ကျန်းရှောင်နူ၏ စွမ်းရည်အသစ်
Vol. 98 Ch. 1357
“ရပ်လိုက်ပါ... အရှေ့မှာ အန္တရာယ်ရှိတယ်”
လောချင်းယန်သည် တောအုပ်ကို ဖြတ်ပြေးနေရင်း အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော ကျန်းရှောင်နူ၏ အော်သံကို ကြားလိုက်၏။ လောချင်းယန်က ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။ ထို့နောက် မျက်မှောင်ကြုတ်ကာ အတန်ငယ် နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်မတော့ ဘာဟွင့်သွမ့်သားရဲကိုမှ အာရုံမခံမိပါဘူး။ သခင်မလေးရှောင်နူ... သခင်မလေးက ဘာကို အာရုံခံမိလိုက်လို့ပါလဲ”
“ကျွန်မလည်း သေတော့မသေချာဘူး။ အရှေ့မှာ အန္တရာယ်ရှိနေတယ်လို့ ဒီအတိုင်း ခံစားမိနေတာ”
ကျန်းရှောင်နူက ခေါင်းခါ၍ ကျန်းရီကို ကြည့်လိုက်၏။ ကျန်းရီက အလွန်ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
“ရှောင်သွားမယ်”
မြူထူတောအုပ်ထဲသို့ ဝင်လာပြီးနောက်တွင် ကျန်းရီတို့သုံးယောက်သည် ပျံမသွားတော့ပေ။ ပျံသွားလျှင် ပိုစောစော သေပေလိမ့်မည်။ မြူထူတောအုပ်တစ်ခွင်လုံးကို မြူခိုးဖြူများက လွှမ်းခြုံထားသည်။ ကောင်းကင်ထက်မှ ကြည့်မည်ဆိုလျှင် အောက်ဘက်ကို မြင်နိုင်မည် မဟုတ်ချေ။ ကောင်းကင်စိတ်အာရုံများသည်ပင် အိုမင်း၊ ဆွေးမြေ့နေသော သစ်ပင်အိုကြီးများကိုသာ အာရုံခံနိုင်ကြသည်။ အကယ်၍ တောအုပ်ထက်မှ ပျံသန်းသွားမည်ဆိုလျှင် အောက်ဘက်ရှိ ဟွင့်သွမ့်သားရဲများက ပျံသန်းသွားသူကို သိသွားမည်ဖြစ်သည်။ ထိုအခါ တောနက်ထဲရှိ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲများ ထွက်လာနိုင်ပေသည်။
ထိုအခိုက်တွင် ကျန်းရီတို့သုံးယောက်က တောအုပ်ထဲတွင် ပြေးသွားနေသည်။ တောနက်လာလေလေ၊ သူတို့၏ မြင်နိုင်စွမ်းနှင့် အာရုံခံနိုင်စွမ်းတို့က လျော့ကျလာသည်။ ကျန်းရီနှင့် ကျန်းရှောင်နူတို့၏ ကောင်းကင်စိတ်အာရုံများက အစကတည်းက သုံးမရခြင်းဖြစ်သည်။ ထို့ပြင် ကျန်းရှောင်နူသည် ကောင်းကင်စိတ်အာရုံကို တစ်ခါမှ မသုံးဖူးပေ။ သူမ၏ ကျင့်စဉ်က သာမန်လူသားများ၏ ကျင့်စဉ်များနှင့် လုံးဝကွဲပြားပေသည်။
ထို့ကြောင့် ကျန်းရီက ကျန်းရှောင်နူကို ယုံကြည်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထူးခြားသော မျိုးနွယ်များက ကိုယ်တိုင်ထူးခြားစွမ်းရည်များ ရှိနိုင်သည်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ကျန်းရှောင်နူကို ထိခိုက်အောင် မလုပ်နိုင်ဟူသော အချက်ကပင် သူမ၏မျိုးနွယ်က မည်မျှ ထူးခြားကြောင်း ပြသနေပေသည်။
ဝှစ်...
လောချင်းယန်က အတန်ငယ် အင်တင်တင်ဖြစ်နေသော်လည်း ကျန်းရီ၏ အမိန့်ကို မလွန်ဆန်နိုင်ပေ။ ထို့ကြောင့် ကျန်းရီတို့နှစ်ယောက်နှင့်တူ ကွေ့ပတ်၍ သွားလိုက်ရသည်။ သို့သော် နောက်ထပ်ငါးမိနစ်ကြာပြီးနောက် ကျန်းရှောင်နူက ထပ်မံ အော်ပြောလိုက်ပြန်သည်။
“သခင်လေး.. အရှေ့မှာ အန္တရာယ်ရှိနေတယ်။ ဟိုလမ်းက သွားကြတာပေါ့”
“အာ...”
