ဒုတိယပုံစံပြောင်းမှု
Vol. 98 Ch. 1358
ကျန်းရီက အမှန်ပင် တစ်စုံတစ်ခုကို သိမြင်နားလည်ခဲ့ခြင်းပင်။ သူသည် နတ်ဘုရားအသံကောင်းကင်အတတ်နှင့် သက်ဆိုင်သော အချက်အလက်အသစ်တစ်ခုကို သိသွားခြင်းဖြစ်သည်။ အသံက ပိုကျယ်လာလေလေ၊ တိုက်ခိုက်မှုက ပိုကြောက်မက်ဖွယ်ကောင်းလာလေလေ မဟုတ်ပေ။ ကျယ်လောင်သော အသံက ရန်သူ၏ နားစည်ကိုသာ ကွဲစေမည်ဖြစ်သည်။ သို့သော် နတ်ဘုရားအသံကောင်းကင်အတတ်က ရန်သူ၏ စိတ်ဝိညာဉ်အပေါ် သဏ္ဌာန်မရှိဘဲ သက်ရောက်ရန်သာ ရည်ရွယ်သည်။
အသံဆူညံနေရာမှ ရုတ်တရက် အသံကင်းမဲ့သွားခြင်းက ရန်သူကို အတော်လေး တုန်လှုပ်သွားစေပေလိမ့်မည်။ တုန်လှုပ်မှုက စိတ်ဝိညာဉ်အပေါ် သက်ရောက်မှုကြီးမည်ဖြစ်သည်။ သို့သော် အသံမဲ့မှုမှနေ၍ မည်သို့ တိုက်ခိုက်သည်ကိုမူ ကျန်းရီ ယခုအထိ နားမလည်သေးပေ။ သူက အမှန်တရားအပိုင်းအစလေးကိုသာ ရှာတွေ့ထားခြင်းဖြစ်သည်။ ထိုစည်းမျဉ်းဆန်းကြယ်စွမ်းရည်၏ ကနဦးအဆင့်သို့သာ ရောက်သေးသည်ဟု ဆိုနိုင်သည်။ ထိုစွမ်းရည်ကို အပြည့်အဝ နားလည်၍ အသုံးချနိုင်ရန် ဆက်၍ ဆင်ခြင်သုံးသပ်ရပေဦးမည်။
ခြေလှမ်းစပြီးကာ လမ်းမှန်ပေါ် ရောက်နေပြီဆိုလျှင် အနှေးနှင့်အမြန်ဆိုသလို အဆုံးသတ်သို့ ရောက်မည်သာ။ ခရီးများ၏ အခက်ခဲဆုံးအပိုင်းမှာ ခြေလှမ်းစရန်ဖြစ်သည်။ ထိုအခိုက်တွင် ကျန်းရီသည် အမြစ်မဲ့ရေစင်ကို သောက်ထားသဖြင့် သူ၏ စိတ်ဝိညာဉ်က ဆယ်ဆပိုသန်မာနေသည်။ သူ ဉာဏ်အလင်းပွင့်နေချိန်တွင် သူ့စိတ်ဝိညာဉ် လည်ပတ်မှုကလည်း ဆယ်ဆပိုမြန်လာမည်ဖြစ်သည်။ ထို့ကြောင့် မည်သူမှ သူ့ကို မနှောင့်ယှက်သ၍ သူ မကြာခင်မှာပင် နတ်ဘုရားအသံကောင်းကင်အတတ်၏ နောက်တစ်ဆင့်ကို သိမြင်နားလည်သွားပေလိမ့်မည်။
တစ်စုံတစ်ယောက်က ကျန်းရီကို နှောင့်ယှက်မည်လော။
အဖြေမှာ ဟုတ်သည်ဟုပင်။
