ကျင့်စဉ်အောင်ပြီ
Vol. 5 Ch. 59
မီးတောက်မီးလျှံတွေ ... ... နေရောင်ခြည်က ပြူတင်းပေါက်ကို ဖြတ်ပြီး အခန်းထဲကို ကျရောက် နေပါတယ်။ အခန်းတွင်းမှာတော့ လီဖူချန်း တစ်ယောက်ကို မီးလျှံတွေက လွှမ်းခြုံ ထားနေပါတယ်။
လီဖူချန်းရဲ့ နဖူး အလည်တည့်တည့်မှာတော့ တောက်ပနေတဲ့ မီးလျှံပုံသဏ္ဍာန် အရိပ်တစ်ခုက ပေါ်လာပါတယ်။
" မီးလျှံပန်း"
ကြက်သွေးရောင် မီးကျင့်စဉ်ကို အဆင့်၉ အထိ ရောက်အောင် လေ့ကျင့်နိုင်တဲ့ လူတွေဆီမှာမှ ဒီလို မီးလျှံပန်း အမှတ်အသား ပေါ်လာတတ်တာပါ။ ဒီအမှတ်အသားက လီဖူချန်းဆီမှာ ပေါ်လာတာကို ကြည့်ခြင်းအားဖြင့် သူက ကြက်သွေးရောင် မီးကျင့်စဉ်ရဲ့ အဆင့်၉ ကိုရောက်သွားပြီ ဆိုတာ သိနိုင်ပါတယ်။
ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်၉ကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း တစ်ဆင့်တိုးပြီး လူသား နယ်ပယ်အဆင့်၈ ကိုရောက်သွားပါပြီ။
လီဖူချန်းက သူရဲ့ ခန္ဓာကိုယ်က ပေါက်ကွဲတော့မဲ့ မီးတောင်တစ်လုံးလို အားတွေ ပြည့်နေတဲ့အတွက် လေထုထဲကို လက်သီးတစ်လုံး ပစ်ထိုးလိုက်တယ်။
ဝုန်း ...
အိမ်ရဲ့ ထူထပ်လှတဲ့ နံရံပေါ်မှာ အက်ကွဲရာကြီး တစ်ခု ပေါ်လာပါတယ်။ မီတာ အနည်းငယ် အကွာအဝေးကနေ ထိုးလိုက်တဲ့ လက်သီးက နံရံပေါ်မှာတောင် အက်ကွဲရာတွေတောင် ဖြစ်လာစေခဲ့တယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် လီဖူချန်းရဲ့ အတွင်းအားတွေက ဘယ်လောက် တိုးတက်လာသလဲ ဆိုတာကို သိနိုင်ပါတယ်။
" ဒါက ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်၉ရဲ့ အစွမ်းတွေလား"
လီဖူချန်းက သူ့လက်ဖဝါးကို ကြည့်ရင်း အံ့သြနေပါတယ်။ နောက်ထပ် ထမ်းအိုးတစ်ကျက် အကြာမှာတော့ လီဖူချန်းက ငါးမျှားတံကို ကိုင်ပြီး မိုးပြာရောင် ရေကန်ဆီကို ထွက်လာခဲ့ပါတော့တယ်။
" ဗွမ်း"
လီဖူချန်းက ငါးမျှားတံကို မတင်လိုက်တဲ့ အခါမှာတော့ ပထမတန်းစား ငါးတစ်ကောင်က ရေပေါ်ကို တက်လာပါတယ်။ ဘယ်ဘက် လက်ဖဝါးကို ဖြန့်ပြီး ငါးကို ရိုက်လိုက်တဲ့ အခါမှာတော့
သိပ်သည်းပြီး စစ်မှန်တဲ့ မီးလျှံတစ်ခုက လီဖူချန်းဆီကနေ ထွက်ပေါ်လာပြီး ငါးကို ကင်ပြီးသား ဖြစ်သွား စေပါတယ်။