လောချင်းယန် ဆွံ့အသွားပေပြီ။ သူမ၏ ကောင်းကင်စိတ်အာရုံက အားကောင်းသည်ဟု ဆိုနိုင်သည်။ သို့သော် သူမ အကြိမ်အနည်းငယ် စစ်ဆေးပြီးနောက်တွင်ပင် မည်သည့် မူမမှန်မှုကိုမှ အာရုံမခံမိသေးပေ။ သူမတို့ ထိုသို့ ကွေ့ပတ်သွားနေပြီဆိုလျှင် တစ္ဆေညည်းသံလိုဏ်ဂူကို ရောက်ပါဦးမည်လော။ လော့ဖူတို့က သူမတို့ကို မီလာလျှင်လည်း မည်သို့ လုပ်မည်နည်း။
“ကောင်းပြီ...”
ကျန်းရီက ကျန်းရှောင်နူ၏ စကားကို အမေးအမြန်းမရှိ နားထောင်နေ၍ လောချင်းယန်တစ်ယောက် ခါးသက်သက် ပြုံး၍သာ လိုက်သွားရသည်။ နောက်ထပ်ငါးမိနစ်ကြာပြီးနောက်တွင် ကျန်းရှောင်နူက လမ်းကြောင်းထပ်ပြောင်းရန် ပြောပြန်သည်။ ဤတစ်ခေါက်တွင်မူ လောချင်းယန်သည် ကောင်းကင်စိတ်အာရုံဖြင့်ပင် အာရုံခံကြည့်မနေတော့ဘဲ ကျန်းရီတို့နှစ်ယောက်နောက်သို့သာ လိုက်သွားလိုက်သည်။ သူမက ဝိညာဉ်ကျွန်တစ်ယောက်ဖြစ်၍ ဝင်ပြောခွင့် မရှိသည် မဟုတ်လော။
မည်သို့ပင်ဖြစ်စေ ထူးဆန်းသည်ကတော့ ထူးဆန်းနေသည်။
သုံးယောက်သားသည် တောအုပ်ထဲတွင် တစ်နာရီနီးပါး ပြေးနေခဲ့သော်လည်း ဟွင့်သွမ့်သားရဲတစ်ကောင်နှင့်ပင် မကြုံခဲ့ချေ။ ထို့ကြောင့် လောချင်းယန်၏ သဘောထားက ပြောင်းလဲလာသည်။ အကယ်၍ တစ်စုံတစ်ယောက်က ပတ်ဝန်းကျင်မှ ဟွင့်သွမ့်သားရဲများကို မောင်းထုတ်ပေးနေခြင်း မဟုတ်လျှင် ထိုကျန်းရှောင်နူက အလွန်ကြောက်စရာကောင်းသူတစ်ယောက်ပင် ဖြစ်မည်။ သူမက သာမန်နတ်ဘုရားလေးသာ ဖြစ်သော်လည်း အန္တရာယ်များကို တိတိကျကျ ရှောင်ရှားနိုင်စွမ်း ရှိသည်လော။ ထိုစွမ်းရည်က မည်သည့်စွမ်းရည်နည်း။
ကျန်းရီသည်လည်း ထိုအဖြစ်ကို သတိပြုမိပေသည်။ ထို့ကြောင့် သူ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“ရှောင်နူ... ဘာဖြစ်နေတာလဲ။ မင်းက ငါတို့ပတ်ဝန်းကျင်က အန္တရာယ်တွေကို အာရုံခံနိုင်တာလား”
“အဲ့ဒါက ခံစားချက်တော့လည် မဟုတ်ဘူး”
ကျန်းရှောင်နူက လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။
“ကျွန်မ နတ်ဘုရားအဆင့်ကို ရောက်သွားတာနဲ့ စွမ်းရည်အသစ်တစ်ခု ရလာတာပဲ။ ကျွန်မ ပုံစံပြောင်းလိုက်ရင် ကျွန်မရဲ့ အာရုံတွေက အရမ်းစူးရှလာတယ်။ အခု ကျွန်မက ဟွင့်သွမ့်သားရဲတွေရဲ့ အနံ့ကိုခံနိုင်တယ်။ အဲ့စွမ်းရည်ကြောင့်လည်း ကျွန်မ တာဝန်တွေမှာ ရှင်သန်နိုင်ခဲ့တာပဲ”