ယခုတွင် တစ္ဆေညည်းသံလိုဏ်ဂူထဲ၌ နတ်ဘုရားဘုရင် ဆယ့်နှစ်ယောက် ရှိနေသည်။ သူတို့က မလှုပ်ရှားသေးဘဲ ကျန်းရီတို့ ဂူထဲဝင်လာမည်ကို စောင့်နေခြင်းဖြစ်သည်။ ကျန်းရီတို့က ဂူကို မရင်းနှီးသဖြင့် ထိုဂူက အဝင်လွယ်သော်လည်း အထွက်ခက်ကြောင်း မသိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တစ္ဆေညည်းသံများက ဂူထဲသို့ အဝင်ထက် ဂူထဲမှ အထွက်တွင် နှစ်ဆပိုစွမ်းအားကြီးမည် ဖြစ်သောကြောင့်ပင်။
လူဆယ့်နှစ်ယောက်သည် ဂူ၏ အတွင်းအကျဆုံးအပိုင်းတွင် ပုန်းအောင်းကာ လော့ဖူ၊ လော့ချီနှင့် လော့ထျဲတို့ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ လော့ဖူက ကျန်းရီကို အရှင်လိုချင်သည်။ သို့သော် သူတို့၏ လက်ရှိအင်အားအရ သူတို့သည် ကျန်းရီကို အရှင်မဖမ်းနိုင်လောက်ပေ။ လော့ဖူတို့က ထိုနေရာနှင့် ကီလိုမီတာငါးထောင်အကွာတွင် ရှိသည်။ လော့ဖူတို့အတွက် ထိုအကွာအဝေးကို သွားရန် လမ်းတွင် ဟွင့်သွမ့်သားရဲများနှင့် တွေ့လျှင်တောင်မှ အလွန်ဆုံး ဆယ်မိနစ်လောက်သာ လိုပေလိမ့်မည်။
“ဟင်.. ဘာလို့ သူတို့က အခုထိ ဝင်မလာကြသေးတာလဲ။ သူတို့ တစ်ခုခုကို တွေ့သွားလို့လား”
ခေတ္တမျှ စောင့်နေပြီးနောက် အဆင့်မြင့်အဆင့် နတ်ဘုရားဘုရင်က စိတ်မရှည်နိုင် ဖြစ်လာ၏။ သူတို့သည် မြေပြင်တုန်ခါမှုမှတဆင့် စောင့်ကြည့်နေကြခြင်းဖြစ်သည်။ သို့သော် ဂူထဲသို့ ဝင်လာသည့် ခြေလှမ်းများမှ တုန်ခါမှုကို မခံစားရသေးပေ။ ထို့ကြောင့် အဆင့်မြင့် နတ်ဘုရားဘုရင်သည် အဝါရောင်ပုလဲကို ဂရုတစိုက် သုံး၍ ဂူအပြင်ဘက်မှ အခြေအနေကို အာရုံခံလိုက်သည်။ ဂူအပြင်တွင် တွေ့လိုက်ရသော မြင်ကွင်းက သူ့ကို အံ့အားသင့်သွားစေပေသည်။
“အဲ့ဒါက အဓိပ္ပာယ်မရှိဘူး”
နတ်ဘုရားဘုရင်သည် နားမလည်နိုင်သော မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။ တစ္ဆေညည်းသံလိုဏ်ဂူဝရှိ သဏ္ဌာန်မဲ့ တစ္ဆေညည်းသံက ကြောက်စရာအကောင်းဆုံးဖြစ်သည်။ အဆင့်နိမ့် နတ်ဘုရားဘုရင်များသည်ပင် ထိုအသံများကို တောင့်ခံနိုင်မည် မဟုတ်ပေ။ ကျန်းရီတို့က အမြစ်မဲ့ရေစင် သောက်ထားခြင်းလော။ ထို့ပြင် သူတို့က