" ကြက်သွေးရောင် မီးကျင့်စဉ်ကို ကျင့်ပြီးကတည်းက ငါက တောတွေထဲသွားရင် မီးအတွက် ပူစရာ မလိုတော့ဘူးပဲ"
လီဖူချန်းက စိတ်ကြည်နေတဲ့အတွက် ကိုယ့်ဘာသာ စဉ်းစားရင်း ပြုံးနေမိတယ်။ ငါးမျှားရတဲ့ဘဝက သူ့အတွက် စိတ်ကို တည်ငြိမ်စေပြီး သက်သောင့်သက်သာ ရှိစေတယ်လေ။
ဒါကို ဘာကြောင့် သတ္တုရိုင်း တောင်ပေါ်ကို သူဘာလို့ သွားဖို့ ဆုံးဖြတ် မိလိုက်ပါလိမ့်။
" ဟင် ... ငါးအကောင်ကြီးကြီး တစ်ကောင်တော့ တွေ့ပဟ"
လီဖူချန်းက ငါးမျှားချိတ်ပေါ်က အသိစိတ် အာရုံကနေ အနီရောင် ငါးကြီးတစ်ကောင်ကို အာရုံခံမိ လိုက်တယ်။ အခုဆိုရင် သူ့ရဲ့အသိစိတ် အာရုံနယ်ပယ်က ၂ မီတာလောက် အထိကို ဖြန့်ကျက် ထားနိုင်ပြီလေ။
" ဒါက ကောင်းကင်သက်တံငါးပဲ။ ဒါက သာမန် ရတနာငါး ဖြစ်ပေမဲ့ အရွယ်အစားကို ကြည့်ရတာ ကီလို ရာနဲ့ချီမယ့် ပုံပဲဟ"
လီဖူချန်းက ငါးကြီးရဲ့ အရွယ်အစားကို ကြည့်ပြီး အရမ်း ပျော်နေမိပါတယ်။
သာမန် ရတနာငါး တစ်ကီလိုက ထောက်ပံ့ရေးရမှတ် ၁၀ မှတ်နဲ့ညီမျှတယ်လေ။ ကီလိုရာနဲ့ချီတဲ့ အကောင်ဆိုတဲ့ အဓိပ္ပာယ်က ရမှတ်ထောင်နဲ့ ချီတယ်ဆိုတာနဲ့ အတူတူပါပဲ။ ဒီနေ့ကတော့ လီဖူချန်းရဲ့ ကံကောင်းတဲ့ နေ့ပါပဲ။ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ ငါးကို သယ်သွားရင်တော့
ဝါစဉ်ကြီး တပည့်တွေ ဆီကနေ နည်းနည်းတော့ အာရုံစိုက်မှု ခံရမှာပါ။
" နောင်ခါလာ နောင်ခါဈေး ပဲကွာ။ ဒီငါးကို အရင် ဖမ်းထားလိုက်မယ်"
လီဖူချန်းက ငါးမျှားချိတ်ကို ကောင်းကင်သက်တံငါးရဲ့ ပါးစပ်နားကို ရွေ့လိုက်တယ်။
ဒီကောင်းကင်သက်တံငါးက သာမန်ရတနာငါး အမျိုးအစား ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ ငါးမျှားချိတ်မှာ တပ်ထားတဲ့ ငါးစာကိုမြင်တာနဲ့ တွေဝေ တုံ့ဆိုင်းနေခြင်း မရှိပဲ တန်းကိုက် လိုက်ပါတော့တယ်။ သနားစရာ ငါးကြီးပါပဲ။
ငါးစာကို တစ်ချက် ကိုက်လိုက်တာနဲ့ လီဖူချန်းလက်ကနေ လွတ်မြောက်ဖို့ လမ်းမရှိတော့ဘူး ဆိုတာ သူမသိခဲ့ပါဘူး။ လီဖူချန်းက ခွန်အားတွေကို လက်နှစ်ဖက်မှာ ထည့်လိုက်ပြီး