“အို့...အို့... အဲ့ဒါဆိုလည်း ဆက်သွားကြတာပေါ့”
ကျန်းရီသည် ရုတ်တရက် စိတ်အားတက်ကြွသွား၏။ ကျန်းရှောင်နူ၏ စွမ်းရည်အသစ်နှင့်ဆိုလျှင် သူတို့က မြူထူတောအုပ်ထဲတွင် အန္တရာယ်ကင်းကင်း သွားလာနိုင်ပေလိမ့်မည်။ သူတို့သည် ဟွင့်သွမ့်သားရဲများကို အလွယ်တကူ ရှောင်ရှား၍ တစ္ဆေညည်းသံလိုဏ်ဂူသို့ ချောချောမောမော ရောက်သွားနိုင်သည်။
‘အဲ့ကျန်းရှောင်နူက ဘယ်မျိုးနွယ်ကလဲ။ ဘာလို့ ငါက အဲ့လိုမျိုးနွယ်မျိုးကို အရင်က မကြားဖူးရတာလဲ’
နောက်ထပ်တစ်နာရီကြာ ဟွင့်သွမ့်သားရဲတစ်ကောင်နှင့်ပင် မကြုံဘဲ ချောချောမွေ့မွေ့ ဆက်သွားပြီးနောက် လောချင်းယန်က စိတ်ဝင်စား တွေးလိုက်လေသည်။ ကျန်းရှောင်နူသည် အသက်ငယ်ငယ်ရွယ်နှင့် အနိမ့်ဘုံမှနေ၍ အထက်ဘုံသို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူမ၏ ပျံသန်းနှုန်းကလည်း အံ့ဩဖွယ်ပင်။ ထို့ပြင် ထူးခြားသော စွမ်းရည်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။ လောချင်းယန်သည် အနိမ့်ဘုံတွင် ထိုကဲ့သို့သော စွမ်းအားကြီးမျိုးနွယ်တစ်ခု ရှိသည်ဟု တစ်ခါမှ မကြားခဲ့ဖူးပေ။
အနိမ့်ဘုံတွင် ဝိညာဉ်စွမ်းအင် အနည်းသာ ရှိသည်။ ထို့ကြောင့် စွမ်းအားကြီးမျိုးနွယ်များ မရှိကြပေ။ အကယ်၍ အနိမ့်ဘုံ၌ ထိုကဲ့သို့သော မျိုးနွယ်တစ်ခု ရှိနေလျှင် အထက်ဘုံက ထိုအကြောင်းကို သေချာပေါက် သိထားပြီးဖြစ်ပေလိမ့်မည်။ ထိုမျိုးနွယ်က မကျော်ကြားခဲ့လျှင်ပင် ရာစုနှစ်အနည်းငယ်အတွင်း အင်အားကြီးမျိုးနွယ်တစ်ခု ဖြစ်လာကာ ကိုယ်ပိုင်ဘုံတစ်ခုကိုပင် ပိုင်ဆိုင်နိုင်လောက်သည်။ သို့ဖြစ်ရာ ထိုမိန်းမပျိုလေးက အဘယ်ကြောင့် တစ်ယောက်တည်း တက်လှမ်းလာခဲ့ရသနည်း။
လောချင်းယန် နားမလည်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူမတို့က အတော်ကြာ ပြေးခဲ့ပြီးဖြစ်၍ တစ္ဆေညည်းသံလိုဏ်ဂူအနီးသို့ ရောက်လာလောက်ပေပြီ။ ထို့ကြောင့် သူမသည် များစွာဆက်မတွေးဝံ့တော့ဘဲ ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို မပြတ်အာရုံခံနေလိုက်သည်။ တစ္ဆေညည်းသံလိုဏ်ဂူက အလွန်လုံခြုံမှုရှိသည်။ ထိုအကြောင်းကို ခြင်္သေ့ပြာမြို့အနီးမှ လူအားလုံး သိကြသည်။ သို့သော် ၎င်းက အမှန်ပင် လုံခြုံပါသလော။ လောချင်းယန်က ကောလာဟလများကို ယုံတတ်သူတစ်ယောက် မဟုတ်ပေ။ ကိုယ်တိုင် တွေ့မြင်ရမှ ယုံသူဖြစ်သည်။