သုံးယောက်မဟုတ်လော။ လောချင်းယန်က မည်သို့ရောက်သွားခြင်းနည်း။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ ကျန်းရီနှင့် ကျန်းရှောင်နူတို့က လှုပ်မည့်အရိပ်အယောင် မပြသေးပေ။ ထို့ကြောင့် အဆင့်မြင့် နတ်ဘုရားဘုရင်က ပို၍ပင် သံသယဝင်လာသည်။ သို့သော် သူသည် လှုပ်ရှားရမည်၊ မရမည်ကို ချီတုံချတုံ ဖြစ်နေပေသည်။ သူက အပြင်သို့ထွက်၍လည်း မစုံစမ်းဝံ့ပေ။ ငါးမိနစ်ကြာပြီးနောက်တွင် သူဆက်၍ သည်းမခံနိုင်တော့ချေ။ လော့ဖူတို့က သေချာပေါက် လမ်းတွင် ရောက်နေလောက်ပေပြီ။ ယခု သူ အပြင်ထွက်လိုက်၍ ကျန်းရီတို့ကို သတိပေးလိုက်သလို ဖြစ်သွားမည်ဆိုလျှင်ပင် ပြဿနာ မရှိလောက်တော့ပေ။ ဤတစ်ကြိမ်တွင် ကျန်းရီတို့က မည်သို့မှ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။
ရွှစ်...ရွှစ်...
ထိုနတ်ဘုရားဘုရင်က သူ၏ ကောင်းကင်စိတ်အာရုံကို အပြင်သို့ ထပ်မံ၍ ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်၏။ ပုလဲက တစ်ခုခုမှားနေကာ မတိကျမည်ကို စိုးရိမ်၍ သူ ကောင်းကင်စိတ်အာရုံကို သုံးလိုက်ခြင်းဖြစ်သည်။ အမှန်ပင် ကျန်းရီနှင့် ကျန်းရှောင်နူတို့က လိုဏ်ဂူအပြင်၌ ရပ်နေကြသည်။ လောချင်းယန်ကလည်း ပျောက်နေပေပြီ။
“အာ...”
ကျန်းရီက တင်ပျဉ်ခွေ တရားထိုင်နေပြီး ကျန်းရှောင်နူက အရာအားလုံး ပုံမှန်ဖြစ်နေသကဲ့သို့ ရပ်နေသည်။ ထို့ကြောင့် အဆင့်မြင့် နတ်ဘုရားဘုရင် သံသယဝင်သွားသည်။ ယခု အပြင်တွင် မည်သည့် တစ္ဆေညည်းသံမှ ရှိမနေခြင်းလော။ မဟုတ်လျှင် ကျန်းရီက အမြစ်မဲ့ရေစင်ကို သောက်ထားခြင်း ဖြစ်ရမည်။ ပုံမှန်အတိုင်းတော့ သူက ထိုနေရာတွင် တင်ပျဉ်ခွေ တရားထိုင်မနေနိုင်လောက်ပေ။ သူ့အဆင့်က သာမန်နတ်ဘုရားအဆင့်သာ ရှိသေးသည် မဟုတ်ပါလား။ သူ့ဘေးမှ မိန်းမပျိုလေးက အတောင်ပံရှိသဖြင့် ထူးခြားသော မျိုးနွယ်တစ်ခုမှ ဖြစ်နိုင်သည်။ တစ္ဆေညည်းသံက သူမအပေါ် မသက်ရောက်နိုင်ခြင်း ဖြစ်ရမည်။
“တိုက်ကြ...”