ခါးကို အလိုက်သင့်လေး ကိုင်းလိုက်ကာ ငါးမျှားတံကို ဆတ်ခနဲ မတင်လိုက်သည်။
" ဗွမ်း "
ရေကန်ထဲကနေ ရေလှိုင်းလုံးကြီး တစ်လုံးက ထောက်တက် လာပါတယ်။ ရေစက် ရေပေါက် တွေကလည်း ရေကန်ဘေးက လီဖူချန်းကိုတောင် ရွှဲရွှဲ စိုသွားစေပါတယ်။
" ကြီးလိုက်တဲ့ ငါးကြီးဟေ့ ... အနည်းဆုံးတော့ ကီလို၁၀၀ လောက် ရှိမယ် ထင်တယ်"
" လီဖူချန်းက 'တံငါဘုရင်' ဆိုတဲ့ နာမည်နဲ့ လိုက်ပါပေတယ်"
ဒီမိုးပြာရောင် ရေကန်မှာ ငါးမျှားနေကျတဲ့ တပည့်တွေကတော့ လီဖူချန်းကို 'တံငါဘုရင်' ဆိုတဲ့ ဘွဲ့ကို ပေးထားခဲ့ကြပါတယ်။
လီဖူချန်းက ဒီသက်တန့်ငါးကို ဖမ်းတဲ့အခါမှာ အားခြင်း ထိပ်တိုက် ယှဉ်ဆိုင်ပြီး ဖမ်းခဲ့တာ မဟုတ်ပါဘူး။ ဒီကောင်းကင်သက်တံငါးရဲ့ ရေထဲက ရုန်းအားက ၁၀၀၀၀ ကီလိုအားလောက် ရှိတာလေ။ လီဖူချန်းရဲ့ ရှိသမျှ အပြင်အားနဲ့ အတွင်းအားတွေ ပေါင်းလိုက်ရင်တောင်မှ ကီလို၁၀၀၀၀ ပဲရှိတာလေ။
အားချင်းယှဉ်ပြီး ဖမ်းမယ်ဆိုရင် လီဖူချန်းနဲ့ ဒီငါးကြီးက မျှခြေရှိနေပါတယ်။ ဒါကြောင့် လီဖူချန်က ငါးကြီးရဲ့ ရုန်းအားကို မခုခံပဲ အလျော့ပေးလိုက်ပြီးမှ မထင်မှတ်ထားတဲ့ အချိန်မှာ အားထည့်ပြီး ဖမ်းလိုက်တာပါ။ ဒါက သူ့ရဲ့ အတွေ့အကြုံတွေကြောင့် ဖမ်းနိုင်တာလည်း ပါပါတယ်။
" အစ်ကိုလီ ... အစ်ကိုက ငါးဖမ်းတာ အရမ်းတော်တာပဲဗျ"
ကန်ရဲ့ တစ်ဖက်ခြမ်းမှာ ငါးမျှားနေတဲ့ အပြင်စည်း တပည့်တစ်ယောက်က လီဖူချန်းကို ချီးကျူး လိုက်ပါတယ်။
" အရမ်းကြီး မမြောက်ပါနဲ့ကွာ။ ငါဒီရေကန်ကနေ ပြန်တဲ့အခါကျရင် မင်းကို ရတနာငါး အနည်းငယ်လောက် လက်ဆောင် ပေးသွားပါမယ်ကွာ"
လီဖူချန်းက သူ့ကို ချီးကျူးလိုက်တဲ့ အပြင်စည်း တပည့်အပေါ် စိတ်ကောင်းဝင်သွားပြီး ပြောလိုက်သည်။ အဲသည် တပည့်လေး နာမည်က ကျန်းတဖူ လို့ခေါ်ပါတယ်။ သူက အစတုန်းကတော့ အထွေထွေ လုပ်သားတပည့် တစ်ယောက် ဖြစ်ပါတယ်။ အင်မတန် ကြိုးစားခဲ့ပြီး နောက်မှာတော့ သူက အခုဆိုရင် တတိယအဆင့် အပြင်စည်းတပည့် ရောက်လာခဲ့ပါပြီ။
အမှန်အတိုင်း ပြောရရင် အထွေထွေ လုပ်သားတပည့်၁၀၀မှာ တစ်ယောက်လောက်ပဲ အပြင်စည်း တပည့်အဖြစ် အဆင့်တက်နိုင်တာပါ။ ဒါကြောင့်မလို့ လီဖူချန်းကသူ့ကို နည်းနည်းပါးပါး ကူညီလိုက်ချင် တာလေ။ ပြီးတော့ ဒီရတနာငါး အနည်းငယ်လောက်က သူ့အတွက် ဘာမှ မပြောပလောက် ပါဘူး။