တဖြည်းဖြည်းဖြင့် အရှေ့မှ မြေမျက်နှာသွင်ပြင်က ပြောင်းလဲလာသည်။
ထူထပ်သော တောအုပ်က ရုတ်တရက် အပင်မရှိသော လွင်တီးခေါင်တစ်ခု ဖြစ်သွားသည်။ ထိုနေရာက ဖုန်းဆိုးမြေတစ်ခုကဲ့သို့ပင်။ ယင်းမြေပေါ်၌ မည်သည့်အပင်မှ မပေါ်ရောက်ချေ။ အရှေ့၌ ထူးဆန်းသော ကျောက်ထွတ်များစွာလည်း ရှိနေသည်။ ကျန်းရီတို့က ထိုကျောက်ထွတ်များအနားသို့ မရောက်ခင်မှာပင် လေက သူတို့ဆီသို့ ထူဆန်းသော အသံများကို သယ်ဆောင်လာလေသည်။ ထိုအသံများက တစ္ဆေညည်းသံများ၊ ဝံပုလွေအူသံများနှင့် ဆင်တူပေသည်။
“သွားကြစို့.. ဝင်ကြမယ်”
ကျန်းရှောင်နူသည် အရှေ့တွင် မည်သည့်ဟွမ့်သွမ့်သားရဲကိုမှ အနံ့မခံမိပေ။ ကျန်းရီက လောချင်းယန် စူးစမ်းပြီးသည်အထိ စောင့်လိုက်၏။ ပြီးနောက်မှ သူတို့သုံးယောက်စလုံး အရှေ့သို့ ဖြည်းဖြည်းချင်း သွားလိုက်ကြလေသည်။
***
ကျောက်ထွတ်များကြားတွင် လိုဏ်ဂူလေးတစ်ခု ရှိနေသည်။ ထိုဂူက မြေအောက်ထဲသို့ ဆင်းသွားပေသည်။ ထိုအခိုက်တွင် နတ်ဘုရားဘုရင် ဆယ့်နှစ်ယောက်က ၎င်းဂူထဲ၌ ပုန်းအောင်းနေကြသည်။ အဆင့်မြင့် နတ်ဘုရားဘုရင် တစ်ယောက်၏ လက်ထဲမှ အဝါရောင်ပုလဲလုံးက ရုတ်တရက် လင်းလက်လာ၏။ ထိုအခါ သူ စိတ်လှုပ်တရှား ပြောလိုက်သည်။
“ဦးလေးနှစ်က တကယ့်ကို တော်တာပဲ။ လောချင်းယန်နဲ့ ဟိုနတ်ဘုရားလေး ရောက်လာပြီ။ အကုန်လုံး တစ္ဆေညည်းသံလိုဏ်ဂူရဲ့ အတွင်းအကျဆုံး အပိုင်းကို ဆုတ်သွားပြီး ကိုယ့်ရဲ့ အရှိန်အဝါတွေကို ဖုံးကွယ်ထားကြ။ သူတို့ ဂူထဲ ဝင်လာတဲ့အထိ စောင့်ကြတာပေါ့. လော့ပို.. မင်းရဲ့ ကျောက်စိမ်းတံဆိပ်ပြားကို ချိုးပြီး မျိုးနွယ်ခေါင်းဆောင်၊ ဦးလေးနှစ်နဲ့ အကြီးအကဲလော့ထျဲတို့ကို ဒီကို ချက်ချင်း လာဖို့ သတင်းပို့လိုက်”
အကယ်၍ ထိုနေရာ၌ လောချင်းယန်သာ ရှိနေလျှင် ထိုအဝါရောင်ပုလဲလုံးကို သေချာပေါက် သိမည်ဖြစ်သည်။ ၎င်းပုလဲလုံးက ပတ်ဝန်းကျင် ပေတစ်သိန်းပတ်လည်အတွင်းရှိ အရာအားလုံးကို အာရုံခံနိုင်သော အလွန်ရှားပါးသည့် ရတနာတစ်ခုဖြစ်သည်။ ၎င်းက ကောင်းကင်စိတ်အာရုံကို သုံးခြင်း မဟုတ်သဖြင့် ၎င်းကို ပြန်လည်အာရုံခံ၍ မရပေ။ ကောင်းကင်စိတ်အာရုံသာဆိုလျှင် ကျန်းရီတို့က တစ်ခုခုကို ခံစားလိုက်ရမည်ဖြစ်သည်။