နတ်ဘုရားဘုရင်သည် အသိပြန်ကပ်လာ၏။ ကျန်းရှောင်နူက သူ၏ ကောင်းကင်စိတ်အာရုံကို သတိပြုမိသွားပေပြီ။ ထို့ကြောင့် သူသည် ဂူအပြင်သို့ နဂါးရိုင်းတစ်ကောင်အလား ပျံထွက်သွားလိုက်သည်။ ရုတ်ခြည်းပင် အခြားနတ်ဘုရားဘုရင် ဆယ့်တစ်ယောက်ကလည်း နောက်မှ လိုက်သွားလိုက်ကြသည်။ အဆင့်မြင့် နတ်ဘုရားဘုရင်သည် ပျံသန်းနေရင်းဖြင့် အော်ပြောလိုက်သည်။
“အားလုံး ဂရုစိုက်ကြပါ။ ဘယ်သူမှ သေလောက်တဲ့အားကို မသုံးပါနဲ့။ ကျုပ်တို့ သူတို့ကို သတ်လို့မဖြစ်ဘူး။ မျိုးနွယ်ခေါင်းဆောင်က သူတို့ကို အရှင်လိုချင်တာ။ တကယ်လို့ အခြေအနေက ခက်ခဲလာရင် သူတို့ ထွက်မပြေးနိုင်အောင်သာ တားလိုက်ကြပါ။ ပြီးတော့ သူတို့ကို သူတို့ ထွက်ပြေးနိုင်လောက်တယ်ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ပေးထားရမယ်။ အဲ့ဒါမှ သူတို့က သူတို့ကိုယ်သူတို့ သတ်သေမသွားကြမှာ။ နားလည်ကြလား”
“ကျုပ်တို့က သူတို့ကို သတ်လို့မရဘူး။ အဲ့အပြင် သူတို့ကိုလည်း မျှော်လင့်ချက် ပေးရဦးမယ်ပေါ့”
အားလုံး တစ်ယောက်ကိုတစ်ယောက် လိုက်ကြ၏။ သူတို့သည် မည်သို့လုပ်ရမည်ကို မသိတော့ပေ။ သို့သော် ကျန်းရီနှင့် ကျန်းရှောင်နူတို့က သာမန်နတ်ဘုရားလေးများသာ ဖြစ်ကြောင်း သိလိုက်သောအခါ သူတို့ စိတ်အေးသွားကြသည်။ သူတို့အတွက် သာမန်နတ်ဘုရားလေးများက ပုရွက်ဆိတ်များကဲ့သို့ပင် မဟုတ်ပါလား။
‘မကောင်းတော့ဘူး’
ဂူအပြင်ဘက်တွင် ကျန်းရှောင်နူက အမြီးနင်းခံထားရသော ခြင်္သေ့ပျိုတစ်ကောင်ကဲ့သို့ မားမားမတ်မတ် ရပ်နေသည်။ သူမ နတ်ဘုရားအဆင့်သို့ ရောက်သွားသောအခါ သူမ၏အာရုံများက အလွန်စူးရှလာခဲ့သည်။ အစောတွင် သူမသည် ကောင်းကင်စိတ်အာရုံတန်းတစ်တန်းကို သတိပြုမိခဲ့သည်။ ယခုတွင်မူ နတ်ဘုရားဘုရင် ဆယ့်နှစ်ယောက်၏ အရှိန်အဝါကို သူမ ခံစားနေရလေသည်။
‘ငါ ဘာလုပ်သင့်လဲ’
ထိုအခိုက်တွင် ကျန်းရီက ဉာဏ်အလင်းပွင့်နေဆဲဖြစ်သည်။ ယခု သူ့ကို သွားနှောင့်ယှက်လိုက်ပါက ဉာဏ်အလင်းပွင့်ခြင်း ပျက်ပြယ်သွားပေလိမ့်မည်။ သို့သော် နတ်ဘုရားဘုရင် ဆယ့်နှစ်ယောက်ကလည်း လာနေပေပြီ။