" တကယ်လား ... အစ်ကိုလီ"
ကျန်းတဖူရဲ့ မျက်လုံးတွေက အရောင် တောက်သွားတယ်။ လီဖူချန်း ဖမ်းမိထားတဲ့ ငါးတွေက တစ်ကီလို၊ နှစ်ကီလိုလောက် ရှိတဲ့ ရတနာငါးတွေ မဟုတ်ဘူးလေ။ အနည်းဆုံးတော့ ၁၀ကီလိုလောက်ရှိတဲ့ ငါးတွေပါပဲ။ ပြီးတော့ ပထမတန်းစားနဲ့ ဒုတိယတန်းစား ငါးတွေ အများကြီး ဖမ်းမိထားသေးတယ်။ လီဖူချန်းက ဒုတိယတန်းစား ငါးတစ်ကောင်လောက် ပေးသွားခဲ့ရင်တောင်
အမှတ်ထောင်ချီ ပေးသွားသလို ဖြစ်နေမှာပါ။
လီဖူချန်းက သတ္တုရိုင်းတောင်ပေါ်မှာ ကံဆိုးခဲ့သမျှ မိုးပြာရောင် ရေကန်မှာတော့ အတိုးချပြီး ကံကောင်းနေပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ လီဖူချန်းက ကီလို ၁၀၀ကျော်သည့် ပထမတန်းစား ငါးတစ်ကောင်ကို ထပ်မိပြန်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လီဖူချန်းက အမှတ်နှစ်သောင်း၊ သုံးသောင်းလောက် ရှိသည့် ငါးတွေကို ဖမ်းမိထားပြီးပါပြီ။
လီဖူချန်းက ကျန်းတဖူအပြင် ရိုးသားပုံရသည့် တခြား တပည့်တစ်ယောက်ကိုလည်း ငါးတွေ လက်ဆောင် ပေးခဲ့ပါသေးတယ်။ ထိုနှစ်ယောက်ကလည်း တတ်နိုင်သလောက် ကူညီသည့် အနေဖြင့် လီဖူချန်းရဲ့ ငါးတွေကို သယ်ကူခွင့် တောင်းကြပါတယ်။ လီဖူချန်းကလည်း တစ်ယောက်တည်း သယ်ဖို့ မဖြစ်နိုင်တာကြောင့် ခွင့်ပြုလိုက်ပြီး မိုးပြာရောင်ဂိုဏ်းကို ပြန်လာခဲ့ပါတယ်။
ငါးတွေကို သယ်ပြီး ထောက်ပံ့ရေးဌာန အရောက်မှာတော့ လီဖူချန်းက သူတို့နှစ်ယောက်ကို အမှတ် ၁၀၀၀ စီ ထပ်ပေးလိုက်ပါသေးတယ်။
" အခုရလာတဲ့ ၂၄၀၀၀နဲ့ အရင်က ကျန်တဲ့အမှတ် ၁၅၅၀၀နဲ့ဆိုရင်
အလယ်အလတ် ဆန်းကြယ်အဆင့် သိုင်းကျမ်းတွေတော့ လဲလို့ ရလောက်မှာပါ"
လီဖူချန်းက အသက်တစ်ဝကြီး ရှူလိုက်ပြီး သိုင်းကျမ်းဆောင်ကို ဦးတည်လိုက်ပါတယ်။ သူရဲ့ ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်၉ အတွက် ရမှတ်တွေ ထုတ်ဖို့ အတွက်ပေါ့။
ဒီသိုင်းကျမ်းဆောင်က အကြီးအကဲက လီဖူချန်းကို အရင်တစ်ခါတည်းက သတိပြုမိပါတယ်။
