဆေညည်းသံလိုဏ်ဂူသို့ ရောက်မှ ဆွေးနွေးရပေမည်။ ဤမြူထူတောအုပ်ထဲ၌ အန္တရာယ်က အချိန်မရွေး ပေါ်လာနိုင်ပေသည်။
လောချင်းယန်က အလွန်ဉာဏ်ကောင်းသည်။ သို့သော် ဤတစ်ခေါ်တွင် သူတို့က သူမထက် ပို၍ဉာဏ်ကောင်းသော အဘိုးအိုတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းပင်။ လော့ဖူ၏ လူများက တစ္ဆေညည်းသံလိုဏ်ဂူသို့ ကြိုရောက်နေလောက်ကာ သူတို့ရောက်လာမည်ကို စောင့်ဆိုင်းနေလောက်ကြောင်း သူတို့ မသိပါပေ။
***