ထွက်ပြေးရမည်လော။ ကျန်းရှောင်နူ၊ ကျန်းရီနှင့် လောချင်းယန်တို့၏ အမြန်နှုန်းအရ နတ်ဘုရားဘုရင်များ၏လက်မှ လွတ်အောင် ထွက်ပြေးနိုင်ပါမည်လော။ ကျန်းရှောင်နူ၏ မျက်ဝန်းထဲတွင် ပြတ်သားမှု အရိပ်အယောင်တစ်ချက် လက်သွားသည်။ သူမ၏ မျက်နှာထားကလည်း ရေခဲတမျှ အေးစက်သွားသည်။ သူမသည် အစောကတည်းက ပုံစံပြောင်းထားပြီးဖြစ်သည်။ သို့သော် သူမ အံကြိတ်ကာ အော်လိုက်သည်။
“ပုံစံပြောင်း”
ကျန်းရှောင်နူထံတွင် ကျန်းရီကို မပြောရသေးသော သို့မဟုတ် ပြောရန်အချိန်မရသေးသော ကိစ္စတစ်ခု ရှိပေသေးသည်။ သူမသည် နတ်ဘုရားအဆင့်သို့ ရောက်ပြီးနောက်တွင် နှစ်ကြိမ် ပုံစံပြောင်းလဲနိုင်လာသည်။ သို့သော် သူမက အလွန်အားနည်းနေသေးပေသည်။ နှစ်ကြိမ်ပုံစံပြောင်းခြင်းက သူမကို အလွန်ပင်ပန်းစေသည်။ ထို့ပြင် သူမ၏ခန္ဓာကိုယ်ကိုလည်း များစွာထိခိုက်စေသည်။ ထို့ကြောင့် သူမသည် ဒုတိယပုံစံပြောင်းမှုကို ယခင်က စမ်းမကြည့်ခဲ့ပေ။
ရွှီး...
ကျန်းရှောင်နူ၏ အစိမ်းရောင်ဆံနွယ်များက လေထဲတွင် လွင့်သွား၏။ သူမ၏ခန္ဓာကိုယ်မှနေ၍လည်း အစိမ်းရောင်အလင်း ဖြာထွက်လာသည်။ ထို့နောက် သူမ၏ ဦးခေါင်းထက်၌ အစိမ်းရောင်ဦးချိုလေးနှစ်ချောင် ထွက်လာ၏။ ၎င်းဦးချိုနှစ်ချောင်း ထွက်ပေါ်လာသောအခါ သူမ၏ တစ်ကိုယ်လုံးနှင့် မျက်နှာက နာကျင်မှုကြောင့် တွန့်လိမ်သွား၏။ သူမသည် သူမ၏ဦးခေါင်းခွံထိပ်က ကွဲအက်လာသကဲ့သို့ ခံစားနေရသည်။ ထို့ပြင် ဦးချိုလေးနှစ်ချောင်းက ဖြည်းဖြည်းချင်း ထွက်လာနေရာ ၎င်းတို့ တိုးထွက်လိုက်တိုင်း သူမ အလွန်ကြီးမားသော နာကျင်မှုကို ခံစားနေရပေသည်။
ဖြန်း...ဖြန်း...
ကျန်းရှောင်နူ၏ နဖူးပေါ်တွင် ချွေးများ ရွှဲနေသည်။ ထိုအခိုက်တွင် သူမ အတောင်ပံ ခတ်လိုက်၏။ သူမသည် အလွန်နာကျင်နေပုံ ပေါ်သော်လည်း မအော်မိအောင် အံကြိတ်၍ တောင့်ခံထားသည်။ သူမသည် ထိုပုံစံပြောင်းလဲမှုမှနေ၍ ရှင်သန်နိုင်ပါမည်လောဟုပင် သံသယဖြစ်နေသည်။ အကယ်၍ သူမ တောင့်မခံနိုင်တော့ဘဲ ဒုတိယအကြိမ် ပုံစံပြောင်းမှု ကျဆုံးသွားလျှင် သူမ၏အင်အားက တိုးမလာသည့်ပြင် လျော့ကျသွားမည်ဖြစ်သည်။ ထိုအခါ သူမသည် အလွန်အားနည်းလာကာ ပျော့ခွေသွားပြီး အလွယ်တကူ အသတ်ခံရပေလိမ့်မည်။
‘တောင့်ခံထား.. ငါ သခင်လေးကို ကာကွယ်ရမယ်’