တစ္ဆေညည်းသံလိုဏ်ဂူထဲ၌ စောင့်နေရန် တာဝန်ကျသော ဆယ့်နှစ်ယောက်ထဲတွင် အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် တစ်ယောက်မှ မပါပေ။ ထို့ကြောင့် လော့ဖူသည် သူတို့အား ထိုရတနာ ပေးလိုက်ပြီး အကယ်၍ ကျန်းရီနှင့် လောချင်းယန်တို့ကို ရှာတွေ့လျှင် မတိုက်ခိုက်ဘဲ ချက်ချင်း သတင်းလှမ်းပို့ရန် မှားကြားလိုက်ခြင်းဖြစ်သည်။
မြူထူတောအုပ်ထဲတွင် သတင်းပို့ရန်မှာ အလွန်ခက်ခဲသည်။ သို့သော် သတင်းပို့ ကျောက်စိမ်းပြား ကျိုးသွားလျှင် လော့ဖူက ချက်ချင်း အာရုံခံနိုင်မည်ဖြစ်သည်။ ကျောက်စိမ်းပြားကို ချိုးလိုက်လျှင် ကျန်းရီနှင့် လောချင်းယန်တို့ကို ရှာတွေ့ခြင်းဟု ယူဆမည်ဖြစ်ကြောင်းလည်း ကြိုတင် ပြောဆိုထားပြီးကြပေပြီ။ ထိုအခါ လော့ဖူသည် ကျောက်စိမ်းပြား ချိုးလိုက်သောနေရာသို့ ချက်ချင်း သွားမည်ဖြစ်သည်။
“ဝူ...ဝူ...”
လေတိုးသံများက တဖြည်းဖြည်း စူးရှလာသည်။ သာမန်နတ်ဘုရားများဆိုလျှင် ထိုလွင်တီးခေါင်ထဲသို့ မဝင်ရဲလောက်ဘဲ ချက်ချင်း ပြန်ဆုတ်သွားလောက်သည်။ ကျန်းရီသည်လည်း အတန်ငယ် မသက်မသာ ခံစားနေရသည်။ သူ့တွင် နတ်ဘုရားအသံကောင်းကင်အတတ်သာ မရှိပါက သွေးအန်ပြီးနေလောက်ပေပြီ။
လောချင်းယန်၏ အခြေအနေကမူ သိပ်မဆိုးပေ။ သူမ၏ စိတ်ဝိညာဉ်က နတ်ဘုရားဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထိုကဲ့သို့ စိတ်ဝိညာဉ်တိုက်ခိုက်မှုမျိုးက သူမအပေါ် မသက်ရောက်နိုင်ပေ။ ကျန်းရှောင်နူကမူ မည်သို့မှပင် မခံစားရချေ။ ထို့ကြောင့် လောချင်းယန် ပို၍ပင် အံ့အားသင့်လာသည်။
“သွားကြမယ်...”
ကျန်းရီက အံကြိတ်၍ ပြောလိုက်သည်။ လောချင်းယန်သည် လောရွှေတို့အား မည်သူ လွတ်သွားသည်ဖြစ်စေ လွတ်သွားသူက အကြီးအကဲခြောက်တို့ကို သွားရှာ၍ တစ္ဆေညည်းသံလိုဏ်ဂူသို့ လိုက်ခဲ့ရန် မှာကြားခဲ့ပြီဖြစ်သည်။ သူမတို့က မည်သည့်နေရာသို့မှ ဆက်မသွားတော့ဘဲ စစ်ကူများ ရောက်လာသည်အထိ တစ္ဆေညည်းသံလိုဏ်ဂူတွင်သာ စောင့်နေရန် ဆုံးဖြတ်ထားခြင်းပင်။ သူမတို့က တောအုပ်ထဲတွင် ဦးတည်ချက်မရှိ လျှောက်ပြေးနေမည်ဆိုလျှင် လော့မျိုးနွယ်မှ နတ်ဘုရားဘုရင်များနှင့် ထိပ်တိုက်ဆုံနိုင်ခြေ ပိုများပေသည်.
“ဝူ...ဝူ...”