သူထင်ထားတာကတော့ လီဖူချန်းက တခြား ကျင့်စဉ်ကျင့်ဖို့ ကျင့်စဉ် လာလဲတယ်လို့ ထင်နေတာပါ။
လီဖူချန်းက အကြီးအကဲကို အရိုအသေ ပေးလိုက်ပြီး လာရင်းကိစ္စကို ပြောပြလိုက်ပါတယ်။
" အကြီးအကဲခင်ဗျား ... ကျွန်တော် လေ့ကျင့်နေတဲ့ ကျင့်စဉ်အတွက် ဆုအဖြစ် သတ်မှတ်ပေးထားတဲ့ ရမှတ်တွေကို ထုတ်ဖို့ လာခဲ့တာပါ"
သိုင်းကျမ်းဆောင် အကြီးအကဲက ပြုံးပြီး
" အို ဟုတ်လား ... မင်းက ဘယ်အဆင့်အတွက် ရမှတ်တွေ ထုတ်ချင်တာလဲ။ အဆင့် ၇ လား။ အဆင့် ၈ လား"
လီဖူချန်းက ရိုရိုသေသေနဲ့ ပြန်ဖြေလိုက်ပါတယ်။
" ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်၉ အတွက်ပါ"
" ဘာ ... မင်းက ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်၉ အထိ လေ့ကျင့် နိုင်တယ်ပေါ့လေ"
အကြီးအကဲက ဘာမှ ပြန်မပြောနိုင်ပဲ ကြောင်သွားပါတယ်။ သူသတိ ပြန်ဝင်လာတဲ့ အခါမှာတော့ လုံးဝ စိတ်လှုပ်ရှား နေပါတော့တယ်။ မိုးပြာရောင်ဂိုဏ်းက ကျင့်စဉ် အထောက်အကူပြု ဆေးလုံးတွေကို တပည့်တွေကို ထောက်ပံ့ပေးထားပေမဲ့ ဒီလိုကျင့်စဉ်အဆင့်၉ ကို တစ်နှစ်အတွင်း ရောက်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အရာတစ်ခု ဖြစ်ပါတယ်။
အခုပညာသင်ကြားနေတဲ့ အပြင်စည်းတပည့် အယောက် ၃၀၀၀၀မှာဆိုရင် တစ်ယောက်ပဲ ဒီလိုအဆင့်ကိုရောက်ခဲ့ဖူးပါတယ်။
အဲဒီသူကတော့ ယုဝူရှန်းပဲဖြစ်ပါတယ်။ ယုဝူရှန်း ဆိုတာက ပြိုင်ဖက်ကင်း ပါရမီရှင်၁၀ ယောက်ထဲက နံပါတ် ၁ ပါ။ အကြီးအကဲက သူရဲ့ မူပျက်နေတဲ့ပုံကို သတိပြုမိသွားပြီး ပြန်ထိန်း လိုက်ပါတယ်။ သူက လက်နှစ်ဖက်ကို အနောက်ပစ်လိုက်ပြီး တကယ့် ပညာရှိကြီးပုံစံ ပြန်ဖမ်းလိုက်ပြီး
" မင်းရဲ့ ကြက်သွေးရောင် မီးအဆင့်၉ မီးတောက်ကို ငါ့ကို အရင်ပြကြည့်ပါလား။ အဲဒါက အမှန်ဟုတ်မဟုတ် ငါအရင် အတည်ပြုရဦးမယ်လေ"
အမှန်အတိုင်း ပြောရမယ်ဆိုရင် လီဖူချန်းက ကြက်သွေးရောင် မီးကျင့်စဉ် အဆင့်၉ကို ရောက်သွားတယ် ဆိုတာကို သူသံသယ ရှိပါတယ်။ သူ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်နိုင်မှ ဒါကိုသူယုံမှာပါ။