ကျန်းရှောင်နူ၏ ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိနေသည်။ ထိုအတွေးက သူမကို ရှင်းပြ၍ မရနိုင်သော အင်အားနှင့် ပြတ်သားသော စိတ်ဓာတ်ခွန်အားကို ပေးသည်။ တဖြည်းဖြည်းဖြင့် သူမခံစားနေရသော နာကျင်မှုက လျော့ကျလာသည်။ သို့တည်းမဟုတ် သူမက နာကျင်မှုကို ထုံသွားခြင်းဖြစ်မည်။
နတ်ဘုရားဘုရင် ဆယ့်နှစ်ယောက် ဂူပြင်သို့ ရောက်တော့မည့်ချိန်တွင် ကျန်းရှောင်နူ၏ ဦးခေါင်းမှ အစိမ်းရောင်ဦးချိုနှစ်ချောင်းက အပြည့်အဝ ထွက်ပြီးသွားလေသည်။ သူမသည် အတောင်ပံနှစ်ဘက်ကို ခတ်ကာ ဂူထဲသို့ ပျံဝင်သွားလိုက်သည်။
“အာ...”
တစ်ချိန်တည်းမှာပင် ဦးချိုနှစ်ချောင်းက လင်းလက်လာ၏။ ၎င်းတို့ လင်းလက်လာသောအခါ ကျန်းရှောင်နူ၏ အရှိန်အဝါက တိုးပွားသွားသည်။ သူမ၏ မျက်လုံးစိမ်းတစ်စုံက ကြည့်မိသူတိုင်းကို ကြောက်ရွံ့သွားစေပေလိမ့်မည်။ အရေးအကြီးဆုံးမှာ သူမ၏ အမြန်နှုန်းက ဆယ်ဆတိုးတက်လာပြီး အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် တစ်ယောက်၏ အမြန်နှုန်းကဲ့သို့ မြန်သွားခြင်းပင်။ သူမသည် နတ်ဘုရားဘုရင်အုပ်ထဲသို့ ပျံဝင်သွားပြီး အုပ်စုကို ဦးဆောင်လာသော အဆင့်မြင့် နတ်ဘုရားဘုရင်ကို လက်သည်းစိမ်းများဖြင့် ကုတ်စွဲလိုက်လေသည်။
“အာ...”
အဆင့်မြင့် နတ်ဘုရားဘုရင်က ကျန်းရီကိုသာ အာရုံစိုက်ထားခဲ့ပြီး ကျန်းရှောင်နူကို လျစ်လျူရှုမိခဲ့သည်။ အစောတွင် ကျန်းရှောင်နူ၏ အမြန်နှုန်းက အလွန်နှေးခဲ့ပြီး သူမ၏ အရှိန်အဝါကလည်း အလွန်အားနည်းခဲ့သည်။ ထို့ကြောင့် သူမ၏ အမြန်နှုန်းက အချိန်တိုအတွင်း ထိုမျှတိုးတက်လာလိမ့်မည်ဟု သူ မထင်ခဲ့ချေ။ သူ စတင်တုံ့ပြန်နိုင်လိုက်သော အချိန်တွင် အစိမ်းရောင်အလင်း တောက်ပနေသော လက်သည်းနှစ်ဘက်က သူ့ရင်ဘတ်ကို စုတ်ဖြဲသွားပြီဖြစ်သည်။
ရွှက်...ရွှက်...
နတ်ဘုရားဘုရင်များကို အံ့အားသင့်စေသွားသော ကိစ္စတစ်ခု ဖြစ်လာ၏။ ကျန်းရှောင်နူ၏ လက်သည်းများက အဆင့်မြင့် နတ်ဘုရားဘုရင်၏ အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်ကိုပင် ဖောက်ကာ သူ့အသားကို စုတ်ဖြဲပစ်လိုက်နိုင်လေသည်။
***