လေတိုးသံများက ပိုကျယ်လောင်လာသည်။ ကျန်းရီ၏ မျက်နှာကလည်း နာကျင်မှုကြောင့် ရှုံ့တွနေသည်။ နာကျင်မှုက သူ၏ခံနိုင်ရည်အကန့်အသတ်နားသို့ ရောက်နေပေပြီ။ နောက်ထပ် ပေတစ်ရာ ဆက်လျှောက်ပြီးနောက် ကျန်းရီသည် အံကြိတ်၍ အမြစ်မဲ့ရေစင် သောက်လိုက်၏။ မဟုတ်လျှင် သူ၏စိတ်ဝိညာဉ်က ပြိုကွဲသွားပေတော့မည်။
အမြစ်ရေစင်တစ်စက် သောက်ပြီးသောအခါ ကျန်းရီ၏ ခေါင်းထဲရှိ စူးရှသော နာကျင်မှုက ပျောက်ကွယ်သွားသည်။ သူ၏ စိတ်ဝိညာဉ်ကလည်း နတ်ဘုရားဘုရင်၏ စိတ်ဝိညာဉ်ကဲ့သို့ ဆယ်ဆပိုသန်မာသွားသည်။ ယခုတွင် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်ပေပြီ။ သူတို့ကို မြူခိုးဖြူများက လွှမ်းခြုံထားသဖြင့် တစ္ဆေညည်းသံလိုဏ်ဂူက မည်မျှဝေးသေးကြောင်းကို မည်သူမှ မသိကြပေ။ သုံးယောက်စလုံး အရှေ့သို့သာ ဆက်လျှောက်နိုင်ပေသည်။
“သခင်... ကျွန်မ မခံနိုင်တော့ဘူး။ ကျွန်မကို ဟွင့်သွမ့်ချီပုလဲလုံးထဲ ထည့်ထားပေးပါ”
နောက်ထပ် ပေတစ်ထောင် သွားပြီးနောက် လောချင်းယန်က နာကျင်သံဖြင့် အသံပို့လွှတ်လိုက်၏။ ထို့ကြောင့် ကျန်းရီသည် သူမကို ဟွင့်သွမ့်ချီပုလဲလုံးထဲ ပို့လိုက်ရသည်။ ထိုနေရာရှိ လေတိုးသံက သိသိသာသာ ပိုကျယ်မလာသော်လည်း စိတ်ဝိညာဉ်တိုက်ခိုက်မှုက ပိုအားကောင်းလာသဖြင့် ကျန်းရီ အတန်ငယ် အံ့ဩနေသည်။ အားကောင်းနေသာ သူ၏ လက်ရှိစိတ်ဝိညာဉ်နှင့်ပင် သူ မသက်မသာ ခံစားနေရပေသည်။
ပေတစ်ထောင် ထပ်လျှောက်ပြီးနောက် လေတိုးသံများက လုံးဝ ရပ်တန့်သွား၏။ မည်သည့်အသံကိုမှ ထပ်မကြားရတော့ပေ။ သို့သော် သဏ္ဌာန်မဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ပို၍ ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ ကျန်းရီ၏ စိတ်ဝိညာဉ်က အလွန်မသက်မသာ ခံစားနေရသည်။ သူ သွေးအန်တော့မလိုပင် ဖြစ်နေလေသည်.
သို့သော်...
ထိုအခိုက်တွင် ကျန်းရီသည် အရှိန်မတင်သည့်အပြင် ရပ်တန့်လိုက်၏။ ထို့နောက် သူ အရူးတစ်ယောက်ကဲ့ ရေရွတ်လိုက်သည်။
“လေသံပိုကျယ်လာလေလေ၊ နတ်ဘုရားအသံကောင်းကင်အတတ်က ပိုအားကောင်းလာလေလေ ဖြစ်ရမှာ။ ဒါပေမဲ့ ဘာလို့ လေတိုးသံတွေ ပျောက်သွားမှ သဏ္ဌာန်မဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုက ပိုအားကောင်းလာရတာလဲ။ အဲ့ဒါက...”
“အာ...”
ကျန်းရှောင်နူသည် ကျန်းရီက ရပ်သွားသည်ကို မြင်လိုက်သောအခါ နားမလည်ဟန်ဖြင့် ကြည့်လိုက်၏။ ရုတ်တရက် သူမ၏ မျက်လုံးများက တောက်ပလာသည်။ ကျန်းရီသည် မြေပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ ယခင်တွင် ထိုသို့ဖြစ်ခဲ့တိုင်း ကျန်းရီက ဉာဏ်အလင်းပွင့်သွားသည်ချည်းသာ။ ယခုတွင်လည်း ကျန်းရီက တစ်စုံတစ်ခုကို သိမြင်နားလည်သွားခြင်းပေလော။
***