အကြီးအကဲရဲ့စကားကို ကြားပြီး နောက်မှာတော့ လီဖူချန်းက သူရဲ့ ကြက်သွေးရောင် မီးကျင့်စဉ်ကို ထုတ်ဖော် လိုက်ပါတယ်။ ပတ်ဝန်းကျင် လေထုတစ်ခုလုံးက
မီးမုန်တိုင်းထဲ ရောက်သွားသည့် အတိုင်း ပူလောင်လာပါတယ်။ လီဖူချန်းရဲ့ နဖူးတည့်တည့်မှာလည်း မီးလျှံပန်းတစ်ပွင့် ပေါ်လာပါတော့တယ်။
" ဒါကတကယ်ပဲ ကြက်သွေးရောင် မီးကျင့်စဉ်ရဲ့ အဆင့်၉ပဲ"
သိုင်းကျမ်းဆောင် အကြီးအကဲက လီဖူချန်းကို မျက်လုံးကြီး ပြူးပြီး ကြောင်ကြည့်နေပါတယ်။
လီဖူချန်းက-
" အကြီးအကဲ ... ဒီအဆင့်ဆိုရင် ဆုအဖြစ် ရမှတ် ၁၀၀၀၀၀ ရမှာ မဟုတ်လားခင်ဗျ"
အကြီးအကဲက ရယ်လိုက်ပြီး
" ဒါပေါ့ကွ။ တစ်မှတ်မှ မလျော့စေရဘူး"
အကြီးအကဲက လီဖူချန်းဆီက ကျောင်းသား တံဆိပ်ပြားကို တောင်းယူလိုက်ပြီး ရမှတ်နေရာမှာ အမှတ် ၁၀၀၀၀၀ ထပ်ပေါင်း ပေးလိုက်ပါတယ်။ ပြီးတဲ့နောက်မှာတော့ အကြီးအကဲက လီဖူချန်းကို သတိတစ်ခု ပေးလိုက်ပါသေးတယ်။
" မင်းသိပြီးပြီလားတော့ မသိဘူး။ ကျင့်စဉ် အဆင့်၉ကို ရောက်တဲ့သူတိုင်းက
အတွင်းစည်းဂိုဏ်းက သိုင်းကျမ်းဆောင်ထဲက ဆန်းကြယ်အဆင့် ကျမ်းတစ်ခုကို လေ့ကျင့်နိုင်တဲ့ တံဆိပ်တော်တစ်ခု ရမယ် ဆိုတာလေ"
" ဆန်းကြယ်အဆင့် ကျမ်းတစ်အုပ်ကို လေ့ကျင့်ခွင့်ရမှာလား အကြီးအကဲ"
ဒီကိစ္စက လီဖူချန်း လုံးဝသိမထားတဲ့ အကြောင်းအရာ တစ်ခုပါပဲ။ ဆန်းကြယ်အဆင့် ဆိုတာကြီးက လီဖူချန်းရဲ့ အသက်ရှူသံတွေ ကိုတောင် ကျယ်လောင် လာစေပါတယ်။
" ဒါပေါ့ကွ ... မင်းက ငါလိမ်နေတယ်လို့ ထင်နေတာလား"
ဒီသိုင်းကျမ်းဆောင် အကြီးအကဲက လီဖူချန်းကို သဘောကျစ ပြုနေပါပြီ။ လီဖူချန်းက သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သူ့အမြင်မှာတော့ လီဖူချန်းက မသွေးရသေးတဲ့ ကျောက်ရိုင်းတုံးလေး တစ်ခုပါပဲ။ ပြီးတော့ ဒီသာမန်အရိုး တည်ဆောက်ပုံနဲ့ ကောင်လေးက တစ်နေ့ ဘာဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ တပ်အပ် မပြောနိုင်ပါဘူးလေ။ ကံကောင်းမှု တချို့သာ ကြုံနိုင်မယ်ဆိုရင် ဒီကောင်လေးက ကောင်းကင် ပိုးနယ်ပယ် အဆင့်အထိတောင် ရောက်သွားနိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်။
***